ဟယ်လင် သောမတ်စ်

ဝီကီပီးဒီးယား မှ
ဟယ်လင် သောမတ်စ်
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလက တွေ့ရသော သောမတ်စ်
မွေးဖွားဟယ်လင် အေမီလီယာ သောမတ်စ်
၄ ဩဂုတ် ၁၉၂၀
ဝင်ချက်စ်တာမြို့၊ ကင်တပ်ကီပြည်နယ်အမေရိကန်ပြည်ထောင်စု
ကွယ်လွန်ဇူလိုင် ၂၀၊ ၂၀၁၃(2013-07-20) (အသက် ၉၂)
ဝါရှင်တန်ဒီစီ၊ အမေရိကန်ပြည်ထောင်စု
နိုင်ငံလူမျိုး အမေရိကန်
မိခင်ကျောင်းဝိန်းတက္ကသိုလ် (B.A., ၁၉၄၂)
အလုပ်အကိုင်စာရေးဆရာ၊ သတင်းထောက်၊ ကော်လံစားသတင်းထောက်
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၃ – ၂၀၁၃
ကျော်ကြားမှုအရင်းခံရှေ့ဆောင်အမျိုးသမီးသတင်းထောက်၊
အိမ်ဖြူတော်သတင်းအဖွဲ့တွင် ပထမဦးဆုံး အမျိုးသမီးသတင်းထောက်အဖြစ် ဝင်ရောက်ခွင့်ရရှိသူ
ဇာတိဒက်ထရွိုက်မြို့၊ မီချီဂန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
အိမ်ထောင်ဖက်(များ)ဒေါက်ဂလပ်စ် ကောနဲလ်
(၁၉၇၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်ထိ၊ ဒေါက်ဂလပ်စ်သေဆုံးချိန်ထိ)
မိဘ(များ)ဂျော့သောမတ်စ် နှင့် မေရီသောမတ်စ်
ဆွေမျိုးသားချင်း၈ ယောက်

ဟယ်လင် သောမတ်စ် (၁၉၂၀-၂၀၁၃) သည် အိမ်ဖြူတော်သတင်းသမားလောကတွင် အမျိုးသမီးသတင်းထောက်ဘဝဖြင့် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ ပထမဦးဆုံးသတင်းလိုက်ခဲ့သူဖြစ်သည်။[၁] ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကွယ်လွန်ကာ သူမကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သူမအမည် အပြည့်အစုံက ဟယ်လင် အေမီလီယာ သောမတ်စ်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂]ဟယ်လင့်ကို ကင်တပ်ကီပြည်နယ်၊ ဝင်ချက်စ်တာမြို့တွင် မွေးဖွားသည်။ ဂျော့နှင့် မေရီသောမတ်စ်တို့၏ သားသမီး ဆယ်ယောက်အနက် သတ္တမမြောက်သမီးဖြစ်သည်။ မိဘများသည် လက်ဘနွန်နိုင်ငံ၊ ထရီပိုလီမှ အမေရိကန်ပြည်ထောင်စုသို့ ရောက်လာကာ အခြေချနေထိုင်ခဲ့သူများဖြစ်သည်။ သူမသည် မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်တွင် ကြီးပြင်းလာခဲ့ရသည်။ သူ့ဖခင်က ကုန်စုံဆိုင်တစ်ဆိုင်ဖွင့်ထားသည်။ သူမသည် အထက်တန်းကျောင်းတွင် တက်နေစဉ်ကတည်းက သတင်းသမားတစ်ယောက်ဖြစ်ရန် ဆန္ဒပြင်းပြခဲ့သူဖြစ်သည်။ အထက်တန်းအောင်ပြီးနောက် ဒက်ထရွိုက်မြို့ရှိ Wayne တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်စာပေ အဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။ ထိုစဉ်က Wayne တက္ကသိုလ်သည် သတင်းမီဒီယာဘွဲ့အတွက် သင်ကြားခြင်း မရှိသေးပေ။

သတင်းသမားဖြစ်လာပုံ[ပြင်ဆင်ရန်]

ဟယ်လင် သောမတ်စ်သည် စာရေးဆရာ၊ သတင်းထောက်၊ အိမ်ဖြူတော် သတင်းလိုက်အဖွဲ့ဝင်၊ နိုင်ငံရေးဝေဖန်အကြံပေးစသည့် ဂုဏ်ထူးများကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။[၃] ထိုဂုဏ်ထူးများကို ဟယ်လင်တစ်ယောက် အလုပ်မလုပ်ဘဲထိုင်ပြီး ရလာခဲ့ခြင်းတော့ မဟုတ်ပေ။ ဟယ်လင်သည် သတင်းသမားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဝါရှင်တန်ဒီစီသို့ ရောက်လာခဲ့သည်။ Washington Daily News တွင် စတင်ဝင်ရောက်အမှုထမ်းသည်။ ရှစ်လအကြာတွင် သပိတ်မှောက်သူများနှင့် ပူးပေါင်း ခဲ့သောကြောင့် အလုပ်ထုတ်ခံရသည်။၁၉၄၃ ခုနှစ်တွင် United Press တွင် ရေဒီယိုသတင်းများရေးသားသူအဖြစ် တစ်ပတ်လျှင် ၂၄ ဒေါ်လာဖြင့် အလုပ်ဝင်လုပ် သည်။ ယနေ့ခေတ်ငွေတန်ဖိုးနှင့်ဆိုလျှင် ၃၁၈ ဒေါ်လာခန့်နှင့် ညီသည်။ လူမှုရေးလုပ်ငန်းသတင်းများ၊ အမျိုးသမီးလှုပ်ရှားမှု သတင်းများနှင့် အနုပညာရှင်တို့အကြောင်း သတင်းများကို ရေးသားရသည်။ နှစ်ကြာလာသည့်အခါတွင် ဝါရှင်တန်ရှိ နာမည် ကျော် အနုပညာရှင်များအကြောင်းကို အင်တာဗျူး များဖြင့် ရေးသားဖော်ပြခွင့်ရခဲ့သည်။

ဘဝဖြတ်သန်းမှု[ပြင်ဆင်ရန်]

၁၉၅၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တရားရေးဌာနသတင်းများကို ရေးသားရန် တာဝန်ပေးအပ်ခြင်းခံရသည်။ နောက်ပိုင်းတွင် အမေရိကန် ကျန်းမာရေးဌာနနှင့် ပါလီမန်သတင်းများကို ရေးသားသူဖြစ်လာသည်။ [၄]

၁၉၅၉ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အမျိုးသမီးသတင်းကလပ်တွင် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ ၁၉၅၉ ခုနှစ်တွင် အမေရိကန်သို့ရောက်လာသော ဆိုဗီယက်ရုရှားခေါင်းဆောင် ခရုရှက်မိန့်ခွန်းပြောပွဲသို့ အမျိုးသမီး သတင်းထောက်များ သတင်းတက်ယူခွင့်ကို ပိတ်ပင်ခဲ့သည့် အမျိုးသားအသင်းကလပ်သို့ အမျိုးသမီးသတင်းထောက်အချို့နှင့်အတူ အတင်း ဝင်ရောက် သတင်းယူခဲ့သည်။

၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဂျွန်အက်ဖ် ကနေဒီ သမ္မတပြန်ဖြစ်လာပြီးနောက် မိမိအမြင်များကို လွတ်လပ်စွာရေးသား ဖော်ထုတ်တင်ပြတတ်သဖြင့် နာမည်ရလာသည်။ ၁၉၆၁ ခုနှစ် ဇန်နဝါရီလမှစတင်ကာ အိမ်ဖြူတော် UPI သတင်းထောက်အဖြစ် စတင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ [၅]ထိုအချိန်မှ စတင်ပြီး သတင်းလောကတွင် သူမကို "Sitting Buddha" ဟူ၍လည်းကောင်း၊ "First Lady of the Press" ဟုသည့် အမည်များဖြင့်လည်းကောင်း လူသိများခဲ့ရသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ အိုဘားမား သမ္မတဖြစ်လာပြီး ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲတွင် ဟယ်လင် တစ်ယောက် သတင်းမီဒီယာသမားများ၏ ရှေ့ဆုံးတန်းတွင်ထိုင်ကာ သမ္မတသစ်၏ ဂုဏ်ပြုခြင်းခံခဲ့ရသည်။ အိုဘားမားက“ဟယ်လင်… ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး” ဟု ပြောကာ အလေးပေးခဲ့သည်။

ဟယ်လင်သည် United Press International (UPI) သတင်းဌာနတွင် ယခင် United Press ဟုခေါ်ချိန် ကတည်းက သတင်းသမားအဖြစ် ၅၇ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သတင်းစာတိုက်ကို သတင်းထောက်ဘဝ ဖြင့် စတင်ဝင်ရောက်ခဲ့သည်။ နောက်ပိုင်း အိမ်ဖြူတော်သတင်းအဖွဲ့ မန်နေဂျာဖြစ်လာသည်။ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အထိ Hearst Newspapers တွင် ကော်လံစားသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ပြည်တွင်းသတင်းများနှင့် အိမ်ဖြူတော်အကြောင်းများ ရေးသားခဲ့သည်။ အမေရိကန်သမ္မတ ၁၁ ဆက်တိုင်အောင် သတင်းစီမံအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ပေးခဲ့သည်။ သမ္မတ အိုင်စင်ဟောင်ဝါ လက်ထက်မှသည်၊ သမ္မတ အိုဘားမား ဒုတိယသက်တမ်းကာလအထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

ဟယ်လင်တစ်ယောက် အမျိုးသားသတင်းကလပ်တွင် ပထမဦးဆုံး အမျိုးသမီး အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။ ထို့ပြင် အိမ်ဖြူတော်သတင်းအဖွဲ့တွင်လည်း ပထမဦးဆုံး အမျိုးသမီးသတင်းထောက်အဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့သည်။ [၆]ထို့ပြင် နာမည်ကျော် Gridiron ကလပ်တွင်လည်း ပထမဦးဆုံးဝင်ရောက်ခွင့်ရသည့် အမျိုးသမီး သတင်းထောက်ဖြစ်သည်။ သူမဘဝတစ်လျှောက် စာအုပ် ၆ အုပ်ရေးသားခဲ့သည်။ နောက်ဆုံးစာအုပ် "Listen Up, Mr. President: Everything You Always Wanted Your President to Know and Do " ကို ၂၀၀၉ ခုနှစ်တွင် ကရစ် ကရောဖို့ဒ်နှင့်တွဲပြီး ရေးသားခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့တွင် ဟယ်လင်သည် Hearst သတင်းစာတိုက်မှ အနားယူခဲ့သည်။ မှတ်မှတ်ရရ ထိုအချိန်တွင် သူမသည် အစ္စရေးနိုင်ငံ၊ အစ္စရေး ဂျူးလူမျိုးများနှင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခများကို အငြင်းပွားဖွယ်ရာ မှတ်ချက်များ ပေးပြီးသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

၂၀၀၈ ခုနှစ်တွင် သူမနှင့် ပတ်သက်ပြီး Christian Science Monitor က “သောမတ်စ်သည် အမေရိကန်နိုင်ငံရေးကို ရဲဝံ့စွာ ဖော်ထုတ်ရေးသားတတ်သူဖြစ်သည်။ ပြောရဲဆိုရဲရှိသည်။ ဗြောင်ကျကျပြောဆိုဝေဖန်တတ်သည်။ မိမိစိတ်ထဲရှိသမျှကို လည်း မငဲ့မကွက် ပြောတတ်သည်။ သူ့အယူအဆများကို အမေရိကန် အမြင့်ဆုံးအာဏာပိုင်များက လေးစားကြသည့်အပြင် တစ်ကမ္ဘာလုံးကပါ အသိအမှတ်ပြုခြင်းခံရသူဖြစ်သည်” ဟု ဝေဖန်ရေးသားပြီး ဂုဏ်ပြုခဲ့သည်။

ဟယ်လင်သည် ၂၀၀၀ ပြည့်နှစ်ခန့်က ကျူးဘားနိုင်ငံခေါင်းဆောင် ဖီဒယ်လ် ကက်စထရိုအား အမေရိကန်ဒီမိုကရေစီနှင့် ကျူးဘားဒီမိုကရေစီ ဘာကွာခြားသနည်းဟု မေးဖူးသည်။ ကက်စ်ထရိုက “ကျွန်တော် ဟယ်လင် သောမတ်စ်ရဲ့ မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ဘူး” ဟုပြောခဲ့သည်။ တကယ်တော့ ထိုမေးခွန်း၏အဖြေကို သူမအများကြီး မျှော်လင့်ပြီး မေးခဲ့ခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် သမ္မတကနေဒီအား အိမ်ဖြူတော်တွင် ကျင်းပသည့် သတင်းနှင့်ဓာတ်ပုံသမားများ၏ နှစ်ပတ်လည် ညစာစားပွဲသို့ သွားမတက်ရန် ဟယ်လင်က ပိတ်ပင်တားဆီးခဲ့သည်။ အကြောင်းမှာ ထိုညစာစားပွဲတွင် အမျိုးသမီးသတင်း ထောက်များကို တက်ခွင့်မပြုသောကြောင့်ဖြစ်သည်။ ကနေဒီကလည်း အမျိုးသမီးများကို လက်ခံမှ ထိုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်တွင် UPI သတင်းစာတိုက်က ဟယ်လင့်ကို အိမ်ဖြူတော် သတင်းထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အိမ်ဖြူတော်တွင် ပထမဦးဆုံး အမျိုးသမီးသတင်းထောက်အဖြစ် စတင်တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် အိမ်ဖြူတော်သတင်းအဖွဲ့တွင် အရာရှိချုပ်အဖြစ် အမည်တင်သွင်းခံခဲ့ရသည်။

သူမသည် ၁၉၇၂ ခုနှစ်တွင် သမ္မတ ရစ်ချက် နစ်ကဆင်နှင့်အတူ တရုတ်ပြည်ခရီးကို ပထမဦးဆုံး လိုက်ပါခွင့်ရှိသည့် အမျိုးသမီး သတင်းထောက်လည်းဖြစ်သည်။ ဝါးတားဂိတ် အရှုပ်တော်ပုံတွင် တရားသူကြီးချုပ်ကိုယ်တိုင် သူမကိုခေါ်ပြီး အကြံဉာဏ်များ ရယူခဲ့သည်။

ဟယ်လင်သည် သမ္မတ ရစ်ချတ် နစ်ဆင်လက်ထက်ကတည်းက သမ္မတများ၏ ကမ္ဘာလှည့်ခရီးစဉ်တိုင်းလိုလိုတွင် ပါဝင်ခဲ့ သည်။ ၁၉၇၅ ခုနှစ် စီးပွားရေးထိပ်သီးညီလာခံသို့ အိမ်ဖြူတော် သတင်းထောက်ချုပ်တစ်ယောက်အနေဖြင့် ၂၅ နှစ်တိုင် လိုက်ပါခွင့်ရရှိခဲ့သည်။

UPI ၌ နှစ်ပေါင်း ၅၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်၊ မေလ ၁၇ ရက်နေ့တွင် အနားယူလိုက်သည်။ UPI မှ ထွက်ပြီးနောက်တွင် သူမ၏ ဆန့်ကျင်သည့်အမြင်များကို လွတ်လပ်စွာဖော်ထုတ်ပြောဆိုလာခဲ့သည်။ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် “ကျွန်မ နှစ်ပေါင်း ၅၀ လောက် သတင်းထောက်တာဝန်ထမ်းဆောင်ခဲ့ရတာ ကြောင့် ကိုယ့်ကိုယ်ကို ဆင်ဆာပြန်လုပ်နေခဲ့မိတယ်။ ခုတော့ ကျွန်မ နိုးထလာခဲ့ပြီးဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပြန်မေး ကြည့်လိုက်ပါတယ်။ ငါဒီနေ့ ဘယ်သူ့ကို မုန်းရမလဲဆိုတာကိုပေါ့” ဟူ၍ဖြစ်သည်။

သမ္မတ ဂျော့ ဒဗလျူ ဘုရှ်လက်ထက်တွင် ဟယ်လင်သည် အိမ်ဖြူတော်သတင်းဌာန ပြောရေးဆိုခွင့်ရှိသူ အေရီ ဖလက်ရှာနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ သူမက ဖလက်ရှာအား အကြမ်းဖက်သမားများကို လက်နက်ထောက်ပံ့ခြင်းနေခြင်းနှင့် ပတ်သက်ပြီး “အစ္စရေးတွေ လက်နက်တွေ ဘယ်ကရနေတာလဲ” ဟုမေးလိုက်သည်။

ဖလက်ရှာက“ဒါက ဒီလိုရှိတယ် ဟယ်လင်”၊“ဘယ်လိုရှိတာလဲ”၊“အကြမ်းဖက်ဖို့ သုံးတယ်ဆိုတာက မတော်တဆဖြစ်သွားခဲ့ရတာပါ။ ယာဆာ အာရာဖတ်နဲ့ အစ္စရေးပြည်သူတွေ ရန်သူဖြစ်နေလို့ပါ”ဟယ်လင်ကကြားဖြတ်ပြီး“ပါလက်စတိုင်းပြည်သူတွေက သူတို့မြေအတွက် သူတို့တိုက်ခိုက်နေကြတာ မဟုတ်လားရှင့်”“ဒါက ဒီလိုရှိပါတယ်။ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေပါတယ်ဆိုတဲ့ ဦးတည်ချက်နဲ့ လုံးဝကွဲလွဲနေပါတယ်။ အကြမ်းဖက်သမားတွေကို ထောက်ပံ့နေပါတယ်ဆိုတာနဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေပါတယ်ဆိုတာ ခေါင်းစဉ်ချင်း မတူပါဘူး” ဟု အကြပ်ရိုက်စွာဖြင့် ပြန်လည်ဖြေရှင်းခဲ့ရသည်။

၂၀၀၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတ ဘုရှ်ကိုလည်း ဟယ်လင်က ဤသို့ မေးခွန်းထုတ်ခဲ့ဖူးသည်။

“သမ္မတကြီးရှင့် ကျွန်မမေးချင်တာက အီရတ်ကို ကျူးကျော်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ။ ရှင့်မှာ အကြောင်းပြချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဘာပြောပြော အဲဒီအကြောင်းပြချက်တွေက တစ်ခုမှ မဟုတ်နိုင်ပါဘူး။ ကျွန်မမေးချင်တာက ဘာကြောင့် ရှင် စစ်ဖြစ်ချင်နေရတာလဲ။ ရှင်က ရေနံကြောင့်လို့ပြောမယ်။ ရေနံ လိုအပ်တာကြောင့်ပြောမယ်။ ဒါ အစ္စရေး မဟုတ်ပါဘူး။ ဘာကြောင့် ရှင် စစ်ဆင်နေရတာလဲ” ဟု ရဲဝံ့ပြတ်သားစွာ သမ္မတကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

၂၀၀၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ဟယ်လင်သည် သမ္မတ အိုဘားမား အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း“ကျွန်မတို့မှာ ထိန်းချုပ်မှုဆိုတာ ရှိသင့်တယ်။ ဒါပေမဲ့ ဒီလို ထိန်းချုပ်မှုမျိုးတော့ မဖြစ်သင့်ဘူး။ ကျွန်မ အတော်လေးလည်း အံ့အားသင့်သွားမိတယ်။ ကျွန်မ အံ့ဩမိတယ်ဆိုတာ ရှင်ကပြောတော့ ပွင့်လင်းပြီး ထင်သာမြင်သာရှိရမယ်လို့ဆိုပြီး ထိန်းချုပ် ဦးမယ်ဆိုတာက ဘာသဘောလဲ” ဟု ဆိုခဲ့သည်။ သမ္မတနစ်ဆင် လက်ထက်ကတည်းက သတင်းမီဒီယာအပေါ် ချုပ်ကိုင်မည် ဆိုသည့် အပြောကို ယခု အိုဘားမားလက်ထက်တွင်လည်း သူမက ကန့်ကွက်ကာ ဝေဖန်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဟယ်လင်သည် သူမကိုယ်သူမ လစ်ဘရယ်ကျကျ နေထိုင်ပြောဆိုတတ်သူအဖြစ် ဂုဏ်ယူဝံ့ကြွားလေ့ရှိသည်။ သူမ ဘဝတစ်လျှောက်လုံး အလုပ်တွင်သာ နစ်မြှုပ်ထားပြီး အသက် ၅၁ နှစ်ကျမှ သူနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါက်ဂလပ်စ် ကောနဲလ်နှင့် လက်ထပ်ခဲ့သည်။ ဒေါက်ဂလက်စ်သည် ဟယ်လင်နှင့် လက်ထပ်ပြီး လေးနှစ်အကြာတွင် အယ်လ် ဇိုင်းမားရောဂါစွဲကပ်ခဲ့သဖြင့် ၁၉၈၂ ခုနှစ် ကွယ်လွန်ချိန်အထိ ဟယ်လင်က ပြုစုစောင့်ရှောက်ခဲ့ရသည်။ ဟယ်လင်သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် သူမနေထိုင်ရာ ဝါရှင်တန် ဒီစီရှိအိမ်တွင် ကွယ်လွန်သွားခဲ့သည်။[၇] သူမကွယ်လွန်ချိန်၌ အသက် ၉၂ နှစ် ရှိနေပြီဖြစ်သည်။ ၉၃ နှစ်မြောက် မွေးနေ့ကို ဆင်နွှဲရန် နှစ်ပတ်အလိုခန့်တွင်ဖြစ်သည်။ အမျိုးသမီး သတင်းထောက်များသည် သူမကို လူမှုရေးကွန်ရက်တစ်ခုဖြစ်သည့် Twitter ကတစ်ဆင့် ဝမ်းနည်းအမှတ်ရ ကြောင်း ဖော်ထုတ်ကြသည်။

အန်ဒရေး မစ်ချယ်က သူမ၏ Twitter စာမျက်နှာတွင်“ကျွန်မတို့ကို သူ့လမ်းစဉ်နောက် မလိုက် လိုက်အောင် ဆွဲခေါ်နိုင်သူ” ဟုတင်စားခဲ့သည်။

လင်းဆွိကလည်း“ဂျာနယ်လစ်လောက မှန်ကြီးတစ်ချပ် ကွဲသွားပြီ” ဟု ဂုဏ်ပြုခဲ့သည်။

သမ္မတ အိုဘားမားကလည်း“စစ်မှန်သော ရှေ့ဆောင်လမ်းပြသူပါ။ သမ္မတအဆက်ဆက် သူ့တာဝန်ကို သူမပျက်အောင် ထမ်းဆောင်သွားခဲ့တယ်” ဟု ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Helen Thomas(American journalist)britannica။ 10 July 2023 တွင် ပြန်စစ်ပြီး။
  2. Helen Thomas, veteran reporter: why she had to resigntheguardian (9 Jun 2010)။ 10 July 2023 တွင် ပြန်စစ်ပြီး။
  3. Helen Thomas(1920-2013)imdb။ 10 July 2023 တွင် ပြန်စစ်ပြီး။
  4. Helen Thomas obituarytheguardian (21 Jul 2013)။ 10 July 2023 တွင် ပြန်စစ်ပြီး။
  5. PRESIDENT KENNEDY WITH UPI REPORTER HELEN THOMASjfklibrary။ 10 July 2023 တွင် ပြန်စစ်ပြီး။
  6. Helen Thomas dies at 92; journalist was the feisty scourge of presidentswashingtonpost (20 July 2013)။ 10 July 2023 တွင် ပြန်စစ်ပြီး။
  7. Pioneering journalist Helen Thomas dies at 92The Associated Press (20 July 2013)။ 10 July 2023 တွင် ပြန်စစ်ပြီး။