အင်နီယက်စတာ

ဝီကီပီးဒီးယား မှ
အန်းဒရက်(စ်) အင်နီယက်စတာ

အန်းဒရက်(စ်) အင်နီယက်စတာ[ပြင်ဆင်ရန်]

အင်နီယက်စတာ ကို ၁၉၈၄ ခုနှစ် မေလ ၁၁ ရက် နေ့တွင် မွေးဖွားခဲ့ပြီး အမည်အပြည့်အစုံမှာ Andrés Iniesta Luján ဖြစ်သည်။ စပိန် အမျိုးသား လက်ရွေးစင် အသင်းနဲ့ ဘာစီလိုနာ အသင်း တို့၏ အလယ်တန်းကစားသမား တစ်ဦး ဖြစ်သော အင်နီယက်စတာ သည် ဘာစီလိုနာလူငယ် အကယ်ဒမီ လာမာဆီယာ သို့ အသက် ၁၂ နှစ်အရွယ်တွင် ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ် အသင်းကြီးကစားသမား အဖြစ် ၂၀၀၂ ခုနှစ် ၊ အသက် ၁၈ နှစ် အရွယ်တွင် ပွဲထွက်ခဲ့သည်။ ၂၀၀၄-၂၀၀၅ ရာသီမှ စတင်ကာ ပုံမှန်ကစားခွင့် ရရှိခဲ့ပြီး ဘာစီလိုနာ အသင်း တစ်ရာသီထဲ ဖလား ၆ လုံးရခဲ့သော ၂၀၀၉ ခုနှစ်တွင် အဓိက အရေးပါသော ကစားသမားတစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ သူသည်ဘာစီလိုနာကြယ်ပွင့်ကွင်းလယ်ကစားသမားတစ်ယောက်လည်းဖြစ်သည်။ သူသည်ကမ္ဘာ့ အကောင်းဆုံးကွင်းလယ် ကစားသမား များထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံ ခဲ့ရသည်။


စပိန်လက်ရွေးစင် အသက် ၁၆နှစ် အောက် ၊ အသက် ၁၉ နှစ်အောက် နှင့် အသက် ၂၁ နှစ်အောက် အသင်းများတွင် ကစားခဲ့ပြီး စပိန်လက်ရွေးစင်အသင်းကြီး အတွက် နိုင်ငံတကာပွဲ ကို ၂၀၀၆ ခုနှစ် တွင် စတင်ကစားခဲ့သည်။ ၂၀၀၆ ဖီဖာကမ္ဘာ့ဖလား အတွက် စပိန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး စပိန်အသင်းဗိုလ်စွဲ ခဲ့သော ၂၀၀၈ ခုနှစ် ယူရိုပြိုင်ပွဲတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲတိုင်းပါဝင်ကစားကာ ပြိုင်ပွဲ၏ အကောင်းဆုံး ၁၁ ယောက်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ အင်နီယက်စတာသည် ၂၀၁၀ ဖီဖာကမ္ဘာ့ဖလား တွင်လည်း စပိန်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ဗိုလ်လုပွဲ တွင် အဖိုးတန် အနိုင်ဂိုး ကိုသွင်းယူခဲ့ကာ ပွဲ၏ အကောင်းဆုံးကစားသမား ဆု နှင့် ကမ္ဘာ့ဖလား ကြယ်စင်စု အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပွဲ၏အကောင်းဆုံးကစားသမား ဆု ၃ ဆု(အီတလီနဲ့ဖိုင်နယ်ပွဲ အပါအဝင်) နှင့်တကွ ပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရပြီး စပိန်အသင်းကို ဒုတိယမြောက် နိုင်ငံတကာ ပြိုင်ပွဲ ချန်ပီယံ အဖြစ်သို့ ပို့ဆောင်နိုင်ခဲ့သည်။


၂၀၁၂ ခုနှစ်တွင် ဥရောပ ၏ UEFA အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ UEFA Champions League အကောင်းဆုံးကစားသမား အဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၀ ခုနှစ် FIFA Ballon d'Or ဆုကို လီယွန်နယ် မက်ဆီ၏နောက်ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တတိယ နေရာရရှိခဲ့သည်။ နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် အချက်အလက်စာရင်းဇယားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော IFFHS မှ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ကစားကွက်ပုံဖော်သူ (Playmaker) အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စပိန်လာလီဂါ တစ်နှစ်တာအကောင်းဆုံး ဆုကို ရရှိခဲ့သည်။ UEFA အကောင်းဆုံးအသင်းတွင် ၄ နှစ်ဆက် (၂၀၀၉ ၊ ၂၀၁၀ ၊ ၂၀၁၁ ၊ ၂၀၁၂) ရွေးချယ်ခံခဲ့ရပြီး FIFA အကောင်းဆုံး ၁၁ ယောက်အသင်းတွင် ၆နှစ်ဆက် (၂၀၀၉၊ ၂၀၁၀ ၊ ၂၀၁၁ ၊ ၂၀၁၂ ၊ ၂၀၁၃ နှင့် ၂၀၁၄) မဲပေးခြင်း ခံခဲ့ရသည်။ တစ်ဦးချင်း နှင့် အသင်း လိုက် အောင်မြင်မှုများ နှင့်တကွ နိုင်ငံ နှင့် ကလပ် အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ခဲ့သော သူ၏ ကြိုးပမ်းမှုများအတွက် ၂၀၁၁ ခုနှစ်တွင် Marca Legend Award ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် Golden Foot Award ကို ရရှိခဲ့သည်။ သူသည်လက်ရှိတွင် ဂျပန်ထိပ်သီးကလပ်Vissel Kobeအသင်းတွင် ကစားလျက်ရှိသည်။