ဟူကျင်ထောင်း

ဝီကီပီးဒီးယား မှ
ဟူကျင်ထောင်း
ဟူကျင်ထောင်း
အမည်ရင်း ဟူကျင်ထောင်း (胡錦濤)
မွေးသက္ကရာဇ် ၁၉၄၂ ဒီဇင်ဘာ ၂၁

နိုင်ငံသား  တရုတ်
ပညာရေး ချင်းဟွာတက္ကသိုလ်
အလုပ်အကိုင် ဆည်မြောင်း အင်ဂျင်နီယာ
ကြင်ဖော် 劉永清

ဟူကျင်ထောင်း (胡錦濤) သည် ၂၀၀၃ ခုနှစ်တွင် ရာထူးတက်လာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ (အနောက်တိုင်းသားများက သမ္မတဟု ရေးသားခေါ်ဝေါ်ကြသည်) ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီတွင် ဩဇာအာဏာ အကြီးဆုံးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ်လည်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာသည့် ဟူကျင်ထောင်းသည် ကျန်ဇီမင်း၏ အရိုက်အရာကို ဆက်ခံခဲ့သည့် တရုတ်ကွန်မြူနစ် အစိုးရ၏ စတုတ္ထမြောက် မျိုးဆက် ခေါင်းဆောင် ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဟူကျင်ထောင်းကို ကျန်းစူးပြည်နယ်၊ ထိုက်ကျိုးခရိုင်၊ ကျန်းယန်မြို့တွင် ၁၉၄၂ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့က မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူသည် လက်ဖက်ခြောက် ရောင်းဝယ်ရေး လုပ်ငန်းတစ်ခု လုပ်ကိုင်သော်လည်း မိသားစုမှာ ဆင်းရဲနွမ်းပါးသည်။ မိခင်ဖြစ်သူမှာ ဟူအသက် (၇)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ အဒေါ်ဖြစ်သူမှ ဟူအား ကြီးပြင်းအောင် စောင့်ရှောက်ခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းက ဟူ၏ဖခင်ဖြစ်သူမှာ ပြင်းထန်စွာ ဝေဖန်ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရသည်။ ယင်းအဖြစ်သည် ဟူအား နိုင်ငံရေးခံယူချက် ရှိလာစေခဲ့သည်။ ဟူသည် ငယ်စဉ်ကတည်းက စာကြိုးစားသူဖြစ်ပြီး စာအလွန်တော်သည်။ ပါရမီထူးသူလည်းဖြစ်သည်။ ကျောင်းကပွဲများ၊ သီချင်းဆိုပွဲများတွင် အလွန်ထူးချွန်စွာ သီဆိုနိုင်ခဲ့သည်။

၁၉၆၄ခုနှစ် ချင်းဟွာတက္ကသိုလ် သို့ တက်ရောက်နေစဉ် ယဉ်ကျေးမှုတော်လှန်ရေး မစတင်မီကပင် တရုတ်ကွန်မြူနစ်ပါတီ သို့ ဝင်ရောက်ခဲ့သည်။ ဟူသည် ထိုအချိန်က ချင်းဟွ,တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၆၅ တွင် ဟိုက်ဒရောလစ်အင်ဂျင်နီယာပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ ဟူ၏ဇနီးဖြစ်သူ လျိုယုန်ချိန်အား ချင်းဟွာတက္ကသိုလ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဟူတို့ဇနီးမောင်နှံတွင် ဟူဟိုင်ဖွင်း နှင့် ဟူဟိုင်ချိန် ဟူသော သားတစ်ယာက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

၁၉၆၈တွင် ဟူသည် ကန်းစုပြည်နယ်တွင် အမှုထမ်းခဲ့ရာ လျိုကျားရှာရေအားလျှပ်စစ် တည်ဆောက်ရေးစီမံကိန်းတွင် ဝင်ရောက်အလုပ်လုပ်ခဲ့သည်။ ဒေသတွင်း ရေအရင်းအမြစ်နှင့် ရေအားလျှပ်စစ်ဌာနခွဲ၏ပါတီရေးရာတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ပြည့်လွန်နှစ်များတွင် ဟူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကာ ဘာသာတရား အလွန်အမင်း ကိုင်းရှိုင်းသူဖြစ်လာခဲ့သည်။ တိဘက်ဒေသတွင် ၃ နှစ်ခန့် ဘာသာရေးလိုက်စားခဲ့ဖူးသည်။ ၁၉၆၉မှ ၁၉၇၄အထိ တရုတ်ရေအား အင်ဂျင်နီယာဌာနတွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေးတွင်ပါဝင်လာခြင်း[ပြင်ဆင်ရန်]

၁၉၇၄တွင် ကန်းစုပြည်နယ် ဆောက်လုပ်ရေးဌာန၏ အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ နောက်တစ်နှစ်တွင် ဟူသည် ဒုတိယအကြီးအကဲ ဖြစ်လာခဲ့သည်။ ၁၉၈၀ခုနှစ် တိန့်ရှောင်ဖိန် တက်လာပြီးနောက် ပြုပြင်ပြင်ပြောင်းလဲရေး အစီအစဉ်(၄)ချက်အရ ဖျတ်လတ်သော လူငယ်ပညာတတ်များကို မြှောက်စားလာရာ ထိုစဉ်က ကန်းစုပြည်နယ် ပါတီအတွင်းရေးမှူးဖြစ်သူ စုန့်ဖျင်က ဟူအားအဆင့်များစွာတိုးပေးလိုက်သည်။ တစ်ချိန်တည်းတွင် စုန့်ဖျင်၏ မြှောက်စားခြင်းခံရသူမှာ ယခုဝန်ကြီးချုပ်ဖြစ်သူ ဝမ်ကြားပေါင် ဖြစ်သည်။

၁၉၈၁တွင် ဟူသည် တိန့်ရှောင်ဖိန်၏ သမီးဖြစ်သူ တိန့်နန်နှင့် ဟူယောင်ပန်း၏ သားဖြစ်သူ ဟူဒဲ့ဖျင်တို့နှင့်အတူ ပေကျင်းရှိ ပါတီဗဟိုကော်မတီသင်တန်းကျောင်းတွင် တက်ရောက်ခဲ့သည်။ ဟူသည် ထိုစဉ်က တိန့်နန်၏ အထင်ကြီးလေးစားမှုကို ခံခဲ့ရပြီး ဖခင်ဖြစ်သူထံ ဟူ၏ကောင်းသတင်းများ ရောက်ရှိခဲ့သည်ဟု ယူဆဖွယ်ရှိသည်။ ထိုစဉ်က ပေါလစ်ဗျူရိုအဖွဲ့ဝင်ဖြစ်သော ဟူယောင်ပန်း၏သား ဟူဒဲ့ဖျင်ကလည်း ဟူအား အိမ်သို့အလည်ခေါ်ပြီး ဖခင်ဖြစ်သူနှင့် တွေ့ဆုံပေးခဲ့ဖူးသည်။ ဟူ၏ ရိုးသားမှုကို ဟူယောင်ပန်းကလည်း အထင်ကြီးခဲ့သည်။

၁၉၈၂တွင် ဟူအား ကန်းစုပြည်နယ် ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ အတွင်းရေးမှူးအဖြစ် ခန့်ထားလိုက်သည်။ ဟူအားမြေတောင်မြှောက်ပေးခဲ့သူ စုန့်ဖျင်သည်လည်း ပေကျင်းရှိ ပါတီရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ တိန့်ရှောင်ဖိန်နှင့် ဟူယောင်ပန်းတို့၏ ထောက်ခံမှု ရရှိထားသော ဟူသည် ၁၉၈၂တွင် စုတ့်ဖျင်၏ အကြံပြုချက်ဖြင့် ပေကျင်းရှိ ပါတီဗဟိုကော်မတီကျောင်းတွင် တက်ရောက်ခဲ့ရသည်။ မကြာမီ သူ့အားပေကျင်းသို့ပြောင်းရွှေ့စေပြီး ပါတီလူငယ်ရေးရာဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးရုံးတွင် တာဝန်ပေးအပ်ခဲ့သည်။ နှစ်နှစ်မျှအကြာတွင် ဟူအား ပါတီလူငယ်ရေးရာဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ထိုစဉ်က ဟူယောင်ပန်း၏ ခရီးစဉ်တိုင်းတွင် ဟူသည် အတူလိုက်ပါခဲ့ရသည်။

၁၉၈၅တွင် ဟူယောင်ပန်းက ဟူအား ကွေ့ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ပေးလိုက်သည်။ ၁၉၈၇တွင် ဟူ၏ဒေသတွင်း ကျောင်းသားများ၏ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုများအား ဟူက ညင်သာစွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ အလားတူ ပေကျင်းဆန္ဒပြမှုတွင် ဟူယောင်ပန်းအား အငြိမ်းစားပေးခံခဲ့ရသည်။

ရွေးကောက်ခံကိုယ်စားလှယ်ဘဝ[ပြင်ဆင်ရန်]

သမ္မတကြီးဘဝ[ပြင်ဆင်ရန်]

နိုင်ငံရေးဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]