ဟိန်းနရစ်ချ် ဟတ်ဇ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟိန်းနရစ်ချ် ရူးဒေါ့ဖ် ဟတ်ဇ်

ဟက်ဇ, အိပ်၊ အာ (ခရစ်၁၈၅၇-၁၈၉၄)[ပြင်​ဆင်​ရန်​]

နှစ်ဆယ်ရာစုနှစ် အတွင်းတွင် လူများသည်တစ် ဦးနှင့်တစ်ဦးမိုင်ပေါင်းများစွာ ဝေးကွာလျက်နှင့်ဝိုင်ယာလက်ဖြင့် ဆက်သွယ်စကား ပြောနိုင်ခြင်းမှာ ၁၉ ရာစုနှစ်အတွင်းကသိပ္ပံပညာရှင်များ၏ အသစ်တွေ့ရှိခြင်းများကြောင့်ဖြစ်လေသည်။ ထိုသိပ္ပံပညာရှင်များတွင်ဟိုင်းနရစ်ရူးဒေါ့ဟက်ဇလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဟက်ဇသည်ဂျာမန်ရူပဗေဒပညာကျော်တစ်ဦးဖြစ်၍ သူသည်ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့၌ ၁၈၅၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင်ဖွားမြင်သည်။ သူသည် ကျောင်းမှထွက်သောအခါအင်ဂျင်နီယာအတတ်ကို လေ့လာဆည်းပူးသည်။ သို့သော်သူစိတ်ထက်သန်သော ပညာရပ်မှာသိပ္ပံပညာရပ် ဖြစ်သဖြင့် အင်ဂျင်နီယာအတတ်ကို စွန့်လွှတ်လိုက်လေသည်။ ထိုနောက် ဟက်ဇသည်မျူးနစ် တက္ကသိုလ် ရူပဗေဒပါရဂူကြီး ဟင်းမတိုး၏လက်အောက်၌ ရူပဗေဒပညာရပ်များကိုသင်ကြား သည်။ ၁၈၈၃ ခုနှစ်တွင် ကီးအရပ်သို့သွားရောက်ကာ မက္ကဆွဲ၏ လျှပ်စစ်အားနှင့် သံလိုက်အားတို့ ဆက်သွယ်ပုံကို လက်တွေ့စမ်းသပ်လေ့လာ ကြည့်သည်။ ထိုအခါသူသည်လျှပ်စစ်သံလိုက်လှိုင်းများသည် အလင်းလှိုင်းများနှင့်သဘောချင်းအတူတူပင်ဖြစ်ကြောင်းကို လက်တွေ့ပြသနိုင်ခဲ့သည်။ဟက်ဇသည်အဆိုပါလျှပ်စစ်သံလို်က် လှိုင်းများ၏သဘောနှင့် ယင်းတို့တည်ရှိပုံကို သိပ္ပံလောကသို့ တင်ပြလိုက်သဖြင့် သူ၏နာမည်ကိုအစွဲပြု၍ ထိုလှိုင်းများကို ဟက်ဇီးယန်လှိုင်းများဟု မှည့်ခေါ်ခဲ့ကြလေ သည်။ လျှပ်စစ်သံလိုက်လှိုင်းများကို အခြေပြု၍ ဝိုင်ယာလက် ကြေးနန်းဆက်သွယ်မှုများပေါ်ပေါက် လာလေသည်။ အီသာထဲ၌ အလင်းလှိုင်းများရှိနေသကဲ့သို့ လျှပ်စစ်သံလိုက်လှိုင်းများလည်း ရှိသေး ကြောင်းကိုလက်တွေ့ပြသလိုက်သောအချိန်၌ဟက်ဇမှာ အသက် ၃ဝ မျှသာရှိသေး၏။ ဟက်ဇသည် လျှပ်စစ်သံလိုက်လှိုင်းများ၏ အရှည်နှင့်အမြန်ကို တိုင်းတာနိုင်ခဲ့ပြီးလျှင် ထိုလှိုင်းများသည် အလင်းလှိုင်းများကဲ့သို့ တစ်က္ကန့်တွင်မိုင်းပေါင်း ၁၈၆ဝဝဝ သွားနိုင်ကြောင်း ပြနိုင်လေသည်။ ထိုပြင်ထိုလှိုင်းများသည် အလင်းလှိုင်းများနည်းတူ လှိုင်းပြန်ခြင်း၊လှိုင်းယိုင်ခြင်းများ ရှိပုံတို့ကိုပါရှာဖွေတွေ့ရှိခဲ့လေသည်။ တစ်ဆဲ့ကိုးရာစုနှစ်အတွင်း၌ ဟက်ဇတွေ့ရှိခဲ့သော ရူပဗေဒပညာသစ်အားဖြင့် မျက်မှောက်ခေတ်တွင် ကမ္ဘာ အရပ်ရပ်မှ သတင်းစုုံကိုစက္ကန့်ပိုင်းလောက်ခြား၍ ရေဒီယို၊ ဝိုင်ယာလက်တို့ဖြင့်ကြား နိုင်ကြ၏။ သတင်းပို့နိုင်ကြ၏။ သို့သော် သိပ္ပံပညာရှင်ကြီးဟက်ဇသည် သက်စိုးမရှည်ဘဲ နာတာရှည်ရောဂါဖြင့် ၁၈၉၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အသက် ၃၇ နှစ်အရွယ်တွင်အနိစ္စရောက်သွားလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)