အက်ဒွပ် ဂျင်းနား
အက်ဒွပ် အင်သိုနီ ဂျင်းနား (Edward Anthony Jenner) (၁၇၄၉ - ၁၈၂၃) သည် သဘာဝပတ်ဝန်းကျင်ကို လေ့လာသည့် ဗြိတိန် သိပ္ပံပညာရှင် တစ်ဦးဖြစ်သည်။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို တွေ့ရှိခဲ့သောကြောင့် ဂျင်းနားအား အများက ကိုယ်ခံအား ပညာရပ်၏ ဖခင်ဟု အသိအမှတ် ပြုကြသည်။ ဂျင်းနား၏ တွေ့ရှိမှုသည် လူပေါင်းများစွာကို ကျောက်ကြီးရောဂါဖြင့် မသေဆုံးရန် ကယ်တင်ပေးနိုင်ခဲ့သည်။
မာတိကာ |
[ပြင်ဆင်ရန်] ငယ်စဉ်ဘဝ
အက်ဒွပ် ဂျင်းနားကို ၁၇၄၉ ခုနှစ် မေ ၁၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံ ဂလောက်ဆက်စတာရှိုင်းယားနယ် ဘာကလေမြို့၌ မွေးဖွားသည်။ ဖခင်ဖြစ်သူ ခရစ်ယာန် သင်းအုပ်ဆရာက ဂျင်းနားကို မူလတန်းပညာ သင်ယူဖို့ တစ်ကျောင်းပြီး တစ်ကျောင်းပို့ခဲ့သည်။ အသက် ၁၄ နှစ်အရွယ်မှ စတင်၍ ခြွစိတ်ဆရာဝန် ဒေါက်တာ ဒင်နီယယ် လပ်ဒ်လို၏ နောက်လိုက်တပည့်အဖြစ် ၈ နှစ်ကြာ ဆည်းပူးသင်ယူခဲ့သည်။ အသက် ၂၁ နှစ် အရွယ်ရောက်သောအခါ လန်ဒန်မြို့ စိန့်ဂျော့ဆေးရုံကြီးမှ ကျော်ကြားသည့် ခွဲစိတ်ဆရာဝန်ကြီး ဂျွန်ဟန့်တား၏ လက်အောက်တွင် ဆက်လက် သင်ယူခဲ့သည်။
[ပြင်ဆင်ရန်] ကျောက်ကြီးရောဂါ
ဂျင်းနားတို့၏ ခေတ်အခါက ကျောက်ကြီးရောဂါဆိုလျှင် လူများအား တုန်လှုပ်ချောက်ချား စေသည်။ ကျောက်ပေါက်လျှင် ၃ ဦးတွင် ၁ ဦး သေဆုံးသည်။ အသက်မသေ လျှင်လည်း ကျောက်ပေါက်မာများဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်လေ့ရှိသည်။
ဂျင်းနား စိန့်ဂျော့ဆေးရုံကြီးမှ သင်တန်းပြီးဆုံးသောအခါ ဂျင်းနားသည် ဆရာြဖစ်သူ ဂျွန်ဟန့်တား၏ အကြံပြုချက်အရ ဂလောက်ဆက်စတာနယ်သို့ ပြန်သွားကာ ဆေးကုသခဲ့သည်။ ထိုနယ်တွင် နွားကျောက် ပေါက်ပြီးသူများ ကျောက်ကြီး မပေါက်သည်ကို တွေ့ရပြီး ကျောက်ကြီးရောဂါနှင့် နွားကျောက် ဆက်စပ်မှုကို ဒေါက်တာ ဂျင်းနား စူးစမ်းသုတေသနပြုတော့သည်။
[ပြင်ဆင်ရန်] အသိအမှတ်ပြုခြင်းခံရ
ကျောက်ကြီးရောဂါကို ကျောက်ဆေးထိုး၍ ကြိုတင်ကာကွယ်နိုင်ကြောင်း ဒေါက်တာဂျင်းနား တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ ပါလီမန်က ၎င်းအား ဆာဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။ ဆုငွေ စတာလင်ပေါင် ၁၀၀၀၀ ပေးအပ်ခဲ့သည်။ ၁၈၀၆ ခုနှစ်တွင် ၎င်းအား ပေါင် ၂၀၀၀၀ ထပ်မံ ချီးမြှင့်ပေးအပ်သည်။ ထိုနှစ်တွင် ဂျင်းနားသည် ဆွီဒင်တော်ဝင် အကယ်ဒမီသိပ္ပံ၏ နိုင်ငံခြားသား အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။
၁၈၁၁ ခုနှစ်တွင် လန်ဒန်သို့ ပြန်လာသည်။ ၁၈၂၁ ခုနှစ်တွင် ၎င်းအား ဂျော့ဘုရင်၏ အထူးသမားတော်ကြီးအဖြစ် ခန့်ထားလိုက်သည်။ ၁၈၂၃ ခုနှစ် ဇန္နဝါရီ ၂၆ ရက်နေ့တွင် ဂျင်းနားသည် လေဖြတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။