ဟေတီနိုင်ငံ

ဝီကီပီးဒီးယား မှ
ဟေတီသမ္မတနိုင်ငံ
République d’Haïti (ပြင်သစ်)
Repiblik Ayiti (ဟေတီ)
ဟေတီနိုင်ငံ၏ အလံတော်
အလံတော်
ဟေတီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Liberté, Égalité, Fraternité [၁]
နိုင်ငံတော် သီချင်း: La Dessalinienne
ဟေတီနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ပေါ့တ်အော်ရ်ပရင့်စ်မြို့
ရုံးသုံး ဘာသာစကားများပြင်သစ်၊ ဟေတီ
အမျိုးအစားသမ္မတ တပိုင်း ဦးဆောင်သော အစိုးရ
အစိုးရ
• သမ္မတ
Michel Martelly
• ဝန်ကြီးချုပ်
Jean-Max Bellerive
တည်ထောင်
• ပြင်သစ်ကိုလိုနီ
အောက်တိုဘာ ၃၀ ၁၆၉၇
• လွတ်လပ်ရေး ကြေညာခြင်း
ဇန်နဝါရီ ၁ ၁၈၀၄
• လွတ်လပ်ရေး အသိအမှတ်ပြု (ပြင်သစ်ထံမှ)
ဧပြီ ၁၇ ၁၈၂၅
ဧရိယာ
• စုစုပေါင်း
၂၇,၇၅၀ km² (၁၀,၇၁၄ sq mi) (အဆင့်: ၁၄၀)
• ရေထု (%)
၀.၇
လူဦးရေ
• ခန့်မှန်း
၉,၇၁၉,၉၃၂ (အဆင့် - ၈၇)
• သိပ်သည်းမှု
၃၅၀.၂၇/km² (၉၀၇.၂၂/sq mi)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၁၁.၄၇၇ ဘီလီယံ [၂]
• Per capita
$၁,၁၆၄
HDI၀.၄၀၄
နိမ့် · ၁၄၅
ငွေကြေးGourde
တယ်လီဖုန်းကုဒ်+၅၀၉
Internet TLD.ht

ဟေတီသမ္မတနိုင်ငံသည် အနောက်အိန္ဒိယကျွန်းစုတွင် အပါအဝင်ဖြစ်သော ဟစ္စပါညိုလာကျွန်း အနောက်ပိုင်းရှိ နိုင်ငံဖြစ်သည်။ ကျွန်း၏အရှေ့ပိုင်းတွင်ဒိုမီနီကန် သမ္မတနိုင်ငံတည်ရှိသည်။ ဟေတီနိုင်ငံသည် ၁ဝ၇၁၄ စတုရန်းမိုင်ကျယ်ဝန်း၍ ကျွန်း၏သုံးပုံတစ်ပုံမျှသာရှိသော်လည်း လူဦးရေအားဖြင့် ဒိုမီနီကန်နိုင်ငံထက် သုံးဆပိုများသည်။ ဟေတီ ဟူသော အမည်သည် တိုင်းရင်းသားအင်းဒီးယန်းလူမျိုးတို့၏စကားဖြင့် ကုန်းမြင့်ဟု အဓိပ္ပာယ်ပေါက်သောအမည်ဖြစ်သည်။ နိုင်ငံ၏ငါးပုံလေးပုံသည် တောတောင်တို့ဖြင့် ဖုံးအုပ်လျက် ရှိသည်။ သေတီသမတနိုင်ငံတွင် တောင်တန်းသုံးသွယ် တို့သည် အရှေ့နှင့်အနောက်ဖြတ်သန်းတည်ရှိ၍ ထိုတောင်တန်းများကြား၌ မြေဩဇာထက်သန်သော ချိုင့်ဝှမ်းများ တည်ရှိသည်။ အာတီဗိုနိုက်မြစ်သည် အထင်ရှားဆုံးမြစ်ဖြစ်၍ အနောက်ဘက်ရှိဂေါနေအိဗ ပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ ဟေတီနိုင်ငံသည် အီကွေတာနှင့်နီးသဖြင့် တစ်နှစ်ပတ်လုံး ပူနွေးသောရာသီဥတုရှိသည်။ တောင်ကုန်းဒေသများ၌ မိုးကောင်း၍အတွင်းဘက်ကျသော ချိုင့်ဝှမ်းဒေသများ၌မူ မိုးအလွန်ပါးသည်။ ဟေတီနိုင်ငံသည် စိုက်ပျိုးလုပ်ကိုင်ရန်အတွက် မြေဩဇာထက်သန်၍ သဘာဝပစ္စည်းများ ကြွယ်ဝသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးသည် အဓိကလုပ်ငန်းဖြစ်၍ ကာဖီကိုအများဆုံး စိုက်ပျိုးသည်။ ကြံ၊ ဝါဂွမ်း၊ ငှက်ပျော၊ ကကေးအို၊ ဆေးပင်နှင့် သင်္ဘောနာနတ်ပင်များကိုလည်း စိုက်ပျိုးသည်။ သစ်တောများမှ မဟောဂနီ၊ ဆီဒါ စသော အဖိုးတန်သစ်များ ရရှိသည်။ သံ၊ငွေ၊ရွှေ၊ကြေး နီ၊ ပလက်တီနမ်၊ ခဲမဖြူ၊ ကန့်၊ ကျောက်မီးသွေး၊ နစ်ကယ်၊ ဂျစ်ပဆမ်စသော တွင်းထွက်ပစ္စည်းများဖြင့် ကြွယ်ဝသောနိုင်ငံလည်းဖြစ်သည်။ သို့ရာတွင် ဟေတီနိုင်ငံ၌ သတ္တုတူးဖော်ခြင်းလုပ်ငန်းမှာ များစွာ မထွန်းကားသေးချေ။ ထင်ရှားသော စက်မှုလုပ်ငန်းများမှာ သကြားချက်လုပ်ငန်း၊ ခြည်ထည်ရက်လုပ်ငန်းနှင့် ရမ်အရက်ချက်လုပ်ငန်းတို့ဖြစ်သည်။ ဟေတီနိုင်ငံတွင် လူဦးရေ ၄၇၆၈ဝဝဝ (၁၉၆၉) ခန့်ရှိသည့်အနက် ၉ဝ ရာခိုင်နှုန်းမှာနီးဂရိုးလူမျိုးများဖြစ်သည်။ ကျန်လူမျိုးတို့သည် များသောအားဖြင့် နီးဂရိုးနှင့် ပြင်သစ်ကပြားများဖြစ်ကြသည်။ ပြင်သစ်ဘာသာသည် ရုံးသုံးဘာသာဖြစ်သော်လည်း တိုင်းရင်းသားအင်ဒီးယန်းဘာသာ၊ ပြင်သစ်ဘာသာနှင့် စပိန်ဘာသာတို့ ပေါင်းစပ်ထားသော သုံးဦးစပ်ဘာသာစကားကို လူအများက သုံးစွဲပြောဆိုကြသည်။


၁၈၆ဝ ပြည့်နှစ်မှစ၍ ရောမကက်သလစ်အယူဝါဒကို နိုင်ငံတော်အယူဝါဒအဖြစ် ပြဋ္ဌာန်းခဲ့သည်။ သို့ရာတွင် လွတ်လပ်စွာကိုးကွယ်မှုကိုလည်း ခွင့်ပြုသည်။ ဟေးတီးနိုင်ငံ သားတို့သည် များသောအားဖြင့် ရောမကက်သလစ်ဂိုဏ်းဝင်များ ဖြစ်ကြသည်။ အခမဲ့မူလတန်းပညာကို မသင်မနေရအဖြစ် ပြဋ္ဌာန်းထားသည်။ ၁၉၂၁ ခုနှစ်တွင် ပေါ့တ်အော်ရ်ပရင့်စ်မြို့တော်၌ အမျိုးသား တက္ကသိုလ်ကိုတည်ထောင်ခဲ့သည်။ အနောက်ဘက်ကမ်းတွင် တည်ရှိသော ပေါ့တ်အော်ရ်ပရင့်စ်မြို့သည် ဟေတီနိုင်ငံ၏ ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်သည်။ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးအတွက် လေကြောင်းခရီးကိုသာ အားကိုးရသည်။


ခရစ္စတိုဖာကိုလံဗပ်သည် ၁၄၉၂ ခုနှစ်တွင် ဟစ္စပါညိုလာကျွန်းကို စတင်တွေ့ရှိပြီးနောက် စပိန်ပိုင် ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခဲ့သည်။ ထိုနောက် ၁၆၇၇ ခုနှစ်မှ ၁၈ဝ၁ ခုနှစ်အထိ ကျွန်း၏ အနောက်ပိုင်းသည် ပြင်သစ်တို့ လက်အောက်သို့ကျရောက်ခဲ့သည်။ သို့ရာတွင် ၁ရ၉၁ ခုနှစ်၌ အာဖရိကတိုက်မှ ကျွန်အဖြစ်ခိုင်းစေရန် ယူဆောင်ခဲ့သော နီဂရိုးလူမျိုးတို့သည် ပြင်သစ်တို့ကိုတော်လှန် ပုန်ကန်ပြီးလျှင် သီးခြားနိုင်ငံအဖြစ် တည်ထောင်ကြလေသည်။ ၁၈၂ဝ ပြည့်နှစ်တွင် ဟေတီသမ္မတနိုင်ငံဟူ၍ ကျေညာပြီးနောက် ပြည်တွင်းဆူပူသောင်းကျမ်းမှုများဖြစ်ပွားခဲ့ရာ ၁၉၁၅ ခုနှစ်မှ ၁၉၃၄ခုနှစ်အထိ အမေရိကန်အစိုးရက ထိုနိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရလေသည်။ ၁၉၄၅ ခုနှစ်တွင်ဟေတီနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီးလျှင် ၁၉၅ဝ ပြည့်နှစ်၌ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်း လက်ခံ ခဲ့သည်။ နိုင်ငံ၏အကြီးအကဲဖြစ်သော သမ္မတကိုလူထုမဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်၍ ယင်းသက်တမ်းမှာ ခြောက်နှစ် ဖြစ်သည်။ ဥပဒေပြုအာဏာနှင့် အခြေခံဥပဒေပြင်ဆင်မှုအာဏာ တို့သည် အမျိုးသားလွှတ်တော်၌ တည်ရှိ၏။ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၂၁ ဦးပါဝင်သော ဆီနိတ်လွှတ်တော်နှင့် ကိုယ်စားလှယ် ၃၇ ဦးတို့ပါဝင်သော ပြည်သူ့လွှတ်တော်တို့ပါဝင်သည်။ ဆီနိတ်လွှတ်တော် ကိုယ်စားလှယ်များကို ခြောက်နှစ်တစ်ကြိမ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လေးနှစ်တစ်ကြိမ်၊ အသီးသီး ရွေးကောက်တင်မြှောက်ကြလေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Article 4 of the Constitution
  2. Haiti။ International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)