ဟိုင်းဒင့်၊ အက်(ဖ)ဂျေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဟိုင်းဒင့်, အက်(ဖ)ဂျေ (ခရစ် ၁၇၃၂-၁၈ဝ၉) [ပြင်​ဆင်​ရန်​]

ဖရန့်ဂျိုးဇက် ဟိုင်းဒင်သည် ဆင်ဖနီဂီတာ (တူရိယာသံစုံ တီးကွက်)ကို တီထွင်ခဲ့သူအဖြစ် ထင်ရှားသော ဩစတြီး ယန်းအမျိုးသား ဂီတာစာဆိုဖြစ်သည်။ ဂီတာပညာ ကျော် များဖြစ်သော မိုဇတ် နှင့် ဘီသိုဗင်တို့က နောင်အခါ၌ ဟိုင်းဒင်ဆင်ဖနီ ဂီတာ (သံစုံတီးကွက်)ကို အချောကိုင် ခဲ့ကြသည်။ ယခုခေတ် အနောက်တိုင်းတူရိယာတီးဝိုင်းသည် ဟိုင်းဒင်ဆင်ဖနီဂီတာ (သံစုံ တီးကွက်)ကို အခြေခံ၍ ပေါက်ပွားလာသည်ဟု ဆိုနိုင် သည်။ ဂီတာပညာလောကမှ အပေါင်းအဖော်များသည် ဟိုင်းဒင်ကို ဖခင်ကြီးသဖွယ် ချစ်ခင်လေးစားကြသည်။


ဟိုင်းဒင်သည် ၁၇၃၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဩစတြီးယားနိုင်ငံ ရိုရောမြို့၌ ဖွားမြင်သည်။ သူ၏ ဖခင်သည် ဂီတာဘက်တွင် ဝါသနာထုံဩူဖစ်၍ ညနေချိန်များ၌ မိသားစု တို့သည် ဝိုင်းဖွဲ့ကာ ဟန်ဂေရီအမျိုးသား ရိုးရာတေးသီချင်း များကို သီဆိုလေ့ ရှိကြသည်။ ဖခင်က စောင်းကိုတီး၍ မိခင် က သီချင်းများကို သီဆိုပြလေသည်။ ဟိုင်းဒင်သည်လည်း ငယ်စဉ်ကပင် ဂီတာပညာဘက်၌ အစွမ်းအစ ထက်မြက်သူ ဖြစ်ရာ အသက်ရှစ်နှစ်အရွယ်တွင် ဗီယင်းနားမြို့ရှိ နာမည်ကျော် စိန်စတီဖင် ဘုရားရှိခိုးကျောင်း သံပြိုင် သီချင်းသည်အဖွဲ့၌ ပါဝင်သီဆိုခဲ့ရသည်။ အသက် ၁၇ နှစ်အရွယ်တွင် အသံက လည်းပျက်၊ သံပြိုင် သီချင်းသည်အဖွဲ့မှလည်း ထုတ်ပယ်ခြင်းကို ခံရသဖြင့် ၁ဝ နှစ်တိုင်တိုင် ဆင်းရဲငြိုငြင်စွာ နေထိုင်ခဲ့ရသည်။ သို့ရာတွင် ဂီတပညာကိုမူကား လက်မလွတ်ပဲ သီချင်းများ စပ်ဆိုတီးမှုတ်ခြင်းအားဖြင့် အသက်မွေးခဲ့လေသည်။ ထိုခေတ်က နာမည်ကျော် အဆိုနည်းပြဆရာ ဣတာလျံအမျိုးသား ပေါ်ပိုရာ ထံ၌လည်း တပည့်ခံ ခဲ့သည်။


ထိုနောက် ၁၇၆ဝ ပြည့်နှစ်တွင် ဟိုင်းဒင်သည် ဩစတြီး ယားနိုင်ငံ၌ ထိပ်တန်းအကျဆုံးသော တူရိယာ တီးဝိုင်း၏ ပိုင်ရှင် အက်စတာဟာဇီမင်းသားထံ၌ တီးဝိုင်းလက်ထောက် ဒါရိုက်တာအဖြစ် ဝင်ရောက် အမှုထမ်းသည်။ ဟိုင်းဒင်သည် ထိုတူရိယာတီးဝိုင်းတွင် ဒါရိုက်တာအဖြစ် နှစ်ပေါင်း ၃ဝ မျှ ဆောင်ရွက်ခဲ့သည်။ ထိုအချိန်အတောအတွင်း တေးဂီတပေါင်း များစွာတို့ကို ရေးစပ်ခဲ့ရာ သူ၏ဂုဏ်သတင်းသည်လည်း လိုက်ပဆစ်မြို့၊ ပါရစ်မြို့၊ လန်ဒန်မြို့စသော မြို့ကြီးများသို့ ပျံ့နှံခဲ့ပေသည်။ ထိုအချိန်အတွင်းကပင် နာမည်ကျော် ဂီတာ စာဆိုဖြစ်သူ မိုးဇတ်နှင့်မိတ်ကျွမ်းဝင်ခဲ့သဖြင့် ဂီတာစာဆိုနှစ်ဦး တို့သည် ပညာချင်းဖလှယ်၍ ပေါင်းစပ်မိ ကြလေသည်။

မိုးဇတ်သည် ဟိုင်းဒင်၏ ပညာစွမ်းကို ချီးကျူးခဲ့သည့်နည်းတူ ဟိုင်းဒင်ကလည်း မိုးဇတ်ထံမှ တီးလုံးတီးကွက်ကို ထိမိအောင် စပ်ဆိုမှုပညာကို ရရှိခဲ့သည်။

အက်စတာဟာဇီမင်းသား ကွယ်လွန်ပြီးနောက် ၁၇၉၁ ခုနှစ် တွင် ဟိုင်းဒင်သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍ အော်ဖီယိုခေါ်တေးသံစုံဇာတ်ကိုလည်းကောင်း၊ ဆင်ဖနီဂီတာ (တူရိယာသံစုံတီးကွက်)ကိုးပုဒ်နှင့် အခြား တေးဂီပေါင်းမြောက် မြားစွာကိုလည်းကောင်း ရေးစပ်ခဲ့လေသည်။

အင်္ဂလန် နိုင်ငံတွင် ဟိုင်းဒင်သည်၏ တေးဂီတာကို လူကြိုက်များသည်။ အောက်စဖို့တက္ကသိုလ်ကလည်း သူ့အား ဂီတပါရဂူဘွဲ့ဖြင့် ဂုဏ်ပြု ချီးမြှင့်သည်။ ၁၇၉၈ ခုနှစ်တွင် ဟိုင်းဒင်သည် သမ္မာကျမ်းစာကို အခြေခံ ၍ ဖန်ဆင်းခြင်းခေါ် တေးသီချင်းကြီးကို စပ်ဆိုခဲ့သည်။ ဩစတြီးယားနိုင်ငံ အမျိုးသားသီချင်းကိုလည်း ရေးစပ်ခဲ့၏။ ဂီတစာဆို ဟိုင်းဒင်သည် တေးသီချင်းများကို စေ့စပ်သေချာစွာ ရေးစပ်လေ့ရှိသည်။ တီးဝိုင်းရှိဆိုင်ရာ တူရိယာနှင့် စပ်အပ်သော တေးသံကိုလည်း စီကုံးလေ့ရှိသည်။ ထိုပြင် တေးသံဖြင့် ဟာသ ဂုဏ်ကိုလည်း ထုတ်ဖော်နိုင်စွမ်းရှိသည်။ ငယ်စဉ်က ကြားနာ မှတ်သားခဲ့ရသော ရိုးရာတေးသီချင်းများကိုလည်း သီချင်းကြီး သီချင်းခန့်များအဖြစ်သို့ ပြောင်းလဲစပ်ဆိုခဲ့သည်။

ဂီတာပညာသည်တို့က ဖခင်ဟိုင်းဒင်ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့သော ဂီတာစာဆိုကြီးသည် ၁၈ဝ၉ ခုနှစ်၊ မေလ ၃ဝရက်နေ့တွင် ဗီယင်နားမြို့၌ ကွယ်လွန်လေသည်။[၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)