အမ္မဇုန်မြစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို အမေဇုံမြစ် နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

အမ္မဇုန်မြစ် [ပြင်​ဆင်​ရန်​]

တောင်အမေရိကတိုက်၏ အကြီးဆုံးမြစ်ဖြစ် သော အမ္မဇုန်မြစ်သည် ကမ္ဘာ့အကြီးဆုံးမြစ်ဟုလည်း ဆိုနိုင်ပေ သည်။ ထိုမြစ်ကြီးလောက် ရေလုံးထုထည်ကြီးမားသောမြစ်၊ ရေဆင်းဒေသကျယ်ပြန့်သောမြစ် ကမ္ဘာပေါ်၌မရှိချေ။ အမ္မဇုန် မြစ်အတွင်း စီးဆင်းသောရေလုံးထုထည်သည် အီဂျစ်နိုင်ငံမှ နိုင်းမြစ်၊ မြောက်အမေရိကတိုက်မှ မစ်စစ်စပီမြစ်နှင့် တရုတ် နိုင်ငံမှ ယန်ဆီမြစ်တည်းဟူသော မြစ်ကြီးသုံးသွယ်၏ စုပေါင်း ရေလုံးထုထည်ထက်ပင် ကြီးမားသေးသည်။ မြစ်အလျားတွင် မစ်စစ်စပီ-မီဇူးရီ မြစ်စဉ်စုနှင့် နိုင်းမြစ်တို့သာလျှင် အမ္မဇုန် မြစ်ထက် ပို၍ရှည်လျားသည်။ အာဖရိကတိုက်မှ ကွန်ဂိုမြစ် သည် အမ္မဇုန်နှင့် အနီးစပ်ဆုံး ယှဉ်ပြိုင်နိုင်သည်ဟု ဆိုရစေကာ မူ ရေဆင်းဒေသအကျယ်အပြန့်၌ အမ္မဇုန်က ကွန်ဂိုထက် ထက်ဝက်ခန့်ပို၍ကျယ်ဝန်းသည်။ အမ္မဇုန်၏ရေဆင်းဒေသသည် အမေရိကန်ပြည်ထောင်စု၏ ခြောက်ပုံငါးပုံခန့်ရှိလေသည်။

အမ္မဇုန်မြစ်သည် တောင်အမေရိကတိုက်ကို အရှေ့မှ အနောက်သို့ဖြတ်သန်းလျက် လတ္တီတွဒ်မျဉ်းကြောင်းတစ်ခုတည်း အတွင်း၌တည်ရှိပေရာ အခြားကမ္ဘာ့မြစ်ကြီးများ၌ တွေ့ရခဲသော အချက်တစ်ရပ်ဖြစ်သည်။ မြစ်အလျားသည် မိုင်ပေါင်း ၃ယ၉ဝဝ ကျော်ရှိ၍ မြစ်ဝသည် မိုင် ၁၅ဝ ခန့်ကျယ်သည်။ မြစ်ရိုး တစ်လျှောက်တွင်လည်း အချို့အရပ်၌ မြစ်ဝှမ်းအလွန်ကျယ်၍ ကမ်းတစ်ဖက်နှင့်တစ်ဖက်ပင် မမြင်နိုင်ဘဲ ပင်လယ်ကြီးတမျှ ကျယ်ပြန့်သော ရေပြင်ကျယ်ကြီးဖြစ်နေပေသည်။

အမ္မဇုန်မြစ်သည် မာရာနွန်မြစ်နှင့် အူးကာယားလီမြစ် တို့ ပေါင်းဆုံရာမှ စတင်ဖြစ်ပေါ်လာသည်။ မာရာနွန်မြစ်သည် ပီရူးနိုင်ငံလီမာမြို့အနီး ပစိဖိတ်သမုဒ္ဒရာကမ်းခြေမှ မိုင် ၆ဝ ခန့် သာကွာဝေးသော အန်းဒီးတောင်တန်း၌ မြစ်ဖျားခံ၍ ပီးရူးနိုင်ငံ အတွင်းရှိ အီကီးတိုးမြို့၏ အထက်နားတွင် အူးကာယားလီမြစ် နှင့်ပေါင်းဆုံပြီးလျှင် အမ္မဇုန်မြစ်အဖြစ်စီးဆင်းသည်။ ယင်းသို့ စီးဆင်းရာ၌ ဘရားဇီးနိုင်ငံမြောက်ပိုင်း အပူပိုင်းသစ်တောများကို ဖြတ်၍ အရှေ့ဘက်သို့ ဆက်လက်စီးဆင်းရာ အမ္မဇုန်မြစ်ဝကျွန်း ပေါ် ကျွန်းတစ်ကျွန်းဖြစ်သော မားရဇိုးကျွန်း၏ မြောက်ဘက်မှ နေ၍ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းသို့ စီးဝင်သည်။ မြစ်ရိုး တစ်လျှောက်၌ မြစ်ကြီးမြစ်ငယ် စုစုပေါင်း ၂ဝဝ ကျော်ခန့်သည် အမ္မဇုန်မြစ်မကြီးထဲသို့ စီးဝင်ပေါင်းဆုံကြသည်။ ထိုမြစ်ကြီး၏ မြစ်လက်တက်အချိုု့သည် မိုင် ၁ယဝဝဝ ခန့်ပင် ရှည်လျားကြ သည်။ အမ္မဇုန်၏မြစ်လက်တက်များအနက် ထင်ရှားသောမြစ် ကြီးများမှာ ဇူးရူးယာမြစ်၊ ဇပူးရမြစ်၊ နေးဂရိုးမြစ်၊ မဒီးရမြစ်၊ တပတော့မြစ်၊ ပူးရူးမြစ်၊ ရှင်းဂူးမြစ် စသည်တို့ဖြစ်ကြသည်။

အမ္မဇုန်မြစ်သည် မြေနိမ့်မြေပြန့်တစ်လျှောက် စီးဆင်း သဖြင့် ရေစီးနှေးသည်။ ရေစီးနှေးလှသဖြင့် အချို့နေရာတွင် မြစ်ကြီးတစ်မြစ် စီးဆင်းနေသည်ဟုမထင်ရဘဲ ကြီးမားကျယ်ပြန့် သော ရေအိုင်ကြီးတစ်ခုသဖွယ် ထင်မြင်ရလောက်အောင်ပင် ရေငြိမ်နေသကဲ့သို့ရှိသည်။ ယင်းသည် ခြောက်သွေ့သောရာသီ တွင် တစ်နာရီလျှင် တစ်မိုင်ခွဲနှုန်းစီး၍ မိုးကာလရေများချိန် တွင်ပင် သုံးမိုင်နှုန်းမျှသာစီးလေသည်။ ပီရူးနိုင်ငံမှ စီးလာ၍ ဘရာဇီးနိုင်ငံတွင်းသို့ဝင်သည့်နေရာ၌ မြေပြင်သည် ပင်လယ်ရေ ပြင်ထက် ပေ ၃ဝဝ ခန့်သာ မြင့်သည်။ အတ္တလန္တိတ်ကမ်းခြေမှ မိုင် ၁ဝဝဝ ဝေး၍ ဘရာဇီးနိုင်ငံအတွင်းရှိ မနော့မြို့တွင် မြေပြင်သည် ၁၃၅ ပေမျှသာ မြင့်တော့သည်။

လပြည့်နေ့တိုင်း ပင်လယ်မှဒီရေသည် အရှိန်ပြင်းစွာ ဖြင့် မြစ်ဝတွင်းသို့ ဆန်တက်ဝင်ရောက်လာလေရာ အထက်မှ အောက်သို့ စုန်ဆင်းလာသော ရေစီးနှင့်တွေ့သောအခါ ပေ ၃ဝ ခန့်မြင့်မားသော ဒီဗိုးခေါ်လှိုင်းတံပိုးများသည် ရေတံတိုင်းကြီး သဖွယ် မြင့်မောက်ဖြစ်ပေါ်၍ မြစ်ဝမှ မိုင် ၄ဝဝ ခန့်အတွင်း ရေစီးသည် ရေစုန်မဟုတ်တော့ဘဲ ရေဆန်ဖြစ်သွားသည်။ ဒီဗိုး တက်လာ၍ မြည်ဟီးသည့်အသံများကို ငါးမိုင်ခန့်ဝေးသောအရပ် မှပင် ကြားကြရသည်။ အမ္မဇုန်မြစ်ရိုးတစ်လျှောက်၌ နေထိုင်ကြ သော တိုင်းရင်းသား အင်ဒီးယန်းလူမျိုးတို့သည် အချိန်မှန်ဖြစ် တတ်သော ဒီဗိုးတက်ခြင်းနှင့် ဇွန်လတွင် အထက်အညာမှ ရေတိုး၍ မြစ်ရေလျှံခြင်းတို့ကို သိနားလည်နေကြသဖြင့် ထို အချိန်အခါများတွင် ဘေးလွတ်ရာအရပ်သို့ ရွှေ့ပြောင်းနေထိုင် ကြပြီးလျှင် အန္တရာယ်ကင်းလောက်သည့်အခါမှ မိမိတို့နေရပ်သို့ ပြန်လာလေ့ရှိကြသည်။ ထိုအင်ဒီးယန်းများက ဒီဗိုးတက်ခြင်းကို ပိုရိုရော့ကာဟုခေါ်သည်။

အီကီတိုးမြို့မှ အတ္တလန္တိတ်ကမ်းခြေအထိ မိုင် ၂ဝဝဝ ကျော်ခန့် မြစ်အလျားအတွင်း၌ မိုးရာသီတွင် အမ္မဇုန်မြစ်၏ ပျမ်းမျှရေအတိမ်အနက်မှာ ပေ ၁၂ဝ မှ ၁၅ဝ ခန့်ဖြစ်သည်။ မိုးရေကြောင့်လည်းကောင်း၊ ပင်လယ်ဒီရေတက်သဖြင့်လည်း ကောင်း၊ သဲသောင်များနေရာပြောင်းပေါ်ထွန်းတတ်သဖြင့်လည်း ကောင်း၊ ရေအတိမ်အနက် အမျိုးမျိုးဖြစ်ပေါ်သည်။ အမ္မဇုန်၏ သင်္ဘောဆိပ်မြို့ကြီးဖြစ်သော မနော့မြို့တွင် တစ်ရာသီ၌ သုံးပေ မျှသာရေနက်သော်လည်း နောက်တစ်ရာသီတွင် ၇၅ ပေခန့် ရေ နက်ပြန်သည်။ ယင်းသို့ ရေအတိမ်အနက်အမျိုးမျိုး ပြောင်းလဲမှု ကြောင့် မီးသင်္ဘောများမှ ကုန်တင်ကုန်ချအတွက် ရေပေါ် ဆိပ်ခံဘောတံတားများကို အသုံးပြုရလေသည်။

ပင်လယ်ကူးသင်္ဘောများသည် ဒီဗိုးတက်ချိန်နှင့် မကြုံ ကြိုက်စေရန် မားရဇိုးကျွန်းတောင်ဘက်နှင့် ပါရာမြစ်ခေါ် ရေ လက်ကြားတစ်ခုအတွင်းမှနေ၍ အမ္မဇုန်မြစ်ဝအတွင်းသို့ဝင်ပြီး လျှင် ပင်လယ်ဝမှ မိုင် ၁ဝဝဝ ကျော်ခန့်ဝေးသော မနော့ သင်္ဘောဆိပ်ကမ်းမြို့အထိ ရေနည်းသည့်အချိန်၌ပင် ဆန်တက် နိုင်ကြသည်။ အခြား သင်္ဘောကြီးငယ်တို့မှာမူ အီကီတိုးမြို့၏ အထက်အထိ ဆန်တက်နိုင်ကြသည်။

အမ္မဇုန်မြစ်ဝှမ်းတစ်လျှောက်လုံးတွင်မိုးကောင်းလှသည်။ ထို့ကြောင့် နိုဝင်ဘာလမှ မေလအထိ မြစ်ရေလျှံတတ်သည်။ မြေနိမ့်မြေပြန့်ဒေသဖြစ်သဖြင့် လျှံသောမြစ်ရေတို့သည် မြစ်ကမ်း ဘေးရှိ သစ်တောများအတွင်းသို့ မိုင်ပေါင်းများစွာစီးဝင်သည်။ အချို့နေရာများတွင် ကမ်းပါးစောက်များရှိသဖြင့် ထိုအရပ်ရှိ မြို့ ရွာများမှာ ရေဘေးမှကင်းလွတ်ကြလေသည်။

အမ္မဇုန်မြစ်တွင် ငါးအမျိုးပေါင်း ၇၅ဝ ထက်မနည်းရှိ သည်။ မြစ်ဝေလငါးဟုခေါ်သော ငါးကြီးတစ်မျိုးသည် တစ် ကောင်လျှင် အလေး ပေါင် ၄ဝဝ ကျော်ရှိ၍ ကမ္ဘာပေါ်၌အကြီး ဆုံးသော ရေချိုငါးမျိုးဖြစ်သည်။ ငါးအမျိုးမျိုးအပြင် ကမ္ဘာလိပ် ကြီးများနှင့် မိကျောင်းအမျိုးမျိုးတို့လည်း ပေါများလှသည်။ မြစ် ကမ်းဘေးတစ်လျှောက် သစ်တောများအတွင်းဝယ် အသွေး အရောင်စုံလင်သော်လည်း အသံမသာယာသော ကျေးငှက် သာရကာအမျိုးမျိုး၊ မရေမတွက်နိုင်အောင် များပြားလှသော မျောက်အမျိုးမျိုးတို့ကို တွေ့ရသည်။ တောနက်ပိုင်းတွင်မူ ပိုး မွှားတိရစ္ဆာန်များနှင့် ခြင် ယင် မှက်တို့ ထူပြောလှပေသည်။ ကိုလံဘတ်နှင့်အတူ မြေသစ်ရေသစ်ရှာ အဖွဲ့ဝင်တစ်ဦး အဖြစ် လိုက်ပါခဲ့ဖူးသူ စပိန်လူမျိုး ယားနျတ်ပင်ထုန်သည် ခရစ် ၁၅ဝဝ ပြည့်နှစ်၌ အမ္မဇုန်မြစ်ဝသို့ရောက်ခဲ့ဖူးသော်လည်း ဒီဗိုးတက်ချိန်နှင့်ကြုံသဖြင့် မြစ်ကြောင်းတစ်လျှောက် ဝင်ရောက် စူးစမ်းလေ့လာမှု မပြုနိုင်ခဲ့ချေ။ နှစ်များမကြာမီပင် စပိန်လူမျိုး ဖရန်စစ္စကိုပီဇာရိုး၏ မြေသစ်ရေသစ်ရှာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖရန်စစ္စကို အိုးရေလယားနားသည် ပီဇာရိုးနှင့်အတူ တောင် အမေရိကတိုက်သို့ ရောက်ရှိလာခဲ့ရာမှ ၁၅ဝ၄ ခုနှစ်တွင် အမ္မ ဇုန်မြစ်ကို အန်ဒီးတောင်တန်းမှသည် မြစ်ဝတိုင်အောင် စူးစမ်း လေ့လာခဲ့သည်။ အမ္မဇုန်မြစ်ဟုခေါ်တွင်ခဲ့ရခြင်း အကြောင်းမှာ ဤသို့ဖြစ်သည်။ အိုးရေလယားနားတို့အဖွဲ့သည် အထက်ပါ အတိုင်း စူးစမ်းလေ့လာမှုများ ပြုကြစဉ်အခါက မြစ်ဝှမ်းတွင် နေထိုင်ကြသော တိုင်းရင်းသားတို့၏ ရန်မူတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုသို့ ရန်မူတိုက်ခိုက်ကြသူများတွင် အမျိုးသမီး များလည်း ပါဝင်ကြသဖြင့် ဂရိထုံးဟောင်းပုံပြင်များပါ အမ္မဇုန် ဟုခေါ်သော စစ်တိုက်ကောင်းလှသူ သူရဲကောင်းအမျိုးသမီးများ ကို အစွဲပြု၍ အမျိုးသမီးစစ်သည်ကောင်းများထွက်ပေါ်ရာဒေသ ဖြစ်သော ထိုမြစ်ဝှမ်းကို အမ္မဇုန်မြစ်ဝှမ်းဟု ခေါ်ဝေါ်ခဲ့သည်ဟု ဆိုလေသည်။[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)