ဟာတူးရွာ

ဝီကီပီးဒီးယား မှ
(ဟာတူး မှ ပြန်ညွှန်းထားသည်)

ဟလ်တူးကျေးရွာသည် ချင်းပြည်နယ်၊ မတူပီမြို့နယ် အရှေ့တောင်ဘက်ယွင်းယွင်း၌တည်ရှိသော အလွန်လှပသည့် ကျေးရွာကလေးတစ်ရွာပင် ဖြစ်သည်။ အရှေ့ဘက်တွင် ယံပါး(Zampa) တောင်တန်း၊ အရှေ့တောင်ဘက်တွင် ဟာလ်ယုံ(Hal Zung) ကျေးရွာ၊ အနောက်ဘက်ခြမ်းတွင် ကာလ်အိမ်း(Kal Im) ကျေးရွာအုပ်စု၊ မြောက်ဘက်ခြမ်းတွင် လှန်းပြန်း (Hlang Prang) ခေါ် ချန်းပြန်းကျေးရွာအုပ်စုနှင့် တောင်ဘက်ပိုင်းတွင် ရွှင်သွီး(Sun Tui) ကျေးရွာတို့ဖြင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။

ရွာတည်ဆောက်မှု ပုံသဏ္ဌာန်မှာ ရွာတန်းရှည်ပုံသဏ္ဌာန်ဖြစ်ပြီး မြောက်မှ တောင်ဘက်သို့ သွယ်တန်းသွားသည်။ ရွာအတွင်း ရပ်ကွက်နှစ်ခုရှိပြီး ခေါ်ဒ်ဗါး ချောင်းငယ်ကလေးဖြင့် ခွဲခြားထားသည်။ ရွာ၏ အနောက်ဘက်ခြမ်းတွင် ကီလောင်(Ki Long va) ချောင်းကလေး စီးဆင်းသွားရာ လှပသော သဘာဝ သက်ရှိပန်းချီကားချပ်သဖွယ် ကဗျာဆန်လှသည်။ ရွာအတွင်း အိမ်ခြေ (၆ဝ)ခန့် ရှိပြီး၊ လူဦးရေ ၃ဝဝ ခန့် နေထိုင်ကြသည်။ လူဦးရေ အိမ်ခြေအနေဖြင့် နည်းပါးလှသော်လည်း မတူပီမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း အလျင်မြန်ဆုံးနှင့်အမြင့်ဆုံး စံပြကျေးရွာဖြစ်သည်။ သာဓက တစ်ခုအနေဖြင့် တစ်မြို့နယ်လုံး၌ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စတင်အသုံးပြုသော ရှေ့ဆောင် ရွာပင်ဖြစ်သည်။ ယခုအခါတွင် ဟာလ်တူးကျေးရွာ လူထုများအနေဖြင့် တခြား ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများကိုလည်း များစွာ အကောင်ထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါသည်။

ယခင် ဟာလ်တူးရွာကို လောင်ဟွေးဒေသ (Long Hoi) အီမ်သဲန်းအရပ် (Im Teng) ယခု (ကျုပ်ရွာသစ်အနီး)တွင် စတင်တည်ခဲ့ပြီး ထိုမှတဆင့် ရှဲလ်အီမ်း (Shel Imm)အရပ်၊ လီင်အီးမ် (Ling Imm)အရပ် စသည်များသို့ အလျင်းသင့်သလို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး နောက်ဆုံးတွင် ယခုလက်ရှိ ရွာတည်ရှိရာ လီင်ကော်လ်/ဒါဝ်ကော်လ် အရပ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။


ဟာလ်တူးကျေးရွာ၏ အခြားသော ဆောင်ရွက် အောင်မြင်မှုများကို အလျှင်းသင့်သလို ဆက်လက်ဖော်ပြ သွားမည်ဖြစ်သည်။ ယခုမူ အစဉ်အလာကြီးစွာ ဖွံ့ဖြိုးတိုးတက် အောင်မြင်သော ဟာလ်တူးကျေးရွာ၏ ဖြစ်တည်မှု သအကျဉ်းကိုသာ ဖော်ပြသွားပါမည်။

သမိုင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအတွင်း ရာစုခေါတ်ဦးပိုင်းလူများ နေထိုင်ပြောင်းလဲမှု အဆင့်ဆင့်[ပြင်ဆင်ရန်]

ကမ္ဘာ့သမိုင်းပညာရှင်များမှ BCခေတ်နှောင်းပိုင်းနှင့် ADအစောပိုင်း ကာလများကို ကမ္ဘာ့သမိုင်၏ သမိုင်းသစ် ပြုပြင်ခြင်း ကာလများ သို့မဟုတ် ကမ္ဘာ့သမိုင်း၏ နယ်မြေသစ်များ ရှာဖွေခြင်း ကာလများဟူ၍ သတ်မှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ အမိမြန်မာပြည် ၌ မှီတင်းနေထိုင်ကြသော တိုငး်ရင်းသားများသည်လည်း ထိုကာလ တစ်လျှောက်များ၌ပင် မြောက်ဘက် တိဘက်ကုန်းပြင်မြင့်မှ ဆင်းသက်လာကြခြင်းဖြစ်ကြောင်း သမိုင်းပညာရှင်များမှ မှတ်တမ်း တင်ခဲ့ကြသည်။ တိဘက်ကုန်းပြင်မြင့်မှ တဆင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်ကြောင်းများအတိုင်း ရေကြည်ရာ မြက်နုရာ စုန်ဆင်းလာကြပြီး၊ နောင်တွင် တိုင်းရင်းသားလူမျိုးများအဖြစ်ဖြင့် မြန်မာပြည်အတွင်း နေထိုင်လာကြသည်။ ရောက်ရာဒေသများ၌ မြို့ပြ နိုင်ငံများ ထူထောင်လာကြကာပျူ၊ ဟန်လင်း၊ သရေခေတ္တရာ စသည့် ရှေးမြန်မာ့မြို့ပြနိုင်ငံများ ပေါ်ပေါက်လာခဲ့ကြသည်။  

သမိုင်းဦးကာလများသည် ကျွန်ပိုင်ရှင်ခေတ်နှင့် ပဒေသရာဇ်ခေတ်များဖြစ်ရာ နိုင်လိုမင်းထက် ကြီးနိုင် ငယ်ညှင်းစံနစ်ဖြစ် စစ်မက်လိုလားသော ခေတ်ဖြစ်သည်။ ထိုကာလ၌ လူအများစုတို့မှာ စစ်မက်ကိုရှောင်ရှားရင်း နောင်အခါ၌ တောင်တန်းဒေသများသို့ ပြောင်းရွှေ့ နေထိုင်လာကြသည်။ နောင်တွင်ကချင်၊ ချင်း၊ နာဂ၊ ရှမ်း စသည့် တောင်ပေါ်နေတိုင်းရင်းသားများ ဖြစ်လာကြသည်။

ချင်းလူမျိုးတို့၏ ပျံ့နှံ့နေထိုင်မှု ပုံစံမှာ ရှုပ်ထွေးလှသည်။ BC ၆ဝဝ ခန့်တွင် ချင်းတို့သည် တိဘက်ဒေသမှ စုန်ဆင်းလာကြပြီး၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက် နေထိုင်လာခဲ့ကြရာမှ မြန်မာပြည်အလယ်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများအထိ ပျံ့နှံ့စွာ နေထိုင်လာကြသည်။ တချို့မှာ တမူး-ကဘော်ချိုင့်ဝှမ်းမှ တဆင့် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်များသို့ လည်းကောင်း၊ ထိုမှတဆင့် မရာနယ်နှင့် ပလက်ဝနယ် တစ်လျှောက်၊ တချို့ တမူး-ကဘော်ချိုင့်ဝှမ်းမှ ချင်းတောင်ဒေသရှိ တီးတိန်ဒေသများသို့ လည်းကောင်း၊ ထီးလင်း-ဂန့်ဂေါဒေသများမှ တဆင့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းဒေသများ သို့လည်းကောင်း၊ ဒိုင်-မတူ-ဇိုးတုန်နယ်များသို့လည်းကောင်း ပျံ့နှံ့ခဲ့ကြသည်။ ကျန်တချို့မှာ စလင်း၊ စော၊ ချောက် ဒေသမှ ကန်ပလက်- မင်းတပ်နှင့် ချိုးနယ်များ၊ ဒိုင်နယ်များသို့လည်းကောင်း၊ ရခိုင်ရိုးမမှတဆင့် မြို၊ ခမီ၊ ဒိုင်းနက်၊ လေးမြို့ဒေသများသို့လည်းကောင်း ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။

ရှေးအခါများ၌ ချင်းလူမျိုးများသည် မိမိကိုယ်မိမိ ချင်း ဟူ၍ မခေါ်တွင်ခဲ့ကြပေ။ ဇိုမီး၊ မီဇိုး၊ လိုင်မီး၊ ဒိုင်၊ ခူမီး၊ ချိုး၊ မွီန်း၊ အရှို၊ စုမ်းသူ၊ လေးသူ စသည်ဖြင့်သာ ခေါ်ဆိုခဲ့ကြသည်။ ချင်းဟူသော ဝေါဟာရများသည် မည်သည့် ချင်းမျိုး နွယ်စုတွင်မှ မခေါ်ခဲ့ကြပေ။ ထို့ကြောင့် "ချင်း"ဟူသောဝေါဟာရသည် ဗမာလူမျိုးများခေါ်ဆိုသည့် "သူငယ်ချင်း၊ အချင်းချင်း"ဟူသော စကားမှ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟူသည့် အယူအဆ၊ အဆိုများရှိခဲ့သည်။ တိုင်းရင်းသားအချင်းချင်း ခေါ်ကြရာတွင် ချင်းလူမျိုးများမှ ကချင်လူမျိုးများကို "ကချင်"၊ ရှမ်းလူမျိုးများကို ရှန်၊ ကရင်လူမျိုးများကို ကလန်၊ ရခိုင်လူမျိုးကို လခုန်၊ ဗမာလူမျိုးကို ကောလ် စသည်ဖြင့် ခေါ်ဝေါ်ကြလေသည်။ ကချင်လူမျိုးများမှလည်း ချင်းလူမျိုးများအား ခန်း (Khang)၊ ရှမ်းလူမျိုးများမှ ချန်း (Chang)၊ ကရင်လူမျိုးများမှ ချော(Chaw)၊ မွန်လူမျိုးများမှ ချဲန်း (Khyeng)၊ ရခိုင်လူမျိုးများမှ ချားန် စသည့် တိုင်းရင်းသား လေသံများဖြင့် အချင်းချင်း ခေါ်ဆိုခဲ့ကြသည်။

မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့် ပုပ္ပါး ဒေသများနှင့် ပဲခူးရိုးမများသို့လည်းကောင်း၊ မင်းဘူး - ပြည် - သရက် နှင့် ဧရာဝတီတိုင်း၊ သနင်္သာရီတိုင်းသို့တိုင် ချင်းလူမျိုးများ ပျံ့နှံ့နေထိုင်ကြသည်။ မြေပြန့်ဒေသ၌ နေထိုင်ကြသည့် ချင်းလူမျိုးများအား ချင်းပုံ သို့မဟုတ် အရှိုချင်းများဟု ခေါ်ကြသည်။ တီးတိန် - တွန်းဇံနယ်များတွင် ဇိုမီး၊ ဟားခါး - ဖလမ်း - ထန်တလန် နယများတွင် လိုင်မီး၊ မင်းတပ် - ကန်ပက်လက် ဒေသများတွင် ချိုး-မွီင်း၊ ထီးလင်း - ဂန့်ဂေါ - ဆော နှင့် ပုံတောင်ပုံညာဒေသများတွင် ယော၊ ပလက်ဝနှင့် ရခိုင်နယတကြောတွင် ခူမီး - ဝဲမိ - ဒိုင်းနက်၊ ပလက်ဝ - မတူပီ - ထန်တလန်နယ်များတွင် မရာ၊ မတူပီမြို့နယ်တွင် ဗသူ၊ မတူပီ - မင်းတပ် - ကန်ပလက် - ပလက်ဝ ဒေသများတွင် ဒိုင် စသည်ဖြင့် ပျံ့နှံ့နေထိုင်ကြသည်။ ဤသို့ဖြင့် ချင်းလူမျိုးများနှင့် အခြား တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံနှင့် အခြားနယ်အရပ်ရပ်သို့ ပျံ့နှံ့နေထိုင်ကြသည်။

မြန်မာပြည် အတွင်းသို့ ဝင်ရောက် ပျံ့နှံ့နေထိုင်ကြရာ၌ ချင်းလူမျိုးများသည် အစောဆုံးလူများ ဖြစ်ဖွယ်ရှိကြောင်း သမိုင်းပညာရှင်များ၏ ခန့်မှန်း တွေးဆချက်များ ရှိခဲ့သည်။ ရှေးမြို့ပြ နိုင်ငံများ ဖြစ်ကြသည့် သရေခေတ္တရာနှင့် ဗိဿနိုး မြို့ပြများသည် ချင်းလူမျိုးများမြို့ပြနိုင်ငံများပင် ဖြစ်ကြောင်းနှင့် ပျူလူမျိုးမှာ ယခု ချင်းလူမျိုးများပင် ဖြစ်နိုင်ကြောင်း တွေးဆမှုများ ရှိခဲ့သည်။ ပျူကမ်းယံသက်တို့သည် AD အစောပိုင်းကာလများ၌ မြိ့ပြများ တည်ထောင်ကြပြီး အတူတကွ နေထိုင်ခဲ့ကြသည်။ ရာစုနှစ်များ ကြာလာ၍ မြန်မာလူမျိုးများ ဝင်ရောက်လာသောအခါ ကမ်းယံနှင့် သက်တို့မှာ တခြားဒေသများသို့ ပြောင်းရွှေ့ ထွက်ခွာသွားကြပြီး၊ ပျူလူမျိုးများသာ မြန်မာတို့နှင့်အတူ ရောနှောနေထိုင် ကျန်ရစ်ခဲ့ကြသည်။ နောင်တွင် ပျူနှင့်မြန်မာ ရောထွေးသွားပြီး ပျူလူမျိုးများ မှေးမှိန်သွားကာ မြန်မာလူမျိုးများ ဟူ၍သာ ကျန်ရစ်ခဲ့တော့သည်။ ရေကြည်ရာ ထွက်သွားကြပြီး ချင်းတွင်းဒေသအထိ သွားရောက် နေထိုင်ကြသော သက်လူမျိုးတို့မှာ ယနေ့ ချင်းလူမျိုးများအဖြစ် နေထိုင် တွင်ရစ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ သို့ဖြင့် ချင်းလူမျိုးတို့သည် စစ်ကိုင်းတိုင်းပဲခူးတိုင်းမကွေးတိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တနင်္သာရီ သို့တိုင် ပြန့်နှံ့နေထိုင် ကြသည်။ ရခိုင်ပြည်တွင် ယနေ့ တိုင်အောင်ပင် သက်လူမျိုးများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ချင်းမှန်လျင် ပုဂံက[ပြင်ဆင်ရန်]

ချင်းမှန်လျှင် ပုဂံက” ဟူသော ဆိုရိုးစကားရှိခဲ့သည်။ ပုဂံဒေသမှ နောင်ချင်းယဉ်များ ဖြစ်လာမည့် ဒိုင်၊ မာ့တူ၊ မကန်း၊ ခူမ်၊ လေးမြို့ချင်းတို့သည် စစ်ရေးကြောင့် မုံရွာမြို့အနီးရှိ ကျောက်ကာရွာ၌ နေထိုင်ကြကာ “ကျောက်ကာ ဘုရား” ကို တည်ထားခဲ့ကြသည်။ ရန်များမှ လာရောက်တိုက်ခိုက် နှောင့်ယှက်သဖြင့် ကွဲအက်နေသော ကျောက်ပြားချပ်တွင် သံမြှား စိုက်ထားပြီး တောငှက် ပျောပင်များအား အပိုင်းပိုင်း ခုတ်ဖြတ်ထားခဲ့ကြသည်။ ရန်သူများ ကျောက်ကာသို့ ရောက်လာကြပြီး ဌက်ပျောပင်များ၏ အစို့များ ရှည်ထွက် နေသည်ကို မြင်သောအခါ လိုက်မှီတော့မည် မဟုတ်ကြောင်း ယူဆကြသည်။ ကျောက်ကိုပင် ကွဲအောင် မျှားဖြင့်ပစ်နိုင်သောကြောင့် တိုက်၍ မလွယ်ကြောင်း သုံးသပ်မိသဖြင့် ရန်သူများ နောက်ကြောင်း ပြန်လှည့်ကြသည်ဟု ဒိုင်း၊ ချိုး၊ အရှို ချင်းများ၏ ရာဇဝင်ပုံပြင်များ၌ တူညီစွာ ဆိုစမှတ် ပြုကြသည်။

ချင်းလူမျိုးများ ပုဂံတွင် ရှေးက နေထိုင်ခဲ့သည့် သာဓက တခုမှာ အနော်ရထာ မင်းစော စုက္ကတေးမင်းအား ပုန်ကန်ရန်အတွက် ပုပ္ပါးသို့ သွားရောက် မှီခိုသောအခါ ချင်းတို့က တောင် အရှေ့ဘက်စောင်းသို့ ရွေ့ပေးရကြောင်း ရာဇဝင်များရှိခဲ့သည်။ ထို့ပြင် အနော်ရထာမင်း မင်းဖြစ်ပြီးနောက် ပုပ္ပါးတောင်သို့ ပန်းခူးရန် စေလွှတ်ခြင်းခံရသော ကုလား ခြေလျင်သည် (ဗျတ္တ) သည် သွားရဖန် များလာသောအခါ ပုပ္ပါးရှိ မယ်ဝဏ္ဏ (ဘီလူးမ) နှင့် သင့်မြတ်ပြီး ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ် သားတော်နှစ်ပါး ဖွားမြင်ခဲ့ကြောင်း ပုပ္ပါး ရာဇဝင်၌ အထင်အရှား ရှိခဲ့သည်။ ထိုရာဇဝင်ရှိ မယ်ဝဏ္ဏသည် ဘီလူးမ မဟုတ်ဘဲ ချင်းမပင် ဖြစ်ကြောင်း ပုဂံရာဇဝင်များ၌ ဖော်ပြချက်များ ရှိထားသည်။ ထို ရွှေဖျင်းကြီး-ရွှေဖျင်းငယ် ညီနောင်တို့သည် နောင်တွင် မန္တလေး နယ်တွင်းရှိ တောင်ပြုံးဒေသ၏ ထင်ရှားသော နတ်များအဖြင့် လူသိများလာသည်။

ပုပ္ပါးတောင်နှင့် ချင်းလူမျိုး[ပြင်ဆင်ရန်]

ပုပ္ပါးတောင်သည် အညာဒေသ (မြန်မာပြည် အလယ်ပိုင်း) ၏ အိုအေစစ်သဖွယ် ခိုင်းနှိုင်းတင်စားထား သည့် ဒေသတစ်ခု ဖြစ်သည်။ ပုပ္ပါးတောင် အမည်တွင်လာပုံမှာ ရာဇဝင် ဆရာများ၏ တင်ပြပုံများ မရှိသလောက် ရှားပြီး တစ်ဦးနှင့် တစ်ဦး၏ တင်ပြမှုပုံ ကွဲပြားကြသည်။ ချင်း လူမျိုးများ၏ တင်ပြမှုများလည်း ရှိသည်။ ရှေးချင်း လူမျိုးများ ပုပ္ပါးနယ် တစ်လွှား၌ နေထိုင်ကြပြီး ထိုမှ ရေကြည်ရာ မြက်နုရာများသို့ ရွေ့လျားလာကြရာမှ နောင် ပုပ္ပါးဒေသအား ဘိုး - ဘွားတို့၏ နေရာ၊ ဘိုး - ဘွားတို့ တောင် (Pupa Sawm) ဟူ၍ ချင်းစကားဖြင့် ခေါ်ဆိုကြရာမှ နောင် ပုပ္ပါးတောင်ဟု အမည်တွင်လာသည်။ နောက် ဖော်ပြချက် တစ်ခုမှာ ပုပ္ပါးတောင်မကြီး မီးတောင်ပေါက်ကွဲ ပြီးနောင် မီးငြိမ်းတောင် ဖြစ်လာသောအခါ ပေါက်ကွဲပြီး ပြန်ငြိမ်းသွားသောတောင် (pok-pa Sawm) ဟူ၍ ခေါ်ဝေါ်ကြရာမှ နောင်တွင် ပုပ္ပါးတောင် ဖြစ်လာကြောင်း ဖော်ပြမှုများ ရှိခဲ့သည်။

ပုပ္ပါးတောင်တော် သမိုင်းများတွင် ပုပ္ပါးတောင်ကို နဂါးရစတောင်ဟု ဖော်ပြထားသည်။ အလားတူပင် ချင်း ရာဇဝင်များတွင်လည်း ငါန်းပါးစုမ် (Nganpaa Cum) ဟူ၍ ခေါ်ကြသည်။ အဓိပ္ပာယ်မှာ “နဂါးထီးတောင်နဂါးကြီးတောင်” ဟူ၍ အဓိပ္ပာယ်ရသည်။ အထက်ပိုင်း တီးတိန် - တွန်းဇံနယ်များနှင့် ဇိုမီး၊ လိုင်မီး မျိုးနွယ်စုများမှလည်း ပုပ္ပါးတောင်ကို ဟူ၍ ခေါ်တွင်ကြသကဲ့သို့ အရှိုချင်းများမှလည်း “ပုပ်ပတ်ဆွမ်” ဟူ၍ ခေါ်ကြသည်။ အထက် ဖော်ပြချက်များကို ထောက်ရှုခြင်းအားဖြင့် ချင်းတို့၏ နေထိုင်ရာ နေရာဒေသ “ချင်းမှန်လျင် ပုဂံက” ဟူသောဆိုရိုးမှာ မှန်ကန်ကြောင်း အခိုင်အမာ တွေ့ရပေသည်။

ရှေးအခါများ၌ ချင်းတို့သည် ပုပ္ပါးတောင် ဒေသတဝိုက်တွင် နေထိုင်ခဲ့ကြသည်။ ထိုသို့ နေထိုင်ကြရာတွင် ယနေ့ တိုင်အောင် သိသာထင်ရှားသည့် နေရာဌာနများရှိကြောင်း တွေ့ရှိရသည်။ ပုပ္ပါးဒေသ မြေကြီးပဘလွန်သည် ဆည်ပေါက် ရွာဟောင်း၏ ဤရှေ့ဘက် ငါးမတ်ခန့် (တစ်တိုင်ခွဲခန့်) တွင် တည်ရှိသည်။ စပါးပုံတော်၏ အရှေ့ဘက်ကျသည်။ ငှက်ပျောခြံများသို့ သွားရလမ်းဘေးရှိ ချင်းရွာဟောင်း နေရာတွင်တည်ရှိပြီး ယခုအခါ ပုပ္ပလွင်ဟု ခေါ်တွင်ကြသည်။

ရေပြာရွာတောင် ရွာဟောင်းကုန်းသည် ဆည်ပေါက်ရွာ အရှေ့၊ နှစ်တိုင်ခန့် ကွာဝေးသည်။ တောင်မကြီး၏ ဤနောင်ဘက်ခြမ်းတွင် ကျပြီးရွာ၏ အနေအထားမှာ တောင်ရိုးအလိုက် အရှေ့မြောက်မှ အနောက် - တောင်ဘက်သို့ သွယ်တန်း တည်ရှိသည်။ ရွာတည်ဆောက်ပုံ အလွန်ကျယ်ပြန့်သည့် ရွာကြီးတရွာ ဖြစ်ခဲ့ဟန်တူသည်။

ချင်းအိုင်ရွာသည်လည်း စပါးတောင်ပုံ တောင်ထိပ် အနီးတွင် တည်ရှိသည်။ ထို စပါးတောင်ပုံ တောင်၏ အနောက် - တောင်ဘက်တွင် တည်ရှိသည်။ စပါးတောင်ပုံ၏ အရှေ့ဘက်ခြမ်း လှေတောရွာနှင့် လက်ပံအိုင်ရွာ အကြားရှိ ရေဆူရေထွက်၏ အနီးတွင်လည်း ရေဆူယာလွန်ဟူ၍ ချင်းတို့၏နေရာ ရွာဟောင်းရှိသည်။ တောင်ကြီး၏ အရှေ့ - တောင်ဘက် လက်ပံရွာ၏ အရှေ့ဘက်တွင် လလယ်ရွာဟောင်း တည်ရှိသည်။ ဤသည်တို့သည် ချင်းတို့၏ အစဉ်အဆက် နှုတ်တိုက် မှတ်သားရသည့် အထောက်အထားများပင် ဖြစ်သည်။

ပုပ္ပါးဒေသ၌ ယနေ့တိုင်အောင် ထင်ရှားသည့် ချင်းမဘို့မယ်ချောင်းမှာ ချင်းမဘို့မယ် ဖေါက်လုပ်ထားသော ချောင်းဖြစ်၍ ဘို့မယ်ချောင်း အမည်တွင်သည်။ စလမိန် လယ်ကျင်းသို့ ချသွင်းသော ရေများသည် ရေထွက် ပေါင်းစုံမှရေများကို စုဆောင်း ပေါင်းစပ်၍ ချင်းမ - ဘို့မယ် ဆယ်ယူထားသောကြောင့် ဆယ်ချောင်းဟုခေါ်တွင်သည့် ချောင်းမှ ပေးသွင်းသော ရေများဖြစ်သည်။ ဆည်ချောင်း ဝဲယာရှိ ခြံ၊ ဥယျာဉ်များကို ဆယ်ခြံ၊ ဆယ်ဥယျာဉ်များဟု ခေါ်ကြသည်။ ပုပ္ပါးတောင် ငှက်ပျောများတွင် ဆယ်ခြံမှ ငှက်ပျောတို့သည် အရသာ အကောင်းဆုံးနှင့်၊ အချိုဆုံးဖြစ်သည်။

ဤသို့ဖော်ပြရာ၌ ချင်းလူမျိုးများ သာလျှင် အစောဆုံးလူသားများ ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ မြန်မာ့ သမိုင်းတလျှောက် ချင်းလူမျိုးများ၏ ဖြစ်တည်ဆင်းသက်မှုအား ထင်ရှားစေရန် ဖော်ပြခြင်းသာလျှင် ဖြစ်ကြောင်း စာရူသူအနေဖြင့် သိရှိစေလိုသည်။ ချင်းလူမျိုး သမိုင်း ရေးသားရာ၌ မြန်မာ့သမိုင်း ဆင်းသက်မှုကို လျစ်လျှူရှု၍ မဖြစ်ရကား ဤသို့ မြန်မာ့ တိုင်းရင်းသားများ၏ လူမျိုးဆင်းသက်မှုအား အကျဉ်းဖော်ပြရခြင်း ဖြစ်ကြောင်း ဖော်ပြအပ်သည်။

အနော်ရထာနှင့် ပတ္တမြားငမောက်[ပြင်ဆင်ရန်]

“အနော်ရထာ မင်းတရားကြီး” ဘုန်းတော် အထွက်အထိပ်သို့ ရောက်သောအခါ စစ်သည် ဗိုလ်ပါခြံရံလျက် ပုပ္ပါးတောင်သို့ တောကစားရင်း တောစောင့်နတ်၊ မင်းမဟာဂီရိနတ်တို့အား ပူဇော်ရန် ရောက်ရှိလာသည်။ တနေ့သော် တောကစားရင်း ပုပ္ပါးနယ်မြေ ချင်းအိုင်ဘက်သို့ ရောက်သွားရာ သွင်ပြင်ဆင်းရောင် ထူးခြားဝင်းပြောင် တောက်ကြွားသည့် ပတ္တမြားတုံးကြီး ပတ်ပတ်လည်၌ ချင်းငမောက်၏ သမီးများ ဗိုင်းငင် - ယက်ဖေါက် နေကြသည်ကို တွေ့မိသည်။ ငမောက်အား ဤကျောက်ကြီး၏ အကြောင်း မေးမြန်းရာ ကျင်းတူးရင်း ရရှိသည့် ကျောက်စုန်းကြီးသာ ဖြစ်ကြောင်း၊ မိမိအတွက် ဘာမှ အသုံးမဝင်ကြောင်း၊ လိုချင်လျင် ယူသွားနိုင်ကြောင်း၊ မီးဖို - ဗိုင်းငင်ရန် အသုံးဝင်ကြောင်း ပြောပြီး ထိုပတ္တမြားကြီးအား အနော်ရထာ မင်းတရားကြီးသို့ ပေးလိုက်သည် ဟူ၏။ မင်းကြီးကလည်း အလကား သိမ်းပိုက်ရယူခြင်းမပြုဘဲ လက်ဆောင်ဘဏ္ဍာ များချီးမြှင့်ခဲ့သည်။ ငမောက်ထံမှ ရရှိသော ပတ္တမြား ရတနာမွန်ဖြစ်သောကြောင့် အစဉ်သတိရစေရန်အတွက် ထို ပြည်တန်ပတ္တမြားကြီးအား “နန်းစဉ် ငမောက်ကြီး” ဟု ထီးနန်းစဉ်ဆက် ခေါ်တွင်စေသည်။

ငမောက်ကြီးသည် မိမိအိမ်သားအသွင် သံယောဇဉ်ဖြစ် ချစ်ခင်မိသော အနော်ရထာမင်းအား အပြန်လမ်းကို ညွှန်ပြပေးလေသည်။ ချင်းအိုင်မှ နှစ်မိုင်သာသာ ဝေးသော ရေငတ် ရေထွက်၏ အနောက်ဘက်ရှိတောင် ပူစာလေးအထိ လိုက်ပို့ကာ ပုဂံကို လှမ်းမြင်ရသောအခါ ထိုနေရာမှ ပုဂံကို လှမ်းမျှော်ကြည့်၏။ အနော်ရထာ မင်းကြီးသည် ထိုနေရာမှ ပုဂံပြည်ကို လှမ်းမျှော်ပြကာ “အဘ လာခဲ့ပါ” ဟုမှာထားခဲ့ရာ၊ “အေးအေး ငါ့သား သွားပေတော့ အဘ လာခဲ့မယ်” ဟု ပြောထားလိုက်သည်။ နောင်တွင် ထိုနေရာကို ပုဂံမျှော်ဟူ၍ ယနေ့တိုင် ခေါ်တွင်ကြသည်။ ချင်းကြီးငမောက်သည် ရင်သွေးသမျှ ချစ်လှစွာသော မင်းကြီးအတွက် ပိန်းဥ၊ မျောက်ဥ စသည့် စားဖွယ်များနှင့် ကျောက်ဆင်ရုပ် သုံးစီးကို ယူဆောင်လျက် ပုဂံသို့ထွက် သွားလေ၏။

ငမောက် မရောက်မီ အချိန်၌ မင်းတရားကြီးအား “ရှေးဘဝဟောင်းများ၌ အဘဖြစ်ခဲ့ဖူးသူသည် ‘ဆင်ဖြူတော် သုံးစီး’ ဆက်သရန် ယနေ့ ဆိုက်ရောက်လတ္တံ့” ဟူ၍ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့မှ ဟောထားနှင့်ကြသည် ဟူ၏။ အဆင်းသဏ္ဌာန် ရိုးစင်းလှသည့် ငမောက်သည် နန်းတော်ရှေ့ တံခါးဝသို့ ရောက်လာသောအခါ ဟန်ပန်မူရာ မတင့်တယ်၍ တံခါးမှူးမှ ဝင်ခွင့်မပြုသဖြင့် သာမန် လူစုဝေးတို့ ရှိရာသို့ ရောက်သွားလေ၏။ ဆင်ဖြူတော် ဆက်သရန် အခါသင့်သော်လည်း တစုံတရာ ရောက်လာခြင်း မရှိသေးသဖြင့် မင်းတရားကြီးမှ စုံစမ်းခိုင်းရာ “တောသားအသွင် ထင်မှတ်ရသည့် လူကြီးတစ်ယောက် နန်းတော်တံခါးဝသို့ ရောက်ရှိလာကြောင်း၊ နန်းတော်တွင်းသို့ဝင်ရန် လျော်ကံခြင်းမရှိသဖြင့် ဝင်ခွင့်မပြုကြောင်း” ကို တံခါးမှူးမှ လျှောက်တင်၏။ တံခါးမှူး လျှောက်တင်သည့် ဟန်ပန်အမူရာနှင့် ထိုလူကြီးအား လိုက်လံရှာဖွေရာ အရပ်လူစည်ကားရာ၌ ဝိုင်းရံလျက်ရှိသည့် ချင်းကြီး ငမောက်အား တွေ့မြင်သဖြင့် အထံတော်သို့် ဆင့်ခေါ်ကာ အခစားဝင်စေသည်။

မင်းတရားကြီးမှ “ဤပုဂ္ဂိုလ်သည် အခြားလူမဟုတ်၊ ပုပ္ပါးတောင်ပေါ်ရှိ ချင်းအိုင်ဒေသမှ ချင်းလူမျိုး ဖြစ်ကြောင်း၊ နန်းတော်တွင်း၌ မြင်ရသော ပတ္တမြားကြီးသည် ၎င်း၏ ဌာနေဒေသမှ ရရှိခြင် ဖြစ်ကြောင်း၊ ကျေးဇူးတရား အထူးဆပ်ရမည် ဖြစ်ကြောင်း” နှင့် ဖြစ်ကြောင်း ကုန်စင်ကို မိန့်ကြားတော်မူခဲ့၏။ ထို့နောက် နန်းတော်တွင်း၌ ပျော်သရွေ့ နေထိုင်စေလျက် ရွှေ၊ ငွေ၊ ရတနာ များနှင့်တကွ များလှစွာသော လက်ဆောင် ပဏ္ဏာတော်များ ချီးမြှင့်ခဲ့သည့် ရာဇဝင်များ ရှိခဲ့သည်။ ပုပ္ပါးတောင်ရှိ ချင်းများသည် နောင် နရပတိစည်သူ မင်းလက်ထက်တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ယခု ချင်းလူမျိုးတို့ နေထိုင်သည့် ဒေသများသို့ ပြောင်းရွှေ့သွားကြကြောင်း တောင်တော်ပုပ္ပါး သမိုင်း ရာဇဝင်များတွင် ဖော်ပြထားကြောင်း တွေ့ရှိရသည်။ ပုပ္ပါးတောင်ရှိ ချင်းလူမျိုးများသည် ပုပ္ပါးမြေကို စွန့်ခွာရသည့် အခြား အကြောင်းရင်းများလည်း များစွာ ရှိဟန်တူကြောင်း ဖော်ပြထားသည်။ ဤသာဓကများကို ထောက်ရှုခြင်းအားဖြင့် ရှေးကာလများတွင် ချင်းတို့သည် ပုပ္ပါး - ပုဂံနှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများတွင် နေထိုင်ခဲ့ကြကြောင်း အခိုင်အမာပင် တွေ့ရှိရသည်။

လူမျိုးများ[ပြင်ဆင်ရန်]

ချင်းလူမျိုးများ၏ နေထိုင်သက်ဝင်မှုနှင့် ဒိုင်လူမျိုး[ပြင်ဆင်ရန်]

အထက် ဖော်ပြပြီးသည်အတိုင်း ချင်းလူမျိုးများ၏ နေထိုင်ဆင်းသက်မှု သမိုင်းသည် များစွာရှုပ်ထွေးလှသည်။ ဧရာဝတီ - ချင်းတွင်း မြစ်ကြောင်း တလျှောက်နှင့် မြန်မာပြည် အလယ်ပိုင်း၌ နေထိုင်ကြသော အရှိုချင်း မျိုးနွယ်စု၊ ကဘော်ချိုင့်ဝှမ်းမှ တဆင့် အိန္ဒိယဘက်သို့ ရောက်ရှိသွားသော မီဇိုး - ကူကီးချင်းမျိုးနွယ်စုဇို - ထာဒိုမျိုးနွယ်စုလိုင်မျိုးနွယ်စုဒိုင်မျိုးနွယ်စုမတူမျိုးနွယ်စုမရာမျိုးနွယ်စုချိုးမျိုးနွယ်စုနှင့် မြို - ခမီမျိုးနွယ်စု ဟူ၍ ချင်းလူမျိုးများ ပျံ့နှံ့ နေထိုင်ကြသည်။ လူမျိုးစုကြီးများ အနေဖြင့် လူမျိုးစုကိုးစုခန့သာ ကွဲပြားကြသော်လည်း တောတောင် ရေမြေ၊ ပထဝီ အနေအထားကြောင့် လူမျိုးစုငယ်များ ထပ်ဆင့် ကွဲပြားမှုများလည်း ရှိကြသည်။ ဇိုမီဇိုဒိုင်လိုင်အရှို ဟူ၍ အခေါ် အဝေါ်များသာ ကွဲပြားမှု ရှိကြသော်လည်း ဆိုလိုရင်းမှာ ချင်းလူမျိုး တစ်ခုတည်းကိုသာရည်ညွှန်းခြင်း ဖြစ်သည်။ တောတောင် ရေမြေအနေအထား၏ ကြမ်းတမ်းမှု၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများသည် ချင်းလူမျိုးများ၏ ဘာသာစကား ကွဲပြားမှုနှင့် စည်းလုံးမှုခက်ခဲစေသော အဓိကအားနည်းချက် တရားခံပင် ဖြစ်သည်။

ဥပမာအားဖြင့် လိုင်မျိုးနွယ်လူမျိုးစု တစ်စုတည်း၌ပင် ဖလမ်းမျိုးနွယ်စုဟားခါးမျိုးနွယ်စုထန်တလန်မျိုးနွယ်စုလာအိုသူမျိုးနွယ်စု ဟူ၍ လူမျိုးစုငယ်များ ထပ်ဆင့် ကွဲပြားမှုများ ရှိသည်။ မတူပီ မြိူ့နယ် အတွင်း၌ ပင်လျှင် မတူမရာဇိုးတုန်ဒိုင် စသည်ဖြင့် ကွဲပြား နေထိုင်ကြသည်။ ထိုသို့ လူမျိုးစုများ ကွဲပြားမှုများ ရှိကြသကဲ့သို့ လူမျိုးစု ဆင်းသက်မှု ပုံစံများလည်း ကွဲပြားကြသည်။ ဆင်းသက်မှု ပုံစံများ ကွဲပြားကြသကဲ့သို့ ဘာသာစကား အသုံးအနှုန်းများနှင့် ရှေးရိုးရာ အသုံးအဆောင်များ၊ ဓလေ့ထုံးတမ်းများလည်း အနည်းငယ်စီ ကွဲပြားမှုများ ရှိကြသည်။ ထိုသို့ ကွဲပြားကြသော လူမျိုးစုများထဲမှ ဒိုင် မျိုးနွယ်စုများ အကြောင်းကို ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။

ဒိုင်ချင်းမျိုးနွယ်စုများ၏ ဆင်းသက်နေထိုင်ကြပုံ အဆင့်ဆင့်[ပြင်ဆင်ရန်]

ဒိုင် မျိုးနွယ်စုများသည် သဘာဝအားဖြင့် တည်ငြိမ်အေးချမ်း ငြိမ်သက်ခြင်းကို နှစ်သက်ကြသည်။ ဆင်းသက်မှု ပုံစံများကို အမျိုးမျိုး ကွဲပြားစွာ ဖော်ပြကြသဖြင့် ပွေလီ ရှုပ်ထွေးလှသည်။ ယခင် ဖော်ပြမှုများအား ကိုးကားပြီး အနီးစပ်ဆုံး ဖော်ပြသွားပါမည်။

ဒိုင် လူမျိုးများ၏ ဆင်းသက်လာသည့် အဓိက လမ်းကြောင်း နှစ်ခု ရှိသည်။ ပထမ လမ်းကြောင်းမှာ ကဘော်ချိုင့်ဝှမ်းနှင့် ပုံတောင်ပုံညာ ထီးလင်း - ဂန်ဂေါ ဒေသများမှ ဆင်းသက် လာကြပြီး ဝေးလောင် - ယကမ်း - ဝေတူး - ထီစောင်း စသည့် မတူပီမြို့နယ်များဘက်သို့ လည်းကောင်း၊ မင်းတပ် မြို့နယ် အတွင်းရှိ မောပီ တောင်တန်းများနှင့် ယခုဒိုင်လူမျိုးများ နေထိုင်ရာဒေသများသို့ လည်းကောင်း ပျံ့နှံ့ နေထိုင်ကြကြောင်း ဖော်ပြထားသည်။

ဒိုင် လူမျိုးများ ဆင်းသက်လာသည့် ဒုတိယ လမ်းကြောင်းမှာ ယုတ္တိရှိပြီး ပိုမို၍ ခိုင်လုံမှုရှိသည်။

ဤ ဒုတိယ လမ်းကြောင်း၌ပင် လမ်းကြောင်း နှစ်ခု ထပ်မံ ခွဲထားသည်။ ပုဂံ - ပုပ္ပား - တောင်တွင်းကြီး ဒေသနှင့် မင်းဘူး - စလင်း - ဆော ဒေသများမှ ကန်ပက်လက် - မင်းတပ် နယ်များသို့ ရွေ့လျားနေထိုင်ကြကြောင်း ဖော်ပြထားသည်။ နောက်ဆုံး လမ်းကြောင်း တစ်ခုမှာ အထက်ဖော်ပြခဲ့ပြီးသည့်အတိုင်း ရှေး ချင်း လူမျိုးများသည် ချင်းတွင်း မြစ်နှင့် ဧရာဝတီ မြစ်ကြောင်း များအတိုင်း စုန်ဆင်းလာကြပြီး၊ မြန်မာပြည် အလယ်ပိုင်း ဒေသများနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ ထိုသို့ နေထိုင်ခဲ့ကြရာမှ တောင်ပေါ် ဒေသများဖြစ်သည့် ရခိုင် ရိုးမဘက်သို့ ရွေ့လျား နေထိုင်လာကြသည်။ ထိုမှ တဖြည်းဖြည်း ပြောင်းရွှေ့ နေထိုင်လာကြရာ ရခိုင် ရိုးမများမှ အရှို၊ မြို-ခမီ နှင့် ဒိုင် လူမျိုးများ အဖြစ် ချင်းပြည်နယ် အတွင်းသို့ နေထိုင်လာကြသည်။

ချင်းလူမျိုးတို့သည် နေထိုင်ရာ ဒေသများ ကွဲပြားခဲ့ကြသော်လည်း တအူတုံဆင်း ညီအစ်ကိုရင်းများပင် ဖြစ်ကြသည်။ မြေပြန့် လွန်ပြင်များနှင့် မြန်မာပြည် အလယ်ပိုင်းဒေသများ၌ အများဆုံးနေထိုင်ခဲ့ကြသည့် အရှိုလူ ချင်းလူမျိုးများသည် တောင်ပေါ်ဒေသများ၌ နေထိုင်ကြသည့် ချင်းလူမျိုးများနှင့် အခြေအနေအရသာ အနည်းငယ်မျှ ကွဲပြားမှုများ ရှိကြသော်လည်း ဘာသာစကား အသုံးအနှုန်း၊ အသုံးပြုခဲ့ကြသည့် အသုံးအဆောင်များ များစွာတူညီနေကြောင်း တွေ့ရသည်။ အထူးသဖြင့် ဒိုင် လူမျိုးများနှင့် ကာလ အတန်ကြာ အတူနေထိုင်လာခဲ့ကြ ဟန်တူသည်။ ရှေးအသုံးအဆောင် ပစ္စည်းများနှင့် အပြောအဆိုများတွင် တူညီမှုများ များစွာ တွေ့ရသည်။

ဒိုင် လူမျိုးတို့မှ ပြောဆိုသည့် အသုံးအနှုန်းများတွင် အထက်ပိုင်း၌ နေထိုင်သူများကို (Ahlung tuu) ဟုခေါ်ကြပြီး အောက်ပိုင်း၌ နေထိုင်သူများကို (Dawm tuu) ဟု ခေါ်ကြသည်။ ဥပမာအားဖြင့် လှန်ပြန်းရွာ သားများကို လှန်ပြန်းသူ (Hlangprang tu) ဟူ၍ လည်းကောင်း၊ ကာလ်အီမ်း ရွာသားများကို ကာလ်အီမ် သူ (Kal Im tuu) ဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။ အရှို လူမျိုးများ၏ အသုံးအနှုန်းများတွင်လည်း တောင်ပေါ်ဒေသ၌ နေထိုင်သူများကို အရှိုစကားဖြင့် ကောန်သူ (Kaown tuu)၊ မြေပြန့် ဒေသများ၌ နေထိုင် သူများကို အောဒ်သူ (Awt tuu)၊ လောက်ချောင်း တစ်လျှောက်၌ နေထိုင်သူများကို လောက်သူ (Lau tuu)၊ အမ်းနယ်သားများကို အမ်သူ (Ann tuu) ဟူ၍ ခေါ်ဝေါ် ခဲ့ကြသည်။ ဤကား စကား အသုံးအနှုန်းကိုသာ ဖော် ပြခြင်းဖြစ်ပြီး တခြားအသုံး အဆောင်ပစ္စည်း အခေါ်အဝေါ်များလည်း များစွာ တူညီနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ဒိုင်လူမျိုးစုများသည် အရှို - မြေပြန့်ချင်းများနှင့် ကာလအတန်ကြာ အတူ နေထိုင်ခဲ့ကြဖွယ် ရှိကြောင်း တွေ့ရှိရသည်။ ထိုမှနေ၍ နောင်တွင် ရခိုင်ရိုးမနှင့် ယခု ဒိုင်တို့ အများစု နေထိုင်ကြသည့် ချင်းတောင်များသို့ ရောက်ရှိလာခဲ့ကြဟန် တူသည်။

ထိုကဲ့သို့ ဒိုင် လူမျိုးများသည် ကန်ပက်လက် မြို့နယ်၊ ပလက်ဝ မြို့နယ်၊ မတူပီ မြို့နယ်နှင့် မင်းတပ် မြို့နယ်များသို့ ပျံ့နှံ့ နေထိုင်ကြသည်။ ဒိုင်လူမျိုးများ၏ နေထိုင်ရာဒေသ၊ နယ်ပယ်သည် ချင်းပြည်နယ် တစ်လွှား၌ အကျယ်ဝန်းဆုံး နယ်မြေတစ်ခုပင် ဖြစ်သည်။ သို့သော် ဒိုင်နယ်များသည် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ လေး မြို့နယ်အစပ်များ၌ တည်ရှိ နေထိုင်ကြခြင်းကြောင့် မိမိနေထိုင်ရာ ကျေးရွာများနှင့် နီးစပ်ရာ မြို့များသို့သာ ဆက်သွယ်နေကြရသည်။ တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်သည့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ မိမိ ဆက်သွယ်ရသည့် မြို့များ မတူညီကြခြင်း စသည့် အကြောင်းများကြောင့် ဒိုင် လူမျိုးများ အချင်းချင်း ဆက်သွယ်ရန် ခက်ခဲမှုများ ရှိကြသည်။

ဒိုင် လူမျိုးချင်းပင် ဖြစ်ကြသော်လည်း ပြောဆိုသည့် စကားများ အနည်းငယ်စီ ကွဲပြားကြသည်။ ထို အားနည်းချက်များ၏ ရင်းမြစ်များမှာ ဒိုင်လူမျိုးများ အနေဖြင့် မိမိကိုယ်ပိုင် မြို့နယ်မရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးအပိုင်းတွင် ဒိုင်လူမျိုးများနေထိုင်သည့် ဒေသများ၌ မော်တော်ကား လမ်းများမရှိခြင်းနှင့် ဒိုင်လူမျိုးတို့၏ ခေါတ်မီ အတွေးအခေါ် ရင့်ကျက်မှု မရှိခြင်းများကြောင့် အဘက်ဘက်၌ တိုးတက်သင့်သလောက် တိုးတက်မှု အားနည်းရခြင်းနှင့် ဘာသာစကား အားနည်းရခြင်း ဖြစ်သည်။ ဤ အားနည်းချက်များအား သတိမထားမိ ခဲ့ခြင်းကြောင့် ရာဇဝင်သမိုင်းတလျှောက် တိုးတက်မှုများ နှောင့်နှေးရခြင်း ဖြစ်ကြောင်း ဒိုင်လူမျိုးများ နားလည် သဘောပေါက် သင့်ပေသည်။

မတူပီ မြို့နယ်နှင့် ဒိုင်လူမျိုး[ပြင်ဆင်ရန်]

ဒိုင် လူမျိုးများ ကန်ပက်လက် မြို့နယ်၊ ပလက်ဝ မြို့နယ်၊ မတူပီ မြို့နယ်နှင့် မင်းတပ် မြို့နယ်များသို့ ပျံ့နှံ့ နေထိုင်ကြကြောင်း အထက်၌ ဖော်ပြပြီးဖြစ်သည်။ ထိုသို့ နေထိုင်ကြရာတွင် မတူပီ မြို့နယ်၌လည်း ဒိုင်လူမျိုးများ အများအပြား နေထိုင်ကြသည်။ တောင်ဘက် ပလက်ဝ နယ်စပ်များမှစ၍ အရှေ့ဘက် မင်းတပ်နယ်စပ် တလျှောက် နေထိုင်ကြပြီး၊ လည်မျိုချောင်းရိုး တလျှောက်နှင့် မတူပီ မြို့နယ် တောင်ဘက် တစ်လျှောက်သည် ဒိုင်လူမျိုးတို့၏ နေထိုင်ကျက်စားရာ ဒေသများပင် ဖြစ်သည်။ ဇိုတုန် နယ်စပ် ယကမ်းရွာမှ အရှေ့ဘက် ဝေးလောင် နယ်များ၊ ဝေတူး - ထီစောင်းရွာများနှင့် မတူပီမြို အရှေ့ပိုင်း၊ လည်မျိုချောင်း အရှေ့ဘက်ခြမ်း အိုင်ဒါ(ခ်)နယ်များ၊ တောင်ဘက် ဝီးလူ - ထင်းကောင် ဒေသနှင့် ပလက်ဝ နယ်သို့တိုင် ဒိုင်လူမျိုးတို့ နေထိုင်ရာ ဒေသသည် ကျယ်ဝန်းလှသည်။

မတူပီမြို့နယ်အတွင်း နေထိုင်ကြသည့် ဒိုင် လူမျိုးစုများအား အကြမ်းအားဖြင့် နှစ်ပိုင်းခွဲခြား ထားသည်။ အရှေ့ဘက်နှင့် လည်မျိုချောင်း အရှေ့ဘက်၌ နေထိုင်ကြသော ဒိုင် လူမျိုးများကို (အထက်စုဒိုင်) ဟူ၍ လည်းကောင်း၊ မတူပီမြို့၏ တောင်ဘက်ပိုင်းနှင့် လည်မျိုချောင်း အနောက်ဘက်ခြမ်း၌ နေထိုင်သူများကို (အောက် စုဒိုင်) ဟူ၍ လည်းကောင်း အကြမ်းဖျင်း သတ်မှတ်ထားသည်။ ယခု တောင်ဘက် (အောက်စုဒိုင်) အပိုင်းကို ခေတ္တ ချန်လှပ်ထားပြီး လည်မျိုချောင်း အရှေ့ဘက်ခြမ်းရှိ (အထက်စုဒိုင်) အကြောင်းကိုသာ ဖော်ပြသွားမည် ဖြစ်သည်။

အထက်စုဒိုင်အုပ်စု၌ ပါဝင်သော ကျေးရွာအုပ်စု များမှာ ဝေတူး - ထီစောင်း ကျေးရွာအုပ်စု (Voeitu- Thaicoeng)၊ ချန်းပြန်း (Hlangprang) ကျေးရွာအုပ်စု၊ ရမ်သီုမ်း (Ramtuem) ကျေးရွာအုပ်စု၊ မွှန်တုန်း (Hmutung) ကျေးရွာအုပ်စု၊ ဘောဒ်ရှိ (Bawtshih) ကျေးရွာ အုပ်စုနှင့် ဟာလ်တူး (Haltu) ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုများ ပါဝင် နေထိုင်ကြသည်။ ထို့ပြင် မင်းတပ် မြို့နယ်များ၌လည်း အထက် ဒိုင်များ နေထိုင်ကြသေးရာ ဤစာအုပ် ခေါင်းစည်း၌ ဖော်ပြပြီးခဲ့သည့်အတိုင်း ဟာလ်တူးကျေးရွာသမိုင်းကိုသာ အဓိက ရေးသားရခြင်းဖြစ်သဖြင့် အခြားသော ကျေးရွာအုပ်စု များအား ချန်လှပ်ထားပါမည်။

ဟာလ်တူးရွာ[ပြင်ဆင်ရန်]

ဟာလ်တူး (Haltu) ရွာ စတင် ဖြစ်တည်ခြင်းနှင့် လူမျိုးစုများ[ပြင်ဆင်ရန်]

ဟာလ်သူ (သို့မဟုတ်) Pacuum[ပြင်ဆင်ရန်]

ဟာလ်တူးကျေးရွာ ဖြစ်တည်လာပုံ သမိုင်းကြောင်းအား လက်လှမ်းမှီသလောက်၊ လေ့လာ မှတ်သားထားမှုများအား ဖော်ပြအပ်သည်။ ထိုသို့ တင်ပြရာ၌ ရာဇဝင် အဆက်ဆက် စာသမိုင်းများ ထားခဲ့ခြင်းများ မရှိခဲ့သောကြောင့် ဤရာဇဝင်သမိုင်းကြောင်းအား မှန်ကန်တိကျသည်ဟု မဆိုလိုပါ။ သို့သော် မိမိအနေဖြင့် နှုတ်ရာဇဝင်များနှင့် အထောက်အထားများ၊ မှတ်ကျောက်တိုင်များအား အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းထားခြင်းဖြစ်ရာ စာရှုသူအနေဖြင့် တစုံတခုသော ကျေနပ်မှုရရှိလိမ့်မည်ဟု ယုံကြည် ပါသည်။

Hatu aw voeng nati, kayang aw voeng nati[ပြင်ဆင်ရန်]

တရံရောအခါ ခရီးသည်တစ်ဦး ရှိခဲ့သည်။ ခရီးရှည် သွားနေသူဖြစ်သည့်အလျောက် လမ်းခရီးတလျှောက် ယာယီတဲများဖြင့် တစ်နေရာမှ တစ်နေရာ ပြောင်းရွေ့ နေထိုင်ခဲ့သည်။ ထိုသို့ ပြောင်းရွေ့ရင်း သူနေထိုင်ခဲ့သည် နေရာများ၏ အမည် နာမများသမုတ်ခဲ့သည်။ Pacuum တဖြစ်လဲ ထိုခရီးသည်ကြီးမှာ တောင်ယာခုတ်ရင်း-နေရာရွေ့ရင်း တဖြည်းဖြည်း ခရီးဆက်ခဲ့သည်။ တစ်နေ့ သောအခါ သူကိုင်ဆောင်သည့် ဓားမဖြင့် တောင်ယာခုတ်ရာ ဓားရိုးအခေါင်း လေတိုးရာမှ တဝှီးဝှီး အသံ ထွက်လာသည်။ ထိုအသံကြားလျှင် Pacuum အံ့ဩသဖြင့် “Hatu aw voeng nati, kayang aw voeng nati” ဟုဆိုပြီး ထိုဒေသအား “Yang” ဟူ၍ သမုတ်ခဲ့သည်။ ဓားမ သုံးရဖန်များ၍ ဓားတုန်းသွားသဖြင့် စမ်းချောင်းတစ်နေရာ၌ မိမိကိုင်ဆောင်သည့်ဓားကို သွေးခဲ့သည်။ ထို့ကြောင့် ထိုနေရာအား Lung Taak shih ဟူ၍ သမုတ်ခဲ့သည်။ မိုးနှောင်း ပိုင်းတစ်နေ့ စမ်းချောင်းဘေး တစ်နေရာ၌ ငါး (Puel Nga) များစွာ ဖမ်းမိပြီး အီလောက်အောင်ပင် အလွန်အကျွံစားမိသဖြင့် နေမထိထိုင်မသာဖြစ်ရာ ထိုနေရာအား ချင်းစကားဖြင့် (Lawn Puel) ဟု သမုတ် ထားခဲ့သည်။

ထိုသို့ တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်းနေထိုင်ရင်း (Althawng Cung) ခေါ်သည့် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ထိုတောင်ထိပ်မှ ရှုခင်းများ ကြည့်ရှု ခံစားရင်း တောင်တန်း တစ်နေရာ၌ စပါးပင်ကဲ့သို့ ဝင်းဝါနေသည်ကို လှမ်းမြင်မိသည်။ စပါးဝင်းများ အထင်ဖြင့် ချက်ချင်းပင် ထိုတောင်တန်း (Zampa pawl) ဆီသို့ လိုက်သွားခဲ့သည်။ အနီးနား ရောက်မှ စပါးများ မဟုတ်ဘဲ မြက်ပင်တစ်မျိုး ဖြစ်နေသည်ကို သိသောအခါ မောမောဖြင့် ထိုနေရာ၌ပင် စတည်းချ နေထိုင်အနားယူလေ၏။ ဆက်လက်၍ ခရီးဆက်ရန် စိတ်မပါတော့သဖြင့် နောင်တွင် ဟာတူး ဖြစ်လာမည့် Pacuum မှာ Ludau Sawm တောင်ခြေရှိ Imteng တောင်ကြော Lawnghoi အရပ်ဒေသ၌ပင် တစ်သက်လုံး နေထိုင်လေတော့သည်။ ဤကား ဟာတူး၏ ဆင်းသက် ရောက်ရှိမှု ပုံစံဖြစ်သည်။

Pacuum ၏ စတင်ခရီးပြုခဲ့သည့် နေရာကို ဖော်ပြရာ၌ “Mahtu ben ei am na law” ဟူ၍ နှုတ်သမိုင်းပါးစပ်ရာဇဝင်နှင့် နှုတ်တိုက် သင်ပေးသည့် တေးသမိုင်းများ၌ ဆိုစမှတ် ပြုခဲ့ကြသည်။ ထိုအဆို အရ ပုဂံရာဇဝင်မှ ချင်း (ဒိုင်မာ့တူမကန်းခူမ်လေးမြို့ချင်း) တို့သည် ချင်းတွင်းဒေသနှင့် ပုပ္ပါး-ပုဂံဧရာဝတီ မြစ်ကြောင်း တလျှောက်၌ နေထိုင်ခဲ့ကြပြီး တဖြည်းဖြည်း တောင်ပေါ် ဒေသများဖြစ်သည့် ရခိုင်ရိုးမနှင့် ယခု ချင်းတောင်ဒေသများ၌ ပြောင်းရွေ့ နေထိုင်ခဲ့ကြသည်။ ထိုမှ တချို့ (ဒိုင်) သည် လည်မျိုမြစ် (လေးမြို့မြစ်) ကြောင်းတစ်လျှောက် အထက်သို့ ဆန်တက်လာကြပြီး ရောက်ရာဒေသများ၌ ကျေးရွာများကို တည်ထားခဲ့ကြဟန်ရှိသည်။ ထိုမှ Pacuum တဖြစ်လဲ ဟာတူးသည် ယခု မားဒူ (မာ့သူ) ဒေသမှ ဆက်လက် ဆန်တက်လာပြီး ဟာတူးရွာ၏ သမိုင်းစတင်ရာ ဖြစ်လာခဲ့သည်။

ချင်းလူမျိုးများ အတော်များများ အဦးပိုင်းကာလများ၌ စာပေများ ရှိခဲ့သော်လည်း အလေးအနက် မထားရှိခဲ့သဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပျောက်ရှကြရာ နောင်တွင် ရှေးဘိုးဘေးများ၏ နှုတ် သမိုင်း၊ ပါးစပ် ရာဇဝင်နှင့် နှုတ်တိုက်သင်ပေးသည့် တေးသမိုင်းများကိုသာ အလေးထား အားကိုးကြရသည်။ အလားတူပင် ဤ ဟာတူးရွာ သမိုင်းသည်လည်း ခိုင်မာသည့် စာပေသမိုင်းများ မရှိခဲ့စေကာမူ ဖော်ပြပြီးသည့်အတိုင်း နှုတ်သမိုင်းပါးစပ်ရာဇဝင်နှင့် နှုတ်တိုက်သင်ပေးသည့် တေးသမိုင်းများအရ သော်လည်းကောင်း၊ တခြား ခိုင်လုံသည့် အထောက်အထား၊ မှတ်ကျောက်တိုင်များအား ကိုးကားဖော်ပြရခြင်း ဖြစ်သည်။ ယနေ့လက်ရှိ Pacuum သမုတ်ခဲ့သည့် နေရာများ၌ နေထိုင်ကြသော ဒေသခံများမှ ယနေ့တိုင် ထိုအမည် နာမများဖြစ်ပင် ခေါ်တွင်နေဆဲပင်ဖြစ်သည်။ ဒဏ္ဍာရီ ပုံပြင်သဖွယ် နှုတ်သမိုင်းများအဖြင့်သာ ကြားနာ မှတ်သားခဲ့ကြ ရသော်လည်း ယနေ့တိုင်ခေါ်ဝေါ်သည့် ထိုအမည်နာမများအား ထောက်ရှုခြင်းအားဖြင့် အခိုင်အမာပင် မှန်ကန်ကြောင်း တွေ့ရှိနိုင်သည်။

ချင်းလူမျိုးများ၏ ဆင်းမှုပုံသဏ္ဌာန်နှင့် လူမျိုးစုတခုစီ၏ အသုံးအဆောင်၊ အသုံးအနှုန်းများအား လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင် ဒိုင်လူမျိုးစုသမိုင်းသည် ရှေးပုဂံခေတ် သမိုင်း၌ပင်လျှင် အထင်အရှား နေထိုင်ခဲ့ကြကြောင်း ဖော်ပြထားမှုများအား တွေ့ရှိရသည်။ ဒိုင်လူမျိုးစု၏ စကား အသုံးအနှုန်းများကို လေ့လာကြည့်လျှင် တချို့ အသုံးအနှုန်းများတွင် အရှိုချင်းများ၏ အသုံးအနှုန်းနှင့် များစွာ တူညီနေကြောင်း တွေ့ရှိရသည်။ ၎င်းကို ထောက်ရှုခြင်းအားဖြင့် ဒိုင်လူမျိုးစုများသည် အရှိုချင်း (မြေပြန့်ချင်း) များနှင့်အတူ ကာလ အတော်ကြာ နီးနီးကပ်ကပ် နေထိုင်ခဲ့ဟန်တွေ့ရသည်။ စကားလုံး သုံးနှုန်းရာ၌ ဒိုင်လူမျိုးများမှ အထက်ပိုင်း၌ နေထိုင်သူများအား (Ahlungtu) ဟူ၍ လည်းကောင်း၊ ဥပမာ ချန်းပြန်းရွာသားများကို ချန်းပြန်းသူ၊ ကာအိမ်းရွာ၌ နေထိုင်သူများကို ကာအိမ်းသူဟူ၍ လည်းကောင်း ခေါ်ဆို သုံးနှုန်းကြသည်။ အလားတူပင် အရှိုချင်းများမှလည်း တောင်ပေါ်၌ နေထိုင်သူများအား ကောန်သူ၊ မြေပြန့်နေသူများအား အောတ်သူ၊ အန်းနယ်၌ နေသူများကို အန်သူ၊ ခရင်းဝါတွင်းနေသူများကို ဒိုင်းသူ ဟူ၍ ခေါ်ကြသည်။ ဤသို့သော အသုံးအနှုန်း တူညီမှုများ များစွာပင် တွေ့ရှိနေရသည်ဖြစ်ရာ ဒိုင်လူမျိုးစုများသည် ယခင် အရှိုချင်း (မြေပြန့်ချင်း) များနှင့်အတူ ကာလ အတော်ကြာ နီးနီးကပ်ကပ် နေထိုင်ခဲ့ဟန် ပိုမို ထင်ရှား ခိုင်မာစေသည်။

ဟာလ်တူး(Haltu) ကျေးရွာ ဖြစ်တည်လာပုံ[ပြင်ဆင်ရန်]

Zampa pawl နှင့် Ludau Sawm တဝိုက်၌ စတည်းချရန် နေရာ ရှာဖွေနေရင်း Pacuum သည် ရေဆာလှသဖြင့် ခေတ္တအနားယူကာ လတ်တလော ရေရရှိမည့်နေရာကို အာရုံစိုက် စဉ်းစားရှာဖွေတော့သည်။ ထိုသို့ဖြင့် စဉ်းစားနေစဉ်၌ ငှက်ကလေးတစ်ကောင် (Hliksui Va) အသံပေးပြီး တောင်ခြေဘက်သို့ ထိုးဆင်းသွားသည်ကို လှမ်းမြင်လျှင် Pacuum သည် ရေရနိုင်မည့် နေရာကို စဉ်းစားမိတော့သည်။ ငှက်ကလေး (Hliksui Va) ထိုးဆင်းသွားသည့် တောင်ခြေသို့ လိုက်သွားရာ စမ်းချောင်းငယ်လေး တွေ့ရှိသဖြင့် (Tui ca) ဟုသမုတ်ပြီး ထိုနေရာ၌ပင် အခြေချနေထိုင်လေတော့သည်။ ဤကား ဟာလ်တူးကျေးရွာ၏ အစပြု အမြစ်တည်ရာပင် ဖြစ်တော့သည်။

Tui ca မှတဖြည်းဖြည်း လူဦးရေ ထူထပ်များပြား လာသောအခါ လောင်ဟွေး (Long Hoi) ခေါ် (Imteng) တောင်ကြောတလျှောက် စည်ကားပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ယနေ့တိုင် လောင်ဟွေးဒေသတလျှောက် ရှေးအသုံးအဆောင်များနှင့် ယဉ်ကျေးမှုပစ္စည်းများ တွေ့ရတတ်သည်။ အရိုးအိုးများ ထားသည့် ကျောက်ဖျာကြီးပင် ယနေ့တိုင် ရှိနေသေးရာ သမိုင်းမှတ်တိုင်သဖွယ် သက်သေသာဓက တစ်ခုပင် ဖြစ်နေတော့သည်။ ၎င်းအပြင် ဝတ်စားဆင်ယင်မှု၌ အသုံးပြုသည့် ရှေးပုတီးလုံးများကိုလည်း ထိုဒေသများ၌ ယနေ့တိုင်ပင် ရံဖန်ရံခါ တွေ့ရှိရတတ်သည်။ ဤသာဓကများကို ထောက်ရှုခြင်းအားဖြင့် ဟာလ်တူးလူမျိုးများ၏ နေထိုင် ဖြစ်တည်မှုများသည် စာပေ အထောက်ထားများဖြင့် မတွေ့ရှိခဲ့ရသော်လည်း ၎င်းတို့၏ လက်တွေ့ နေထိုင်မှုများဖြင့် အခိုင်အမာပင် ဖော်ပြထားကြောင်း တွေ့ရှိရသည်။

“ဟာလ်တူးရွာ” ဟူ၍ အမည်ခေါ်တွင်ခြင်း

ရှေးအခါက စာပေအထောက်အထား မှတ်တမ်းမှတ်ရာများမ အခိုင်အလုံမရှိခဲ့သည့်အခါ ဟာ်တူးရွာဟူ၍ အမည် ခေါ်တွင်လာပုံကို ကွဲပြားစွာဖေါ်ပြချက်များရှိခဲ့သည်။

(၁) ဟာလ်တူး တဖြစ်လဲ Pa Cuum သည် မတူဘက်အရပ် (တောင်ဘက်အရပ်)မှ ဆန်တက်လာရင်း ယခု ကိပ်နား (Kuep Na Khaw) ရွာထိပ်ရှိ အာလ်ထောင်စူန်း (Althaung Cung) ရောက်ရှိ၍ ပတ်ဝန်းကျင်နယ်မြေ အခြေအနေ လေ့လာကြည့်ရာ ယံပါးတောင်စောင်း (Zampa Pawl)၌ ဝါဝင်းနေသည့် မြက်ခြောက်များကိုလှမ်းမြင်ပြီး ထို ဝင်းမှည့်နေသည့် စပါးခင်းအမှတ်ဖြင့် ထိုအရပ်သို့အရောက်သွားခဲ့သည်။ သို့သော် ထိုအရပ်သို့ ရောက်ရှိ၍ မိမိ၏ အထင်နှင့်အမြင် လွဲမှားနေကြောင်း သဘောပေါက်သည့်အခါ မထူးတော့သည့်အဆုံး ထိုအရပ်၌သာ စတည်းချ နေထိုင်တော့မည်ဟု (Hal yhn Khaw a sak dawng ah Haltu tih la a na ming na khue) ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်သည်ကို အစွဲပြု၍ ဒေသအခေါ်အဝေါ်ဖြင့် “ဟာလ်တူ” ဟူ၍ အမည်တွင်သွားသည်ဟူ၏။

(၂) အခြားဖေါ်ပြချက်တွင်မူ Pa Cuum သည် မိမိ ခရီးစထွက်ကတည်းက ဟာလ်သူ ဟု အမည်ရှိခဲ့ဟန်ရှိသည် ဟူ၏။ အကြောင်းမှာ ၎င်းခရီးထွက်ခဲ့သည့်တစ်လျှောက် မိမိစတည်းချ နားခဲ့ရာနေရာများတွင် ယခုတိုင် ခေါ်တွင် သည့် အမည်နာမများ မှည့်ခေါ်ခဲ့သည်များကို ယခုလက်ရှိနေထိုင်ကြသည့် ကာလ်အီမ်၊ အောမ်ဆောလ် စသည် ကျေးရွာများတွင် ထိုအမည်နာမများကို ဟာလ်သူ မှ မှည့်ခေါ်ခဲ့သည် (Haltu ei ana sui) ဟူ၍ ဆိုလေ့ရှိကြသည်။ ထို့ကြောင့် “ဟာလ်တူးရွာ” ဟူသည် နောင်မှခေါ်တွင်ခြင်းမဟုတ်ဘဲ Pa Cuum တည်းဟူသော ခရီးသွား၏ အမည်ကိုအစွဲပြု၍ ခေါ်တွင်ခြင်းဖြစ်သည် ဟူ၍ မှတ်သားခဲ့ရသည်လည်းရှိသည်။

ဤသည်ကား ဟာလ်တူးရွာ အမည်တွင်ခြင်းနှင့်ပါတ်သက်သည့် ဖေါ်ပြချက်များပင်ဖြစ်သည်။

ဟာလ်တူး (Haltu) ရွာရှိ နေထိုင်ကြသည့် မျိုးနွယ်စုများ[ပြင်ဆင်ရန်]

ဟာလ်တူးရွာ၏ လူမျိုးစုများသည် အဓိကအားဖြင့် မျိုးနွယ်စု လေးစုရှိသည်။ Pacuum သည် လောင်ဟွေးသို့ ရောက်ပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ ဇနီးသည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ မှတ်သား ဖော်ပြထားခြင်း မရှိခဲ့သောကြောင့် မသိရှိရပေ။ Pacuum ၏သား Boikuep မှ သားများ ဆက်လက် ထွန်းကားခဲ့ပြီး နောင်တွင် ဟာလ်တူးရွာ၏ လူမျိုးစုများ ဖြစ်လာကြသည်။ Pa Boikuep ၏ သားများမှာ Piltun, Awitaam, Ceemca နှင့် Renghilh တို့ ဖြစ်ကြသည်။

Piltun သည် Pacuum ၏ သားဦးဖြစ်ပြီး ပစ္စည်းဥစ္စာများကို စုဆောင်း ထိန်းသိမ်းတတ်သောကြောင့် Piltun ဟု အမည် မှည့်ရခြင်းဖြစ်သည်။ တောထဲသို့ သားကောင် လိုက်သည့်အခါများ၌ သော်လည်းကောင်း၊ သွားလေရာရာ၌ ရတတ်သမျှများ ရှာဖွေ စုဆောင်းတတ်သဖြင့် ဤအမည်တွင်ရခြင်း ဖြစ်သည်။ ထိုကာလများတွင် မိမိ၏ အမူအကျင့်များအပေါ်၌ မူတည်၍ မှည့်ခေါ်လေ့ရှိကြရာ နာမည်အရင်းနှင့် နာမည်ပြောင်ပင် ခွဲခြားရန်ခက်ခဲသည်။ သည်ဝါအရ သော်လည်းကောင်း၊ အသက်အရ သော်လည်းကောင်း အကြီး ဖြစ်သဖြင့် ရပ်ရွာ၏ ကိစ္စရပ်များတွင် ဦးစီး ဦးဆောင် ပြုလေ့ရှိသည်။

Awitaam သည် Pacuum ၏ ဒုတိယသား ဖြစ်သည်။ Awitaam သည် သားကောင်များကို် ကြီးငယ်မဟူ ရတတ်သမျှ၌ မိုးမြေများတိုင်တည် ကြွေးကြော်တတ်သဖြင့် Awitaam အမည်တွင် ရခြင်းဖြစ်သည်။ ထိုသို့ ပစ္စည်းဥစ္စာ အသေးအမွှားမှအစ ရရှိပိုင်ဆိုင်မိလျှင် ကြွားဝါ ကျိန်ဆိုတတ်သဖြင့် ဤအမည်တွင်ရခြင်းဖြစ်သည်။

Renghilh သည် Pacuum ၏တတိယသားဖြစ်၍ သူသည် သွားလေရာရာ၌ မိမိ၏ ပစ္စည်းများ မေ့ကျန်တတ်သဖြင့် အမည်တွင်ရခြင်းဖြစ်သည်။ တောထဲ၊ တောင်ထဲ သွားသောအခါများတွင် မိမိ၏ဥစ္စာများ အကြိမ်ကြိမ် မေ့လျော့တတ်သဖြင့် မိသားစုတွင်း၌ စိတ်ချမှုအနဲဆုံးဖြစ်သည်။

Ceemca သည် ထင်း ခွေ၊ ထင်းခွဲသည့် အခါများတွင် သတ်တောင်းတတ်သဖြင့် ဤအမည်တွင်ရခြင်းဖြစ်သည်။ သတ်ကို ချင်းဘာသာ ဖြင့် Ceem ဟုခေါ်ရာ နောင်တွင် Ceemca ဟူ၍ အမည်တွင်သွားခြင်းဖြစ်သည်။

ထိုသို့ နေထိုင်ခဲ့ကြပြီး နောင်တွင် Piltun မှ သားနှစ်ယေက် ထွန်းကားရာ ထိုသားများကို Piltun နှင့် Bawinaa ဟူ၍ မှည့်လေသည်။ ထိုမှ Piltun အမျိုးတွင် Piltun နှင့် Bawina ဟူ၍ မိသားစုငယ် ထပ်မံ၍ ခွဲခြားထားသည်။ ထိုမှ Piltun, Bawinaa, Awitaam, Renghilh နှင့် Ceemca စသည့် လူမျိုးစုများဖြင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။

ဟာလ်တူရွာ မျိုးနွယ်စုများတွင် Piltun မျိုးနွယ်စုသည် Pacuum ၏ သားဦးများဖြစ်သည်။ ထိုသို့ နှင့်အညီ မိသားစုအတွင်း ဦးဆောင်ဦးရွက် ပြနိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူ၏ အားအထားရဆုံး သားလည်းဖြစ်ရာ ညီအကိုများထဲတွင် ဩဇာရှိသူ ဖြစ်သည်။ အစဉ်အဆက် ၎င်းမျိုးနွယ်စု၏ အဆုံးအဖြတ်၊ ဦးဆောင်မှုကို ရွာလူထုမှ နာခံ လိုက်လျှောက် ကြရသည်။

နယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းနှင့် အုပ်ချုပ်မှုစနစ်[ပြင်ဆင်ရန်]

နယ်မြေပိုင်ဆိုင်မှုများ[ပြင်ဆင်ရန်]

တနေ့သ၌ Pacuum သည် မိမိ နေထိုင်ရာ ပိုင်ဆိုင်သည့် ဒေသများကို လေ့လာမှု ပြုရန်အတွက် ခရီးပြုခဲ့သည်။ မိမိ ပိုင်ဆိုင်သည့် နေရာဒေသများကို လိုက်လံ မှတ်သားရင်း တနေရာ အရောက်တွင် လူပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံမိကြသည်။ နောင်တွင် ချန်းပြန်း ဖြစ်လာမည့် ထိုပုဂ္ဂိုလ်နှင့် ဒါဝ် (Dau) အရပ်၌ တွေ့ဆုံကြပြီးနောက် နှစ်ဦး သဘောတူ နယ်မြေများ ခွဲဝေကြသည်။

ချန်းပြန်းဖြစ်လာမည့် ထိုပုဂ္ဂိုလ်သည် မွီန်း (Muen)ဘက်မှ လာသဖြင့် နေ့လယ်စာအဖြင့် ပြောင်းဖူးဖြင့် ပြုလုပ်သည့် သရေစာသာ ယူလာသည်။ “Muen ben lamei a law la awm uengh, Muen ai cang tun buh uengh vai ni ana cuun law” ဟူ၍ ဆိုစမှတ် ပြုကြသည်။ Pacuum မှာ ဤဒေသ သို့ အရင်ရောက်နှင့်သူ ပီပီ ကောက်ညှင်း ထမင်းထုပ်လာသည်။ ၎င်းတို့ နှစ်ဦးသား ခင်မင်မှု သဘောဖြင့် မိမိတို့ ယူဆောင်လာကြသည့် နေ့လယ်စာများကို အချင်းချင်း အပြန်အလှန် ခွံ့ကြွေးကြသည်။ နေ့လယ်စာ စားရင်းပင် မိမိ ပိုင်ဆိုင်ရမည့် မြေနေရာ တောင်ကြောများကို လက်ညှိုး ညွှန်ရာ ရွေးယူကြရသည်။ ယူဆောင်လာသည့် နေ့လယ်စာမှာ ကောက်ညှင်း ထမင်းဖြစ်၍ မြိုရ လွယ်ကူသဖြင့် အဆင်ပြေ ချောမွေ့စွာ နယ်မြေ နေရာများကို လျင်မြန်စွာ ရွေးယူနိုင်သည်။ သို့သော် Pacuum မှာ ချန်းပြန်း ခွံ့ကြွေးသည့် နေ့လယ်စာသည် ပြောင်းဖူးဖြင့် ပြုလုပ်သည့် (Vai) သရေစာသာဖြစ်ရာ မြိုရချရန်အခက်တွေ့သည်။ လည်ချောင်း၌ တစ်နေသဖြင့် နယ်မြေရွေးယူရာတွင် အခက်တွေ့တော့သည်။ ချန်းပြန်းကဲ့သို့ လျင်မြန်စွာ ရွေးယူနိုင်ခြင်း မရှိသဖြင့် မိမိ လက်လှမ်းမီသလောက်သာ ပိုင်ဆိုင်ရသည်။

Pacuum ပိုင်ဆိုင်ထားသည့် နယ်မြေများမှာ ချန်းပြန်းနှင့် နှစ်ဦးသဘောတူ ပိုင်းခြားသည့် နယ်နမိတ်မှနေ၍ တောင်ကြောအလိုက် ရွေးယူပိုင်ဆိုင်ထားသည်။ ပိုင်ဆိုင်ထားသည့် နယ်မြေများမှာ ကီလောင်ချောင်း၏ အရှေ့ဘက်တွင် ဒါဝ်သူန် (Dautung)၊ ဒါဝ်ကဲခ် (Daukeek)၊ လင် (Ling)၊ ရှိထာ့လ် (Shihthalh)၊ ရော်ဒူမ် (Rawdum)၊ အီမ်သဲန်း (Imteng)၊ ရှီလ်သူန် (Shiltung)၊ ရှီလ်ထာလ် (Shilthal) စသည်ဖြင့် လည်းကောင်း၊ ကီလောင်းချောင်း၏ အနောက်ဘက်ခြမ်းတွင် ထောင်းဗန် (Thawngvan)၊ လေဇောင်း (Le- zoeng)၊ ရူဒ် (Ruut)၊ အဲလ် (El)၊နှင့် သီူမ် (Tuem) စသည်ဖြင့် နယ်မြေများကို ပိုင်ဆိုင်ထားသည်။

တောင်ကြောအလိုက် ပိုင်ဆိုင်မှု ဧရိယာများကို ဖော်ပြရလျင် ကီလောင်းချောင်း၏ အနောင်ဘက်ခြမ်း၌ လှန်ပြန်းနယ်စပ်၊ အာလ်ထောင်စူန်း (Althawng cung) မှ စ၍ သီူမ်လော်န် (Tuem lawn)၊ အယ်လ်လော်န် (Ellawn)၊ ရူဒ်လော်န် (Ruutlawn) မှ ရွှင်သွီးဘူန် (Suntui bung) - သောင် (Tawng) ဒေသများအထိ လည်းကောင်း၊ ကီလောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် ဒါဝ်ဗားဆောခ် (Dauva shawk) မှ စာတလူးဆော်မ် (Saltlu sawm)၊ ယံပါးပေါလ် (Zampa pawl)နှင့် လူဒါဝ်ဆော်မ် (Ludau sawm) ဒေသများအထိလည်း ကောင်း နယ်မြေများကို ကျယ်ဝန်းစွာ ပိုင်ဆိုင်ထားသည်။

ဟာတူးတို့၏ နယ်မြေ ပိုင်ဆိုင်မှုများသည် နယ်မြေကျယ်ဝန်းသည်နှင့် ၎င်းဒေသတွင်း၏ ထွက်ရှိသည့် သစ်၊ ဝါးများသည် နောင်တွင် ဟာတူးရွာလူထု၏ တိုးတက်မှုများကို များစွာ အထောက်အကူ ပြုလေသည်။ ဒေသတွင်းရှိ မြစ်ချောင်းများ၊ သစ်တောများသည် ထူးကဲစွာ အကျိုးပြုသည့် သယံဇတများပင် ဖြစ်တော့သည်။ ဤသို့ဖြင့် ပိုင်ဆိုင်ရာ နယ်မြေများ ခွဲဝေ၍ ပိုင်ဆိုင်ခဲ့ကြသော်လည်း ရပ်ရေးရွာရေးအတွက် အသုံးလိုလျှင်မူ ခွဲခြားမူမရှိဘဲ အချင်းချင်း နားလည်မှုဖြင့် လိုအပ်သလို ခုတ်ယူအသုံးပြုကြရသည်။ မိမိ ရွာနီးချင်းများနှင့် ဒေသထွက် သစ်၊ ဝါး၊ ကြိမ်၊ နွယ်များကို အသုံးပြုခွင့်ရှိသည်။ သစ်တော ထူထပ်သည်နှင့်အညီ ၎င်းသစ်တောများမှ သစ်၊ ဝါး၊ ကြိမ်နွယ်များအပြင် တောရိုင်း တိရစ္ဆာန်များလည်း ပေါများ၊ ကြွယ်ဝလှသည်။ သစ်ခွ၊ ချယ်ရီ၊ တောင်ဇလပ်ပန်းများနှင့် သစ်ခွ ပန်းပေါင်းစုံ အမျိုးပေါင်း စုံလင်လှပေရာ သဘာဝတရားများ၏ အလှဘဏ်သဖွယ် တင်စားရလောက်သည့် နယ်မြေတစ်ခုပင် ဖြစ်တော့သည်။

ဒေသအတွင်း အုပ်ချုပ်မှုစံနစ်များ[ပြင်ဆင်ရန်]

ရှေးကာလများတွင် ဒိုင်လူမျိုးစုများ၏ အုပ်ချုပ်မှုစနစ်သည် ရိုးရှင်းလှပြီး ထိရောက်မှုရှိသည်။ အထက် အခန်းများ၌ ဖော်ပြခဲ့ပြီးသည်အတိုင်း အုပ်ချုပ်မှုအပိုင်းတွင် ငြင်းဆိုဖွယ်မရှိ တညီတညွတ်တည်း လက်ခံထားသည့် အုပ်ချုပ်မှုစနစ်ဖြစ်သည်။ ထိုသို့အုပ်ချုပ်ရာတွင် ရပ်ရွာအတွင်းရှိ အစဉ်အလာအရ အုပ်ချုပ်ရသည့် လူမျိုးဟူ၍ရှိသည်။ ဝါအရ သော်လည်းကောင်း၊ အစဉ်အလာအရ သော်လည်းကောင်း ကြီးမြတ်ကြသည်ဖြစ်ရာ လူထုတရပ်လုံး၏ နာစရာ၊ ခံစရာကိစ္စရပ်များတွင် ခေါင်းဆောင်ပီပီ ဦးစွာ ရင်ဆိုင် ဖြေရှင်းရသည်။

ရိုးရာလုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်းများ စတင် လုပ်ကိုင်ကြရာတွင်ပင်လျင် အုပ်ချုပ်သူများမှ ဦးစွာလုပ်ကိုင်ရသည်။ ထုံးစံအရ တောင်ယာခုတ်သောအခါ ၎င်းခေါင်းဆောင်၊ သက်ကြီးအကဲများမှ ဦးစွာ စတင်ရသည်။ အကယ်၍ ရွာလူထုမှ နာခံမှုမရှိဘဲ တောင်ယာကို ဖြတ်၍ ဦးစွာ သွားရောက် လုပ်ကိုင်မိလျင် ထိုတစ်နှစ်လုံး၌ တောင်ယာစပါးများ ဖြစ်ထွန်းမှုမရှိဘဲ ချုံနွယ်၊ ပိတ်ပေါင်း ထူထပ်ခြင်း၊ တောရိုင်း တိရစြွာန်များ၏ နှောင့်ယှက်ခြင်းများ ခံရတတ်သည်။ ထို့ကြောင့် တောင်ယာလုပ်ငန်းများကို စတင်ကြသည့်အခါ အုပ်ချုပ်ရသည့် အမျိုးမှ တစ်ယောက်ယောက်၏ ဦးဆောင်မှုဖြင့် စတင်ရသည်။

အုပ်ချုပ်မှုစနစ်သည် မိသားစုတွင်း အုပ်ချုပ်မှု အသွင်ဖြစ်ပြီး အသက်ကြီးသူ၏ နုတ်ထွက်စကားကို လူထုမှ လိုက်နာ၊ နာခံရသည်။ အုပ်ချုပ်သူများတွင် Khawboei, Shukki, Mangki ဟူ၍ ခေါ်ဆိုကြသည်။ ထိုအုပ်ချုပ်သူများမှာ မျှတစွာ အုပ်ချုပ်သည်ဖြစ်ရာ အချင်းချင်း သင့်မြတ်မှုရှိသည်။ အင်အားကြီးသည့် အမျိုးမှ အင်အားသေးသည့် အမျိုးအပေါ် နိုင်ထက်စီးနင်း အုပ်သည့်စနစ် ဟူ၍မရှိပေ။ မျိုးနွယ်စုများအတွင်း အသင့်အသင့် ငြင်းခုံမှုများ ရှိခဲ့သော်လည်း အကြီးအကျယ် စစ်ပွဲမျိုးများကား မရှိခဲ့ပေ။ အကယ်၍ ကြီးကျယ်သည့် ရန်ပွဲအသွန်ဖြစ်မည့် အခြေအနေများ ပေါ်လာလျင် ကြားဝင်ဖြန်ဖျေသည့် စနစ်ဖြင့် ညှိုနှိုင်းဖြေရှင်းရသည်။ မထင်မှတ်သည့် ရန်ပွဲ၊ စစ်ပွဲများရှိခဲ့လျှင် အင်အားကြီးသည့်ဘက်မှ အနိုင်ရတတ်ကြသော်လည်း ရှုံးနိမ့်သည့်သူများကို ကျေးကျွန်အဖြင့် ဖမ်းယူခြင်းများ မပြုကြပေ။ ဤသို့ဖြင့် ကျေးကျွန်စနစ် ဟူ၍ လုံးဝမရှိဘဲ တန်းတူရည်တူပင် နေထိုင်ကြရသည်။ နိုင်ထက်စီးနင်း ဗိုလ်လုပ်သည့် စနစ်များ မရှိပေ။

ရပ်ရွာတွင်း တွေ့ကြုံရတတ်သည့် ပြဿနာ၊ ကိစ္စကြီးငယ်များ ဖြေရှင်းရာတွင် အုပ်ချုပ်သူ၊ ဩဇာ ညောင်းသူ အကြီးအကဲများမှ ရိုးရာထုံးတမ်း အစဉ်အလာအတိုင်း ကိုင်တွယ်ဖြေရှင်းကြသည်။ ထိုသို့ဖြေရှင်းကြသည့်အခါ ပြဿနာဖြစ်သည့် နှစ်ဦးနှစ်ဘက်မှ ကာယကံရှင်များသည် အကြီးအကဲများ၏ အဆုံးအဖြတ်များကို ခံယူ လိုက်နာကြရသည်။ ထိုပြဿနာ ကိုင်တွယ်သည့် အကြီးကဲများမှလည်း ဘက်လိုက်မှုမရှိ နှစ်ဦးနှစ်ဘက် မျှတမှုရှိစေရန် ဂရုတစိုက် ဖြေရှင်းကြသည်။ ပြဿနာ အကြီးအငယ် ပမာဏ အလျောက် လျှော်ကြေးများ၊ ဆုံးမဩဝါဒများ စသည်ဖြင့် သင့်လျှော်သလို သင့်မြတ်ခြင်းများ ပြုလုပ်ကြရသည်။ “ကြီးသောအမှု ငယ်စေ၊ ငယ် သောအမှု ပပျောက်စေ” ထုံးကို အခြေခံ ကျင့်သုံးကြသဖြင့် ရှုပ်ထွေးမှုများ မရှိလှဘဲ ငြိမ်းချမ်းစွာဖြင့် နေထိုင်ခဲ့ကြသည်။ နောင် မျက်မှောက်ခေတ်များ နိုင်ငံတော်အာဏာ သက်ရောက်မှု ရှိလာသောအခါ မြို့စား၊ ရွာစားများ၊ တိုက်သူကြီး - ရွာသူကြီးများနှင့် ကျေးရွာ ပါတီ - ကောင်စီ ဥက္ကဋ္ဌများ၏ အုပ်ချုပ်မှုစနစ်များဖြင့် အုပ်ချုပ်လာကြသည်။

ရိုးရာဓလေ့[ပြင်ဆင်ရန်]

ရိုးရာ ထုံးတမ်းစဉ်လာများ[ပြင်ဆင်ရန်]

ဒိုင်လူမျိုးတို့သည် အထက်၌ ဖော်ပြခဲ့ပြီးသည့်အတိုင်း မကြီးကျယ်လှသည့် သာမန် မှုခင်းပြဿနာများကို မိမိအိမ်နီးချင်းများ၊ နီးစပ်ရာဆွေမျိုး၊ အပေါင်းအသင်းများနှင့် နှစ်ဘက် ပြေလည်အောင် ဆုံးဖြတ် ဖြေရှင်းကြရသည်။ ထိုထက် ပြဿနာ အတန်ငယ်ကြီး၍ နှစ်ဘက်တင်းမာမှုများ ရှိနေလျှင် ရပ်ရွာတွင်းရှိ ဂုဏ်သရေရှိ အကြီးအကဲများနှင့် ဖြေရှင်းကြရသည်။ တချို့ ကြီးမားလွန်းသည့် ပြဿနာများတွင်မူ ရာဇဝင်ကြောင်း နားလည်သည့် ကျွမ်းကျင်သူများနှင့် ဖြေရှင်းကြရသည်။ ထုံးတမ်း စဉ်လာအရ ပုံသေသတ်မှတ်သည့် ဥပဒေမရှိသဖြင့် နှစ်ဦးနှစ်ဘက် ပြေလည် ကျေအေးသည်အထိ ညှိနှိုင်း ဖြေရှင်းကြရသည်။

ရှေးထုံးတမ်းများအရ ဒိုင် - ချင်းလူမျိုးတို့သည် လူသတ်ခြင်း၊ သေစား သေစေခြင်း၊ သူများသားမယား ပြစ်မှားခြင်း စသည့် ကြီးလေးသည့် ပြစ်မှုများတွင် လျော်ကြေးဖြင့် အလွယ်တကူ ကျေအေးမှုမရှိဘဲ လက်စားချေမှုစနစ်ကို ကျင့်သုံးကြသည်။ ပြစ်မှုကျူးလွန်သည့် ကာယကံရှင် ထွက်ပြေး တိမ်းရှောင်၍ သော်လည်းကောင်း၊ အကြောင်း တစ်စုံတစ်ရာကြောင့် ရှိခဲ့လျင် ကာယကံရှင်ကိုယ်စား ၎င်းနှင့် အနီးစပ်ဆုံးသူ အမျိုးသား တစ်ဦးဦးကို သတ်၍ လက်စားချေယူကြသည်။ ၎င်းကို “Phutuk-manlawh” ဟုခေါ်ကြသည်။ ထိုသို့ လက်စားချေ သတ်ဖြတ်မှုများ မဖြစ်ရအောင် အကြီးအကဲများမှ အတတ်နိုင်ဆုံး ဖြေရှင်းကြကာ ကျေအေးအောင် ဆောင်ရွက်ကြရသည်။ လျော်ကြေးများအဖြင့် နွားနောက်၊ ရိုးရာစောင်၊ တောင်ယာ မြေနေရာ၊ သေနတ်၊ မျှား စသည် ဖြင့် ထိုက်သင့်သလို လျော်ကြေးပေးကြရသည်။ ထိုသို့ အသက်ကို အသက်ခြင်း လက်စားချေသည့် စနစ်များ၊ လျော်ကြေးများ ကြီးမားမှုများသည် ပြစ်မှုအရှုပ်အထွေးများ ကင်းရှင်း လျော့နည်းစေသည့် အကြောင်းရင်းများပင် ဖြစ်သည်။ ဤသို့သော ထုံးတမ်းအရ စီရင်သည့်ဓလေ့သည် စနစ်တကျ မရှိလှသော်လည်း ထိရောက်မှုရှိသည့် လေးစားဖွယ် ရိုးရာ ဥပဒေသများပင် ဖြစ်သည်။

လက်ထပ် ထိမ်းမြားခြင်းနှင့် အမွေ ဆက်ခံခြင်း[ပြင်ဆင်ရန်]

ဒိုင် - ချင်းလူမျိုးတို့၏ လက်ထပ် ထိမ်းမြားခြင်းတွင် မိမိအိမ်ထောင်ပြုအပ်သည့် (Pu-phun) အမျိုးနှင့် အိမ်ထောင် မပြုအပ်သည့် (Tu-ca phun) အမျိုးဟူ၍ ရှိသည်။ အိမ်ထောင်ပြုရာတွင် လူငယ်ချင်း မေတ္တာမျှ၍ အိမ်ထောင်ပြုခြင်း၊ အမျိုးသားဘက်မှ မိမိကြိုက်နှစ်သက်၍ တောင်းရမ်း လက်ထပ်ခြင်း၊ လူငယ်များအား အသိမပေးဘဲ မိဘများ သဘောအတိုင်း စေ့စပ်ခြင်း၊ လူငယ် သတို့သားမှ နှစ်သက်သဖြင့် သမီးနှင့် သမီးရှင်များအား အသိမပေးဘဲ အတင်းအဓမ္မ ပေါင်းသင်းခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးရှိသည်။

မည်သည့် ပုံစံမျိုးဖြင့်ပင် လက်ထပ်စေကာမူ သတို့သမီးဘက်သို့ Arsa thak-Aihai ဟုခေါ်သည့် ကြက်များနှင့် ဆန်များ သွားပို့ကြပြီး ထိုကြက်နှင့် ဆန်များကို ချက်ပြုတ် စားသုံးလျင် ဤလင်မယား၏ လက်ထပ် ထိမ်းမြားခြင်း အထမြောက်၏။ ထိုသို့ မင်္ဂလာပွဲ နှစ်ဦးနှစ်ဘက်မှ အသိအမှတ် ပြုပြီးသည်နှင့် တွင်းဖိုးများကို အမျိုးသားဘက်မှ အမျိုးသမီးဘက်သို့ ပေးရသည်။ တွင်းဖိုးများအဖြစ် နွားနောက်၊ တောင်ယာမြေ၊ သေနတ်၊ အိုး၊ ရိုးရာစောင်နှင့် ရိုးရာ အသုံးအဆောင်များ စသည်ဖြင့် ပေးဆောင်ကြရသည်။

အကယ်၍ လက်ထပ်ရန် နှစ်ဦး သဘောတူ သော်လည်းကောင်း၊ အများ ရှေ့မှောက်၌ သော်လည်းကောင်း ကတိပြုထားပြီးမှ ထိုကတိကို တဦးဦးက ချိုးဖေါက်ခဲ့လျင် ကတိ ဖျက်သူဘက်မှ Maa-lei ဟုခေါ်သည့် ကတိပျက်ကြေးကို ပေးလျော်ရသည်။ ရိုးရာ ချင်းစောင်ဖြစ်စေ၊ နွားနောက်ဖြစ်စေ၊ ရိုးရာ အသုံးအဆောင်များကို လျော်ကြေးအဖြင့် ပေးလျော်ရသည်။

ဒိုင် လူမျိုးစုများတွင် လင်မယား ကွာရှင်းမှု ပြဿနာ ရှိခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ကိစ္စကြီးငယ်များတွင် နှစ်ဦးနှစ်ဘက် ဝိုင်းဝန်း ကူညီတတ်ကြသောကြောင့် ဖြစ်သည်။ အိမ်ထောင်စုတွင်း၌ ပြဿနာ တစုံတခု ကြောင့် မိမိ၏ ဇနီးသည် မိဘအိမ်သို့ ပြန်သွားခဲ့လျှင် လင်ယောက်ျားမှ ဇနီးသည်၏ မိဘမျာထံ တောင်းပန်ပြီး ပြန်ခေါ်ရသည်။ ဇနီးသည်မှ ချက်ချင်း လိုက်မလာဘဲ တင်းခံနေသဖြင့် တစုံတခုတောင်းဆိုမှု ပြုလျှင် ထိုတောင်းဆိုမှုများကို လိုက်လျောပေးရသည်။

အကယ်၍ လင်ယောက်ျားဘက်မှစ၍ ကွာရှင်းလျှင် ဇနီးဖြစ်သူ သားသမီးများ မထွန်းကားသေးပါက နွားနောက်နှင့် သတ်မှတ်ထားကြသည့် လျှော်ကြေးများကို ပေးဆောင်ရသည်။ သို့သော် မင်္ဂလာကြေး တွင်းဖိုးများကိုမူ ပြန်လည် တောင်းပိုင်ခွင့် မရှိပေ။ ဇနီးဖြစ်သူဘက်မှ စတင်ကွာရှင်းလိုလျင် အမျိုးသားများ ပေးလျော်သကဲ့သို့ပင် ပေးလျော်ရသည်။

မိဘ အမွေ ဆက်ခံခြင်း[ပြင်ဆင်ရန်]

မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ လင်မယားကွာရှင်းလျှင် သားသမီးများကို ပိုင်ဆိုင်ခွင့်ရှိသည်။ လင်မယား ကွာရှင်းစဉ်တွင် ဇနီးသည်၌ ကိုယ်ဝန်နှင့်ဖြစ်စေ၊ နို့စို့အရွယ် ကလေးရှိစဉ်၌ ကွာရှင်းသည်ဖြစ်စေ ၎င်းကလေးငယ် အရွယ်ရောက်ချိန်အထိ မိခင်ဖြစ်သူမှ ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည်။ ကလေးအရွယ် ရောက်သောအခါ ဖခင်ဖြစ်သူမှ ပြန်လည်ခေါ်ယူပြီး မိခင်ဖြစ်သူအား ကလေးထိန်းခအဖြင့် နွားနောက်မ တစ်ကောင်ပေးကာ ထိုကလေးငယ်အား ခေါ်ယူရသည်။

မိဘအမွေများ ဆက်ခံရာတွင် သားယောက်ျားများသာ အမွေဆက်ခံခွင့် ရှိသည်။ မိသားစုအတွင်း ညီအကိုများနေပါက အများအားဖြင့် အထွေးဆုံးသားမှ မိဘနေအိမ်ကို ပိုင်ဆိုင်ရပြီး အကြီးဆုံးသားမှ ဖခင်၏ အသုံးပြုလေ့ရှိသော သေနတ်ကို အမွေအဖြင့် ရရှိတတ်ကြသည်။ ကျန်ရှိသည့် အတွင်းပစ္စည်းများကိုမူ ဝေပုံကျ အညီအမျှ ခံစားကြသည်။ အကယ်၍ သားယောက်ျား မထွန်းကားခဲ့ပါက မိမိ အနီးစပ်ဆုံးဆွေမျိုးများက အမွေခံစားခွင့် ရှိသည်။

အမျိုးသမီများ အမွေ ဆက်ခံခွင့်မရှိသည့် အကြောင်းရင်းများမှာ ရှေးအခါ၌ ရန်သူများမှ ကလဲ့စားချေလျှင် သားယောက်ျားများကိုသာ အဓိက ပစ်မှတ်ထားကြခြင်း၊ မိဘများ၏ ကြွေးမြီများ ဆပ်ရန် သားယောက်ျားများတွင်သာ တာဝန်ရှိပြီး ကြွေး မကျေမချင်း သားစဉ်မြေးဆက် ပေးဆပ်ရသည်။ မိဘများ အိုမင်းမစွမ်း ဖြစ်လာကြသောအခါ သားများတွင်သာ စောင့်ရှောက်ရန် တာဝန်ရှိသည်။ သမီးများသည် အိမ်ထောင်ပြုပြီးသည်နှင့် ခင်ပွန်းသည်၏ အမျိုး ခံယူရပြီး မိမိမျိုးနွယ်စုနှင့် ပတ်သက်မှု မရှိတော့ပေ။ ဤ အကြောင်းရင်းများသည် အမျိုးသမီးများ၏ မိဘအမွေ ဆက်ခံခွင့်မရှိခြင်း၏ အကြောင်းရင်းများပင် ဖြစ်သည်။

သို့သော် အမျိုးသမီးသည် မိမိ၏ လင်ယောက်ျား သေဆုံးလျှင်မူ လင်ဖြစ်သူ၏ ဥစ္စာပစ္စည်းများကို ဇနီးသည်မှ ပိုင်ဆိုင်ဆက်ခံခွင့် ရှိသည်။ အကယ်၍ မုဆိုးမဖြစ်သူသည် အကြောင်းသင့်၍ နောက်အိမ်ထောင်ပြုခဲ့လျင် လင်ယောက်ျား ဖြစ်ဖူးသူ၏ အမွေဆက်ခံခွင့် မရှိတော့ပေ။ ထိုမုဆိုးမ၌ သားများရှိလျှင် ထိုသားများမှ အမွေဆက်ခံကြရပြီး သားများမရှိပါက လင်ဖြစ်သူ၏ အနီးစပ်ဆုံး ဆွေမျိုးသားချင်းများမှ ထိုအမွေများကို ဆက်ခံကြရသည်။ ရှေးအခါ၌ စာပေများ မရှိခဲ့သဖြင့် အိမ်ထောင်ဦးစီး ဖြစ်သူသည် နာမကျန်းဖြစ်၍ ကျန်းမာရေး အခြေအနေများ ဆိုးဝါးနေလျင် မိမိ သားမယားများကိုခေါ်၍ ရပ်ရွာ အကြီးအကဲများရှေ့တွင် သေတမ်းစာသဘော နှုတ်ဖြင့် မှာကြားစရာများနှင့် အမွေဥစ္စာများကို ခွဲဝေ မှာကြားလေ့ ရှိကြသည်။

လူသတ်မှုနှင့် အခြား ပြစ်မှုများအတွက် ကျေအေး-ဖြေရှင်းခြင်း[ပြင်ဆင်ရန်]

လူသတ်မှုဖြစ်၍ တရားလို - တရားခံတို့အတွက် ရပ်ရွာ အကြီးအကဲများမှ ဖျန်ဖြေ ဆုံးဖြတ်ကြပြီး လျှော်ကြေး ပေးပြီးသောအခါ ထိုနေ့၌ပင် ရပ်ရွာလူကြီးများနှင့် ရပ်ရွာရှိ ဂုဏ်သရေရှိ လူကြီးမင်းများ ရှေ့မှောက်တွင် ကာယကံရှင် နှစ်ဦးနှစ်ဘက်မှ ပြေငြိမ်ရေး အထိမ်းအမှတ် ခေါင်တစ်လုံးစီ ထိပ်စေသည်။ နွားနောက် သားခြောက်ကို ထောင်း၍ ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်၊ ဆားများနယ်ပြီး ခေါင်ရည်ကိုလည်းကောင်း၊ အသားထောင်းကို လည်းကောင်း ခွံ့ကြွေး စေကြသည်။ နှစ်ဦးနှစ်ဘက်မှ ခေါင်ရည်သောက်၍ အသားများ အတူတကွ စားသောက်ကြမှသာ ကျေအေးမှု အထမြောက် အောင်မြင်မှုရှိသည်။

အကယ်၍ လျော်ကြေးများကို လက်ခံသော်လည်း ခေါင်ရည်နှင့် အသားများကို စားသောက်ကြခြင်းမရှိပါက ဖျန်ဖြေခြင်း အောင်မြင်မှုမရှိဘဲ တစ်ဘက်နှင့် တစ်ဘက် ဝင်ထွက်သွားလာ ဆက်ဆံခြင်းများ မပြုကြပေ။ သို့ဖြစ်ရာ နှစ်ဦးနှစ်ဘက် ပြေလည်မှုရှိစေရန် ရပ်ရွာအကြီးအကဲများမှ အထူးဆောင်ရွက် ဖြေရှင်းပေးကြရသည်။ ဤပြဿနာမျိုးတွင် အစိုးရဘက်မှ တရား ဥပဒေအရ ဖြေရှင်းစေကာမူ ထိရောက်မှုမရှိဘဲ ရှေးထုံး ယဉ်ကျေးမှုသာ ပို၍ထိရောက် အောင်မြင်မှုရှိသည်။

အဆိပ်ခပ်ခြင်း၊ မန်းမှုတ်ခြင်း၊ ပြုစားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် သူတစ်ပါးအား သေကြောင်း ကြံစည်၍ သက်သေ အထင်အရှားဖြင့် ပေါက်ကြားလာပါက နွားနောက်မကြီး တစ်ကောင် ပေးလျှော်ရသည်။ သို့အဟုတ်ပါကလည်း တချို့ ဒေသများတွင် လူသတ်မှု ကဲ့သို့ပင် လျော်ကြေးပေး ဖြေရှင်း ကြရသည်။ သို့တည်း မဟုတ် ရန်ဘက်ခြင်း လက်စားချေရာတွင် မတော်တဆ လူမှားသတ်မိပါက သတ်မှတ်ထားသည့် လျော်ကြေးအပြင် ထိုသို့ လူမှားသတ်မိခြင်းအတွက် နွားနောက်မ တစ်ကောင်နှင့် ငွေကြေးများ ပေးလျော်ရသည်။ အသုဘ စရိတ်ကိုလည်း ပေးလျော်ရသည်။

တစုံတဦး အဓမ္မ ပြုကျင့်ခြင်းခံရသည်ဟု အမျိုးသမီးမှ စွပ်စွဲမှု ပြုလာ၍ အမျိုးသားဘက်မှ ငြင်းဆိုမှု ပြုလာလျင် ပြဿနာ ဖြေရှင်းသူများမှ နေ၍ အမျိုးသမီး ဝတ်ဆင်သည့် ထဘီကို ရေစိမ်၍ ကျိန်ဆိုခြင်းပြုကြပြီး နေ့ရက်များ ကန့်သတ် သတ်မှတ်ထားကြသည်။ ထိုကျိန်ဆိုထားသည့် ထဘီရေကို ငြင်းဆန်သူ အမျိုးသားအား တိုက်ရသည်။ ထဘီရေ တိုက်ပြီး ထိုနေမှစ၍ ကန့်သတ်ထားသည့် နေ့ထိတိုင် စောင့်ကြည့်နေ ကြရသည်။ ထိုကန့်သတ်ထားသည့် ကာလအတွင်း စွပ်စွဲခံရသည့်ဘက်မှ ဆွေမျိုးသားခြင်းများထဲမှ လူသေခြင်း၊ ကျားကိုက်ခြင်း စသည်ဖြင့် ကံကြမ္မာဆိုး ကြုံရလျင် အမှုရှုံးပြီး လျှော်စရာများ ပေးလျော်ရသည်။ သို့တည်းမဟုတ် တစုံတရာ မဖြစ်ခဲ့လျှင် ထိုအစွပ်စွဲ ခံရသည့်ဘက်မှ အနိုင်ရသည်။

သတ်မှတ်ထားသည့် ရက်အတွင်း အမျိုးသားဘက်မှ ဘာမှ မဖြစ်ဘဲ အနိုင်ရလျှင် အမျိုးသမီးဘက်မှ မိမိမှားကြောင်း ဝန်ခံပြီး မှားမိသည့် ပစပ်ဆေးသည့်အနေဖြင့် မျှားတစ်ချောင်း ပေးလျော်ရသည်။ ထိုမျှားသည် တန်ဖိုးအားဖြင့် နဲပါးလှသော်လည်း ဆိုလိုရင်း လေးနက်လှသည်။ မိမိ အသက်နှင့် ရင်း၍ ဝန်ခံကြောင်းပြခြင်း ဖြစ်သည်။ ၎င်းမျှားအပြင် အသရေဖျက်မှုအတွက် နွားနောက်နှင့် အခြား လျော်စရာများ ပေးလျော်ရသည်။

ခိုးမှု တရားများ စီရင်ခြင်း[ပြင်ဆင်ရန်]

ခိုးမှု တရားများကို စီရင် ဖြေရှင်းကြရာတွင် ပစ္စည်းခိုးသူသည် ၎င်းခိုးယူသော ပစ္စည်းနှင့် ထိုပစ္စည်းနှင့် ညီမျှသော နောက်ထပ် လျော်ကြေးကိုပါ ပေးလျော်ရသည်။ အိမ် သို့မဟုတ် ပစ္စည်းသိုလှောင်သည့် အဆောက်အဦး (Khai) တခုခုကို ဖေါက်ထွင်း ခိုးယူလျင် ခိုးရာပါ ပစ္စည်းတန်ဖိုးအပြင် ဖေါက်ထွင်းထားသည့် တံခါး ပြန်ပိတ်ရသည့် တံခါး ပိတ်ခ လျော်ကြေးပါ ပေးရသည်။ အကယ်၍ သေတ္တာ ဖေါက်မိပါက သေတ္တာပိတ်ခ စသည်ဖြင့် လျော်ကြေးများ ပေးလျော်ရသည်။ အကယ်၍ လူတစ်ယောက်အား မခိုးပါဘဲနှင့် သူခိုးစွပ်စွဲလျင် အသရေဖျက်မှုနှင့် သိက္ခာ သမာဓိ ထိပါး စော်ကားမှုဖြင့် မျှားတစ်ချောင်း၊ နွားနောက်နှင့် အခြား သတ်မှတ်ထားသည်များဖြင့် လျော်ကြေးများ ပေးရသည်။

တစ်ပါးသူ ပိုင်ဆိုင်သည့် တိရစ္ဆာန် တစ်ကောင်ကို ခိုးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်မိပါက ၎င်းတိရစ္ဆာန် တန်ဖိုးနှင့် နောက်ထပ် တန်ဖိုး၏ တစ်ဝက် အပိုထပ်ဆောင်း အလျော် ပေးရသည်။ တိရစ္ဆာန်များကို အနာတရဖြစ်အောင် ပြုလုပ်လျင် တိရစ္ဆာန် အကြီးအငယ်အလိုက် ငွေကြေးများနှင့် ရိုးရာ ချင်းစောင်တစ်ထည် အလျော် ပေးရသည်။ ပိုင်ရှင်ရှိပြီးသော ပျားအုံကို ဖွတ်မိ၊ ခိုးယူမိပါက ပျားအုံ တန်ဖိုး၏ တစ်ဆ အလျော် ပေးရသည်။ ထိုသို့ဆိုရာတွင် တောတောင်များ၌ တစ်စုံတစ်ဦးမှ ပျားအုံ တွေ့ရှိလျင် ၎င်းပျားအုံကို အမှတ်အသား ပြုလုပ်ပြီး မိမိ ပိုင်ဆိုင်ကြောင်း ပြရသည့် ထုံးစံ ရှိသည်။ သူတစ်ပါး၏ ပိုင်ဆိုင်သည့် ပစ္စည်းများကို အလွဲသုံးစား ပြုမိပါက ပစ္စည်းတန်ဖိုးနှင့် ၎င်းပစ္စည်း တန်ဖိုး၏ ထက်ဝက်ကို လျော်ပေးရသည်။

မိမိ အိမ်ထောင်ဘက်အဖြင့် ယူရသည့် မခင်ဘက်မှ ဦးလေးများကို Pu ဟုခေါ်ပြီး မိမိသားမက် ဘက်ကို Tuu ဟု ခေါ်သည်။ Tuu များအနေဖြင့် မိမိတို့၏ Pu များကို ရိုသေ လေးမြတ်မှု ပြုရသည်။ အကယ်၍ မထီလေးစား ပြုမိလျင် ကောင်းကြီး မခံစားရဘဲ သားသမီး ထွန်းကားခြင်း မရှိတတ်သည့် အယူအဆများ ရှိသည်။ ထို့ကြောင့် ထိုသို့ မတော်တဆ သော်လည်းကောင်း မရိုမသေ ပြုမိပါက သားတူများဘက်မှ ကျေအေးခွင့် တောင်းရသည်။ ကျေအေးကြရာတွင် ငှက်သားခြောက်၊ တောကြွက် သားခြောက်များကို ပြာရည်များဖြင့် ချက်ပြီး ၎င်းကို Ann-bek များနှင့် ခေါင်ရည်များကို ငင်၍ ဗူးနှင့် ထည့်ကာ သွားရောက် တောင်းပန်ရသည်။ သားနှင့် သားမက်များမှလည်း ကြက်သတ်၍ ခေါင်ရည်နှင့် ဧည့်ခံကျေ အေးပေးရသည်။ ဤသို့ဖြင့် အပြန်အလှန် ကျေအေး သင့်မြတ်မှသာ သားသမီးများမှ ဘိုးဘွား ကောင်းကြီးများ ခံစားရပြီး စီးပွား တိုးတက်သည် ဟူသော အယူအဆ ထုံးတမ်းဓလေ့များ ရှိသည်။

ရိုးရာ ဝတ်စား ဆင်ယင်မှုများနှင့် အသုံး အဆောင်ပစ္စည်းများ[ပြင်ဆင်ရန်]

ဒိုင် ‘ချင်း’ မျိုးနွယ်စုများ၏ ရှေးရိုးရာ ဝတ်စား ဆင်ယင်မှုများသည် ရိုးရှင်းလှသည်။ ဝတ်စား ဆင်ယင်မှုတွင် အမျိုးသားများ၏ ဝတ်စား ဆင်ယင်မှုနှင့် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှု ဟူ၍ ခွဲခြားထားသည်။ ထိုသို့ ခွဲခြားမှုများ ရှိခဲ့သော်လည်း လက်ဝက် လက်စားများမှာ ကွဲပြားမှု မရှိလှပေ။

ဒိုင်အမျိုးသားများ၏ ဝတ်စား ဆင်ယင်မှုများမှာ ဦးခေါင်းပိုင်း၌ Lu-pawng ဟုခေါ်သည့် ခေါင်းပေါင်း (အနီ/အဖြူ)၊ အလွန် ရှားပါး တန်ဖိုးထား ရပြီး၊ ဦးခေါင်းထက်၌ အမြတ်တနိုး ဆင်မြန်း ပန်ဆင်ရသည့် အောက်ချင်းငှက် တောင်ပံများနှင့် အခြား ရှားပါးသည့် ငှက်များ၏ အမြီးတောင်များ (Luruk-Armul)၊ ဝါးဖြင့် အနုစိပ် ပြုလုပ်ထားသည့် ဝါးဘီး (Shizep)၊ လျှောင်ထုံးများတွင် ကန့်လန့်ထိုး ဆင်ယင်ရသည့် ကြေးဆံထိုး (Lukal-cung)၊ နားကပ် - နားဆွဲများအဖြင့် ဆင်မြန်းရသည့် ငွေထည် ပစ္စည်း (Tangga)၊ လည်ပတ်အဖြင့် ဆင်မြန်းရသည့် ကြယ်သီးပုံစံ သီကုံးထားသော တန်ဆာ (Hawngdap)၊ အမျိုးသားများ လည်ဆွဲရန်အတွက် ရှေးပုတီးများ၊ ခရုခွံများဖြင့် စီရင် ပြုလုပ်ထားသည့် ပုတီးလည်ရွဲ (Pa oi) စသည်များကို လှပစွာ မြတ်နိုးစွာ ဆင်ယင်ကြသည်။

ကိုယ်ခန္ဓာပိုင်းတွင် (Hisui) ဟုခေါ်သည့် ဂုန်လျှော်ဖြင့် ယက်လုပ်ထားသေည ပစ္စည်းများနှင့် တိုလီမုတ်စများ ထည့်နိုင်ရန် စီရင်ထားသည့် သင်တိုင်း၊ နွားနောက် သားရေ၊ ကျားသားရေများဖြင့် ပြုလုပ် ထားသည့် ရင်အုပ်တန်ဆာ (Sapang)၊ လက်မောင်းများတွင် ဝတ်ဆင်ထားရသည့် ကြေးလုံးကြီးခွေ (Khenuu)၊ လေးလက္မခန့်အထိ ခွေ၍ ဝတ်ဆင်ရသည့် ကြေးခွေ (Khethawng)၊ လက်ကောက်ဝတ်၌ ရစ်ပတ်ထားရသည့် (Cau)၊ လက်စွပ် (Kutcuep) စသည်များ ဝတ်ဆင်ကြသည်။ ခါးအောက်ပိုင်းတွင် အရှက် လုံစေရန်အတွက် ဝါဂွမ်းစများဖြင့် အထုူး ယက်လုပ်သည့် (Hri) အထည်၊ ကြိမ်ကြိုးကို အနုစိပ်ကျစ်၍ ဝတ်ဆင်ရသည့် (Hol)၊ ကြိမ်ခါးပါတ်၊ (Saishin) ဟုခေါ်သည့် ခဲများဖြင့် မွမ်းမံထားသော ခါးပါတ်ခေါင်း (Nawnn) စသည်များကို ဆင်မြန်း ဝတ်ဆင် ကြရသည်။

အမျိုးသားများ၏ အသုံးအဆောင်များကို ဖော်ပြရလျင် (Shahoi) များဟုခေါ်သည့်၊ သေနတ် (Maei)၊ လဲယမ်းများနှင့် ကျည်ဆန်များ ထည့်ဆောင်နိုင်ရန် ပြောင်ဦးချိုကို ပြုပြင် အသုံးပြုရသည့် (Yamphu)၊ နွားနောက် သားရေများဖြင့် ဓားမများ ထည့်ရန် ပြုလုပ်ထားသည့် (Shapangki)၊ ဓားမကြီးများ ထည့်လွယ်ရန် ဝါး - ကြိမ်များဖြင့် ယက်လုပ်ထားသည့် (Tim-imm)၊ ဆေးရွက်ခြောက်များ ဆောင်ရန် (Shei-kap)၊ စသည်များနှင့် ရိုးရာ လှံ (caei) များကို အဓိက အသုံးပြုကြသည်။ ၎င်းအပြင် အမျိုးသားများ၏ အထူး နှစ်သက်စွာ အသုံးပြုကြသည့် လက်နက်နောက် တစ်မျိုးမှာ ဒူးလေးနှင့် လေး (Lii) ပင်ဖြစ်သည်။ ခရီးဆောင်ရန် ပေါ့ပါး လွယ်ကူခြင်း၊ သေနတ်ကဲ့သို့ ခဲယမ်း - မီးကျောက်များအတွက် မပူပန်ရခြင်း၊ အသံမထွက်ဘဲ တိတ်ဆိတ်စွာ အသုံးပြုနိုင်ခြင်း စသည်များကြောင့် လေးနှင့် ဒူးလေးကို် ပိုမို၍ နှစ်သက်စွာ အသုံးပြုကြသည်။

အမျိုးသမီးများ၏ အသုံးအဆောင်များမှာ ဦးခေါင်းကို အုပ်၍ ဆောင်းထားရသည့် (Lu khuem)၊ ဆံထုံးများ ကန့်လန့်ထားရန်အတွက် ကြေးဖြင့် ပြုလုပ်ထားသည့် (Lukal cung)၊ လည်ဆွဲများဖြစ်သည့် (Oiriit)၊ ခနွာကိုယ် အကွယ်အကာအတွက် အင်္ကျီအဖြစ် ဝတ်ဆင်ရသည့် (Hivai)၊ လက်ဝက် လက်စားများအဖြစ် အမျိုးသားများ ကဲ့သို့ပင် Khe thawng, khenuu, Kutcuep, Cau စသည်များကိုပင် လှပ နှစ်သက်စွာ ဝတ်ဆင်ကြရသည်။ ခါးအောက်ပိုင်းတွင် အရှက် လုံရန်ဝတ်ဆင်ရသည့် ဂုန်လျှော်များဖြင့် ယက်လုပ်ထားသော (Hinaak)၊ ခါး၌ ခါးပါတ်များအဖြင့် ဝတ်ဆင်ရသည့် ဂုန်လျှော်၊ ဝါဂွမ်း၊ ငွေကွင်းလေးများဖြင့် စီမံ ပြုလုပ်ထားသော တန်ဆာ (Thawm Rui) များနှင့် ခြေကျင်းဝတ်များတွင် ဆင်မြန်းရသည့် ခဲနှင့် ကြေးတန်ဆာများကို လှပစွာ ဆင်မြန်း ကြရသည်။

အမျိုးသမီးများမှာ မိမိ အိမ်ထောင်တွင်းကိုသာ အဓိက ထား၍ ထိန်းသိမ်းကြသည်ဖြစ်ရာ အသုံးအဆောင်များ အနေဖြင့် ထူးထူးထွေထွေ မရှိလှပေ။ အိမ်ထောင်တွင်း၌ ခင်ပွန်းသည်နှင့် သားသမီးများ၏ စားဝတ် နေရေးအတွက် စီမံရသည်ဖြစ်ရာ အခြား ဆောင်ရွက်စရာများ မရှိလှပေ။ ဖခင်ဖြစ်သူမှသာ မိမိ၏ မိသားစုအတွက် အဓိက ဆောင်ရွက်ရသည်။

ဤသို့ ဆင်မြန်းရသည့် အမျိုးသား၊ အမျိုးသမီးများ၏ အသုံးအဆောင် အဆင် တန်ဆာများကို မိမိတို့ ၏ ရင်သွေးသား/သမီးများ အိမ်ထောင် ပြုကြသောအခါ မိမိဘများ၏ အမွေအဖြင့် ဝေမျှပေးရသည်။ ထိုသို့ မိဘများ၏ အမွေဖြစ်သဖြင့် သားသမီးများ အနေဖြင့် မျိုးရိုး စဉ်ဆက် မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်း ကြရသည်။

အသုံးပြုသည့် တူရိယာ ပစ္စည်းများ[ပြင်ဆင်ရန်]

ဒိုင် ချင်းလူမျိုးတို့သည် ရှေးပဝေဏသီ ကတည်းကပင် ဂီတအနုပညာနှင့် ရင်းနှီးမှု ရှိကြသည်။ အဓိက အသုံးပြုကြသည့် တူရိယာ ပစ္စည်းများမှာ သစ်သားနှင့် နွားနောက် သားရေများကို အသုံးပြုကာ ပြုလုပ် တီးမှုတ်ရသည့် ရိုးရာဗုံတို (Tawm) ၎င်းသည် အရွယ်အစား အမျိုးမျိုး ရှိသည်။ မောင်း (Mawng)၊ ဗူးသီးခြောက်များနှင့် ဝါးများကို အသုံးပြု၍ ဖန်တီး အသုံးပြု တီးမှုတ်ရသည့် လေမှုတ် တူရိယာပစ္စည်း (Thang Paa)၊ Tutu ဟုခေါ်သည့် ထန်ပါး တမျိုး၊ ဗူးသီးခြောက်များနှင့် ဝါးများဖြင့် ပြုလုပ်သည့် (Phrung)၊ ဝါးများဖြင့် အနုစိပ် ဖန်တီး ပြုလုပ်တီးမှုတ်ရသည့် (Tangkoi-Lilet)၊ Raw Shil, Pue Luen, Ving Voeng စသည့် လေမှုတ် တူရိယာများ၊ ဝါးများဖြင့် မွမ်းမံ တီးမှုတ်ရသည့် ကြိုးတပ် တူရိယာ (Ting Toeng) ဟု ခေါ်သည့် ကြိုးတပ် တူရိယာ၊ Raw Tuum, Cing Tawm စသည့် ကြိုးတပ် တူရိယာများ၊ ပွဲလမ်း သဘင်များတွင် ဝိုင်း၍ တီးမှုတ်သည့်အခါ အသုံးပြုကြရသည့် (Bel) နှင့် ရန်သူများ ဝင်လာသည့်အခါ သို့မဟုတ် စစ်ထွက်သည့်အခါ တပ်လှန့်ရာတွင် အသုံးပြု တီးမှုတ်ရသည့် (Auuht) စသည့် တူရိယာများကို အထူး နှစ်သက်စွာ အသုံးပြု တီးမှုတ်ကြသည်။

သိကောင်းစရာ ပသိုင်း အကြောင်းအရာ(Patai kawng)[ပြင်ဆင်ရန်]

ချင်းလူမျိုး တို့၏ ရိုးရာ ယဉ်ကျေးမှုများတွင် လေးစားဖွယ် ယဉ်ကျေးမှုများ မြောက်မြားစွာ တွေ့ရသည်။ ယနေ့တိုင် ထင်ရှား၍ လူသိများသည်များလည်း ရှိသကဲ့သို့ တချို့မှာလည်း ခေတ်ရေစီး၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်သွားသည်များလည်း ရှိသည်။ ယခင် ကာလများတွင် တွင်ကျယ်စွာ ကျင့်သုံးခဲ့ကြသည့် ဒိုင် ချင်းရိုးရာ ပသိုင်း (Patai) ယဉ်ကျေးမှုသည်လည်း ထိုထို ယဉ်ကျေးမှုတို့ထဲမှ အထူးထင်ရှား၍ လူသိများလှသော ယဉ်ကျေးမှု တစ်ရပ်ပင် ဖြစ်သည်။

ပသိုင်များ (Patai) ဟူသည် တနည်းအားဖြင့် သွေးရင်း သားရင်းသမျှ ခင်မင်ချစ်ခင်ကြသည့် ယောင်းရင်းများပင် ဖြစ်သည်။ နိုင်ငံတော် အစိုးရအာဏာ လွမ်းမိုးမှု မရှိသေးသည့် ရှေးကာလများတွင် ချင်းတောင် ဒေသများတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် သင့်မြတ်စာ အုပ်ချုပ်နေထိုင်ခဲ့ကြသည်။ လက်စားချေသည့် စနစ်၊ သင့်မြတ်မှု မရှိလျင် ရန်ထဖြစ်သည့် ထိုခေတ်အခါများတွင် ပသိုင်း ယဉ်ကျေးမှုသည် များစွာ အကျိုးရှိသော ယဉ်ကျေးမှုပင် ဖြစ်သည်။ ထိုသို့ ရန်သူများ (ကိုယ်နှင့် သက်ဆိုင်သူ၊ မသက်ဆိုင်သူ) ပေါများလှရာ မိမိနီးစပ်ရာ နီးစပ်ကြောင်း မိတ်ဖွဲ့ကြပြီး အပြန်အလှန် ကူညီခဲ့ကြသည်။ တနည်းအားဖြင့် တရားဥပဒေ စိုးမိုးမှုမရှိသည့် ထိုကာလများတွင် အချင်းချင်း ကူညီနိုင်ရန် မဟာမိတ်ဖွဲ့ကြခြင်းပင် ဖြစ်သည်။

ပသိုင်းဖွဲ့ကြရာတွင် ပသိုင်းဖွဲ့မည့်သူနှင့် နှစ်ဦးသဘောတူ မိတ်ဖွဲ့ကြပြီး ကြက်၊ ဝက် စသည့် တိရစ္ဆာန် တကောင်ကောင်ကို သတ်ကာ ထိုတိရစ္ဆာန်သွေးများအပေါ် ကတိသစ္စာ ပြုကြရသည်။ ထိုကတိသစ္စာသည် ထာဝရတည်ပြီး သားစဉ်မြေးဆက် အကျိုးဆက် ခံစားကြရသည်။ ပသိုင်း ပြုကြပြီးနောက် တစ်ဘက်ဘက်မှ တစ်စုံ တစ်ယောက်၏ ခံစားရသည့် ဒုက္ခ၊ သုခများတွင် ကိုယ်နှင့်အမျှ အတူတကွ ခံစား ဖြေရှင်းကြရပြီး အပြန်အလှန် ကူညီမှုများ ပြုလေ့ရှိကြသည်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ထိုကာလများတွင် မိမိလိုရာ ခရီးပြုသောအခါများ၌ ပသိုင်းများသည် မိမိ နီးစပ်ရာများမှ နေ၍ လိုအပ်သည့် ကူညီမှုများ ပေးလေ့ရှိကြသည်။ ထိုအခါ ရန်သူများ၏ နှောင့်ယှက်ခြင်းများနှင့် အခြားအန္တရာယ်များ တစုံတရာ ခံစားရခြင်း မရှိတော့ပေ။

အကြောင်းတစုံတရာကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ကိစ္စများတွင်ပင် ပသိုင်းများ၏ ပံ့ပိုးမှုသည် များစွာအထောက်အကူ ရှိခဲ့သည်။ အကယ်၍ ခရီးသွားလာစဉ်တွင် ရန်သူများ၏ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်မှုများရှိလျင်ပင် ထိုသူသည် မိမိရောက်ရှိနေသည့်နေရာနှင့် အနီးစပ်ဆုံးရွာရှိ ပသိုင်း တစ်ဦးဦးထံခိုလှုံလျင် အိမ်ရှင်ဖြစ်သူမှ အသက်နှင့်လဲ ကာကွယ်ပေးရသည် ဟူ၏။ ဤသည် ပသိုင်းအကြောင်းတစိတ်တပိုင်းပင်ဖြစ်သည်။

နွေးထွေးသော ဧည့်ခံခြင်းနှင့် လူမှုရေး[ပြင်ဆင်ရန်]

ရှေးခေတ် ချင်းလူမျိုးများ၏ နေထိုင်မှု ဓလေ့များတွင် လူမှုရေးကဏ္ဍများ၌ အထူးပင် နွေးထွေးမှုရှိလှသည်။ အကယ်၍ တစ်စုံတစ်ယောက် ခရီးပြုရင်း ရွာတစ်ရွာ၌ ဧည့်သည်အဖြင့် ရောက်ရှိလာလျင် ထိုဧည့်သည် တည်းခိုသည့် အိမ်ရှင်သည် လိုလေသေးမရှိ ဧည့်ဝတ် ပြုကြရသည်။ ထိုခရီးသည်အား မိမိ၏ နေအိမ်၌ တည်းခိုနေစဉ် ကာလများအတွင်း ဘေးအန္တရာယ် မကြုံရအောင် ကာကွယ် စောင့်ရှောက်ရသည်။ မိမိနေထိုင်သည့် အိမ်ရိပ်နင်း၍ တည်းခိုလာသည့် ထိုဧည့်သည်အား မိမိ တစ်ယောက်တည်းမှ သာမက နီးစပ်ရာ ဆွေမျိုးများမှပါ နွေးထွေးမှုများ ပြုကြရသည်။

ထူးခြားသည်မှာ တစ်စုံတစ်ယောက်၏ နေအိမ်၌ တည်းခိုနေသည့် ဧည့်သည်အား ထိုတည်းခိုနေသည့် အိမ်ရှင်၏ ဆွေမျိုးသားချင်းများမှ သော်လည်းကောင်း၊ ရင်းနှီးသည့် မိတ်ဆွေများမှ သော်လည်းကောင်း အိမ်စေ့အောင် ထမင်းများ ကျွေးခြင်းဖြင့် နွေးထွေး ခင်မင်မှုကို ပြကြရသည်။ ဤသို့ နွေးထွေးမှုကို ဖော်ပြသည့် ထမင်း ကျွေးခြင်းကို ဧည့်သည်အနေဖြင့် တစ်အိမ် တက်ဆင်း၍ စားပေးရသည်။ ဧည့်သည်ဖြစ်သူမှ ဗိုက်တင်းနေ၍ သော်လည်းကောင်း၊ ထမင်းစားပြီးဖြစ်၍ သော်လည်းကောင်း စားသောက်ပေးခြင်း မပြုပါက ထမင်းကျွေးသည့် ထိုအိမ်ရှင်မှာ စိတ်မချမ်းမသာ ဖြစ်တတ်သည်။ ထို့ကြောင့် ဧည့်သည်အနေနှင့်လည်း ထိုသို့ နွေးထွေးစွာ ထမင်းကျွေးခြင်းကို အသိအမှတ် ပြုပေးသည့်အနေဖြင့် အနည်းငယ်စီ သော်လည်းကောင်း စားပေးရသည်။ ထိုအခါမှ မိမိ တည်းခိုသည့် အိမ်ရှင်နှင့် ရွာသူရွာသားများ စိတ်လက် ချမ်းသာမှု ရှိကြသည်။

ရန်သူပေါသည့် ကာလများဖြစ်သည့်အလျောက် အကယ်၍ တစ်စုံတစ်ယောက်သော သူသည် မိမိ၏ နေအိမ်၌ တည်းခိုနေစဉ် ရန်သူများ၏ ရန်ပြုခြင်းများ ရှိခဲ့လျင် အိမ်ရှင် အနေဖြင့် အသက်နှင့် ရင်းကာ ကာကွယ် စောင့်ရှောက်ပေး၏။ မိမိ နေအိမ်၌ တည်းခိုနေစဉ်တွင် ထိုရန်သူများ၏ တိုက်ခိုက်ခြင်းများ ကြုံတွေ့ရပါကလည်း မိမိ ဧည့်သည်တော်အား မိမိအသက်ရှိ နေသမျှ ကာလပတ်လုံး ဘေးမကြုံရလေအောင် ကာကွယ်ပေးရသည်။ မိမိ နေအိမ်သို့ ဧည့်သည်အဖြင့် သတ်သတ် မှတ်မှတ် ရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ ရန်သူများဘေးကို ရှောင်တိမ်းရင်း ဆေးတစ်ဖုံ၊ ရေတစ်ခွက် သောက်ရန် ခေတ္တဝင်ရောက် နားခိုခြင်းမျိုးပင် ဖြစ်စေကာမူ အိမ်ရှင်အနေဖြင့် ထိုဧည့်သည်၏ အသက်ဘေး လြုံခုံမှုရှိစေရန် ကာကွယ်ပေးရသည်။ မိမိ အိမ်ရိပ် နင်း၍ ရောက်လာသူအား မည်သည့် ဘေးရန်မျှ မကြုံရလေအောင် ကာကွယ်ခြင်းပင် ဖြစ်သည်။ အခြားအချိန်များ၌ မည်သည့် ဘေးရန်မျိုးပင် ရှိစေကာမူ မိမိ၏ အိမ်ရိပ်၌ ငြိမ်းချမ်းစွာ နေထိုင်စေလိုသည့် သဘောပင် ဖြစ်သည်။

ဤသို့ဖြင့် ချင်းတောင်ဒေသများသည် ရှေးအခါများ၌ ခေတ်မီ ဖွံ့ဖြိုးမှုများ၌ အခြေအနေအရ နောက်ကျခဲ့သော်လည်း လူမှု ကျင့်ဝတ်များ၌ကား အဆင့်အတန်း မြင့်မားလှသည်။ နှစ်သက် လေးစားဖွယ်ဖြစ်သည့် ဤ ယဉ်ကျေးမှုများသည် ယခုအခါများတွင် ရင်နာဖွယ် တစစ တိမ်ကောနေကြပြီ ဖြစ်သည်။ အဘက်ဘက်၌ ဖွံ့ဖြိုးမှုများ ရှိသကဲ့သို့် တဘက်၌ လူမှု အကျင့်စရိုက်များ ပျက်ပြားလာသည်မှာ အထူးသဖြင့် ဆုံးရှုံးမူ တစ်ရပ်ပင် ဖြစ်သည်။ နောင်အခါများ၌ ရင်းနှီးနွေးထွေးမှု ရှိလှသည့် ဓလေ့ ထုံးတမ်းများသည် အလွဲ သုံးစားမှုပြုခြင်း၊ ယုံကြည်မှု လွဲမှားခြင်းများကြောင့် ပျက်ပြားခဲ့ရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ် လူငယ်များအနေဖြင့် မြတ်နိုးဖွယ် ကောင်းလှသည့် မိမိတို့၏ ယဉ်ကျေးမှုများ မပျောက်ပျက် ရလေအောင် ဆက်လက် ထိန်းသိမ်းရန် အလွန်ပင် လိုအပ်လှပေသည်။

ရောင်းဝယ် ဖေါက်ကားခြင်း[ပြင်ဆင်ရန်]

ရှေးခေတ် ရောင်းဝယ် ဖေါက်ကားမှုများတွင် ဟာလ်တူးရွာ လူထုသည် ယခုကဲ့သို့ တွင်ကျယ်မှု မရှိခဲ့ချေ။ ထိုခေတ် ကာလများတွင် အဓိကအားဖြင့် ငွေကြေး သုံးစွဲ ရောင်းဝယ်ခြင်းမျိုး မဟုတ်ဘဲ ပစ္စည်းချင်း လဲလှယ်သည့် ရောင်းဝယ်မှုမျိုးပင် ဖြစ်သည်။ နွားနောက်များ၊ ကျွဲ၊ နွား၊ ဓားမ၊ ဆား စသည့် အခြေခံလိုအပ်သည့် ပစ္စည်းများကို အချင်းချင်း လဲလှယ် ရောင်းဝယ်မှုများ ပြုကြသည်။ ခေတ်ဦးပိုင်း ကာလများတွင် ကုျတ်ရွာ (Tluk tu)၊ ရိုရွာ (Roeu) နှင့် မီုန်း (Muen) လူမျိုးစုများနှင့် အဓိကအားဖြင့် ရောင်းဝယ်မှု ပြုကြသည်။

နောင် အသိအမြင်များ တိုးတက်လာသည့် အခါများတွင် ခေတ်သုံး ငွေကြေးများ သုံးစွဲလာကြပြီး ရောင်း ဝယ်ဖေါက်ကားမှု နယ်များ ချဲ့ထွင်လာကြသည်။ အဓိကအားဖြင့် အရင် ရောင်းဝယ်ခဲ့ကြသည့် ကုျတ်၊ ရို၊ မီုန်း ဒေသများအပြင် ဇိုတုန်နယ် (Zotung)၊ မီရမ်နယ် (Miram) များနှင့်လည်း ရောင်းဝယ်မှုများ ပြုလာကြသည်။ ဤသို့ ရောင်းဝယ်မှုများ တိုးတက် လာသောအခါ ငွေကြေးများ သုံးစွဲတတ်လာ ကြပြီဖြစ်ရာ ပစ္စည်းချင်း လဲလှယ်ခြင်းထက် ငွေကြေးများနှင့် ရောင်းဝယ်မှုများ ပြုလာကြသည်။

ရှေးကာလ ငွေကြေးများကို Hruen သို့မဟုတ် Ngui-Tangga ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ရှေးက ငွေကြေးများကို ရေတွက်ရာတွင်-

  • တစ်ကျပ် - Phe At
  • နှစ်ကျပ် - Phe Hih
  • တစ်ဆယ်ကျပ် - Del Hra
  • နှစ်ဆယ်ကျပ် - A Thawng
  • သုံးဆယ်ကျပ် - Thum kip
  • တစ်ရာကျပ် - Pra kip
  • တစ်ထောင် - Pit
  • တစ်သောင်း - Rha စသည်ဖြင့် ခေါ်ဆို ရေတွက် ခဲ့ကြသည်။

ငွေကြေးများ သာမကဘဲ ဂဏန်းများ ရေတွက်ရာတွင် တစ်မှ တစ်ဆယ်အထိကို Tu mat, Pah nih, Pathum, Pali, Panga, Paruk, Parih, Pareet, Pako, Pahra ဟူ၍ ရေတွက် ရသည်။ ဆယ်ဂဏန်းများကိုမူ Pahra, Athawng, Thumkip, Likip, Ngakip, Ruk kip, Rih kip, Reetkip, Kokip, pra (တစ်ရာ) ဟူ၍ ရေတွက်ရသည်။

စိုက်ပျိုး မွေးမြုခြင်း[ပြင်ဆင်ရန်]

တောင်ပေါ်နေ ချင်းတိုင်းရင်းသား တို့သည် တောင်ယာ လုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကျောင်း ပြုကြသည်။ ထိုသို့ အသက် မွေးဝမ်းကြောင်း ခဲ့ကြသည်နည်းတူ ဟာလ်တူး ကျေးရွာရှိ ရွာသူရွာသားများမှာလည်း တောင်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ အထက်၌ ဖော်ပြခဲ့ပြီးသည် နှင့်အညီ ဟာလ်တူးရွာ၏ မြေယာပိုင်ဆိုင်မှု ဧရိယာမှာ ကျယ်ဝန်းလှသည်။ တောင်ကြောအလိုက် တောင်ယာမြေ ဆယ်ခု ထက်မက ရှိသည်ဖြစ်ရာ တောင်ယာမြေများ ဆယ်နှစ်မှ တစ်ကြိမ်ကျ တောင်ယာ ခုတ်ကြရသည်။ ရှေးကာလများ၌ တောင်ယာ လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြပြီး လယ်မြေများ၊ ခြံမြေများကို အသုံးပြုရ ကောင်းမှန်း မသိခဲ့ကြပေ။ နောက်ပိုင်းတွင် တောင်ယာမြေ စိုက်ပျိုးခြင်းများအပြင် ကီလောင်းချောင်းနှင့် အခြား ချောင်းရေများကို အသုံးပြုကာ လယ်မြေများ စိုက်ပျိုးလာကြသည်။ ယခုအခါ တောင်ယာ စိုက်ခင်းများအပြင် လယ်မြေများ၊ ဥယျာဉ်ခြံမြေများနှင့် လှေကားထစ် စိုက်ခင်းများကိုလည်း လုပ်ကိုင် အသုံးပြုလာကြပြီ ဖြစ်သည်။

တောင်ယာ မြေများ၌ အဓိက စိုက်ပျိုးသီးနှံများအဖြင့် စပါး၊ ပြောင်းဖူး၊ နှံစားပြောင်း၊ လုူး၊ ဆပ်များနှင့် အခြား စားသုံးသီးနှံများကို အမျိုးစုံလင်စွာ စိုက်ပျိုးကြသည်။ လယ်မြေများတွင်ကား စပါကိုသာ စိုက်ပိုျး ကြရသည်။ ဥယျာဉ်ခြံ စိုက်ပိုျးရေးတွင် ပိန္နဲ၊ သရက်၊ ငှက်ပျော၊ ရှောက်သီး၊ သင်္ဘောသီး၊ ကြံ၊ ကော်ဖီပင်များနှင့် အခြား ဖွယ်ဖွယ်ရာရာများကို စိုက်ပျိုး ကြသည်။ ထို့ပြင် ပဲမျိုးစုံနှင့် အခြား သီးနှံများကိုလည်း စိုက်ပျိုး ကြသည်။

မွေးမြူရေးတွင်မူ နွားနောက်ကို အဓိကထား၍ မွေးမြူကြသည်။ နွားနောက်၊ ကျွဲ၊ နွားများအပြင် အိမ် မွေး တိရစြွာန်များ အနေဖြင့် ဝက်၊ ကြက်၊ ဘဲ၊ ခွေး များကို အဓိက မွေးမြူကြသည်။ နွားနောက်များကို အထူးသဖြင့် တန်ဖိုးထားကြပြီး အလေးထား မွေးမြုကြသည်။ လူတစ်ဦး၏ ပစ္စည်း ဥစ္စာချမ်းသာမှုကို ၎င်း၏ နွားနောက် ပိုင်ဆိုင်မှုအပေါ်၌ ပို၍ အသိအမှတ် ပြုကြသည်။ နွားနောက်များသည် မြန်မာပြည် တစ်ဝှမ်းလုံးတွင် ချင်းတောင်၌သာ တွေ့ရသဖြင့် ရှားပါးသည့်၊ ချင်းလူမျိုးတို့၏ အမှတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်။ ယခင် ကာလများ၌ တောထဲ တောင်ထဲ၌ လွှတ်ထားကြပြီး နွားနောက်ကြောင်းသူ (တစ်ရွာလုံး လူထုမှ တာဝန်အဖြင့် ပေးရခြင်းဖြစ်ပြီး ၎င်းမှ တိရစ္ဆာန်များ၏ အခြေအနေများကို စောင့်ကြည့်ကြရသည်။ တန်ဖိုး အနေဖြင့် နွားနောက်များ မွေးလာသောအခါ နွားနောက်အဖြင့် သော်လည်းကောင်း၊ စပါးများအဖြင့် သော်လည်းကောင်း ပေးရသည်။) မှသာ လိုက်လံ၍ ထိန်းကျောင်းရသည်။ ယခုအခါတွင် နိုင်ငံတော်၏ ရှားပါး တိရစ္ဆာန်များ ထိန်းသိမ်းခြင်း အစီအစဉ်ဖြင့် စနစ်တကျ မွေးမြူခြင်းများ ပြုလုပ် လာကြပြီ ဖြစ်သည်။

ဟာလ်တူး ကျေးရွာ၏ စိုက်ပျိုး မွေးမြူရေး၌ ရွာဘေးနားတွင် စီးဆင်းသည့် ကီလောင်းချောင်းသည် အရေးပါလှသည်။ လယ်ယာ စိုက်ပျိုးရာတွင် လည်းကောင်း၊ ဟင်းလျာများအတွက် သော်လည်းကောင်း၊ ကျေးရွာ ဖွံ့ဖြိုးခြင်းများ ဆောင်ရွက်ရာတွင် လည်းကောင်း အထူးသဖြင့် အရေးပါလှသည်။ ချောင်း မြောင်း ရေများ ပေါ များလှသည့် ဟာလ်တူး ကျေးရွာသည် စားသုံး သီးနှံများ ပေါကြွယ် လှပေသည်။

ရိုးရာ ပွဲလမ်းသဘင်များ[ပြင်ဆင်ရန်]

ဒိုင် ချင်း လူမျိုးများ၏ ရိုးရာ ပွဲလမ်းသဘင်များသည် မများပြားလှသော်လည်း အထူး စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရိုးရာ ပွဲလန်းများအနေဖြင့် နှစ်၏ အစောပိုင်းများတွင် ယဉ်ကျေးမှုများအရ အပြန်အလှန် ချစ်ခင်မှု ပြသည့်အနေဖြင့် ယောက္ခမများမှ - သား/သမက်များသို့ လည်းကောင်း၊ ဦးလေးများမှ - သား/တူ များ၊ တူများမှ ဦးလေးများ၊ သမက်များမှ- ယောက္ခမများ စသည်ဖြင့် အချင်းချင်း ထမင်း - ဟင်းများ ပို့ကြရသည်။ ၎င်းကို (Zinkuu nak) ဟု ခေါ်သည်။ ထိုသို့ ထမင်းဟင်းများ ပို့ကြရာတွင် တူ - သမက်များဘက်မှ ကြက်သားဟင်းများနှင့် ငှက်သားခြောက်၊ တောကြွက်သား ခြောက်များကိုသာ ပို့ရသည်။ ဝက်သားများ မပို့ရပေ။ ဝက်သားဟင်းများကိုမူ ဦးလေး - ယောက္ခမများ ဘက်မှသာ ပို့ကြရသည်။ ဤကာလသည် ပွဲလမ်းဟု မခေါ်ဆိုအပ်သော်လည်း အစဉ်အဆက် ထိန်းသိမ်းရသည့် ယဉ်ကျေးမှု တစ်ခုပင် ဖြစ်သည်။

ထင်ရှားသည့် ပွဲလမ်းများမှာ

  1. ခေါင်ထိပ်ပွဲ (Zuu suk poi)
  2. ကောက်သစ် စားရသည့် ရိုးရာခိုသီူး (Khotue poi) ပွဲ
  3. ကောက်သိမ်းပွဲ (Cangzawm-Hlaithar poi)
  4. ရွာလုံးကျွတ် ပါဝင်ရသည့် ရိုးရာ (Rashak poi) ပွဲ စသည်များ ဖြစ်သည်။

ခေါင်ယူထိပ်ပွဲ (Zuu Suk Poi)[ပြင်ဆင်ရန်]

ဒိုင် ရိုးရာ ပွဲလမ်းသဘင်များတွင် ရိုးရာ ခေါင်ထိပ်ပွဲသည် အထူးထင်ရှားသည့် ပွဲလမ်း တစ်ခုပင် ဖြစ်သည်။ ပွဲလမ်းများကို နှစ်စဉ် ကျင်းပကြရာတွင် တစ်နှစ်စာအတွက် တောင်ယာများ ခုတ်ထွန်ကြပြီးသည့် ဆောင်းရာသီ နှောင်းပိုင်း ကာလနှင့် နွေဦးပိုင်း ကာလများတွင် ကျင်းပလေ့ ရှိကြသည်။ ထိုကာလများသည် တောင်ယာ လုပ်ငန်း လုပ်ဆောင်ရန်၌ အလုပ်ပါးချိန် ဖြစ်၍ လည်းကောင်း၊ ရာသီဥတု သာယာသည့် ကာလများ ဖြစ်သောကြောင့် လည်းကောင်း ထိုကာလများတွင် ကျင်းပရခြင်း ဖြစ်သည်။

ခေါင်ရည်ထိပ်ပွဲ ကျင်းပရာတွင် ပြင်ဆင်မှုအနေဖြင့် ရွာတွင်းရှိ အကျယ်ဆုံး ကွင်းပြင်ကို ရွေးချယ်၍ သော်လည်းကောင်း၊ အဆင်ပြေလျင် ပွဲကျင်းပမည့်သူ၏ အိမ်ရှေ့ ကွင်းပြင်၌ သော်လည်းကောင်း ပြင်ဆင်ကြရသည်။ ထို့ပြင်ဆင်မှု အပိုင်းတွင် အဆင်အလာအရ မိဘဘိုးဘွားများ၏ ပြင်ဆင်ခဲ့ပြီးကြသည်များကို အသုံးပြုကြသည်များလည်း ရှိသကဲ့သို့ ပွဲလုပ်သူ၏ စိတ်ကြိုက် ပြင်ဆင်ကြသည်များလည်း ရှိသည်။ ပြင်ဆင်ရသည်ဆိုရာ၌ ကွင်းပြင်များတွင် ပွဲလာ ဧည့်ပရိသတ်များနှင့်အတူ ပျော်ရွှင်စွာ ကခုန် ဆင်နွဲနိုင်ရန်အတွက် ပြင်ဆင်ခြင်းကို ဆိုလိုသည်။

ခေါင်ရည် ထိပ်ပွဲများအတွက် လိုအပ်သည့် ပြင်ဆင်မှုများမှာ နွားနောက်များကို ချည်နိုင်ရန် Phawng ဟု ခေါ်သည့် နွားနောက် ချည်တိုင်များကို ပြင်ဆင် ပြုလုပ်ထားရသည်။ ထိုသို့ ပြုလုပ်ရာတွင် အင်္ဂလိပ်အက္ခရာ Y ပုံသဏ္ဌာန် သစ်သားတိုင်များကို ရှာဖြွေပြုလုပ်၍ အိမ်ရှိ ကွင်းပြင်တွင် စိုက်ကာ ပြင်ဆင်ရသည်။ ၎င်း၌ နွားနောက်များကို လေး - ငါးကောင် မှစ၍ တဆယ့်ငါးကောင်၊ အကောင် နှစ်ဆယ် စသည်ဖြင့် ချည်နှောင်၍ ပွဲများကို ကျင်းပကြရသည်။ တောထဲ တောင်ထဲမှ ပန်းများ၊ ရွက်လှ အပင်များ၊ Shai Hlip ဟုခေါ်သည့် အပင်များနှင့် အခြား ဖွယ်ဖွယ်ရာရာများဖြင့် ပွဲကျင်းပရမည့် ထိုကွင်းကို အလှဆင် ပြင်ဆင် ကြရသည်။

ပွဲအတွက် ပြင်ဆင်ရာတွင် နောက်ထပ် လိုအပ်ချက်မှာ ပွဲလုပ်မည့် အိမ်ရှင်၏ ပြင်ဆင်မှုအပိုင်း ဖြစ်သည်။ ခေါင်ထိပ်ပွဲ ကျင်းပနိုင်ရန်အတွက် ပွဲရှင်သည် နှစ်ရှည်လများ ပြင်ဆင်ထားရသည်။ ပွဲအတွက် ဆန်ရေ စပါးများ စုဆောင်းခြင်း၊ နွားနောက်များ စုဆောင်းရခြင်း၊ ပွဲကာလအတွင်း လိုအဓိက လိုအပ်သည့် ခေါင်ချက် ခြင်း၊ ခေါင်အိုးများ ဇကက ပြင်ဆင် ပြုလုပ်ခြင်းများ စသည်ဖြင့် ပြင်ဆင်မှုများကို ပြုလုပ်ကြရသည်။ နွားနောက်များ ပွဲနေ့များ၌ ရည်ရွယ်ထားသလောက် လုံလောက်မှု မရှိသေးပါက မိမိနှင့် နီးစက်ရာ ဆွေမျိုးသားခြင်းများနှင့် ပြင်ဆင် ညှိနှိုင်း ကြရသည်။ ထိုပွဲများသည် မိမိ၏ ပိုင်ဆိုင်မှု ချမ်းသာမှုများ ပြသည့် ပွဲလန်းများဖြစ်ရာ ကြွရောက်လာကြသည့် ဧည့်သည်တော်များ၏ ငြိုငြင်မှု၊ စိတ် မချမ်းသာမှုများ မဖြစ်ရလေအောင် အစစ ဟာကွက် မရှိရလေအောင် ပြင်ဆင်ကြရသည်။

ခေါင်ရည်ထိပ်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် သုံးရက်မှ တစ်ပတ် တိုင်အောင် ကျင်းပလေ့ ရှိကြသည်။ ပထမ ဆုံးရက်ကို ပွဲသို့ ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုရသောနေ့ Zin-Tun အဖြင့် သတ်မှတ်ကြပြီး အနယ်နယ်မှ ဧည့်သည့်တော်များ ထိုနေ့ရက်များတွင် အရောက် လာကြရသည်။ ဧည့်ကြိုသည့် ထိုနေ့များတွင် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ရွာအတွင်းရှိ လုံမပျိုများမှ ခေါင်ရည်ချိုများဖြင့် ဧည့်ခံ ကြိုဆိုကြရသည်။ ခေါင်ရည်၊ ကြက်သားများဖြင့် ဧည့်ခံရင်း အပြန်အလှန် လွမ်းဆွတ်မှုကို ပြသည့်အနေဖြင့် ရိုးရာ တေးသွားများဖြင့် သီဆို နှုတ်ဆက် ကြရသည်။ ဧည့်သည်တော်များအား မိမိ တည်းခိုရမည့် အိမ်နှင့် နေရာထိုင်ခင်းများကို လိုက်လံ ပို့ဆောင် ပေးကြရသည်။ ထိုနေ့သည် အကြို်နေ့ သဘောဖြစ်သဖြင့် ကခုန်ခြင်းများနှင့် အခြား အစီအစဉ်များ ပြုလုပ်ခြင်း မပြုလုပ်ရသေးချေ။ မိမိ၏ ယောင်းရင်းများ၊ သွေးသောက်များ (Patai) နှင့် အပြန်အလှန် နှုတ်ဆက်ခြင်း၊ ရှေးနှောင်းဖြစ်များ၊ အတွေ့ အကြုံများနှင့် အခြား ထွေရာလေးပါးများ ပြောကြရင်းဖြင့်သာ အချိန် ကုန်လွန်စေကြသည်။

ဒုတိယနေ့နှင့် ပွဲနေ့များတလျောက်တွင် ဧည့်သည်တော်များနှင့်အတူ ထုံးတမ်း စဉ်လာများအတိုင်း ပွဲများကို ပျော်ရွှင်စွာ ဆင်နွဲ ကခုန်ကြရသည်။ ပွဲဆင်ယင် ကျင်းပရာတွင် နွားနောက် ချည်တိုင်များနှင့် ပြင်ဆင်ထားသည့် ကွင်းပြင်များတွင် ခေါင်ရည်အိုးများအား ဆယ်လုံး၊ ဆယ့်ငါးလုံး၊ အလုံး နှစ်ဆယ်ထိတိုင် ခေါင်ထိပ်ကြပြီး ယူငင် သောက်သုံးကြသည်။ ကစား ခုန်စားခြင်းများနှင့် အခြား ပျော်ရွှင်ဖွယ်ရာများကို ဆင်နွဲကြရသည်။ ဝက်၊ ကြက် စသည်များနှင့် နွားနောက် ချည်တိုင်များတွင် ချည်နှောင်ထားသည့် နွားနောက်များကို လိုအပ်သလို သေနတ်၊ လေး - မျှား၊ လှံစသည်များဖြင့် သတ်ဖြတ်၍ ချက်ပြုတ် စားသုံးကြသည်။ ထိုပွဲ နေ့ရက်များတွင် အနယ်နယ်မှ လာကြသည့် ကာလသားများနှင့် လုံမပိုျများ၏ ရင်းနှီးမှုအတွက် အထူး မိဿဟာယ ဖွဲ့ခွင့်ရသည့် ပျော်ရွှင်ဖွယ် နေ့ရက်များပင် ဖြစ်တော့သည်။

ပွဲများ ကျင်းပ ပြုလုပ်ကြပြီးနောက် ပွဲနေ့များ၏ နောက်ဆုံးနေ့ အကြိုနေ့များတွင် Shel-Shawl ဟု ခေါ်သည့် ချည်တိုင်များတွင် ချည်နှောင်ထားသည့် နွားနောက်များကို သတ်ကြရသည်။ ထိုသို့ ဆိုရာ၌ ပွဲနေ့များတွင် ဟင်းအဖြင့် ချက်စားရုံ သက်သက်မဟုတ်ဘဲ နွားနောက်သားများကို ဧည့်သည်တော်များ မိမိဌာနေများသို့ အပြန် ယူသွားနိုင်ရန် သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ ထိုနေ့များတွင် ဧည့်သည်တော်များ မိမိနှင့် သင့်တော်ရာများ အတိုင်း ဝေမျှပေးကြရသည်။ မိမိ၏ ယောင်းရင်းမိတ်ဆွေများကို် နွားနောက်၏ ပေါင် တခုလုံး၊ လက်ဖျံသား တခု လုံး၊ နွားနောက် ခေါင်းများ စသည်ဖြင့် ဝေမျှ ပေးကြရသည်။ တချို့ နွားနောက် တစ်ကောင်လုံး ပေးရသည်များလည်း ရှိသည်။ ထိုသို့ ဝေငှရခြင်းအတွက် ထုံးစံအရ ထိုယောင်းရင်းများမှလည်း နောင်ပွဲလမ်း ကျင်းပ ကြသောအခါများတွင် ပြန်လည် ဝေခြမ်းပေးရသည်။

ပွဲ၏ နောက်ဆုံး ရက်များဖြစ်သည့် Zin-Phreng ခေါ် ပွဲနောက်ဆုံးရက်များတွင်ကား ကြွရောက်လာ ကြသည့် ဧည့်သည်တော်များမှာ ပွဲနေ့များ၌ ပျော်ရွင်ခဲ့ကြသလောက် တစ်ယောက်နှင့် တစ်ယောက် ခွဲခွာရမည် ကို တသသ ခံစား ကြရသည်။ နှုတ်ဆက်ပွဲအနေဖြင့် ပွဲစည်ကားစေရန်အလို့ငှာ ထိုပွဲလာ ဧည့်သည်တော်များထဲမှ အသက် အကြီးဆုံး သူများအား အပျော်သဘော နဘမ်းလုံး စေကြရသည်။ ထိုသို့ ပြုလုပ်ရာတွင် ထိခိုက် နာကျင်စေခြင်း မဖြစ်စေဘဲ အပျော်သက်သက် ပြုလုပ်ကြခြင်းသာ ဖြစ်သည်။ နောက် ၎င်းတို့ နှစ်ဦးအား ထိုက်တန်သည့် ဆုလဒ် လက်ဆောင်များကို ချီးမြှင့် ကြရသည်။ နောက်တစ်မျိုးမှာ ဧည့်သည်တော်များထဲမှ အသက် အကြီးဆုံးသူအား ပွဲအတွင်း၌ သတ်ဖြတ်ကြသည့် နွားနောက်များ၏ မစင်များကို ရှင်းလင်းစေကြသည်။ ဤသို ပြုလုပ်ရခြင်းမှာ တဘက်သားကို အနိုင်ကျင့်ခြင်း သဘောမဟုတ်ဘဲ ရိုးရာ ထုံးတမ်းအရပြုလုပ်ရခြင်း ဖြစ်ပြီး ထိုအဘိုးကြီး ဖြစ်သူအား အိမ်ပြန်လက်ဆောင်အဖြင့် လက်ဆောင်များ မြောက်မြားစွာ ပေးကြရသည်။ ထိုနောက်မှ အိမ်ရှင် ရွာသားများနှင့် ဧည့်သည်တော်များ ဝမ်းနည်း ဝမ်းသာဖြင့် ခွဲခွာကြရသည်။ ဤကား ခေါင်းယူထိပ်ပွဲ၏ နှစ်သက်ဖွယ် ဓလေ့ ထုံးတမ်းပင် ဖြစ်သည်။

ကောက်သစ်စားရသည့် ရိုးရာခိုသီူး (Khotue Poi) ပွဲ[ပြင်ဆင်ရန်]

ချင်း လူမျိုးများတွင် ပွဲလန်းသဘင်များ မြောက်မြားစွာ ရှိသည်။ ထိုပွဲများမှ ရိုးရာ ခေါ်သီူးပွဲမှာ အထူး အရေးပါလှသည့် ပွဲလန်း တစ်ခုပင် ဖြစ်သည်။ ခေါ်သီူးပွဲကို မျိုးနွယ်စုအလိုက် ကျင်းပကြရာ ကျင်းပရသည့် အချိန် တသမတ်တည်း မရှိဘဲ ကွဲပြားကြသည်။ ယခု ဖော်ပြသည့် ခေါ်သီူးပွဲသည် မတူပီမြို့နယ်နှင့် ဒိုင်ဒေသများ၌ နှစ်စဉ် ဇူလိုင်လ (၁၅) ရက်နေ့တွင် ကျင်းပကြရသည့် ရိုးရာပွဲလန်း တစ်ခုပင် ဖြစ်သည်။ ဤပွဲကို လက်ရှိ အသက်မွေး ဝမ်းကြောင်းအတွက် လုပ်ဆောင်ကြသည့် တောင်ယာ၏ အခြေအနေကို ကြည့်ပြီး ကျင်းပသည့် ကြီးမြတ်သည့် ပွဲမျိုးပင် ဖြစ်သည်။ ချင်း လူမျိုးများသည် အဓိကအားဖြင့် တောင်ယာ လုပ်ငန်းဖြင့်သာ အသက် မွေးဝမ်းကြောင်းခြင်း ပြုကြသည်ဖြစ်ရာ တောင်ယာမှ အသီးအနှံများအား အခွင့်အခါသင့်၍ စတင် စားသုံးနိုင်ရန်အတွက် ရိုးရာ ကိုးကွယ်သည့် နတ်များ (တောင်ယာကို ကောင်းကြီး ပေးသည့် နတ်မင်းများ) အား ကျေးဇူး ချီးမွမ်းသည့် ပွဲပင်ဖြစ်သည်။ ထို့ကြောင့် ဤပွဲများတွင် တောင်ယာ၏ အခြေအနေကို ကြည့်ပြီး ကျင်းပကြခြင်း ဖြစ်သည်။

တောင်ယာလုပ်ငန်း လုပ်ဆောင်ကြသည့်အခါ ဆောင်းဦးပိုင်း (ဒီဇင်ဘာ - ဇန္နဝါရီလများ) တွင် တောင် ယာများကို စတင်ခုတ်ကြရပြီး မတ်လနှင့် ဧပြီလများတွင် ၎င်းတောင်ယာများကို မီးရှို့ကြရသည်။ ထိုမတ်လနှင့် ဧပြီလများတွင်ပင် တောင်ယာ စပါးနှင့် အခြား မျိုးစေ့များကို မျိုးချ ကြရသည်။ မေလ နှောင်းပိုင်းများတွင်မူ ၎င်းချထားသည့် မျိုးစေ့များမှ အပင်များ အညောင့်ထွက် ကြီးထွားလာရာ တောင်ယာ ပေါင်းရှင်းခြင်းကိုလည်း စတင် ပြုလုပ်လာကြသည်။ ဇူလိုင်လများတွင် ပြောင်း၊ ဆပ်နှင့် အခြား ဟင်းသီးဟင်ရွက်များ ခူးယူ စားသောက်ရန် သင့်လာပြီ ဖြစ်သည်။ ထိုသို့ သီးနှံများ ခူးယူစားသောက်ရန် အခွင့်အခါ သင့်ပြီဖြစ်သော်လည်း တောင်ယာရှင်များ အနေဖြင့် ထုံးတမ်းစဉ်လာအရ ခေါ်သီူးပွဲများ မကျင်းပမီ ၎င်းဟင်းသီးဟင်းရွက်များကို ခူးယူ စားသောက်ခြင်းများ မပြုလုပ်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် ကံကောင်း - ကျန်းမာခြင်း ဆုပေးသည့် တန်ခိုးရှင်ထံ၌ ဆုတောင်း အပ်နှံခြင်း မပြုရသေးသောကြောင့်ပင် ဖြစ်သည်။ ဆိုလိုရင်းမှာ မိမိလုပ်ဆောင်နေသည့် တောင်ယာအတွက် ကံကောင်း၍ သီးနှံအထွက် တိုးစေရန် ကောင်းကြီး တောင်းခံခြင်းပင် ဖြစ်သည်။ ခိုသီူးပွဲ မကျင်းပမီ အချိန်များတွင် တောင်ယာများ၌ မိမိ စိုက်ပြိုးခြင်းမဟုတ်ဘဲ အလိုအလျောက် ပေါက်သည့် ဟင်းသီးဟင်းရွက်များကိုသာ စားသုံးကြရသည်။

ရှေးယခင်များ၌ ဤပွဲများကို နေ့ရက် အတိအကျ သတ်မှတ်ခြင်း မရှိခဲ့ပေ။ သို့သော် နှစ်စဉ် တောင်ယာ၏ အခြေအနေအရ ကျင်းပလေ့ရှိကြရာ အများအားဖြင့် ဇူလိုင်လတွင် ကျင်းပတတ်ကြသဖြင့် လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ကျော်ခန့်မှ စ၍ ဇူလိုင်လ (၁၅)ရက်နေ့ကို် ခေါ်သီူးပွဲ ကျင်းပရာ ရက်မြတ်အဖြင့် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ သီးနှံများ၌ အစောပိုင်း စားရသည့် သီးနှံနှင့် နှောင်းပိုင်းမှ စားကြရသည့် သီးနှံဟူ၍ရှိရာ ပွဲကျင်းပရသည့် နေ့ရက်များ မတူညီတတ်ကြပေ။

ခေါ်သီူးပွဲ ကျင်းပရာတွင် နှစ်ရက်ခွဲ ကျင်းပကြသည်။ ပထမနေ့များတွင် ပြင်ဆင်ရသည့် နေ့ဖြစ်ပြီး နက်ဖြန်နေ့အတွက် အစစအရာရာ ပြင်ဆင်ကြရသည်။ ဝက်၊ ကြက်၊ ဆိတ်၊ ခွေးနှင့် ခေါင်ရည်အိုးများကို ပွဲနေ့များအတွက် အသင့်ပြင်ကြရသည်။ ပွဲနေ့ ရောက်သောအခါ အိမ်ထောင်ရှင်မမှ နံနက်စောစော မိုးမလင်းမီ ပြင်ဆင်ထားသည်များကို တောင်ယာသို့ ယူဆောင်သွားရသည်။ တောင်ယာ ရောက်သောအခါ တဲငယ်လေး (နတ်စင်) ထိုးပြီး ထိုတဲငယ်၌ ယူဆောင်လာသည့် တိရစ္ဆာန်များကို သတ်ကာ ၎င်း၏ အသွေးများကို ဟင်းသီးဟင်းရွက်များနှင့် စပါးပင်များ ပေါ်သို့ ဖျန်းပေးရသည်။ ယဇ်ပူဇော်ခြင်း သဘောပင် ဖြစ်သည်။ သတ်ထားသည့် ယဇ်ကောင်၏ အမွှေးအမျှင်များကို မီးရှို့၍သာ သန့်စင်ရသည်။ ၎င်းယဇ်ကောင် အမွှေးများရှို့သည့် မီးခိုးငွေ့များ ရမှသာ နတ်မင်းများမှ ကောင်းကြီးပေးသည် ဟူ၏။ တောင်ယာ အထွက် တိုးနိုင်ရန်အတွက် ဆုမွန် ကောင်းများ တောင်းသည်။ ထို့နောက်မှ ဟင်းသီး ဟင်းရွက်များကို ခူးယူရသည်။ ဆောင်ရွက် ဖွယ်ရာများ ဆောင်ရွက်ပြီးသည်နှင့် သတ်ထားသည့် တိရစ္ဆာန်၏ အသားများကို ပိန်းဥရွက်ဖြင့် ထုပ်လျက် စပါးရွက် အနည်းငယ် ဆွတ်ကာ အိမ်သို့ ယူဆောင်သွားရသည်။

အိမ်၌ ကျန်ရစ်ခဲ့သော အိမ်ထောင်ရှင် အမျိုးသားကြီးမှလည်း နံနက်စောစော ထပြီး ခေါင်ရည်အိုးများနှင့် လိုအပ်သည့် ပြင်ဆင်ဖွယ် များကို ပြင်ဆင် ထားရသည်။ နောက် မောင်းငယ်လေးများ၊ ဗုံနှင့် အခြား တူရိယာ များတီးမှုတ်ကာ ကခုန်နှင့်၏။ တောင်ယာမှ ရောက်ရှိလာသည့် အိမ်ထောင်ရှင်မမှလည်း မိမိ ယူဆောင်လာသည့် ဟင်းသီးဟင်းရွက်နှင့် အသား - ငါးများကို ချက်ပြုတ်ထားရသည်။ ထမင်းဟင်းများ ကျက်ပြီးသည်နှင့် ချင်း (ဂျင်း) ထောင်းများဖြင့် နယ်ကာ အချင်းချင်း ထမင်း ခွံ့ကြွေ (Buhbai) ခြင်းများဖြင့် ပျော်ရွှင်ကြရသည်။ ထမင်း - ဟင်းများကို အိမ်နီးချင်းများ အချင်းချင်း အပြန်အလှန် ပို့ကြရသည်။ ဤသို့ဖြင့် ဟင်းအမယ်စုံ စားရသည့် ပွဲဖြစ်၍ ပျော်ရွွှင်ဖွယ် ကောင်းလှသည်။ ထိုပွဲနေ့တွင် အိမ်တိုင်းလိုလို ခေါင်ထိပ်ကြသဖြင့် တအိမ်တက်ဆင်း မိဿဟာယ ပြုသည့်အနေဖြင့် လိုက်သောက်ရသည်။ ကာလသားများ၏ အားစမ်းခြင်းများ သော်လည်းကောင်း၊ ရပ်ရွာတွင်းရှိ လုံမပျိုများနှင့်အတူ ကခုန် - ကဗျာရွက်ဆို ကြခြင်းများစသည်ဖြင့် ထိုပွဲကို ကျင်းပကြသည်။

ရှေးယခင်က တိုင်းတပါးသားများ ဝင်ရောက် သိမ်းပိုက်ခြင်း၊ အစိုးရ အာဏာစက် သက်ရောက်ခြင်းများ မရှိခဲ့သော်လည်း နှစ်သက်ဖွယ် ကောင်းလှသည့် ယဉ်ကျေးမှုများနှင့် ထုံးတမ်းများသည် လူထု၏ ကိုယ်ကျင့် တရားများကို ကောင်းစွာ ထိန်းကျောင်း ပေးလေ့ရှိသည်။ ထိုသို့် အစဉ်အလာဖြင့် နေထိုင် ကျင့်ကြံခဲ့သည့် လေးစားဖွယ် ဓလေ့များကို ခေတ်လူငယ်များ အနေဖြင့် ဆက်လက်၍ ထိန်းသိမ်းသင့်ပေသည်။

ကောက်သိမ်းပွဲ (Cangzawm-Hlaithar Poi)[ပြင်ဆင်ရန်]

ရိုးရာ ကောက်သိမ်းပွဲများကို် နှစ်စဉ် မိုးနှောင်း ကာလများနှင့် ဆောင်းဦး ကာလများတွင် ကျင်းပလေ့ ရှိကြသည်။ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ နှစ်ဟောင်း၌ ပင်ပန်းကြီးစွာ လုပ်ဆောင်ခဲ့သည့် တောင်ယာလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးကြသဖြင့် တောင်ယာမှ သီးနှံများအထွက် ကောင်းစေရန် ကောင်းကြီးများ ပေးသည့် နတ်မင်း (Khawhi-Vanrai) အား ကျေးဇူးတင် ပူဇော်ခြင်း၊ အောင်ပွဲခံခြင်း ပင်ဖြစ်သည်။

နှစ်ဟောင်းတွင် တောင်ယာ လုပ်ငန်းများကို် ပင်ပန်းကြီးစွာ လုပ်ဆောင်ခဲ့ကြပြီး လုပ်ငန်းပြီးဆုံးသည့် တောင်ယာစပါးများ ရိတ်သိမ်းပြီးသောအခါ ထိုတောင်ယာမှ ထွက်သည့် စပါးများကို စုပေါင်း စားသုံးနိုင်ရန် ကျင်းပရခြင်းပင် ဖြစ်သည်။ ပွဲ ကျင်းပနိုင်ရန်အတွက် ကျေးရွာတွင်းရှိ အမျိုးသားများ အားလုံး တောထဲသို့ ထွက်ကြကာ အမဲလိုက်ကြရသည်။ တစ်ရက်၊ နှစ်ရက်နှင့် လိုအပ်လျင် သုံး - လေးရက် စသည်ဖြင့် အမဲလိုက်ကြရသည်။ ထို အချိန်များတွင် ရွာ၌ ကျန်ရစ်ခဲ့ကြသည့် အမျိုးသမီးထုနှင့် သက်ကြီးရွယ်အိုများမှလည်း လိုအပ်မည့် ဟင်းသီး ဟင်းရွက်များကို ရှာဖွေထားကြရသည်။

တောထဲသို့် အမဲလိုက်ထွက်သူများ၊ ဟင်းသီးဟင်းရွက် ရှာသူများ လိုအပ်သလောက် စုမိကြသောအခါ ကောက်သိမ်းပွဲကို ကျင်းပ ပြုလုပ်ကြသည်။ ထိုပွဲနေ့များတွင် မိမိတောင်ယာမှ ထွက်ရှိသည့် ဖွယ်ဖွယ်ရာရာများကို အိမ်ထောင်ရှင်များမှ ကိုယ်စီ ချက်ပြုတ်ခဲ့ကြပြီး သတ်မှတ်ထားသည့် နေရာသို့ ယူဆောင်လာ ကြရသည်။ အမျိုးသားများ ထုမှလည်း အမဲလိုက်ရာမှ ရရှိလာကြသည့် သားကောင်များကို ချက်ပြုတ်ထားကြပြီး ရွာလူထု စုရုံး လာကြသောအခါ ဝေမျှ ပေးကြရပြီး ပျော်ရွှင်စွာ စားသုံးကြရသည်။ ထိုနေ့မျိုးတွင် ထမင်းဟင်းများကို မိမိ နေအိမ်များ၌ မစားကြရပေ။ ချက်ပြုတ်ထားသမျှကို ပွဲစုရပ်နေရသို့ အားလုံး ယူဆောင်လာကြပြီး စားသုံးကြရသဖြင့် ကျေးလက်ဓလေ့၏ ပျော်ရွှင်ဖွယ်ကောင်းသည့် နေ့ထူးနေ့ရက် တနေ့ပင်ဖြစ်သည်။

တောင်ယာ လုပ်ငန်းများဖြင့် အသက် မွေးဝမ်းကြောင်းရသည့် တောင်ပေါ်သားများအဖို့ ထိုပွဲနေ့သည် နှစ်ဟောင်း (တောင်ယာဟောင်း) ကို နှုတ်ဆက်၍ နှစ်သစ်(တောင်ယာမြေသစ်) အတွက် ပြင်ဆင်ရသည့် နှစ်သစ်ကူးပွဲ သဘောပင်ဖြစ်သည်။ ကောက်သိမ်းပွဲများ ကျင်းပပြီးသည်နှင့် ရွာသူရွာသားများအတွက် လုပ်ဆောင်ရမည့် အလုပ် ထူးထူးထွေထွေ မရှိသဖြင့် အလုပ်ပါးချိန်၊ အနားယူရသည့် အချိန်ဖြစ်သည်။ ရပ်ရွာလူကြီးများ၊ သက်ကြီးရွယ်အိုများမှ နေ၍ ထိုကာလများတွင် နောင်နှစ် လုပ်ဆောင်ရမည့် တောင်ယာမြေများအတွက် ကောင်းခြင်း၊ ဆိုးခြင်း စသည်များကို နမိတ် ဗေဒင်များ၊ ကြက်ဥဗေဒင်များ၊ သစ်ကိုင်းတစ်မျိုးကို ယူ၍ လှီးပြီး ကြည့်ရသည့် ရိုးရာဗေဒင် စသည်များဖြင့် နမိတ်များ ယူခြင်းများ ပြုလုပ်ကြသည်။ အကယ်၍ နောင်နှစ်အတွက် နမိတ် မကောင်းဟု ယူဆရလျင် တောစောင့်နတ်၊ တောင်စောင့်နတ်များအား ယဇ်ပူဇော်ပသခြင်း၊ ကောင်းမှုများ ပြုလုပ်၍ ပူဇော်ပသခြင်းများ စသည်ဖြင့် လိုအပ်သည်များကို လုပ်ဆောင်ကြရသည်။

ရွာလုံးကျွတ် ပါဝင်ရသည့် ရိုးရာ ငါးဖမ်း (Rasak Poi) ပွဲ[ပြင်ဆင်ရန်]

တောင်ပေါ်ရိုးရာ ပွဲများတွင် Rasak ပွဲသည်လည်း တစ်ခု အပါအဝင်ပင် ဖြစ်သည်။ ဤပွဲများကို နှစ်စဉ် နွေဦးကာလများတွင် ကျင်းပလေ့ ရှိကြသည်။ အဓိကအားဖြင့် တောင်ယာလုပ်ငန်းများ အလုပ်ပါးချိန်များတွင် ကျင်းပရခြင်း ဖြစ်သည်။ ထိုကာလများသည် ရသီဥတု ပူလာသည်က တစ်ကြောင်း၊ အလုပ်များ ပါးနေသည်က တစ်ကြောင်း ကျေးရွာ နေလူထုများအနေဖြင့် ပိုမို၍ အချင်းချင်း ချစ်ခင်မှုရှိစေရန် အထူး ပျော်ပွဲသဘောဖြင့် ကျင်းပ ရခြင်းပင် ဖြစ်သည်။ ရွာလူထု တရပ်လုံး ပါဝင်ကြရသဖြင့် အထူး ပျော်ရွှင်ဖွယ်ကောင်းသည့် ပျော်ပွဲတစ်ခုပင် ဖြစ်သည်။

ပွဲ ကျင်းပရာတွင် ရွာအနီးရှိ ကီလောင်းချောင်းတွင် ချောင်းရေ စီးကြောင်း ပိတ်၍ ငါးဖမ်းရသည့် ငါးဖမ်းပွဲကို ဆိုလိုခြင်းပင် ဖြစ်သည်။ ကျင်းပသည့် ပုံစံအား ဖော်ပြရလျှင် ချောင်းရေ စီးကြောင်းများသည် မိုးတွင်းကာလများတွင် ရေစီးကြောင်းများ ဖြာ၍ စီးဆင်းကြသည်။ ထို ရေစီးကြောင်းများသည် မြစ်ကြောင်းများစွာ ဖြာထွက်လျက်ရှိရာ ထိုရေ စီးကြောင်းများသည် နွေကာလများတွင် တချို့မြစ်ချောင်းများ ခမ်းခြောက် တတ်ကြသည်။ ထို ခမ်းခြောက်သည့် မြစ်ကြောင်း အဟောင်းတွင်းသို့ စီးဆင်းနေသည့် ချောင်းရေများကို လွှဲပြောင်းပေးရသည်။ ထိုအခါ တစ်ဘက်ရှိ ချောင်းရေမျာ ခမ်းခြောက်သွားပြီး ထိုခမ်းခြောက်သည့် ရေစီးကြောင်းထဲမှ ငါးများကို ဆယ်ယူ ဖမ်းဆီးကြရသည်။ တချို့ အိုင်ထွန်းသည့် နေရာများတွင်ကား ငါးများ အလွယ်တကူ ဖမ်းယူ၍ မရရာ တောထဲ၌ အလိုအလျောက်ပေါက်သည့် နွယ်ပင်ကြီးတစ်မျိုး (Ruu) ကို ခုတ်ယူ၍ ရေအိုင်ထဲသို့် အမြုပ်များ ထွက်သည် အထိ ထုထောင်း ကြရသည်။ အမြုပ်များ ထွက်သည်နှင့် ရေထဲရှိ ငါးများ မူးမော်လာကာ ထိုအခါမှသာ အလွယ်တကူ ဖမ်းယူ၍ ရသည်။

ငါးများဖမ်းဆီးကြရာတွင် ဝါးများဖြင့် မြုန်းများ (Uung)၊ ငါးဖမ်းရန်အတွက် ဂုန်လျှော်ဖြင့် ယက်လုပ်သည့် (sheuh)၊ ပိုက်ကွန် စသည်များကို အသုံးပြုကာ ငါးများကို ဖမ်းကြရသည်။ ထိုသို့ဖြင့် အန္တရာယ် ကင်းအောင် ဖမ်းကြရသဖြင့် မလိုအပ်သည့် ငါးကလေးများ၊ မဖမ်းမိသည့် ငါးများ ပျက်ဆီးသွားခြင်း မဖြစ်ဘဲ Ruu အမူးပြေသောအခါ ပြန်လည် ရှင်သန်ကြသည်။ ထို့ကြောင့် ရေသတ္တဝါများအတွက် ထိခိုက်မှု မဖြစ်လှပေ။ (နောင်များတွင်မူကား ထုံးရေများဖြင့် လည်းကောင်း၊ မိုင်းခွဲခြင်းများဖြင့် လည်းကောင်း ငါးများ ဖမ်းဆီးလာကြရာ ငါးများနှင့် ရေသတ္တဝါများအတွက် ထိခိုက်မှုများ ရှိလာသည်။) လူထု တရပ်လုံး၏ ဖမ်းမိသမျှ ငါးများကို တနေရာတည်းတွင် စုပုံထားကြကာ ရွာအတွင်း အသက်ကြီးသူမှ လေလွန့်မှု မရှိအောင် စောင့်ရှောက်ထားရသည်။ ငါးများ ဖမ်းဆီးကြပြီးနောက် ရရှိသမျှ ငါးများကို ကျေးရွာ လူကြီးမှ ဖြစ်စေ၊ သက်ကြီးရွယ်အိုများမှ ဖြစ်စေ လူထုအား အညီအမျှ ခွဲဝေပေးရသည်။ ထိုနောက် တနေ့တာ၏ ငါးဖမ်ခြင်းအလုပ် အပြီးသတ် ကြရသည်။ ဤပွဲသည် ကျေးရွာတွင်းရှိ ကာလသားများ နှင့် လုံမပျို များတို့၏ ပျော်ရွှင်ဖွယ်နေ့များဖြစ်သလို မိမိ၏ အစွမ်းအစများ ထုတ်ဖော်ရသည့် ပွဲလည်း ဖြစ်သည်။

ငါးဖမ်းပွဲပြီး၍ ညနေပိုင်းတွင် ရေမိုးချိုး ကြပြီး အပျို လူပျို လှည့်ခြင်းများ ပြုလုပ်ကြသည်။ နေ့ခင်း၌ ပင်ပန်းထားသည်များကို ညပိုင်းတွင် ရွာတွင်းရှိ လုံမပျို များမှ နှိပ်နယ်ခြင်းများ ပြုလုပ်ပေးကြသည်။ လူပျို လှည့်သည်ဟု ဆိုရာ၌ ရိုင်းစိုင်းသည့် သဘောများနှင့် မဟုတ်ဘဲ ရင်းနှီးခင်မင်မှု အနေဖြင့်သာ ဆက်ဆံကြရသည်။ ခေါင်ရည်ထိပ်ခြင်း၊ မီးပုံဖိုကြပြီး ဝိုင်းဖွဲ့ကြခြင်းများ ပြုလုပ်ခြင်းဖြင့် ထိုညကို ကုန်လွန်စေကြသည်။ ဤကား တောင်ပေါ်ဒေသ၏ နှစ်သက်ဖွယ် အလှတစ်ပါးဖြစ်ပြီး ဒိုင်ရိုးရာ ယဉ်ကျေးမှု ပွဲလန်းတစ်ခုပင် ဖြစ်သည်။

ရိုးရာခေါင်ရည်[ပြင်ဆင်ရန်]

တောင်ပေါ်နေ တိုင်းရင်းသားများ၌ ရိုးရာ ယဉ်ကျေးမှုများနှင့် အသုံးအဆောင်၊ ရိုးရာ အစားအစာများ ကိုယ်စီ ရှိကြသည်။ အထူးသဖြင့် တောင်ပေါ်ဒေသများ၏ ရိုးရာ ယဉ်ကျေးမှုများတွင် တောင်ပေါ် ရိုးရာခေါင်ရည် ထင်ရှားသည်။ ချင်း ခေါင်ရည်၊ ကချင် ခေါင်ရည်၊ ရှမ်း ခေါင်ရည်၊ အင်းလေး ခေါင်ရည်၊ ကယား ခေါင်ရည် စသည်ဖြင့် တောင်ပေါ်နေ တိုင်းရင်းသားတိုင်းတွင် ရိုးရာ ခေါင်ရည် ကိုယ်စီ ရှိကြသည်။ တောင်ပေါ် ခေါင်ရည်များသည် တောင်ပေါ်ဒေသများ၏ ထင်ရှားသော ယဉ်ကျေးမှု ပြယုတ်တစ်ခုပင် ဖြစ်သည်။

ခေါင်ရည်များကို ပြုလုပ်ရာတွင် တစ်ခုနှင့် တစ်ခု မတူညီကြပေ။ ကချင် ခေါင်ရည်နှင့် ရှမ်း ခေါင်ရည်များကို ဆန်၊ ထမင်းများဖြင့် ပြုလုပ်ကြပြီး လှော်စာ ဆန်ဆန်ဖြစ်သည်။ ချင်းတောင်ဒေသ၌ ခေါင်ရည် ပြုလုပ်ကြပုံမှာ တခြားသော ပုံစံမျိုးနှင့် မတူဘဲ တမူထူးခြားသည်။ ချင်းတောင် ခေါင်ရည်ကို ဆပ်နီများနှင့် ပြောင်းဖူးများဖြင့် ချက်၍ ပြုလုပ် ကြသည်။ ပြုလုပ်ပုံမှာ ဆပ်နီ သို့မဟုတ် ပြောင်းများကို ချက်၍ နှပ်ထားရသည်။ ထိုနှပ်ထားသော ဆပ်နီများကို အအေး ခံထားရပြီး အေးသောအခါ တဆေးများ (Tawl) ကို လိုအပ်သလို ရေမွှေပေးရသည်။ သမအောင် မွှေပြီး ပြင်ဆင်ထားသည့် ခေါင်အိုးများတွင် သိပ်ထားရသည်။ ခေါင်အိုးဟု ဆိုရာ၌ မြေအိုး တစ်မျိုးဖြစ်ပြီး ခေါင်ရေများ ထည့်ရန် သီးသန့်စီရင် ပြုလုပ်ရသည့် မြေအိုး တမျိုးဖြစ်သည်။

ပြင်ဆင်ထားသည့် ဆပ်နီများ၊ ပြောင်းဖူးများကို ခေါင်အိုးထဲ ထည့်ပြီးနောက် လေ အလုံပိတ်ကာ သိပ်ထားရသည်။ ထိုသိပ်ထားသည့် ရက်မှစ၍ တစ်ပါတ်၊ နှစ်ပါတ် စသည်ဖြင့် မိမိလိုအပ်သည့် ကာလအတိုင်းတာ တခုအထိ သိပ်ထားရသည်။ တစ်ပါတ်ခန့် မှစ၍ စတင် သောက်သုံးနိုင်သည်။ ကြာလေ ကောင်းလေ ဖြစ်သောကြောင့် တစ် မှစ၍ နှစ်ချီ၍ပင် သိပ်ထားလေ့ ရှိကြသည်။ တချို့မှာ ဆယ်နှစ်၊ အနှစ် နှစ်ဆယ် တိုင်အောင်ပင် သိပ် ထားကြသည်များလည်း ရှိသည်။

ရိုးရာ ခေါင်ရည်များသည် ဆေးဝါးများအဖြင့်သာ သုံးစွဲခဲ့ကြသည်။ သို့သော် တခါတရံ အလွန်အကျွံ သောက်သုံးမိပါက မူးတတ်သဖြင့် ခေါင်ရည်ကို သေရည်အသွင် သောက်သုံးကြသည်များလည်း ရှိသည်။ ရှေးဘိုးဘေးတို့သည် တောင်ယာအလုပ်ကိုသာ နေ့စဉ်လုပ်ကိုင်ကြရာ ပင်ပန်းကြရသည်။ ထိုအခါ မိမိအတွက် သီးသန့် စီမံပြုလုပ်ထားသည့် ခေါင်ရည်များကို ထိပ်ကြရင်း ညနေခင်းများ၌ အမောဖြေသည့်အနေဖြင့် သောက်သုံးကြသည်။ ထိုအခါ အားအင်များ ပြန်လည် ပြည့်ဖြိုးလာပြီး နောက်နေ့အတွက် အင်သစ် အားသစ်ဖြင့် တောင်ယာအလုပ်ကို ဆက်လက် လုပ်ကိုင်ကြရသည်။ ကျန်းမာရေးအတွက် အလွန် သင့်လျော် ကောင်းမွန်ပြီး အားဖြည့်သည့် အဟာရ တစ်မျိုးပင်ဖြစ်သည်။ ရှေးဘိုးဘေးများ၏ အသက်ရှည် ကျန်းမာခြင်း အကြောင်းရင်းများတွင် ထိုခေါင်ရည် သောက်သုံးခြင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။

လေလုံပိတ်၍ သိပ်ထားသည့် ခေါင်အိုးကို ထိပ်ရာတွင် အလုံ ပိတ်ထားသည့် ခေါင်အိုးအဖုံးကို ဖွင့်ပြီး ရေနွေး၊ သို့မဟုတ် ရေသတ်များဖြင့် စိမ်ထားရသည်။ ထိုသို့ နာရီဝက်၊ တစ်နာရီခန့် စိမ်ပြီးနောက် ပလူတံခေါ်သည့် (Paitawp) ဝါးဖြင့် ပြုလုပ်ထားသော စုပ်တံဖြင့် စုပ်ယူ၍ သောက်သုံးရသည်။ သို့တည်းမဟုတ် အရည်ငင်၍ သောက်သုံးလိုလျင် ထိုပလူတံမှ နေ၍ ဗူးသီးခြောက်ဖြင့် ပြုလုပ်ထားသည့် ကရိယာ (Cuemm) ဖြင့် ယူငင်ကာ ခေါင်ရည်သောက်ရန် ပြုလုပ်ထားသည့် ဝါးကျည်တောက် (Rawtleng) ဖြင့် ထည့်၍ ပျော်ရွှင်စွာ သောက်သုံး ကြရသည်။

နောင်အခါများတွင် ထိုခေါင်ရည်ကို မူးယစ်ဆေးဝါးအဖြင့် လွဲမှား၍ သောက်သုံးလာကြရာ မကောင်းမှု အသွင် မြင်လာကြသည်။ ခရစ်ယာန် ဘာသာတရားများ ပြန့်ပွားလာသောအခါ ခေါင်ရည်များကို မကောင်းဆိုးဝါးပမာ တော်လှန်လာကြသည်။ ယဉ်ကျေးမှု ထုံးတမ်းတစ်ခုဖြစ်သည့် ခေါင်ရည်သည် ယခုအခါတွင် အယူဝါဒသစ်များကြောင့် ယနေ့ မျက်မှောက် ကာလများတွင် ဆိတ်သုဉ်း ပျောက်ကွယ်လုနီးပင် ဖြစ်တော့သည်။ ထို့ကြောင့် ယနေ့ခေတ် လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အသွင်ဖြင့် ဆက်လက်၍ ထိန်းသိမ်းရန် သင့်လှပေသည်။

ဟာလ်တူး (Haltu) ကျေးရွာ၏ ကံကြမ္မာနှင့် ရွာတည်နေရာများ ရွှေ့ပြောင်းခြင်း[ပြင်ဆင်ရန်]

လောင်ဟွေးမှ ဟာတူး[ပြင်ဆင်ရန်]

ဟာလ်တူရွာ၏ စတင်ဖြစ်တည်လာမှုကို ရှေ့အခန်းများ၌ ခေါ်ပြခဲ့ပြီး ဖြစ်သည်။ စတင်တည်ခဲ့သည့် ရွာတည်နေရာမှ ဟာလ်တူးရွာအထိ ပြောင်းလဲမှုများ၊ ကံကြမ္မာ အလှည့်အပြောင်းများ မြောက်မြားစွာဖြင့် ရင်ဆိုင် ကြုံတွေ့ရသည်။ သွီစား - လောင်ဟွေးဒေသ၌ နေထိုင်စဉ်၌ပင် နယ်ခြားများ၏ စစ်ပြုခြင်း ဘေးရန်များ၊ တောရိုင်း တိရစ္ဆာန်များ၏ ရန်များဖြင့် မျိုးစုံ ရင်ဆိုင်ခဲ့ကြရသည်။

ဟာလ်တူးရွာ၏ ဖခင်ကြီး Pacum သည် ယံပါးပေါလ်ကို စပါးအမှတ်ဖြင့် လိုက်သွားရင်း လောင်ဟွေး ဒေသ၌ နေထိုင်ခဲ့သည်။ ထိုသို့ဖြင့် နှစ်ပေါင်းကြာလာသောအခါ လူဦးရေ ထူထပ်များပြားလာပြီး စည်ကားပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ အီမ်သဲန်း (Immteng) တောင်ကြော၌ နေထိုင်ခဲ့ကြပြီးနောက် ကာလအတန် ကြာသောအခါ သဘာဝဘေးများနှင့် တခြားနယ်ခြားများ၏ နှောက်ယှက်မှုများများစွာ ရင်ဆိုင်ခဲ့ကြရသည်။ ထိုသို့ သော ဘေးအန္တရာယ်များ ထပ်မံ၍ မရင်ဆိုင်လိုသဖြင့် ဘေးကင်းရာသို့ အကြိမ်ကြိမ် ပြောင်းရွှေ့ကြရသည်။ ရွာ၏ တည်နေရများ တနေရာမှ တနေရာသို့ ပြောင်းရွှေ့ကြရင်း နောင်တွင် ယခုလက်ရှိ နေထိုင်ကြသည့် ဟာလ်တူးရွာတည်နေရာတွင် ရောက်ရှိ လာခဲ့ကြရသည်။

လောင်ဟွေးဒေသ၌ နေထိုင်ခဲ့ကြစဉ်တွင် တောရိုင်း တိရစ္ဆာန်ဖြစ်သည့် ခြင်္သေ့ (Samthuen) ရန်ကို ရင်ဆိုင်ခဲ့ကြရသကဲ့သို့ စဲမ် (Cem) တို့၏ စစ်ပြုခြင်းဒဏ်ကိုလည်း အကြိမ်ပေါင်း များစွာ ရင်ဆိုင်ခဲ့ကြရသည်။ စစ်ဘေးကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ကြရသော်လည်း အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်များ ရှိသကဲ့သို့ ခံရသည်များလည်း ရှိသည်။ စဲမ် (Cem) ရန်များ ဟုဆိုရာ၌ ဘိုးဘေးတို့၏ နှုတ်သမိုင်းများအရ ယခု ချင်းပြည်မြောက်ပိုင်းဒေသရှိ Senthang မျိုးနွယ်စု ဟူ၍လည်ကောင်း၊ ဟားခါးမြို့နယ်ရှိ Surkhua-Zokhua ဒေသများရှိ မျိုးနွယ်စုများ ဟူ၍ လည်းကောင်း ဖော်ပြလေ့ ရှိကြသည်။

လောင်းဟွေးဒေသတွင် Cem များ၏ စစ်ပြုခြင်းကို ငါးကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ကြရသည်။ ထိုသို့ စစ်ဘေး ရင်ဆိုင်ရဖန် များလာသောအခါ ရွာလူထုများ၏ ငြိမ်းချမ်းမှုကို နောင့်ယှက်လွန်းသဖြင့် လူထု ဆန္ဒအရ လောင်ဟွေးဒေသမှ နေ၍ နောင်ပါန်အီမ် (Nawng Pang Im)၊ ဟောန်သာန်အီမ်း (Hontang Imm) ဒေသများသို့ ပြောင်းရွှေ့ နေထိုင်လာခဲ့ ကြရသည်။

နောင်ပါန်း - ဟောန်သာန် ဒေသများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသောအခါ၌လည်း Cem ၏ စစ်ဘေး ဒဏ်များမှ လွတ်မြောက် ကင်းရှင်းခြင်းမရှိဘဲ ကြုံတွေ့မြဲ ကြုံတွေ့ ကြရသည်။ လောင်ဟွေးဒေသ၌ စစ်မက်ဘေး ငါးကြိမ် ရင်ဆိုင်ခဲ့ရသကဲ့သို့ နောင်ပန် - ဟောန်သာန်ဒေသတွင်လည်း စစ်ဘေးဒဏ်ကို လေးကြိမ်မျှ ရင်ဆိုင်ခဲ့ကြရသည်။ နောင်ပန်ဒေသ၌ နေထိုင်ခဲ့ကြစဉ်တွင် ရန်သူများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် ခံတပ်များအသွင် စူးပင်များ (Thongrawh Shing) ကို တန်း၍ စိုက်ကြသည်။ ထိုအပင်တန်းများ ယနေ့တိုင်ပင် ရှိနေဆဲဖြစ်သည်။ ထိုသို့ပြင်ဆင်မှုများ ပြုလုပ်ထားကြပါသော်လည်း စစ်ဘေးတွင်မူ အခိုက်အတန့်မျှသာ တားဆီးနိုင်ပြီး အပြည့်အဝမူ ဟန့်တားနိုင်ခြင်း မပြုနိုင်ခဲ့ပေ။ ဤသို့တဖန် စစ်ဘေးကို ရင်ဆိုင်ကြရ မြဲဖြစ်ရကား နောင်ပါန်းဒေသမှ ရှယ်လ်အီမ်း - ပုခ်ဗန်ဒေသသို့ ပြန်လည် ပြောင်းရွှေ့ကြရသည်။

နောင်ပါန်ဒေသမှ စစ်ဘေးကြောင့် ရှယ်လ်အီမ်းသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုဒေသ၌ ကာလအတန်ကြာ နေထိုင်ခဲ့ကြရသည်။ စစ်ဘေးနှင့် ကင်းရှင်းလိုသဖြင့် ရှယ်လ်အီမ်း (Sel-Imm) ဒေသသို့ ပြောင်းရွှေ့ခဲ့ကြသော်လည်း ၎င်းဒေသ၌ပင်လျင် စစ်ဘေးကို ငါးကြိမ်တိုင်တိုင် ရင်ဆိုင်ကြရသည်။ တနေ့သော် ရန်သူများသည် စစ်တိုက်၍ အပြန်၌ နောင်ပါန်အရပ်မှနေ၍ ပုဆိုး၊ သင်တိုင်း လှန်ပြ၍ ပြောင်လှောင်ကြရာ ရှယ်လ်အီမ်း - ပုခ်ဗန် (Puk-Van) အရပ်မှနေ၍ တစ်ယောက်သောသူက လေးဖြင့် လှမ်းပစ်လိုက်သဖြင့် ထိုလှောင်ပြောင်သူ၏ တင်ပါးကို မှန်အောင် ပစ်နိုင်ခဲ့သည်။ ထိုအခါမှ ရန်သူများ လန့်ဖြန့်ကြကာ နောက်ကြောင်းလှန် ပြန်လည် ဆုတ်ခွာကြရတော့သည်။ လောင်ဟွေးနှင့်အနီး ဝန်းကျင်များ၌ ရန်သူ့စစ်ဘေး ရှောင်တိန်းရင်း အကြိမ်ကြိမ် အဖန်ဖန် နေရာ ပြောင်းရွှေ့ခဲ့ကြသော်လည်း စစ်ဘေး မလုံခြုံသဖြင့် ယခုလက်ရှိ ဟာလ်တူရွာ၏ အထက်နားရှိ လင်အီမ်း - ထေတလန် - ရှင်ဟိုင်း (Ling-Imm - Thei-Tlang - Shing-Hai) ဒေသို့ တဖန် ပြောင်းရွှေ့ နေထိုင်ကြရသည်။

ဤဒေသတွင်မူ ယခင်ကာလများကဲ့သို့ စစ်ဘေးဒဏ်ကို မခံကြရတော့ပေ။ အတန်သင့် ငြိမ်းချမ်းမှုရှိပြီး စစ်ဘေးကင်းသည်ဟု ဆိုသော်လည်း လုံးဝ ကင်းရှင်းသွားခြင်းမျိုး မဟုတ်ဘဲ Cem ၏ စစ်ဘေး နောင့်ယှက်မှုကို သုံးကြိမ်တိုင်တိုင် ရင်ဆိုင်ကြရသည်။ ငြိမ်းချမ်းသယောင် ရှိသော်လည်း ထိုသို့ စစ်ဘေးကို တဖန် ရင်ဆိုင်လာရသောအခါ နယ်မြေသစ်ဖြစ်ခြင်း၊ အစစ အဆင်ပြေမှု မရှိခြင်းတို့ကြောင့် တစ်ဘက်ကမ်းရှိ ရင်ငက် - မာလ်ဆောမ် (Ringget - Malsawm) ဒေသများသို့ ပြောင်းရွှေ့ နေထိုင် လာကြသည်။

တဖန် ထို Ringget - Malsawm ဒေသ၌လည်း စစ်ဘေးကို သုံးကြိမ်ခန့် ပြန်လည် ရင်ဆိုင်ကြရသဖြင့် အလျင်နေထိုင်ရာ နေရာဟောင်းဖြစ်သည့် ရှယ်လ်အီမ်း - ပုခ်ဗန် ဒေသသို့ ပြောင်းရွှေ့ ခဲ့ကြရသည်။ အစစ အဆင်ပြေသည့် ရှယ်လ်အီမ်း (Shel-Imm) ဒေသသို့ တချို့သာ ပြောင်းရွှေ့ကြသော်လည်း တချို့မှာ ထိုလက်ရှိနေရာ၌သာ ကျန်ရစ် နေထိုင်ခဲ့ကြသဖြင့် နောင်တွင် အထက် ဟာလ်တူးရွာနှင့် အောက် ဟာလ်တူးရွာဟူ၍ နှစ်ရွာဖြစ်လာသည်။

ထိုသို့ ဟာတူးနှစ်ရွာ ခွဲ၍ နေထိုင်လာကြသောအခါ တစ်ရွာနှင့် တစ်ရွာ ကူးလူး ဆက်ဆံ ဆက်သွယ်မှု ခက်ခဲခြင်း၊ လူထု လှုပ်ရှားမှုများ၌ စည်းလုံးမှု အားနဲခြင်းနှင့် အခြား အားနဲချက်များကြောင့် နောင်တွင် အောက်ဟာတူးရွာ အနီးရှိ လင်ကော်လ် - ဒါဝ်ကော်လ် (Lingkawl - Daukawl) ဒေသများသို့ ပူးပေါင်း နေထိုင်လာကြသည်။ ထိုသို့ စုပေါင်း နေထိုင်လာကြသည့် နောက်ပိုင်းတွင် ကျေးရွာအတွင်း ဖွံ့ဖြိုးမှုများ ဆောင်ရွက်ရာတွင် များစွာ လွယ်ကူလာပြီး နောင်တွင် ဝန်ကျင်ဒေသများကြား၌ စံပြကျေးရွာအဖြင့် ရပ်တည်လာနိုင်သည်အထိ အောင်မြင်မှုများ ရရှိလာနိုင်ခဲ့သည်။ ဤကား ဟာလ်တူးရွာ စတင်လာရာမှ ယနေ့ လက်ရှိ အခြေအနေအထိ ပြောင်းလဲနေထိုင်ခဲ့ကြသည့် နေထိုင်မှု အဆင့်ဆင့်ပင် ဖြစ်သည်။

Samthuen Lung နှင့် ခြင်္သေ့ရန်[ပြင်ဆင်ရန်]

တရံရောအခါ ဟာလ်တူးရွာသားတို့သည် လောင်ဟွေးဒေသတွင် နေထိုင်ခဲ့ကြသည်။ လောင်ဟွေး၌ နေထိုင်ခဲ့ကြသည့် ကာလတလျောက် လူဦးရေ ထူထပ် များပြားလှ၍ အထူးသဖြင့် စည်ကားလှသည်။ ထိုကာလများတွင် လူထုအင်အား အတော်အသင့် ကောင်းမွန်နေသဖြင့် ကျေးရွာ အခြေအနေမှာ ငြိမ်းချမ်းလှသည်။ သို့ရာတွင် မလွန်ဆန်နိုင်သည့် သဘာဝ၏ ဘေးရန်ကိုကား ကျော်လွန်နိုင်စွမ်း မရှိခဲ့ပေ။

ဟာလ်တူးရွာသားများ နှင့် ဒိုင်လူမျိုးတို့တွင် ဒဏ္ဏာရီဆန်သည့် အဖြစ်အပျက်များ ရှိခဲ့သည်။ ထိုအဖြစ် ပျက်များတွင် ဟာလ်တူးတို့၏ ခြင်္သေ့ရန် (Samthuen) တော်လှန်ခြင်းမှာ အထူးထင်ရှားသည်။ လောင်ဟွေးဒေသ၌ နေထိုင်ကြသည့် ဟာလ်တူး လူမျိုးများသည် အန္တရာယ် ရန်စွယ်ကင်းစွာ နေထိုင်ခဲ့ကြကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုသို့ နေထိုင်ခဲ့ကြရာ တနေ့သောအခါ မထင်မှတ်ဘဲ ရွာတွင်းရှိ ကလေးသူငယ်များ တစ်ယောက်ပြီး တစယောက် ပျောက်ဆုံးနေကြသည်ကို တွေ့ရသည်။ ထိုသို့ဖြင့် ကလေးသူငယ်များ ပျောက်ဖန်များလာရာ ထိုအကြောင်းရင်းကို ရှာဖွေလာကြသည်။ နောက်မှ ခြင်္သေ့၏ ရန်ကြောင့် ကလေးများ နေ့စဉ် ပျောက်ဆုံးနေရခြင်း ဖြစ်ကြောင်း သိကြရသည်။

ကျေးရွာ လုံခြုံရေးအတွက် အန္တရာယ် ကြီးမားလှသော ထိုခြင်္သေ့ ရန်စွယ်ကို မည်သို့မည်ပုံ ဖြေရှင်းရမည်ကို နည်းလမ်းများ ရှာကြံလာကြသည်။ တခြား နည်းလမ်းများဖြင့် ဖြေရှင်းရန်မှာ မလွယ်ကူလှသောကြောင့် ခြင်္သေ့ကြီး အန္တရာယ်အား အသက်နှင့်ရင်းကာ ရင်ဆိုင် ဖြေရှင်းရန် ဆုံးဖြတ်ကြရသည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် ကျေးရွာတွင်းရှိ သွပ်လက် ဖျတ်လတ်သည့် လူစွမ်းကောင်းများကို ရွေးကြရသည်။ ခြင်္သေ့ကြီးမှာ ရွာနှင့် ခပ်လှမ်းလှမ်းရှိ တောနက်ကြီး၌ ကျက်စားနေသည်ဖြစ်ရာ ထိုနေရာသို့ ရွာသားများမှ သွားရောက် နောင့်ယှက်ပြီး လူထုကြီး ရှိရာအရောက် မျှားခေါ်လာရန် ဖြစ်သည်။ လူထုကြီးအနား ရောက်လာလျင် ထိုလူထုကြီးမှ ထိုခြင်္သေ့ကြီးအား ရင်ဆိုင် သုတ်သင်ရန် ဖြစ်သည်။ အလွန် လျင်မြန်လှသည့် ခြင်္သေ့ကြီးအား ထိုသို့ မျှားခေါ်လာရန်မှာ အလွန်တရာ ကြီးမားသည့် ပေးဆပ်မှု၊ စွန့်စားမှုဖြစ်ရာ သာမန်လူများအနေနှင့် မလွယ်ကူလှပေ။

ကျေးရွာ လူထုအနေဖြင့် ရွာတွင်းရှိ သွပ်လက် ဖျတ်လပ်သည့်သူ ငါးယောက် ရွေးချယ်ကာ ထိုခြင်္သေ့ အန္တရာယ်ကို ဖြေရှင်းရန် ပြင်ဆင်ကြသည်။ ရွာ၏ အောက်ခြေနားရှိ သွီစားရှိ (Tuica Shih) အနီး ကျောက်တုံးကြီးအနီးတွင် ကျေးရွာတွင်းရှိ အားကောင်း မောင်းသန် ယောက်ျားမှအစ၊ မိန်းမ၊ ကလေးငယ်များ အဆုံး လူထုတရပ်လုံးမှ သွားရောက်၍ စောင့်နေကြရသည်။ ထိုအခါ လက်ရွေးစင် ရွေးချယ်ထားသည့် သူရဲကောင်း ငါးယောက်တို့မှာ သတ်မှတ်ထားသည့် မိမိနေရာ အသီးသီး၌ စောင့်နေကြသည်။ ခြင်္သေ့ကြီးမှာ အလွန် လျင်မြန်လှသည်ဖြစ်ရကား ထို လက်ရွေးစင် လူငါးယောက်အနေဖြင့် လူစုခွဲ၍ တယောက်နှစ် တယောက် နှစ်ဖာလုံခန့် စီခွာ၍ နေရာယူကြရသည်။ ထိုမှ ခြင်္သေ့ကြီးရှိရာ အနီးရှိ အသံပြုကာ မျှားခေါ်လာ ကြရသည်။ ခြင်္သေ့ကြီးမှာ အလွန် လျင်မြန်လှသဖြင့် အသံပြုပြီး မိနစ် အနီးငယ်အတွင်းမှာပင် ခြင်္သေ့ကြီးမှ မီလာကာ ထိုသူအား သတ်ဖြတ် တတ်သည်။ ပထမ၊ ဒုတိယလူများအား သတ်ဖြတ်သည်ကို သိသောအခါ နောက်လူများမှ ပရိယယ်ဆင်ကာ အရင်ကထက် ခပ်ဝေးဝေးမှ နေ၍ အသံပြုတော့သည်။ ထိုသို့ ခပ်ဝေးဝေးမှ အသံပြုသည်ကိုပင် ခြင်္သေ့ကြီး၏ သတ်ဖြတ်ခြင်းကိုခံရသည်။ နောက်ဆုံးလူ အလှည့်ရောက်မှသာ ထိုခြင်္သေ့ကြီးအား လူထုကြီး စောင့်နေရာသို့ ခေါ်ဆောင်လာနိုင်တော့သည်။

ထိုအခါ စောင့်နေကြသည့် လူထုကြီးသည် ထိုခြင်္သေ့ကြီးအား အငြိုးတေးကြီးစွာဖြင့် ဝိုင်းဝန်း၍ သတ်ဖြတ်နိုင်ကြတော့သည်။ ရွာလူထု၏ စည်းလုံးညီညွတ်စွာ ရင်ဆိုင် ဖြေရှင်းမှုကြောင့် ကြီးမားသော အောင်မြင်မှု ရရှိကြပြီး ထိုနေရာရှိ အကွယ်အကာအဖြင့် အသုံးပြုသည့် ကျောက်တုန်းကြီးအား ဤအဖြစ်အပျက်ကို အစဉ် သတိရစေရန်အတွက် ဆာမ်ထီူန်လူးန် (Samthuen Lung) ဟု ခေါ်ဝေါ် သမုတ်ကြသည်။ ဤသည်မှာ ကျေးရွာလူထု၏ စုပေါင်းအင်အားဖြင့် အောင်မြင်မှုရရှိလာသည်ကို လက်တွေ့ သိရှိလာကြရာ နောင်တွင် ကျေးရွာ၏ ဖွံ့ဖြိုးမှုများ တည်ဆောက်ကြသောအခါ များစွာအောင်မြင်မှုများ ရရှိလာကြသည်။ မိမိဝန်ကျင်တွင် အတုယူဖွယ်ရာ စံပြကျေးရွာအဖြင့် ရပ်တည်နိုင်ခဲ့သည်။ ဤကား ဟာလ်တူးကျေးရွာ လူထု၏ ခြင်္သေ့ရန် ရင်ဆိုင်ခဲ့ကြသည့် ပုံပြင်ဆန်လှသည့် ဖြစ်ရပ်ပင် ဖြစ်ပေသည်။

ဟာလ်တူးရွာအတွင်း ယုံကြည်ကိုးကွယ်မှု[ပြင်ဆင်ရန်]

ဟာလ်တူးကျေးရွာ၏ ဘာသာရေး အခြေအနေကို ဖော်ပြရာတွင် အဓိကအားဖြင့် သုံးပိုင်းခွဲ၍ ဖော်ပြသွားပါမည်။ ထိုသို့ဖော်ပြရာတွင် ဘာသာတရား ကိုးကွယ်ယုံကြည်မှု၌ အနည်းငယ် ရှုပ်ထွေးနေရာ ပို၍ ရှင်းလင်းစွာမြင်နိုင်စေရန် ဖော်ပြခြင်းဖြစ်သည်။ ဟာလ်တူးရွာ၏ ရှေးရိုးရာ ကိုးကွယ် ယုံကြည်မှု၌ အရှုပ်အထွေး မရှိလှသော်လည်း ခရစ်ယာန်ဘာသာတရား ဝင်ရောက်လာပုံ၌ အနည်းငယ် ရှုပ်ထွေးမှုရှိသည်။ ခရစ်ယာန်ဘာသာ ထွန်းကားလာခြင်းသည် အခြားသော ဒေသများကဲ့သို့ သမားရိုးကျ ဝင်ရောက်လာခြင်းမျိုး မဟုတ်ဘဲ စိတ်ဝင်စားဖွယ် တမူထူးခြားစွာ ရောက်ရှိလာခြင်း ဖြစ်သည်။

ရှေးရိုးရာ နတ်ဘာသာသာ ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ရှေးကာလများ၌ ဟာလ်တူးရွာနှင့် ဒိုင် - ချင်းမျိုးနွယ်စုတို့သည် ရိုးရာ နတ်ဘာသာကို အထူးသဖြင့် ကိုးကွယ် ယုံကြည်ခဲ့ကြသည်။ ထိုယုံကြည်မှုဖြင့် နှစ်ရှည်လများ နေထိုင်လာခဲ့ကြရာ လူထုအတွင်း သာရေးနာရေး ကိစ္စများတွင် နတ်မင်းများအား ပူဇော်ပသခြင်းဖြင့် ဆောင်ရွက် ဖြေရှင်းလေ့ ရှိကြသည်။ တောင်ယာလုပ်ငန်းများ လုပ်ဆောင်ရာ၌လည်းကောင်း၊ အခြား ကိစ္စများ၌လည်းကောင်း ယဇ်နတ် ကိုးကွယ် ပူဇော်ပသခြင်းများဖြင့်သာ ဆောင်ရွက်လေ့ ရှိကြသည်။

တောင်ယာ လုပ်ငန်းများ လုပ်ဆောင်ကြရာတွင် ကြက်ဥဗေဒင်များနှင့် အခြား ရိုးရာဗေဒင်များဖြင့် တောင်ယာ၏ ကောင်းခြင်း၊ ဆိုးခြင်း ကံကြမ္မာများကို နမိတ်ဖတ်လေ့ ရှိကြသည်။ အကယ်၍ မကောင်းနမိတ်များ တွေ့ရှိပါက ကျေးရွာတွင်းရှိ နတ်ဆရာများ၊ သက်ကြီးရွယ်အိုများမှ ကြက်၊ ဝက်၊ ဆိတ် စသည်ဖြင့် ယူဆောင်သွားကြကာ ထိုတောင်ယာ၌ ယဇ်ပူဇော်လေ့ ရှိကြသည်။ ထိုသို့ ယဇ်ပူဇော် ပြီးမှသာလျင် တောင်ယာများကို ခုတ်ထွန်လေ့ ရှိကြသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်များကို တိုင်တည်၍ ထိုတောင်ယာမှ တနှစ်ပတ်လုံး ကောင်းမွန်စွာ အကျိုးပြုနိုင်စေရန် ပသကြခြင်း ဖြစ်သည်။

တောင်ယာလုပ်ငန်းများ လုပ်ဆောင်ကြရာတွင် တခါတရံ မိမိ၏ ပိုင်နက်မှတ်တိုင်များသည် မြေများ ရွေ့လျားခြင်း၊ သဘာဝဒဏ်များကြောင့် တခါတရံ နေရာများ ရွေ့တတ်သဖြင့် ပိုင်နက်စည်း ပြဿနာများ ရှိတတ်သည်။ ထိုအခါများတွင် ထိုမြေယာများ ပြန်လည်ပြုပြင် သတ်မှတ်ကြသောအခါ ကြက်၊ ဝက် စသည်များဖြင့် ယဇ်ပူဇော်ကြပြီး သင့်မြတ်မှုများ ပြုလုပ်တတ်ကြသည်။ ထိုသို့ ယဇ်ပူဇော်ကြရခြင်းမှာ သွေးသွင်းမှသာ ကတိ သစ္စာများ ခိုင်တတ်သည်ဟု ယုံကြည်ကြသောကြောင့်ပင် ဖြစ်သည်။ တိရစြွာန်များ၏ အသွေးများဖြင့် ဖြေရှင်းရသည့် ကိစ္စများသည် တောင်ယာ လုပ်ငန်းများတွင် သာမကဘဲ အခြားသော လူမှုရေး ကိစ္စရပ်များတွင်ပါ အသုံးပြု ဆောင်ရွက်လေ့ ရှိကြသည်။

တခါတရံ တစ်ယောက်နှင့် တစ်ယောက် တစုံတခုသော ပြဿနာများ ရှိခဲ့ပါကလည်း ထိုပြဿနာများ ကို တိရစ္ဆာန် တကောင်ကောင်ကို သတ်ကြပြီး သင့်မြတ်မှုများ ပြုလုပ်လေ့ ရှိကြသည်။ အကယ်၍ တောထဲ၌ သားကောင်ကြီးများ (ဥပမာ - ဝက်ဝံ၊ ကျား၊ တောဝက် စသည်များ) ရရှိမိပါကလည်း အိမ်မွေး တိရစ္ဆာန် များထဲမှ တစ်ကောင်ကောင်ကိုသတ်၍ ၎င်း၏ အသွေးများဖြင့် ယဇ်ပူဇော်ဂုဏ်ပြုကြပြီးမှသာ စားသုံးကြရသည်။

လင်မယား လက်ထပ် ထိမ်းမြားကြရာတွင်လည်း သေတပန်သက်တဆုံး ပေါင်းသင်းစေရန် လည်း တိရစ္ဆာန် များ၏ အသွေးများဖြင့်သာ ဂတိ ဂဝတ်ပြုကြရသည်။ ထိုသို့ အသွေးဖြင့် သက်သေတည်၍ ထိမ်းမြားကြရ သည်ဖြစ်ရာ တောင်ပေါ် ဓလေ့ရိုးရာများတွင် လင်မယား ကွာရှင်းခြင်း၊ အိမ်ထောင် ကွဲခြင်းများ တစုံတရာ တွေ့ရခဲလှသည်။ တစုံတရာ ပြုလုပ်သောအခါများတွင် နတ်မင်းများ၏ အလိုမကျဖြစ်မည်ကို စိုးရိမ်ရသဖြင့် မတရားမှုများနှင့် ဒုစရိုက်မှုများ နည်းပါးပြီး ငြိမ်းချမ်းမှုရှိသည်။

ကျန်းမာရေး ကဏ္ဍများတွင်လည်း ထိုကဲ့သို့ပင် ကျွမ်းကျင်သူ နတ်ဆရာများမှ ရောဂါရှင်၏ ခံစားရသည့် ဝေဒနာများကို နတ်မင်းအား တောင်းပန်ပေးရပြီး အသွေးသွန်းကာ ယဇ်ပူဇော်ရသည်။ ထိုမှသာ ရောဂါဝေဒနာများ ပျောက်ကင်းရသည်။ ထိုသို့ ကျန်းမာရေး ချို့ယွင်းရခြင်းသည် ကိုးကွယ်သည့် နတ်မင်းများ၏ မနှစ်သက်သည့် အရာများ ပြုလုပ်သောကြောင့် ဟူ၍ ယူဆ ယုံကြည်ကြသည်။ သို့ဖြစ်၍ တစုံတရာ လုပ်ဆောင်မည် ဆိုပါက ကျွမ်းကျင်သည့် နတ်ဆရာများနှင့် တိုင်ပင်ပြီးမှသာ ဆောင်ရွက်လေ့ရှိကြသည်။

အိမ်ထောင်ရှင် အမျိုးသမီးမှ မိမိ၏ လင်ယောက်ျားအား မထီလေးစားပြုခြင်း၊ မိဘစကား နားမထောင် ခြင်း၊ သက်ကြီးရွယ်အိုများအား မလေးမစားပြုခြင်း၊ သူတစ်ပါး စိတ်မချမ်းသာအောင် ပြုလုပ်ခြင့်း၊ သူတစ်ပါး ပစ္စည်းများ ခိုးယူခြင်း စသည်များသည် နတ်မင်းများ မနှစ်သက်သည့် အပြုအမူများပင် ဖြစ်သည်။ ထို့ကြောင့် ခိုးမှု၊ သူတပါးအား မကောင်းကြံစည်မှု စသည့် ဒုစရိုက်မှုများ မရှိသလောက် နဲပါးခဲ့သည်။ နောင်တွင် ခရစ်ယာန် သာသနာ ထွန်းကားလာသောအခါများတွင် နတ်ကိုးကွယ်မှု၌ ယုံကြည်အားကြီးသောသူ အချို့တို့မှာ ထိုနတ်ဘာသာကိုသာ ဆက်လက် ထိန်းသိမ်း ကိုးကွယ်လိုသူများလည်း ရှိခဲ့ကြသည်။

ခရစ်ယာန်သာသနာ စတင်ရောက်ရှိလားခြင်း[ပြင်ဆင်ရန်]

ရှေးခေတ် ချင်းလူမျိုးတို့သည် ရိုးရာနတ်ဘာသာကို အထူးသဖြင့် ယုံကြည် ကိုးကွယ်ခဲ့ကြသည်။ ၂ဝ ရာစု အစောပိုင်း ကာလများ (၁၉ ရာစု နှောင်းပိုင်းကာလများမှ စတင်သည်။) တွင် ချင်းတောင်ဒေသများသို့ ခရစ်ယာန် သာသနာ ရောက်ရှိလာခဲ့သည်။ ဆရာတော် ဘုန်းတော်ကြီး ကာရ်ဆင် (Rev.Carson) ၏ သာသနာပြုခြင်းဖြင့် ခရစ်ယာန်သာသနာ ရောက်ရှိလာပြီး ချင်းပြည်နယ် မြောက်ဖျားပိုင်းဖြစ်သည့် တီးတိန် - တွန်းဇံဒေသများမှ စ၍ ဖလမ်း - ဟားခါး - ထန်တလန် များသို့ သာသနာ ပြန့်နှံ့လာခဲ့သည်။ နောင်တွင် ချင်းပြည်နယ် တောင်ပိုင်းများ ဖြစ်သည့် မတူပီ-မင်းတပ် - ပလက်ဝနှင့် ကန်ပလက် ဒေသများသို့ ခရစ်ယာန် သာသနာများ ပြန့်နှံ့ ရောက်ရှိလာခဲ့သည်။

၂ဝ ရာစု အစောပိုင်းကာလများတွင် ချင်းပြည်နယ် မြောက်ပိုင်းဒေသများ၌ ခရစ်ယာန် သာသနာတော် ပြန့်နှံ့ ရောက်ရှိလာပြီး ဖြစ်သော်လည်း တောင်ပိုင်းဒေသများ ဖြစ်သည့် မတူပီနှင့် ဝင်းကျင်ဒေသများ၌မူ ရိုးရာ နတ်ဘာသာကိုသာ ကိုးကွယ်နေကြဆဲ ဖြစ်သည်။ ဇိုမီးနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ သာသနာ မရောက်ရှိသေးသည့် တောင်ပိုင်းဒေသများကို သာသနာ့ အမှောင်နယ်မြေများအဖြင့် သတ်မှတ်ကြပြီး ထာဝရ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော် မင်္ဂလာ သတင်းကောင်းတော်မြတ် ဝေငှရန် သာသနာပြုများကို စေလွှတ်၍ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထန်တလန်မြို့နယ်မှ ဆရာတော်ထပ်ဒွန်း (Rev. That Dun) အား ၁၉၄၄ ခုနှစ်တွင် မတူပီ မြို့နယ်များသို့ သာသနာပြုရန် စေလွှတ်ခဲ့ကြသည်။ ထိုအချိန်တွင် မတူပီမှာ မြို့နယ်အဖြင့် မသတ်မှတ်ခဲ့သေးပေ။ နောင် ၁၉၄၉ မတ်လ (၂၂) ၌သာ နိုင်ငံတော်မှ မြို့နယ်အဆင့်အဖြင့် သတ်မှတ် ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခရစ်ယာန် သာသနာတော် မတူပီမြို့နယ်သို့ ၁၉၄၉ ခုနှစ်တွင် ရောက်ရှိခဲ့သော်လည်း ထိုကာလ၌ မင်းတပ်မြို့နယ်အဖြင့် သတ်မှတ်ခဲ့သည့် ဟာလ်တူးရွာနှင့် အနီးတဝိုက်တွင်မူ သာသနာတော် ရောက်ရှိခြင်း မရှိခဲ့သေးချေ။ အမှောင်နယ်မြေများကို ဖြိုခွင်းပြီး ခရစ်တော်၏ ကယ်တင်ခြင်း သတင်း အလင်းတရားတော် ဖြန့်ဝေ သာသနာပြုရန် အစီအစဉ်များဖြင့် ZBC မှ သာသနာပြုခြင်းကို တွင်ကျယ်စွာ လုပ်ဆောင်နေခဲ့ကြသည်။ ဤသို့ ဖြင့် မတူပီမြို့နယ် အနီးရှိ ချန်းပြန်း (လှန်ပြန်း) တိုက်နယ်များတွင် ခရစ်တော်၏ ကယ်တင်ခြင်း ဒေသနာ တရားတော်မြတ် ဟောကြား သာသနာပြုရန် ၁၉၅၃ ခုနှစ်တွင် မတူပီမြို့နယ် လုံငိုး (Lung Ngo) ကျေးရွာမှ ဆရာ ကာဒွေး (Saya Kadoi)အား ရွေးချယ် စေလွှတ်ခဲ့ကြသည်။ ZBC ၏ စီမံမှုဖြင့် ဆရာတော်သည် ၁၉၅၃ ခုနှစ်တွင် သတ်မှတ်ထားသည့် ချန်ပြန်းရွာသို့ လေ့လာရေးအဖြင့် စတင်ရောက်ရှိလာခဲ့သည်။ ၁၉၅၄ ခု နှစ်မှစ၍ ချန်းပြန်း တိုက်နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့ မင်္ဂလာ တရားတော်မြတ်ကို စတင်ဟောကြား သက်သေခံခဲ့သည်။

ဆရာတော်၏ သာသနာပြုခြင်း လုပ်ငန်းအစပိုင်းတွင် အခက်အခဲများ အနဲငယ် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားရှင်၏ ကူညီ လမ်းပြမှုကြောင့် ပျောက်ဆုံးသော ဝိညာဉ်များကို သာသနာပြုခြင်း အသီးအပွင့်အဖြင့် စတင်ရရှိခဲ့သည်။ ချန်းပြန်းရွာသို့ စတင်ရောက်ရှိခဲ့စဉ်က ခရစ္စမတ်ပွဲကိုပင် တစ်ဦးတည်း ကျင်းပသည်များ ရှိခဲ့သည်။ ချန်းပြန်း တိုက်နယ်တဖြစ်လဲ ယခု အိုင်ဒါခ် ဧရိယာ (Aidak area) များ ဖြစ်ကြသည့် ဝေတူး၊ ထိီစောင်း၊ ရမ်တိမ်း၊ ဟာလ်တူး၊ မွှန်တုန်းနှင့် ဘွေရှိ စသည့်ကျေးရွာများသို့ သတင်းကောင်းတော်ကို ဝေငှခဲ့ပြီး ထိုမှ ယခု မင်းတပ်နယ်များဖြစ်သည့် ကာလ်အီ်မ်း (Kal Imm)၊ လေရှိ (Laei Shih) ကျေးရွာများသို့တိုင် သာသနာပြု နယ်မြေချဲ့ထွန်ခဲ့သည်။

အကြောင်း တစ်စုံတစ်ရာကြောင့် ချန်းပြန်းကျေးရွာသို့ သွားရောက် နေထို်င်ခဲ့သော အဘ ဦးယုံကုမ်း (Pa Zungkuem) နှင့် အမိ ဒေါ်အွေမဲလ် (Nu Awimel) တို့၏သား ဦးထွန်သီုပ် (Pa ThunTuep) သည် ချန်းပြန်းရွာ၌ နေထိုင်စဉ်၌ ခရစ်တော်၏ သတင်းကောင်းတော်မြတ်ကို ကြားနာခဲ့သည်။ ထိုမှ ၁၉၅၇ ခု တွင် အသက်တာပြောင်းလဲပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာသည်။ နောင် ၁၉၅၈ ခုနှစ်တွင် ဆရာတော် ဦး ခွါဘုန်း (Pa Khua Bung) ၏ ကောင်းကြီးပေးခြင်းဖြင့် ရေနှစ်ခြင်း မင်္ဂလာတော်ကို ခံယူခဲ့သည်။ ထိုသို့ဖြင့် ဦးထွန်သီုပ်သည် ဟာလ်တူးကျေးရွာတွင် ပထမဦးဆုံးသော ခရစ်ယာန် ဖြစ်လာခဲ့သည်။

ဦးထွန်သီုပ ်(Pa Thun Tuep) သည် ဟာလ်တူးကျေးရွာ ဘွေနား မျိုးနွယ်စုမှ ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်ဘဝများဖြစ်သည့် ၁၉၆ဝ ခုနှစ်ထိ တဆယ့်နှစ်နှစ် တိုင်အောင် ချန်းပြန်းရွာတွင် နေထိုင်ခဲ့ပြီး မိမိ၏ ဇာတိချက်ကြွေရာ ဟာလ်တူးရွာသို့ ပြန်လည်ရောက်လာသည်။ ထိုအချိန်မှ စ၍ ခရစ်တော်၏ သတင်းကောင်းတော်မြတ်ကို ဟောကြား သက်သေခံခဲ့သည်။ ရိုးရာနတ် ဘာသာ၌သာ ယုံကြည်ခြင်း အားကြီးကြသည်ဖြစ်ရာ လက်ခံသူမရှိဘဲ အမျိုးမျိုး လှောင်ပြောင် သရော်ခြင်းကို ခံခဲ့ရသည်။ စာတတ် ပေတတ် မဟုတ်ခဲ့သဖြင့် ဝတ်ပြုကိုးကွယ်ရာတွင် ဥပုတ်နေ့ကို တခါတလေ မေ့လျော့သည်များလည်း ရှိခဲ့သည်။ ထိုအခါများ၌ ချန်းပြန်းရှိ ဆရာတော် ကာဒွေးထံ သွားရောက် မေးမြန်းကာ ဝတ်ပြု ကိုးကွယ်ခဲ့ရသည်။ ထိုသို့ ဒုက္ခ ပြဿနာများ ရင်ဆိုင်ခဲ့ရသော်လည်း ထာဝရဘုရား၏ နာမတော်မြတ်ကို အမှီပြု၍ ယုံကြည်မှု အားကြီးစွာ ကိုးကွယ်ခဲ့သည်။

ယုံကြည်ခြင်းဖြင့် ရပ်တည်၍ ဒေသနာတော်မြတ်အား ဝေမျှဟောကြားခဲ့သည့် ဦးထွန်သီုပ်သည် ကျေးဇူးတော်ကြောင့် ၁၉၆၁ နှောင်းပိုင်းများတွင် ဝိညာဉ်တော် အသီးအပွင့်များ စတင် ခံစားလာခဲ့သည်။ ဦးရှယ်ကီး (Pa She Kuei)၊ ဦးဟုန်းထန်း (Pa Hrung Thang)၊ ဦး ပွီကိုက် (Pa PueiKai) တို့သည် ပထမဦး ဆုံးသော ဝိညာဉ် အသီးအပွင့်များပင် ဖြစ်ကြသည်။ ကျေးဇူးတော်ကို ချီးမွမ်းရင်း ၁၉၆၂ ခုနှစ် နှစ်သစ်ကူးပွဲအား ကျွဲပေါက်ကြီး တစ်ကောင် သတ်၍ ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ကြသည်။ ယခင်က ရန်သူများသဖွယ် မသင့်မမြတ် ဆက်ဆံခဲ့ကြသည့် ပီလ်တွန်း (Piltun) မျိုးနွယ်စုနှင့် အွေသမ်း (Awitam) မျိုးနွယ်စုတို့အား ထမင်းလက်စုံ စားသောက်စေကြပြီး ဒေသနာတော်မြတ်ကို ကြားနာစေခဲ့သည်။ ဦးထွန်သီုပ် ဦးဆောင်သည့် ၁၉၆၂ ခုနှစ် နှစ်သစ်ကူးပွဲမှစ၍ ယနေ့တိုင်အောင် ထိုမျိုးနွယ်စု နှစ်စု၏ သင့်မြတ်ခြင်း အကျိုးကို ခံစားကြရသည်။ ထိုနှစ်သစ်ကူးပွဲ မှစ၍ ကျေးရွာတွင်းရှိ လူငယ်များသည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်လာကြပြီး ကျေးရွာလူထုအနေ ဖြင့် တစ်နေ့ပြီး တစ်နေ့ ခရစ်တော်၏ ကယ်တင်ခြင်း သတင်းတော်မြတ်ကို လက်ခံ ယုံကြည်လာကြသည်။

ခရစ်ယာန်သာသနာ တိုးတက်ထွန်းကားလာခြင်း[ပြင်ဆင်ရန်]

ဆရာတော် ကာဒွေး၏ သာသနာ ပြုခဲ့ခြင်းဖြင့် ချန်းပြန်း တိုက်နယ် ဝန်းကျင်များတွင် ခရစ်တော်၏ မင်္ဂလာ သတင်းကောင်းကို လက်ခံ ယုံကြည်ခဲ့ကြသည်။ ထိုမှ ဦးထွန်သီုပ်၏ ခိုင်မာသော ယုံကြည်ခြင်းကြောင့် ဟာလ်တူးရွာတွင် ခရစ်ယာန်သာသနာ ရောက်ရှိလာခဲ့ပြီး ယုံကြည်သူများ တိုးတက်လာခဲ့ကြသည်။

ဟာလ်တူးရွာ၏ ခရစ်ယာန် ယုံကြည်မှုသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့ပြီး ယုံကြည်သူ အင်အားများလဲ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ယခင် ကာလများတွင် ဝတ်ပြုကိုးကွယ်ကြရာ၌ ဦးထွန်သီုပ်၏ နေအိမ်၌သာ ဝတ်ပြု ကိုးကွယ်ခဲ့ကြရာမှ ခရစ်ယာန် အင်အားများပြား တိုးတက်လာသောအခါ နေအိမ်၌ နေရာလုံလောက်မှု မရှိတော့ပေ။ ထိုအခါ အသင်းသားများ၏ ဝိုင်းဝန်းကြိုးပန်းမှုကြောင့် ၁၉၆၃ ခုနှစ်တွင် ဝါးထရံ - သက်ကယ်မိုးဖြင့် ဗိမာန်တော်ကို တည်ဆောက်ခဲ့ကြပြီး အနုမောဒနာ ပြုနိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုဗိမာန်တော်၌ ဝတ်ပြု ကိုးကွယ်လာကြသဖြင့် ဘုရားကျောင်းကိစ္စ အဆင်ပြေခဲ့သည်။

ထိုသို့ဖြင့် ခရစ်ယာန်အင်အား တိုးပွားလာသည်နှင့်အမျှ စာတန်၏ စုံစမ်း နောင့်ယှက်မှုကိုလည်း များစွာ ရင်ဆိုင်ခဲ့ ကြရသည်။ မိရိုးဖလာ ရိုးရာ နတ်ဘာသာ ကိုးကွယ် ယုံကြည်သုူများမှ ဘာသာရေး ဖျက်ဆီးသူများအနေဖြင့်လည်းကောင်း၊ ဘာသာရေး စော်ကား မော်ကားပြုသုူများ ဟူ၍လည်းကောင်း အမျိုးမျိုးစွပ်စွဲမှုြုပကာ ဦးထွန်သီုပ်မှ လျှော်ကြေးပေးရန် ဝက်ကို သတ်ကြပြီး ယဇ်နတ်ပူဇော်ကြသည်။ ဝက်ဖိုးလျော်ရန် တိုက်နယ် ဥက္ကဋ္ဌ ဦးသာရွှင်း (Pa Taishuen) ထံ တရားစွဲဆိုမှု ပြုကြသည်။ ဥက္ကဋ္ဌကြီးမှ ဦးထွန်သီုပ်အား အနိုင်ပေးခဲ့သော်လည်း လူများစုနှင့် လူနဲစုဖြစ်နေသောကြောင့် အရှုံးပေးလိုက်ရပြီး ဝက်ဖိုးကျပ်ငွေ သုံးဆယ်ကျပ် (၃ဝ/-) ပေးလျော်လိုက်ရသည်။

ခရစ်ယာန် အသင်းသားများ ဂုဏ်တော် ချီးမွမ်းရာတွင် အဆင်မပြေ အားနဲနေသဖြင့် ဦးထွန်သီုပ်သည် သံစဉ်နုတ် (Tonic - Solfa) သင်ကြားရန် ၁၉၆၄ ခုနှစ်တွင် ရေဖိုင်ကျေးရွာသို့ သွားရောက်ခဲ့သည်။ ၎င်းခရီးပြု နေစဉ်တွင် အသင်းတော်အား ဦးဆောင် ဦးရွက်ပြုရန် ဦးစန်ပွေး (Pa Cangpoei) အား တာဝန်များ လွှဲထားခဲ့သည်။ ၁၉၆၄ ခုနှစ် သင်တန်းမှ ပြန်လည် ရောက်ရှိလာသောအခါ အသင်းတော် တာဝန်များကို ပြန်လည် ထမ်းဆောင်ပြီး ၁၉၇၂ တိုင်အောင် အသင်းထောက် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သင်းထောက် တာဝန်ယူနေ စဉ်ကာလ ၁၉၆၇ ခုနှစ်တွင် ကျမ်းစာရက်တို သင်တန်း (Bible Class) ကို ဦးဆောင် ဖွင့်လှစ်ခဲ့သည်။ ဦးထွန်သီုပ်သည် အသင်းတော် တိုးတက်ရေးအတွက် မကြာခဏ ခရီးထွက်တတ်လေ့ရှိရာ ၁၉၆၇ ခုနှစ်တွင် ဆရာတော်ကာဒွေးမှ ဦးဟာအောမ် (Pa HaAwm) အား လက်ထောက် သင်းထောက်အဖြင့် တာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုကဲ့သို့ အသင်းတော် တိုးတက်ရေးများ ဆောင်ရွက်ခဲ့ကြသည်။

ထိုကာလများတွင် အထက်ဟာလ်တူးနှင့် အောက်ဟာလ်တူးဟူ၍ နှစ်ရွာခွဲနေသေးရာ အသင်းတော် ကိစ္စများ ဆောင်ရွက်ကြရာတွင် ခက်ခဲမှုများ ရှိတတ်သဖြင့် ၁၉၆၉ ခုတွင် အထက်ဟာလ်တူးအသင်း ခွဲထွက်လာခဲ့ကြသည်။ အထက်ဟာလ်တူး အသင်းတော်ကို အသင်းထောက် လူကြီးဖြစ်သည့် ဦးဟာအောမ်မှ တာဝန်ယူ ဦးဆောင်မှုပြုခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ZBC သာသနာ၊ မင်းတပ်နယ်၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကြီးကို ဟာလ်တူးကျေးရွာတွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။ (ထိုကာလများတွင် ဟာလ်တူးကျေးရွာအား မင်းတပ်မြို့နယ်မှ မတူပီမြို့နယ်သို့ စတင်ပြောင်းလဲခဲ့သည့် အချိန်ဖြစ်သည်။)

ဆရာတော် ကာဒွေး၏ ပေးဆပ်မှုကြောင့် ခရစ်တော်၏ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ကြားခဲ့ကြရသော်လည်း တကြိမ်တခါမျှ ဆရာတော်အား ဂုဏ်ပြု ကြိုဆိုခြင်း၊ အသိအမှတ်ပြုခြင်းများ မပြုလုပ်ခဲ့ကြချေ။ ခရစ်တော်၏ သတင်းကောင်းတော်မြတ်ကို ယူဆောင်လာသည့် ဆရာတော်အား ဂုဏ်ပြုခြင်း အစီအစဉ်ကို ၁၉၇၁ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ကြသည်။ ယခင်ကာလ အထက်နှစ်အောက်ဟူ၍ နှစ်ရွာခွဲ၍ နေထိုင်ခဲ့ကြရာမှ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ရွာပေါင်းကာ ဟာလ်တူးရွာ တစ်ရွာအဖြင့် ပူးပေါင်း နေထိုင်ခဲ့ကြသည်။

တိုက်နယ် ဆရာတော်ဖြစ်သည့် ဆရာတော် ကာဒွေးသည် မိမိ၏ သာသနာနယ်၌ အောင်မြင်မှုများ ရရှိလာပြီဖြစ်ရာ မွေးရပ်သို့ ပြန်လည် ထွက်ခွာချင်လာသည်။ ထိုအခါ ၎င်း၏နေရာ၌ သာသနာ့ တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် အထက်တန်း ကျောင်းသားဖြစ်သူ မောင်စံအောင် (Pa Tal Ang) အား ၁၉၇၃ခုနှစ်တွင် ဖလမ်းမြို့ ကျမ်းစာကျောင်း (Zomi Baptist Seminary) သို့ စေလွှတ်ခဲ့သည်။ ထို့နောက်မှ ဆရာတော် ကာဒွေးသည် မိမိ၏ မွေးရပ်ဖြစ်သည့် လုံငိုးရွာသို့ ပြန်လည် ထွက်ခွာခဲ့သည်။ အသင်းထောက် လူကြီးဖြစ်သည့် ဦးထွန်သီုပ်သည်လည်း ၁၉၇၂ ခုနှစ်တွင် တာဝန်မှ ရပ်နားပြီး ၎င်း၏နေရာ၌ ဦးစံပွေးအား တာဝန် လွှဲအပ်ခဲ့သည်။ ဦးစံပွေးမှ သင်းထောက်တာဝန်ကို ၁၉၇၂ ခုနှစ်မှ ၁၉၇၄ အထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဦးဟာအောမ်မှ သင်းထောက် တာဝန်ကို ဆက်လက် တာဝန်ယူခဲ့သည်။

၁၉၇၄ ခုနှစ် မေလ (၈) ရက်နေ့တွင် အသင်းတော် လူငယ် မိဿဟာယ အဖွဲ့ (BYF - Baptist Youth Fellowship) ကို စတင် ဖွဲ့စည်းနိုင်ခဲ့သည်။ ပထမဆုံး အသင်းတော် လူငယ်ဥက္ကဋ္ဌမှာ ဦးထောင်ဘဲလ် (Pa ThawngBel) ဖြစ်သည်။ ၁၉၇၉ ခုနှစ် မတ်လ (၃) ရက် နေ ့တွင် အသင်းတော် အမျိုးသမီးများအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပထမဆုံး ဥက္ကဋ္ဌအဖြင့် ဒေါ်စေအိလ် (Nu Cei Ilh) မှ ဆောင်ရွက်သည်။

ဟာလ်တူးကျေးရွာ အသင်းတော်သည် ခရစ်ယာန်ဘာသာကို စတင်၍ သက်ဝင်ယုံကြည်သည်မှစ၍ ၁၉၈၁ ခုနှစ် တိုင်အောင် ဝါးကပ်ထရံ၊ သက်ကယ်အမိုးဖြင့် ဆောက်လုပ်ခဲ့ကြသည့် ဘုရားကျောင်း၌သာ ဝတ်ပြု ကိုးကွယ်ခဲ့ကြသည်။ ထိုကာလများတွင် ပျဉ်ထောင်အိမ်များ စတင်၍ ခေတ်စားလာပြီဖြစ်ရာ မိမိတို့ ဝတ်ပြု ကိုးကွယ်၊ ဘုရားရှိခိုးရသည့် ဘုရားကျောင်းကို ပျဉ်ထောင်အိမ်အဖြင့် ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံး ဖြတ်ချက်နှင့်အညီ ကျေးရွာလူထု၏ တက်ညီစွာ ဝိုင်းဝန်းပါဝင်မှုဖြင့် ၁၉၈၂ ခုနှစ်တွင် ပျဉ်ထောင်အိမ်အဖြင့် ဆောက်လုပ်နိုင်ခဲ့ကြသည်။ ပျဉ်ထောင် အကာ၊ သက်ကယ် အမိုးဖြင့် ဘုရားကျောင်းသစ်ကို ဆောက်လုပ်နိုင်ခဲ့ ကြပြီး ၁၉၈၃ ခုနှစ် မေလ(၈)ရက်နေ့တွင် ဘုရားကျောင်းကို အနုမောဒနာပြုလုပ်နိုင်ခဲ့ကြသည်။ ထိုဘုရားကျောင်း အနုမောဒနာပြုပွဲ၌ (MBA. EC) များနှင့် အိုင်ဒါခ် (Ardak) ဧရိယာ အသင်းတော်များကို ဖိတ်ကြားပြီး စည်ကားစွာ ကျင်းပခဲ့ကြသည်။

၁၉၈၃ ခုနှစ်တွင် အသင်းတော် ကော်မတီသစ်ကို ဖွဲ့စည်းကာ ထိုကော်မတီ၏ ဦးဆောင်မှုကို ခံယူကြ သည်။ အသင်းတော် လူငယ်များအဖွဲ့နှင့် အသင်းတော် အမျိုးသမီးများအဖွဲ့မှ ပူးပေါင်းရန်ပုံငွေ ရှာကြကာ အသင်းတော်၌ လိုအပ်လျက်ရှိသည့် အသံချဲ့စက် တစ်လုံး (၁၃၆ဝ ကျပ်ဖြင့်) ဝယ်ယူနိုင်ခဲ့ကြသည်။ ထို ့ပြင် ၁၉၈၄ ခုနှစ်တွင် ကက်စက်တစ်လုံး (၁၆၅ဝ ကျပ်ဖြင့်) ကို ဝယ်ယူနိုင်ခဲ့ကြသည်။ အသင်းတော်၌ လူငယ်များအသင်းနှင့် အမျိုးသမီးများအသင်းသည် ရန်ပုံငွေများ ရှာဖွေရာတွင် အဓိက ပါဝင်ကြရသည်ဖြစ်ရာ ထိုနှစ်ဖွဲ့အား အဖွဲ့ခွဲ၍ အမည်များ ပေးထားကြသည်။ အမျိုးသမီးများအသင်းကို Merry, Marta, Lidia, Dorcus နှင့် Devorah ဟူ၍လည်းကောင်း၊ လူငယ်များအသင်းကို Pawl, Peter, James နှင့် John ဟူ၍ လည်း ကောင်း အဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။ ထိုသို့်အဖွဲ့များ ခွဲခြင်းဖြင့် ရန်ပုံငွေများ ရှာဖွေရာတွင် များစွာထိရောက်မှုများ ရှိခဲ့သည်။

ဟာလ်တူးကျေးရွာ အသင်းတော်သည် ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ကြသည်။ ၁၉၈၇ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့ တိုင် MBA ၏ ဦး ဆောင်မှုဖြင့် ရပ်တည်လာခဲ့ပြီး ဩဂုတ်လ (၁၅) ရက်မှစ၍ MABC ၏ ဦးဆောင်မှုကို ခံယူခဲ့သည်။ ထိုမှ ဧရိယာ လူငယ်တွေ့ဆုံပွဲကို ၁၉၈၇ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ “ကားတိုင်ကို ထမ်း၍ ငါ့နောက် သို့ လိုက်လော့” ဟူသော ကျမ်းချက်ဖြင့် ကျင်းပနိုင်ခဲ့ကြသည်။

မိမိ၏ ပတ်ဝန်းကျင် ဒေသများတွင် သာသနာ့ အလင်းတရားများ ရရှိသည့် အထိမ်းအမှတ်ဖြင့် လက်ဝါးကားတိုင်များ စိုက်ထူရန် MABC မှ ညွှန်ကြားခဲ့သည်။ အသင်းသူ အသင်းသားများနှင့် ကော်မတီဝင်များ ပူးပေါင်းကာ ၁၉၉၁ မေလ ၂၅ ရက်နေ့တွင် ရွာ၏ အနောက်ဘက်ခြမ်းရှိ သာ့ တောင်ကုန်း (Tah Tlang) တွင် လက်ဝါးကားတိုင်ကို စိုက်ထူနိုင်ခဲ့ကြသည်။ MABC ၏ သုံးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသည့် အစည်းအဝေးကြီး (Trinal) ကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၇ - ၁၃ ရက်နေ့များတွင် “ရေနက်ရာသို့ ရွှေ့ ဦးလော့” ခေါင်းစဉ်ဖြင့် ကျင်းပနိုင်ခဲ့ကြသည်။ သက္ကရာဇ် ၂ဝဝ၃ ခုနှစ်တွင် ဟာလ်တူးရွာ အပါအဝင် အိုင်ဒါခ် ဧရိယာ၏ သာသနာ့နှစ် ၅ဝ ပြည့် ရွှေရတုယူဘိလ (Golden Jubilee) ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင် ခဲ့ကြသည်။

ဖွံ့ဖြိုး တိုးတက်မှုများ[ပြင်ဆင်ရန်]

လမ်းပန်းဆက်သွယ်ရေးနှင့် အခြား ဖွံ့ဖြိုးမှုများ[ပြင်ဆင်ရန်]

ရှေးဦးပိုင်း ကာလများ၌ ဟာတူးရွာနှင့် မိမိဝန်းကျင်ရွာများသည် အပြန်အလှန် ဆက်သွယ် ခရီးပြုကြရာတွင် လမ်းဟူ၍ သတ်သတ် မှတ်မှတ်မရှိဘဲ အဆင်ပြေသလိုသာ သွားလာ ဆက်ဆံခဲ့ကြသည်။ ထိုသို့ သွားလာခဲ့ကြရင်း နောင်တွင် လူသွားလမ်းများ ပေါ်လာကာ ခရီးပြုသွားလာခဲ့ကြသည်။ အဆင်ပြေသလို သွားလာခဲ့ကြသည့် အခါများတွင် မိုးတွင်းကာလများနှင့် ရာသီဥတု ဆိုးရွားသည့် အချိန်များတွင် ခရီးသွားလာခြင်းများ ခက်ခဲတတ်သည်ဖြစ်ရာ ရပ်ရွာလူကြီးများနှင့် ကျေးရွာလူထုများမှ ထိုခရီးသွားလာမှု လွယ်ကူလာစေရန် လမ်းများ ဖေါက်လုပ်ရန်အတွက် စီစဉ်မှုများကိုပြုလုပ်ခဲ့ကြသည်။

ဟာတူးကျေးရွာသည် မတူပီ - မင်းတပ် ဆက်သွယ်ရာတွင် အချက်အချာကျသည့် ကျေးရွာ တစ်ရွာပင် ဖြစ်သည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ မတူပီမြို့နှင့် မင်းတပ်မြို့များ ဆက်သွယ်ရသည့် ကားလမ်းမကြီး မြေပြိုခြင်း၊ လမ်းပျက်၍ မော်တော်ကားများ သွားလာရန် ခက်ခဲခြင်း၊ လမ်းပိတ်ခြင်း စသည့် အခက်အခဲများ တွေ့ ကြုံရတတ်သည်။ ထိုအခါများတွင် ပြည်မဘက်သို့ ခရီးပြုသည့် ခရီးသွား - ကုန်သည်များ၊ အစိုးရ ဝန်ထမ်းများ၊ အရပ်ပြည်သူ အများစုတို့်သည် ဟာတူးကျေးရွာဘက်မှ ခြေလျင် ခရီးများဖြင့် ခရီးပြုလေ့ ရှိကြသည်။ ထိုသို့ မြို့ နှစ်မြို့နယ် ဆက်သွာယ်ရေးတွင် အချက်ခြာကျသည့် ဤရာတွင် ခရီးသည်များ စိတ်လက်ချမ်းသာစွာ လိုရာခရီးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် လမ်းဖေါက်လုပ်ရေးကို ကြိုးစားခဲ့ကြသည်။

ပြည်ထောင်စု ဆိုရှယ်လစ်ခေတ်၌ ကျေးရွာကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ဒါမ်း (Pa Kheu Dam) လက်ထက်တွင်မူ လမ်းဖောက်လုပ်ရေးအတွက် စတင် အကောင်ထည် ဖော်နိုင်ခဲ့သည်။ ဦးချစ်ဒါမ်း လက်ထက်တွင် ဟာတူး - ချန်းပြန်း နှစ်ရွာကြား လူသွားလမ်း (သုံးပေလမ်း) ကို အောင်မြင်စွာ ဖေါက်လုပ် နိုင်ခဲ့သည်။ ထို့အပြင် အရင်ကာလများ ပညာရေးအတွက် ချန်းပြန်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် အခြေခံပညာကို သွားရောက် သင်ယူခဲ့ကြသည်။ ထိုသို့ ခက်ခဲစွာ ပညာသင်ယူခဲ့ကြရသဖြင့် လူတိုင်း ကျောင်းပညာကို သင်ယူနိုင်ခြင်း မရှိခဲ့ချေ။ ဦးချစ်ဒါမ်း လက်ထက်တွင် ထိုအခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး ဟာတူးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဤအမြော်အမြင်ကြီးစွာဖြင့် ပညာသင်ယူကြသည့် ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်လက်ကြံ့ခိုင် ကျန်းမာရေးအတွက် အားကစားကွင်း (ဘောလုံးကွင်း) ကိုလည်း တူးဖော်ကာ အကောင်အထည် ဖော်နိုင်ခဲ့သည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ် ကုန်ဆုံး၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) ခေတ် ရောက်သောအခါတွင် ကျေးရွာ (ရဝတ) ဥက္ကဋ္ဌအဖြစ် ဦးထန်စား (Pa ThangCa) မှ ဆောင်ရွက်ခဲ့သည်။ ဦးထန်စား လက်ထက်၌လည်း ကျေးရွာ၏ ဖွံ့ဖြိုးရေးကို အထူးပင် ဆောင်ရွက်ခဲ့သည်။ ဦးချစ်ဒါမ်း လက်ထက်၌ ဖေါက်လုပ်ခဲ့သည့် ချန်းပြန်း - ဟာတူး လူသွားလမ်း အစား မော်တော်ကားလမ်း အဖြင့် ဖေါက်လုပ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ကျေးရွာတွင်း စည်ပင်ရေးအတွက် ရွာလယ်လမ်းမကြီးကို် ဖေါက်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ဦးချစ်ဒါမ်းလက်ထက်၌ ချန်းပြန်း - ဟာတူး လူသွားလမ်းကို ဖေါက်လုပ်ခဲ့သကဲ့သို့ တစ်ဘက်၌ ကျန်ရှိနေသေးသည့် ဟာတူး - ကူျတ်ရွာသစ် လူသွားလမ်း (သုံးပေလမ်း) ကို ဖေါက်လုပ်နိုင်ခဲ့သည်။ ကျေးရွာအတွင်း ရေအားကို အသုံးပြုလျက် ရေအားဆန်စက်၊ အသေးစား ရေအားလျပ်စစ်များကိုပါ ဆောက်လုပ်နိုင်ခဲ့ သည်။ ကျေးရွာဒေသ သစ်တောထွက် ပစ္စည်းများကို အကျိုးရှိရှိ အသုံးချတတ်အောင် စတင်လမ်းပြခဲ့သည်။

ဤကဲ့သို့ပင် ကျေးရွာအတွင်း အလှည့်ကျ တာဝန်ယူခဲ့ကြသည့် ဥက္ကဋ္ဌ ခေါင်းဆောင်သူများမှ မိမိ၏ကျရာ ကဏ္ဍများ၌ မလွဲမရှောင်ဘဲ ရပ်ရွာ တိုးတက်မှုအတွက် ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည်။ ရှေ့၌ တာဝန်ယူ ခဲ့ကြသူများ၏ ဆောင်ရွက် ပြီးစီးမှုများကို ပိုမိုပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် ကြိုးတံတားများ ဆောက်လုပ်ခြင်း၊ အခြေခံပညာ မူလတန်းကျောင်း အဆောက်အဦးကို အုတ်တိုက်ဖြင့် ဆောက်လုပ်ခြင်း၊ ရေအားလျပ်စစ်ကို ပိုမို အားကောင်းအောင် မွမ်းမံခြင်း၊ ဘုရားကျောင်း (ဝတ်ပြုကျောင်း) ကို အုတ်တိုက်များဖြင့် တည် ဆောက်ခြင်း စသည်ဖြင့် ကျေးရွာ ဖွံ့ဖြိုးမှုများကို ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) ခေတ်၌ ကျေးရွာ အုပ်ချုပ်ရေးကို တာဝန်ယူသည့် ဦးလောင်းဟော်န် (Pa Lawng Hawn) လက်ထက်တွင် ကျေးရွာ၏ ဖွံ့ဖြိုးမှု နောက်ဆုံး အခြေအနေ (စာရေးသူ စာရေးစဉ် ကာလအထိ ဆိုလိုသည်။) ဖြစ်သည့် ဟာတူး - ချန်းပြန်း မော်တော်ကားလမ်းကို အောင်မြင်စွာ ဖေါက်လုပ် ဖွင့်လှစ်နိုင်ခဲ့သည်။ ဤသို့ဖြင့် ဟာတူးကျေးရွာသည် အုပ်ချုပ်သူ၊ လူထုတို့၏ ဝိုင်းဝန်း အင်အားများကို သက်သေ တည်ပြနိုင်သည့် မတူပီမြို့နယ်အတွင်းရှိ စံပြကျေးရွာပင် ဖြစ်သည်။

ပညာရေး ဖွံ့ဖြိုးတိုးတက်မှု[ပြင်ဆင်ရန်]

ဟာလ်တူးရွာ၏ ပညာရေးကဏ္ဍသည် အခြားသော အိမ်နီးချင်းရွာများနှင့် စာလျင် အနည်းငယ် နောက်ကျသည်။ ယခင် ကာလများ၌ ကျောင်းပညာများ သင်ကြားရာတွင် ဟာလ်တူး ရွာသားများအနေဖြင့် ချန်းပြန်းရွာသို့သာ သွားရောက်ပညာ သင်ကြားရသည်။ ချန်းပြန်းရွာနှင့် ဟာလ်တူးရွာသည် ယခုအခါတွင် သုံးမိုင်ခန့်သာ ဝေးကွာသော်လည်း ယခင်ကာလများတွင်ကား အထက်နှင့် အောက်ဟာလ်တူးဟူ၍ နှစ်ရွာခွဲ၍ နေခဲ့ကြရာ ချန်းပြန်းရွာနှင့် အလှမ်းကွာခဲ့သည်။ ငါးမိုင်ခန့် ကွာဝေးသည်ဖြစ်ရာ ပညာသင်ယူနေသည့် ကျောင်းသားများအတွက် ကျောင်းသွား - ကျောင်းပြန် ခက်ခဲမှုများရှိခဲ့သည်။

ထိုခက်ခဲမှုများကြောင့် ပညာသင်ယူလိုသည့် ကျောင်းသားများမှာ ကျောင်းနေရန် အခွင့်အရေးများ နဲပါး ခဲ့သည်။ ထို့ကြောင့် ပညာသင်ယူသည့် ကျောင်းသူ၊ ကျောင်း သားများမှာ တစ်ယောက်စ နှစ်ယောက်စ သာ ပညာသင်ယူခဲ့ကြသည်။ ဤကာလများတွင် ကျောင်းပညာများ ခေတ် မစားသေးခြင်း၊ စာသင်းကျောင်း အလှမ်းဝေးနေခြင်း စသည်များကြောင့် စာတတ် ပုဂ္ဂိုလ်များနှင့် အထက်တန်း ပညာသင်ကြားသူ မရှိသလောက်ပင် ရှားပါးခဲ့သည်။ ထိုအခက်အခဲများသည် ဟာလ်တူးရွာ၏ ပညာရေး နောက်ကျရခြင်း အကြောင်းရင်းများပင် ဖြစ်သည်။

အထက်နှင့် အောက်ဟာလ်တူး နှစ်ရွာ ပေါင်းပြီးသော ၁၉၇၄ နှောင်းပိုင်း ကာလများတွင် ရပ်ရွာဥက္ကဋ္ဌ၏ ဆောင်ရွက် ကြိုးပမ်းခဲ့ခြင်းကြောင့် အခြခံ ပညာသင်ကျောင်း ထားရှိခွင့်ရလာသည်။ ကျေးရွာ ဥက္ကဋ္ဌအဖြစ် ဦးချစ်ဒါမ်း (Pa Kheu Dam) မှ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ပညာသင်ကျောင်း တည်ဆောက်ခွင့် ရရှိလာသောအခါ ရပ်ရွာလူထု၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဟာလ်တူးကျေးရွာ အခြေခံ ပညာသင်ကျောင်း အဆောက်အဦးကို ဆောက်လုပ်နိုင် ခဲ့ကြသည်။ ကျေးရွာတွင်းရှိ ကလေးသူငယ်များမှာလည်း ကျောင်းပညာများ ပိုမို တိုးတက်စွာ သင်ကြားလာခဲ့ကြသည်။

၁၉၇၃-၇၄ ခုနှစ် များသည် ဟာလ်တူးရွာနှင့် ချန်းပြန်းတိုက်နယ်များကို မင်းတပ်မြို့နယ် အဖြစ်မှ မတူပီမြို့နယ်သို့ ပြောင်းလဲသော ကာလဖြစ်သည် နှင့်အညီ ရပ်ရေးရွာရေးများတွင် မြို့နယ်ရုံးသို့ ဆက်သွယ်ရန် ပိုမို၍ လွယ်ကူလာသည်။ ကျောင်းသုံး စာအုပ်ကိစ္စများနှင့် အခြားလိုအပ်သည်များကို လွယ်ကူစွာ သွားရောက် ထုတ်ယူကြသည်။ အခြေခံ ပညာအဆင့်များကို ကျေးရွာတွင်း၌ သင်ယူကြရပြီး အလယ်တန်းနှင့် အထက်တန်းပညာများကို မတူပီ မြို့ပေါ်သို့ သွားရောက် သင်ယူခဲ့ကြသည်။ ဤသို့ဖြင့် စာတတ် ပညာတတ်များကို မွေးဖွားပေး နိုင်ခဲ့သည်။

ခေတ်ပညာတတ်များ ရှိလာသည်နှင့်အမျှ ယခင် မိရိုးဖလာ တောင်ယာလုပ်ငန်းသာ လုပ်ကိုင်ခဲ့ကြရာမှ အစိုးရ ဝန်ထမ်းများ၊ လခစား လုပ်ငန်းများကို တဖြည်းဖြည်း လုပ်ကိုင်လာကြသည်။ ကျေးရွာတွင်းရှိ ပထမဦးဆုံး အစိုးရ ဝန်ထမ်းမှာ ဦးပီလ်သွန်းနှင့် ဒေါ်စေဆောဒ်တို့၏သား ဦးထန်းလွေ (Pa Thang Loei) ပင်ဖြစ်သည်။ ပထမဦးဆုံး အထက်တန်း ပညာသင်ယူသူမှာ ဦးအန်ထယ်၏သား ဆရာတော် စံအောင် (Rev. San Aung - Pa Tal Ang) ဖြစ်ပြီး၊ ပထမဦးဆုံး ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးကျောင်းဆင်းမှာ ဦးဘွေထန်း (Pa BawiThang) ဖြစ်သည်။ ဦးဘွေထန်းသည် ဟာလ်တူး ရွာသားများတွင် ပထမဆုံး ကျောင်းဆရာဖြစ်ပြီး မူလတန်း ကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ် စသည်ဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ပထမဦးဆုံးသော စစ်ဘက်အရာရှိမှာ ဦးလုံမိုင်း (Pa TuemThang) ဖြစ်သည်။

ဟာလ်တူးကျေးရွာ၏ ပညာရေးတွင် ဘာသာရေးပညာ၊ တက္ကသိုလ်ပညာ စသည်ဖြင့် အမျိုးမျိုး လေ့လာ သင်ယူခဲ့ကြသည်။ ဘာသာရေးများတွင် ပထမဆုံးဘွဲ့ရမှာ သိက္ခာတော်ရ ဆရာတော် စံအောင်ဖြစ်ပြီး ပထမဆုံး BD ဘွဲ့ရသူများမှာ ဦးထွန်းကျော် (Pa ThunThang) ၏သား ဆရာဦးလျန်ဘွေးနှင့် ဦးဟာအောမ် (Ha Awm)၏သား ဆရာဦးလျန်ကုန်း တို့ပင် ဖြစ်ကြသည်။ ပထမ ဦးဆုံး ပညာရေးဘွဲ့B. Ed ရ သူမှာ ဦးခိုင်ထွန်း (Pa KhangThung) ဖြစ်သည်။ ပထမဦးဆုံးသော ကျန်းမာရေးဝန်ထမ်းမှာ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်း တို့၏သမီး ဆရာမ ဒေါ်ခင်ကြည် ပင်ဖြစ်သည်။ ဟာလ်တူး ကျေးရွာအတွင်းမှ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသားမှာ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်း (Pa Thang Loei-Nu Ngai Luem) တို့၏သား ဆလိုင်းရဲကျော်နိုင် ဖြစ်သည်။ ပထမဦးဆုံးသော မဟာတန်းနှင့် MA ဘွဲ့ရသူများမှာ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်းတို့၏ သားများဖြစ်ကြသည့် ဆလိုင်းရဲကျော်ဦးနှင့် ဆလိုင်းရဲကျော်နိုင် (၂ဝဝ၆) တို့ဖြစ်ကြသည်။ ၎င်းများအပြင် ယခုအခါ တက္ကသိုလ် ပညာသင်ယူသူများ၊ အဝေးရောက် စနစ်ဖြင့် တက္ကသိုလ်ပညာ သင်ယူသူများ စသည်ဖြင့် အဆင့်မြင့်ပညာ ဆည်းပူး တက်ရောက်သူများလည်း ပိုမို၍ တိုးတက် များပြားလာပြီ ဖြစ်သည်။

ဟာတူးရွာနှင့် ရေအားဆန်စက်[ပြင်ဆင်ရန်]

ရှေးကာလများ၌ ဟာလ်တူးရွာသားများသည် တောက်ယာထွက် သီးနှံများဖြစ်သည့် စပါးများ၊ ပြောင်းများကို လက်ထောင်းဆုံများဖြင့် ထောင်းကြပြီး စားသုံးခဲ့ကြသည်။ ဘိုးဘွားများမှ ရေမောင်းဆုံများကို တီထွင်ကြပြီး ဆန်စပါးများကို ထောင်းကြိတ်ခဲ့ကြသည်။ သို့သော် လိုသလောက် ခရီး မတွင်ခြင်း၊ တခါတရံ ရေအားနည်းခြင်းများ ကြုံတတ်ကြရာ ထိုရေမောင်းဆုံမှာ သုံးစွဲသူများ နည်းလာပြီး မိမိတို့၏ လက်ထောင်းဆုံများကိုသာ ပြန်လည် အသုံးပြုတတ်ကြသည်။

ထိုသို့သော ဒုက္ခများကို ကျော်လွန်နိုင်ရန် ရွာသူရွာသားများမှ နည်းမျိုးစုံဖြင့် စဉ်းစား၊ အကြံထုတ် ခဲ့ကြသည်။ ဘွေနားမျိုးနွယ်စုမှ ဦးထန်စားသည် ထိုဒုက္ခများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာတွေ့ခဲ့သည်။ ရွာနဘေးရှိ ကိီလောင်းချောင်းအား အသုံးပြုကာ ပထမဆုံး ရေအားဆန်စက်ကို တီထွင် အသုံးပြုနိုင်ခဲ့သည်။ သင့်တော်သည့် နေရာတွင် ရေသွယ်မြောင်း ဖေါက်လုပ်ပြီး ရဟတ်ကြီးကို လည်ပတ်စေသည်။ ထိုလည်ပတ်သည့် ရဟတ်ကြီးဖြင့် ဆန်စက်ကို လည်ပတ်စေပြီး စပါးများကို ကြိတ်ခွဲစေသည်။ ထိုသို့ သော အောင်မြင်မှုသည် ဟာလ်တူးရွာသားတို့၏ အကျိုးတရားများစွာ ဖြစ်ထွန်းစေခဲ့သည်။ ယခင် တပင်တပန်း လက်ထောင်းဆုံများဖြင့် ထောင်းခဲ့သမျှ သက်သာမှုများစွာ ရရှိလာကြသည်။ ဤသည်ပင် နောင်အခါများတွင် ဟာလ်တူးရွာ၏ အောင်မြင်မှုများ ရရှိစေသည့် ခြေလှမ်းစပင် ဖြစ်တော့သည်။

ရေအားလျှပ်စစ်[ပြင်ဆင်ရန်]

ဦးထန်စားသည် ခေတ်ပညာတတ် မဟုတ်ခဲ့သော်လည်း ရပ်ရွာ တိုးတက်ရေးအတွက် စဉ်းစားကြံဆတတ်သူ ဖြစ်သည်။ ဟာလ်တူး ရေအားဆန်စက်ကို အောင်မြင်စွာ တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင်လည်း ရည်မှန်းချက်ကြီးသူပီပီ ထိုရေအားဖြင့် ဟာလ်တူးကျေးရွာအား လျှပ်စစ်မီး လင်းစေရမည် ဟူသည့် ရည်ရွယ်ချက်ထားခဲ့သည်။ ကျယ်ဝန်းလှသည့် ဟာလ်တူးရွာ ဧရိယာ၏ သစ်တောထွက် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုခဲ့သည်။

သစ်ပင်ကြီးများကို ပျဉ်ချပ်များအဖြစ် ထုတ်လုပ်ပြီး မတူပီမြို့နှင့် လိုအပ်သူများထံသို့ ရောင်းချခြင်းဖြင့် ဝင်ငွေများကို ရှာဖွေခဲ့သည်။ ထိုဝင်ငွေများကို စုဆောင်းပြီး ထိုမှ လိုအပ်သည့် ပစ္စည်းကိရိယာများကို စုဆောင်းသည်။ ကျေးရွာလူထု၏ လုပ်အားယူကာ တူးမြောင်းများကို ပြင်ဆင် ဖေါက်လုပ်သည်။ ယခင်ပြုလုပ်ခဲ့သည့် ရေအားဆန်စက်ကို ပြုပြင် မွမ်းမံသည်။ ထို့နောက် ကျွမ်းကျင်သူများနှင့်အတူ ရေရဟတ်နှင့် ယန္တရားများကို် တပ်ဆင်ကြပြီး ရဟတ်၏ လည်ပတ်အားဖြင့် ဒိုင်နမိုကို လည်ပတ်စေကာ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ခဲ့ကြသည်။

ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရေမြောင်းမှ သွယ်ယူလာသည့် ရေများဖြင့် ရဟတ်ကြီးအား လည်ပတ်စေသည်။ ထိုရဟတ်ကြီး မှတဆင့် ရဟတ်ဘီးလုံးများကို ပတ်ကြိုးများဖြင့် ဆက်သွယ်ပြီး ထိုဘီးလုံးများ လည်ပတ်အားများစေရန် ပြုလုပ်ရသည်။ ရဟတ်ဘီးလုံးများမှာ ဘီးလုံး အကြီး အသေးခြား၍ တပ်ဆင်ပြီး လည်ပတ်အားကို မြှင့်စေရသည်။ လိုအပ်သည့် လည်ပတ်အား ရလာသောအခါ လျှပ်စစ်အား ထုတ်လွှတ်သည့် ဒိုင်နမို်နှင့် ဆက်သွယ်ပေးပြီး လျှပ်စစ်ဓာတ်အားကို ထုတ်ယူရသည်။ ရိုးရှင်းလှစွာ ထုတ်လုပ်သည့် ဤလျှပ်စစ်ဓာတ် အားဖြင့်ပင် မတူပီမြို့နယ် တလွားတွင် အောင်မြင်များ ရရှိပြီး စံပြကျေးရွာအဖြင့် ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့သည်။ ရေအားလျှပ်စစ်ကို ၁၉၉ဝ ခုနှစ်တွင် မတူပီမြို့နယ် ကျန်းမာရေမှူး ဖြစ်သည့် ဒေါက်တာရိုအုပ်နှင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ဖွင့်လှစ်ပေးခဲ့ကြသည်။

ပထမဦးဆုံး ထုတ်လုပ်မှုဖြစ်သဖြင့် အားနည်းမှုများလည်း ရှိသည်။ ပုဂ္ဂလိက ပိုင်ဆိုင် ထုတ်လုပ်ခြင်းဖြစ်ရာ အခက်ခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအားနည်းချက်များကို တစ်ခုချင်း မြင်လာကြပြီး နောက်ပိုင်းတွင် ကျေးရွာလူထု၏ ဝိုင်းဝန်း လုပ်ဆောင်မှုဖြင့် ထိန်းသိမ်းခဲ့ကြသည်။ နောက်ပိုင်းတွင် တဖန် ဆန်းသစ်ကြပြီး ဓာတ်အားပိုမို ၍ ထုတ်လုတ်နိုင်သော စက်ရုံကို တည်ဆောက်နိုင်ခဲ့ကြသည်။ ဓာတ်အားများ ပိုမိုထုတ်လုပ်နိ်င်ခဲ့ကြရာ လိုအပ်သည့်နေရာများ၌ လိုအပ်သလို သုံးစွဲလာနိုင်ခဲ့ကြသည်။ ရေအား လျှပ်စစ်စက်ရုံသစ်ကို သက္ကရာဇ် ၂ဝဝ၂ ခုနှစ် တွင် မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌမှ ဖွင့်လှစ်ပေးခဲ့သည်။

ဟာတူး (Haltu) ရွာ ဗိမာန်တော်[ပြင်ဆင်ရန်]

ဟာလ်တူး ကျေးရွာတွင် ခရစ်ယာန် သာသနာတော် ၁၉၅၇-၅၈ ခုနှစ်များတွင် ရောက်ရှိလာသည်။ ထာဝရ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယုံကြည်သူ ခရစ်ယာန်များ တိုးပွားလာခဲ့သည်။ ယုံကြည်သူ ခရစ်ယာန် အင်အား များပြားလာသောအခါ ၁၉၆၃ ခုနှစ်တွင် ဘုရားဝတ်ပြုနိုင်ရန် ဝါးထရံ သက်ကယ်မိုးဖြင့် ဗိမာန်တော်ကို တည်ဆောက်နိုင်ခဲ့ကြသည်။ အထက် - အောက် နှစ်ရွာခွဲ၍ နေရသဖြင့် ကျေးရွာလူထု၏ စည်းလုံးမှုအင်အား နဲပါးလှသည်ဖြစ်ရာ ဥပုတ်နေ့လောက်၌သာ အတူတကွ ဝတ်ပြုနိုင်ခဲ့ကြပြီး အခြားနေ့များတွင်မူ အဆင်ပြေသလိုသာ ဝတ်ပြုခဲ့ကြရသည်။

၁၉၇၄-၇၅ ခုနှစ်များတွင် ဟာလ်တူးကျေးရွာသည် မတူပီမြို့နယ်၏ ကျေးရွာအုပ်စု တစ်ခုအဖြင့် သတ်မှတ်ခဲ့ကြသည်။ အထက်နှင့် အောက်ဟာလ်တူး နှစ်ရွာကို တစ်ခုတည်းသော ကျေးရွာအဖြင့် ပူးပေါင်း နေထိုင်နိုင်ခဲ့ကြသည်။ ဟာလ်တူးကျေးရွာ နှစ်ရွာပူးပေါင်းသည့် အခါများမှစ၍ စည်းလုံးမှုပိုမို အားကောင်းလာခဲ့သည်။ ယုံကြည်သူ များပြားလာသည်နှင့်အမျှ ယခင်တည်ဆောက်ခဲ့ကြသည့် ဗိမာန်တော်မှာလည်း ဟောင်းနွမ်းလာ သည်ဖြစ်ရာ ဘုရားကျောင်းသစ်ဆောက်လုပ်ရန် စဉ်းစားလာခဲ့ကြသည်။

ကျေးရွာဝန်းကျင်မှ သစ်တောထွက်များကို ကောင်းစွာ အသုံးချလာကြပြီဖြစ်ရာ သစ်လုံးကြီးများမှ ပျဉ်ချပ်များကို ထုတ်လုပ်ကြပြီး ပျဉ်ထောင်အိမ်များပင် ဆောက်လုပ်လာကြသည်။ ထိုသို့ဖြင့် ဘုရားကျောင်းကို ပျဉ်ထောင်ဖြင့် ဆောက်လုပ်နိုင်ရန် အသင်းတော် လူကြီး - လူငယ်၊ ကျား-မ များနှင့် ကျေးရွာလူထု တစ်ရပ်လုံး ညီညွတ်စွာ အားထုတ်လာကြသည်။ မိမိ တတ်ကျွမ်းသည့် စွမ်းအားများ၊ ကျွမ်းကျင်မှုများ အသီးသီးဖြင့် ကြိုးပမ်းခဲ့ကြသည်။ ကျေးရွာလူထု၏ ယုံကြည် အားထုတ်မှုကြောင့် ၁၉၈၂ ခုနှစ်တွင် ပျဉ်ထောင်၊ သက်ကယ်အမိုးဖြင့် ဘုရားဝတ်ပြုရာ ဗိမာန်တော်သစ်ကို ဆောက်လုပ်နိုင်ခဲ့ကြသည်။ ထိုဘုရားကျောင်းသစ်ကို ၁၉၈၃ ခုနှစ်မေလ (၈) ရက်နေ့တွင် MBC EC များ Ardak ဧရိယာ အသင်းတော်များနှင့်အတူ ဖွင့်ပွဲ၊ အနုမောဒနာ ပြုနိုင်ခဲ့ကြသည်။

ဟာလ်တူးကျေးရွာ နှစ်ခြင်းအသင်းတော်သည် ပျဉ်ထောင် - သက်ကယ်မိုးသည့် ဘုရားရှိခိုးကျောင်းသစ် ပျော်ရွှင်စွာ ထဝရဘုရား၏ နာမတော်မြတ်ကို ချီးမွမ်းနိုင်ခဲ့ကြသည်။ ဟာလ်တူး ကျေးရွာ နှစ်ခြင်းအသင်းတော်နှင့် ဆက်သွယ်ထားသည့် မတူပီမြို့ မြို့မ နှစ်ခြင်းအသင်းတော်တွင်း ပဋိပက္ခများ ဖြစ်လာသောအခါ ဟာလ်တူးနှစ် ခြင်းအသင်းတော်နှင့် အိုင်ဒါခ် နှစ်ခြင်းအသင်းတော်များသည် ခွဲထွက်သွားသည့် မတူပီမြို့ နှစ်ခြင်းအသင်းတော် MABC ဘက်မှ ရပ်တည်ပါဝင်ခဲ့ကြသည်။ ဟာလ်တူး နှစ်ခြင်းအသင်းတော်၏ အဖွံ့ဖြိုးဆုံး ကာလများဖြစ်ရာ ယုံကြည်သူများအနေဖြင့် သာသနာ ပြန့်ပွားရေးနှင့် ရပ်ရွာ တိုးတက်ရေးကို အထူး လုပ်ဆောင်လာကြသည်။ ဧဝံဂေလိတရားဟောဆရာ (Evangelist) များပင် စေလွှတ်နိုင်ခဲ့ကြသည်။

ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်းတို့၏ သမီးဖြစ်သူ ဒေါ်ခင်ဦးသည် မိမိတို့ မိသားစု၏ စားဝတ်နေရေးနှင့် မောင်နှမများ၏ ပညာရေးအတွက် ရည်ရွယ်ပြီး ညီမဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ စီးပွားရှာခဲ့ကြသည်။ ဤသို့ဖြင့် မိသားစုတွင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။ ထိုသို့ဖြင့် ဒေါ်ခင်ဦး (ဒေးဗစ် စိုးစံနူး) သည် ကိုသိန်းဌေး (ဒေးဗစ်စိုးစံပါး) နှင့် အိမ်ထောင်ပြုခဲ့သည်။ ဒေါ်ခင်ဦးသည် ငယ်ရွယ်စဉ်ကပင် မိမိတို့ကျေးရွာ ဘုရားကျောင်း၏ တိုးတက်ရေးအတွက် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သည့် အသင်းတော် လူငယ်တစ်ဦးဖြစ်ရာ ကျေးရွာ ဘုရားရှိခိုးကျောင်း အမိုးအတွက် ကိုသိန်းဌေးနှင့် မခင်ဦးတို့် ဇနီးမောင်နှံမှ သွပ်ပြားများကို လှူဒါန်းခဲ့ကြသည်။ ထိုသို့ လှူဒါန်းသည့် သွပ်ပြားများကို ကျေးရွာအသင်းတော်မှ ရရှိကြသောအခါ ကျေးရွာဘုရားကျောင်းကို အင်္ကတေ အုတ်တိုက်ဖြင့် ဆောက်လုပ်နိုင်ရန် အားထုတ်လာကြသည်။

ဟာလ်တူး ကျေးရွာရှိ အသင်းတော်သူ အသင်းတော်သားများသည် ဦးသိန်းဌေးနှင့် ဒေါ်ခင်ဦးတို့၏ ပေးဆပ်မှုများနှင့် အခြားသော ပုဂ္ဂိုလ်များ၏ မိမိတို့တတ်နိုင်သည့် ပေးဆပ် အသုံးတော်ခံမှုများကို သာဓကပြုကြပြီး ဘုရားကျောင်းတော်ကြီး တည်ဆောက်ရေးကို ပိုမို၍ အားထုတ် ပေးဆပ်မှုများ ပြုလုပ်လာကြသည်။ ရန်ပုံငွေ ရှာဖွေ ခြင်း၊ ပစ္စည်း ကရိယာများ ဝယ်ယူ စုဆောင်းခြင်းစသည့် အစစလိုအပ်မှုများကို စုဆောင်းရှာဖွေ စုဆောင်းလာကြသည်။ လူထုလုပ်အားများဖြင့် အုတ်ဖုတ်ခြင်း၊ သဲများ စုဆောင်းခြင်း၊ ပျဉ်အတွက် လွှဆွဲခြင်း၊ ဘိလပ်မြေသယ်ခြင်း၊ လိုအပ်သည့် ပစ္စည်းများ လှူဒါန်းခြင်း စသည်ဖြင့် အသီးသီး ပါဝင်ခဲ့ကြသည်။ ထိုသို့ ထာဝရ ဘုရားသခင်၏ လမ်းပြဆောင်မမှု၊ အသင်းအုပ် သက‹္ခာတော် ဆရာတော် ္မစံအောင်နှင့် အသင်းတော် လူကြီးများ၏ ဦးဆောင်မှုဖြင့် ဟာလ်တူးကျေးရွာ၏ ဘုရားဝတ်ပြုရာ ဘုရားကျောင်း ဗိမာန်တော်ကြီးကို အောင်မြင်စွာ တည်ဆောက်နိုင် ခဲ့ကြသည်။ ထိုဘုရားကျောင်း ဗိမာန်တော်ကြီးကို သက္ကရာဇ် ၂ဝဝ၃ ခုနှစ်တွင် ဆောက်လုပ် ပြီးဆီးခဲ့ကြပြီး အိုင်ဒါခ်ဧရိယာ အသင်းတော်များနှင့်အတူ ကျေးဇူးတော် ချီးမွမ်းကာ အနုမောဒနာပြု ဖွင့်လှစ်နိုင် ခဲ့ကြသည်။

ဟာတူး (Haltu) ကျေးရွာ မူလတန်းကျောင်း[ပြင်ဆင်ရန်]

ဟာလ်တူး ကျေးရွာ၏ မူလတန်း စာသင်ကျောင်းကို ၁၉၇၄ နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုမှ နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုဖြင့် ပျဉ်ထောင် သက်ကယ်မိုးဖြင့် ဆောက်လုပ်နိုင်ခဲ့ကြသည်။ မဆလ ခေတ်ကာလ တလျှောက်လုံးတွင်ပင် ပညာရေး အခြေအနေမှာ အတန်သင့် တိုးတက်မှုများ ရှိလာခဲ့သည်။

မတူပီမြို့နယ်တွင် စာသင်ကျောင်း နောက်ကျစွာ ရရှိခဲ့သော်လည်း အိမ်နီးချင်းရွာဖြစ်သည့် ချန်းပြန်းရွာ၌ ပညာသင်ယူခဲ့ကြသဖြင့် အခြားသော ကျေးရွာများထက် နောက်ကျမှု မရှိလှပေ။ ထို့အပြင် ကျေးရွာလူထု၏ ကြိုးပမ်းမှုနှင့် တာဝန်ရှိ အုပ်ချုပ်သူများ၏ ရပ်ရွာတိုးတက် ဖွံ့ဖြိုးမှု ဆောက်ရွက်ခြင်းများကြောင့် မတူပီမြို့နယ်တွင် စံပြအဖြင့် ရပ်တည်နိုင်ခဲ့သည်။ ရေအား လျှပ်စစ်စီမံကိန်း အစရှိသော လုပ်ဆောင်မှုများသည် ဟာလ်တူးကျေးရွာ၏ တိုးတက်မှု ပြယုဂ်များပင် ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် စာသင်ကျောင်းများရရှိ တည်ဆောက်နိုင်ခဲ့သည် နှင့်အညီ အခြားသော ပညာရေးဆိုင်ရာ အားပေးမှုများလည်း ခံစား ရရှိခဲ့သည်။ ကျေးရွာတွင်း၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများကို အသိမှတ်ပြုသည့်အနေဖြင့် ကျေးရွာ စာသင်ကျောင်းကို အသစ်ဆောက်လုပ်ခွင့် ပေးခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဟာလ်တူးကျေးရွာ စာသင်ကျောင်းကို အုတ်တိုက်ဖြင့် ဆောက်လုပ်ခွင့်အပြင် ရန်ပုံငွေ များကိုလည်း ချမှတ်ပေးခဲ့သည်။ သက္ကရာဇ် ၂ဝဝဝ ခုနှစ်တွင် တိုက်ဖြင့် ဆောက်လုပ်ထားသည့် စာသင်ကျောင်း အသစ်ကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ မြို့နယ်လူကြီးများမှ ဖွင့်လှစ်ပေးခဲ့သည်။ ကျောင်းသား - ကျောင်းသူများအတွက် စာသင်အထောက်အကူ ပစ္စည်းများနှင့် ပညာရေးကဏ္ဍ လိုအပ်ချက်များ၊ ကျောင်းဆရာ - ဆရာမများကိုလည်း အားဖြည့်ပေးခဲ့သည်။

ချန်းပြန်း (Hlang Prang) - ဟာတူး (Haltu) မော်တော်ကားလမ်း[ပြင်ဆင်ရန်]

ဟာလ်တူးကျေးရွာ၏ လမ်ပန်းဆက်သွယ်ရေးသည် အရင်ကာလများတွင် ခက်ခဲ့မှုများရှိခဲ့ကြောင်း ဖော် ပြခဲ့ပြီးဖြစ်သည်။ ထိုခက်ခဲသည့် လမ်းပန်း ဆက်သွယ်ရေးကို ဖြေရှင်းနိုင်ရန် အုပ်ခုျပ်သူများနှင့် ကျေးရွာလူထုမှ တွေးတော ကြံစည်ခဲ့ကြသည်။

မဆလခေတ် ကျေးရွာပြည်သူ့ကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ဒါမ်း လက်ထက်တွင် လမ်းပန်း ဆက်သွယ်မှု ကဏ္ဍကို အထူးပင် အလေးထားခဲ့သည်။ ယခင်ကာလများတွင် လမ်းဟူ၍ သတ်သတ် မှတ်မှတ် မရှိခဲ့သည့် ချန်း ပြန်း - ဟာလ်တူးလမ်းကို ဖော်ခဲ့ပြီး သွားလာရေး လွယ်ကူစေရန် သုံးပေလမ်း ဖေါက်လုပ်ခဲ့သည်။ အလားတူပင် ဟာလ်တူး - ကာလ်အီမ်းလမ်းကိုလည်း ဖေါက်နိုင်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဥက္ကဋ္ဌအဖြင့် ဆောင်ရွက် ဦးစီးခဲ့သည့် ဦးထန်စား လက်ထက်တွင် မိုးတွင်းကာလများတွင် မင်းတပ် - မတူပီ ဖြတ်လမ်းအဖြင့် အဓိကအသုံးပြုသည့် ဟာလ်တူး - ကူျတ်ရွာသစ်လမ်းကိုလည်း ဖေါက်လုပ်နိုင်ခဲ့ သည်။ ဤသို့ဖြင့် ကျေးရွာ တိုးတက်မှုကို အလေးထားသည့် ကျေးရွာ လူထုအနေဖြင့် ဟာလ်တူးကျေးရွာ အတွင်း မော်တော်ကားလမ်း ဖေါက်လုပ်ရေးကို များစွာလိုလားကြသည်။

ဦးထန်စား လက်ထက်တွင် ကျေးရွာတွင်း မော်တော်ကားလမ်း ဖေါက်လုပ်ရေးကို အထူး ကြိုးပမ်းခဲ့သည်။ ကားလမ်း ဖေါက်လုပ်ရေးကို ကိုယ်ထူ ကိုယ်ထအားဖြင့် စတင်ခဲ့ပြီး ဦးစွာရွာအတွင်း ရွာလယ်လမ်းမကို စတင်၍ ဖေါက်လုပ်ခဲ့သည်။ ကျေးရွာအဝင်လမ်း မှစ၍ ရွာအထွက်တိုင် လမ်းမကြီးကို ဖေါက်လုပ်ခဲ့သည်။ အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်၍ ဖေါက်လုပ်နိုင်ခြင်း မရှိခဲ့ချေ။ နောင်တွင် ကျေးရွာ ဥက္ကဋ္ဌအဖြင့် တာဝန်ယူကြသည့် ခေါင်းဆောင်များမှ ကျေးရွာတွင်း မော်တော်ကားလမ်း ဖေါက်လုပ်ရေးကို အထူး ကြိုးပမ်းခဲ့ကြသည်။ လမ်းဖေါက်လုပ်မှုကို ဦးချစ်ဒါမ်း လက်ထက်မှစ၍ ဦးထန်စား၊ ဦးကာလ်ဗန်း၊ ဦးရိုင်ပွန်း၊ ဦးခါပ်နား စသည်ဖြင့် မိမိကျရာ၌ အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

ကျေးရွာ လမ်းဖေါက်လုပ်ရေးကို ဖော်ပြပါ ဥက္ကဋ္ဌအသီးသီးမှ ကြိုးပမ်းခဲ့ကြပြီး မြို့နယ် အကြီးအကဲများထံ ရန်ပုံငွေရရှိရေးကို တင်ပြခဲ့ကြသည်။ နောက်ပိုင်းတွင် လမ်းဖေါက်လုပ်ရန် ရန်ပုံငွေများ(ဘတ်ဂျက်) ရရှိလာကြပြီး လမ်းဖေါက်လုပ်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ကျေးရွာ ဥက္ကဋ္ဌအဖြင့် ဦးလောင်းဟောန်မှ ဆောင်ရွက်လာသောအခါ ထိုလမ်းဖေါက်လုပ်ရေး ကြိုးပမ်းမှုမှာများစွာ အောင်မြင်မှု ရရှိခဲ့သည်။ လမ်းဖေါက်လုပ်ရန် ရန်ပုံငွေများ ရရှိခဲ့သည် သာမကဘဲ လမ်းဖေါက်လုပ်သည့် ယန္တရားများကိုပင် ငှားရမ်းပြီး ဖေါက်လုပ်နိုင်ခဲ့သည်။ သို့ဖြင့် သက္ကရာဇ် ၂ဝဝ၄ ခုနှစ်တွင် ချန်းပြန်း - ဟာလ်တူးကားလမ်းကို အောင်မြင်စွာ ဖေါက်လုပ်နိုင်ခဲ့ကြသည်။ အခက်အခဲ အဟန့်တား အမျိုးမျိုးကြားမှ မော်တော်ကား လမ်းမကြီးကို ဖေါက်လုပ်နိုင်ခဲ့ကြပြီး မတူပီမြို့နယ် အုပ်ချုပ်သူ အကြီးအကဲများမှ အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ကြသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  • ဟာတူးရွာနှင့် သဘာဝပတ်ဝန်းကျင် (ဆက်လက်ဖော်ပြပါမည်)
  • အနာဂတ်ဆီသို့ မျှော်ကြည့်ရာဝယ် (ဆက်လက်ဖော်ပြပါမည်)
  • သက်ကြီးများ၏ ဪဝါဒများမှတ်သားခြင်း၊
  • ရိုးရာ ဆိုရိုး၊ ကဗျာ လကာများလေ့လာခြင်း