အင်ဗရီယိုလိုဂျီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
1 - morula, 2 - blastula
1 - blastula, 2 - gastrula with blastopore; orange - ectoderm, red - endoderm.

ပိုးဖလံနှင့် လိပ်ပြာဥများ၊ ငှက်နှင့်တွားသွား သတ္တဝါများ၏ ဥများကို ကျွနု်ပ်တို့တွေ့ဖူး မြင်ဖူးကြသည်။ ထိုဥများမှပေါက်လာသော သက်ရှိကလေးများသည် ဥထဲ၌ အချိန်ယူ၍ တဖြည်းဖြည်းဖွံ့ဖြိုး ရင့်သန်ကြီးပွားလာပြီးမှ အပြင် လောကသို့ အင်္ဂါစုံသက်ရှိအဖြစ်ဖြင့် ရောက်ရှိလာကြခြင်းဖြစ် သည်။ အပင်လောကတွင်လည်း မျိုးအောင်သည့် ဆဲတစ်ခုသည် အပင်၏အစေ့အိမ်တွင် တဖြည်းဖြည်းကြီးပွားလာရာမှ မျိုးစေ့ ဖြစ်လာသည်။ ဤနေရာ၌ ဥနှင့်မျိုးစေ့နှစ်မျိုးစလုံးသည် မဖွံ့ဖြိုး မရင့်သန်သေးသော သက်ရှိများဖြစ်ကြသည့် ပင်လောင်းနှင့် သန္ဓေလောင်းများသာဖြစ်ကြသည်။ အမြင့်တန်းစား သတ္တဝါများ တွင်ကား ဥဆဲသည် မိခင်၏သားအိမ်ထဲ၌ပင် ဆက်လက်ရင့် သန်ကြီးထွား၍ အမိကဲ့သို့ အင်္ဂါစုံလင်သောအခြေသို့ ရောက်ရှိ လာသောအခါမှသာ ပြင်ပလောကသို့ မွေးဖွားလာကြသည်။ သားပိုက်ကောင်မျိုးကဲ့သို့သော အချို့တိရိစ္ဆာန်များတွင်မူ မွေးဖွား လာသောသားငယ်သည် မိခင်၏သားပိုက်အိတ်တွင် ရက် အနည်းငယ်မျှနေ၍ မိခင်၏ထိန်းသိမ်းစောင့်ရှောက်မှုကို ခံနေရ သေးသည်။ သို့မှသာ ဆက်လက်၍အသက်ရှင်နိုင်မည်ဖြစ်သည်။ အင်ဗရီယိုလိုဂျီခေါ် သန္ဓေဗေဒဆိုသည်မှာ အပင်နှင့် သတ္တဝါများသည် သီးခြားသက်ရှိများအဖြစ်ဖြင့် မဖြစ်ထွန်း မတည်တံ့မီက ကနဦးက ဆဲများအဖြစ်ဖြင့် တည်လျက်ရှိပြီး လျှင် ထိုဆဲများအဖြစ်မှ တစ်သျှူးများအဖြစ်သို့၊ တစ်သျှူးများ အဖြစ်မှတစ်ဖန် အင်္ဂါအစိတ်အပိုင်းများအဖြစ်သို့ အဆင့်ဆင့် ရင့်သန်ကြီးထွားလာသည့်အခြင်းအရာကို လေ့လာသောပညာရပ် ဖြစ်သည်။ ယင်းပညာရပ်သည် ဇီဝဗေဒခေါ် သိပ္ပံပညာရပ်ကြီးမှ ခွဲထွက်ဆင်းသက်လာသော ပညာရပ်ဖြစ်သည်။ သက်ရှိအားလုံး သည် မူလဆဲတစ်ခုကိုအခြေခံ၍ စတင်ဖြစ်ပေါ်လာခြင်းဖြစ် သည်။ ထိုမူလဆဲမှ အစိတ်စိတ်ကွဲပွားသွားပြီးနောက် သန္ဓေသား လောင်းအဖြစ်သို့ ရောက်ရှိသွားသည်။ သတ္တဝါအသီးသီးတို့တွင် သန္ဓေလွယ်ချိန် အမျိုးမျိုးကွဲပြားလျက် ရှိကြသည့်အလျောက် ထိုသန္ဓေလွယ်ချိန် ကုန်ဆုံးသည့်အခါ မူလဆဲသည် ရှုပ်ထွေး ဆန်းကြယ်သော သက်ရှိဖြစ်လာပြီးလျှင် ပြင်ပလောကသို့ ရောက်ရှိလာလေသည်။

ကြက်ငှက်ဥကဲ့သို့သော ဥတွင်ကနဦးကတည်းက အစာ လုံလောက်စွာပါရှိသောကြောင့် အတွင်းရှိကြက်ငှက်သန္ဓေလောင်း မှ ခြေလက်အင်္ဂါစုံသည်အထိ ထိုအစာကိုစားသောက်နေနိုင် သည်။ အပင်မျိုးစေ့တွင်လည်း ဗီဇဆဲပတ်လည်တစ်ဝိုက်တွင် အလားတူအစာများပါရှိသည်။ ဥမအုပဲအကောင်လိုက်မွေးသော သတ္တဝါများတွင် သန္ဓေသားသည်ချက်ကြိုးမှတစ်ဆင့် အစာနှင့် သွေးကို မိခင်ထံမှရရှိသည်။ ထိုချက်ကြိုးတည်းဟူသော အသက်သွေးကြောကို သန္ဓေသားပြင်ပလောကသို့ ရောက်ရှိလာ သောအခါမှသာ ဖြတ်လိုက်ရလေသည်။ အချို့ နို့တိုက်သတ္တဝါ များတွင် မိခင်သည်သားငယ်ကို မွေးဖွားလာပြီးသည့်နောက် အချိန်အတော်ကြာမျှ နို့ချိုတိုက်ကျွေး၍ ဆက်လက်မွေးမြူကြ သေးသည်။ ငှက်များသည် အမွေးအတောင်မစုံလင်သေးသော မိမိတို့၏သားငယ်များကို အမွေးအတောင်စုံ၍ ခုခံကာကွယ်နိုင် သောအခြေသို့ ရောက်သည့်တိုင်အောင် အစာများရှာဖွေကျွေးမွေး ကြသည်။

သန္ဓေသား ကြီးပွားတိုးတက်လာမှုနှင့်စပ်လျဉ်း၍ ရှေး အယူအဆများသည် ကွဲကွဲပြားပြားမရှိဘဲ အလွန်မှ လုံးထွေး လှပေသည်။ သန္ဓေသားသည် ဥထဲတွင် အင်္ဂါစုံစုံလင်လင်ဖြင့် အကောင်အထည်ပေါ်ပြီး သားရှိနှင့်နေပြီ။ သို့သော် အရွယ်မှာ အလွန့်အလွန်မှ သေးငယ်နေသေးသည်ဟု ထင်မှတ်ခဲ့ကြသည်။ ရင့်သန်ကြီးပွားလာမှုမှာ သေးငယ်သောအဆင့်မှကြီးသောအဆင့် သို့ ကြီးထွားလာခြင်းမျှသာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့နောက် ခေတ်သစ်အင်ဗရီယိုလိုဂျီပညာ၏ ဖခင်ဖြစ်သော ကေ၊ အီးဖွန်ဗေးယား (ခရစ် ၁၇၉၂-၁၈၇၆)က အားလုံးသော တစ်သျှူးနှင့် အင်္ဂါများသည် ဗီဇလွှာများမှ ဖြစ်ပေါ်လာကြသည် ဟု ထုတ်ဖော်ပြခဲ့လေသည်။ ဗီဇလွှာတစ်လွှာသည် နာဗ်ကြော များဖြစ်လာ၍ အခြားတစ်လွှာမှ အရေပြား၊ အမွေးအတောင်၊ သို့မဟုတ် သားမွေးများဖြစ်လာပြီးလျှင် တတိယအလွှာမှ အတွင်းအင်္ဂါများ၊ အရိုး စသည်တို့ဖြစ်လာကြသည်။ ဤသည် ကား ဗီဇလွှာ၏ဝါဒပင်တည်း။

အချို့သိပ္ပံပညာရှင်များသည် ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများဟူ၍ ပိုင်းခြားထားသည့် အစဉ်အလာကို ချိုးဖျက်၍ အမြင့်တန်းစားသတ္တဝါများသည် ရှုပ်ထွေးခြင်းမရှိ၊ ရှင်းလင်းသောတ္တဝါများမှ မည်သို့ကြီးပွားတိုးတက်လာသည်ကို ဖော်ပြခဲ့ကြသည်။ ကြက်ပေါက်စနှင့် လူကိုယ်တိုင်ပင်လျှင် သန္ဓေတည်နေချိန်၌ ငါးကဲ့သို့ ပါးဟက်ကွဲရာများရှိခဲ့သည်ဟု ယူဆကြသည်။ ထိုပါးဟက်များသည် ကုန်းသတ္တဝါများတွင် သန္ဓေသားကြီးပွားလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်ဟုဆိုသည်။ သို့ဖြင့် အင်ဗရီယိုလိုဂျီပညာသည် သက်ရှိတို့၏ ဘဝသမိုင်းကို နောက်ကြောင်းပြန် စုံစမ်းရှာဖွေ သည့်အပြင် အမြင့်တန်းစားသတ္တဝါများသည် အနိမ့်တန်းစား သတ္တဝါများမှ စနစ်တကျဆင့်ကဲတိုးတက် ပြောင်းလဲလာခဲ့ သည်ဟူသော ယုံကြည်ချက်ကိုလည်း ထောက်ခံသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )