သဲ

ဝီကီပီးဒီးယား မှ
လစ်ဗျားနိုင်ငံရှိ သဲသောင်ပြင်
သဲကို အနီးကပ် ရိုက်ယူထားပုံ

သဲ (အင်္ဂလိပ်: sand) ဆိုသည်မှာ သေးငယ်သော အစိုင်အခဲလေးများ၊ အမှုန့်များ အဖြစ် သဘာဝအတိုင်း စုဖွဲ့ဖြစ်ပေါ်တတ်သော သတ္တုပါရှိသည့် ပုံဆောင်ခဲ ဒြပ်ပေါင်းပစ္စည်းမျိုး ဖြစ်သည်။ များသောအားဖြင့် မြစ်၊ ပင်လယ် စသည့် ရေထုတို့နှင့် ကုန်းမြေ ထိစပ်ရာတွင် သဲတို့ကို တွေ့ရသကဲ့သို့၊ ကုန်းတွင်း၌ သဲများစွာသာ စုဝေးဖုံးလွှမ်းသော ကမ္ဘာ့မျက်နှာပြင်အပိုင်းတို့ကို သဲကန္တာရအဖြစ် တွေ့ရသည်။

အချို့ဒေသ၌ တွေ့ရှိရသော သဲများမှ ဆီလီကွန်ဒြပ်စင်ကို ထုတ်ယူကာ လူတို့ ယနေ့ခေတ် အသုံးများသော ကွန်ပျူတာ၊ ဖုန်း စသည်တို့ ပြုလုပ်မှု၌ ကုန်ကြမ်းအဖြစ် အသုံးတွင်သည်။

အကြမ်းဖျင်း ဖော်ပြချက်[ပြင်ဆင်ရန်]

လေ၊ မိုး၊ နှင်းစသည်တို့သည် ကျောက်ခဲများကို ပြိုကွဲပျက်စီး စေနိုင်ကြသည်။ နေ့အခါတွင် နေ၏ပြင်းထန်သောအပူကြောင့် ကျောက်ခဲတို့သည် အလွန်ပူကြသည်။ ညဉ့်ဘက်သို့ ရောက်သောအခါ ရုတ်တရက်အေးလာကြကာ အက်ကွဲကုန်ကြ သည်။ ရေ၊ မိုး၊ လေတို့က တစ်ဖန်အက်ကွဲသော ကျောက်ခဲတို့ ကိုတိုက်စား၍ ကျောက်စရစ်၊ နု့း၊ ရွှံ့နှင့်သဲများ အဖြစ်သို့ပြောင်းပစ်လိုက်ကြသည်။ ထိုသို့ကျောက်မှ ပြိုကွဲ၍ ဖြစ်လာသော သဲမှာအချင်း ၁/၂ဝ မီလီမီတာမှ နှစ်မီလီမီတာ အထိရှိသည်။

သဲတွင်အခြားပစ္စည်းများအပြင် ကျောက်သလင်းကို အမြဲတမ်းတွေ့ရသည်။ ဤသို့တွေ့ရခြင်းမှာကျောက်သလင်းသည် အလွန်မာပြီးလျှင် ရေတွင်ပျော်ဝင်၍ ပါမသွားခြင်းကြောင့် ဖြစ်သည်။ အချို့အရပ်ဒေသများ၌ သဲတွင် ဖဲလစပါး၊ ထုံးကျောက်နှင့်သံသတ္တုရိုင်းအမြောက် အများပါရှိသည်ကို တွေ့ရသည်။ ဤပစ္စည်းများအပြင် ဂါးနက်(ပဒဲကျောက်)၊ တူမာလင်(အကြွပ်)၊ ဇာရကွန် (ဂေါမိတ်) စသည်များလည်း အနည်းငယ်စီပါဝင်တတ်သေးသည်။ ပင်လယ်ကမ်းစပ်၊ မြစ်ကမ်းစပ်တို့တွင်ရေသည် သဲတွင်ပါရှိသည့် ပေါ့သောပစ္စည်းများကိုသယ် ဆောင်သွားသဖြင့် သဲတွင်လေးသော ပစ္စည်းများသာလျှင်ကျန်ရှိသည်။ ထိုကြောင့် တစ်ခါတစ်ရံဤနေရာမျိုးတွင် စိန်နှင့်တကွ အဖိုးတန် ကျောက်များကိုလည်းကောင်း၊ ရွှေပလက်တီနမ်သံဖြူကဲ့သို့ သတ္တုများကိုလည်းကောင်းတွေ့ရှိရတတ်သည်။ ယခုအခါသဲဖြူဟု ခေါ်ကြသောသဲတွင် ဂေါတံကျောက်အဓိက ပါရှိသည်။ ငွေရောင်သဲတွင်ကျောက် သလင်းအဓိကပါရှိသည်။

သမုဒ္ဒရာအောက်ခြေတွင် အစိမ်းရောင်သန်းလျက်နေသော သဲများကိုတွေ့ရသည်။ ထိုသဲများမှာ ဂလူကိုနို်က်ခေါ် ပိုတက်ဓာတ်ပါရှိသောကြောင့်အစိမ်းရောင်သန်းနေခြင်းဖြစ်သည်။ သဲတွင် သဲခြောက်နှင့်သဲရှင်ဟူ၍သဲနှစ်မျိုးရှိသည်။ သဲရှင်မှာသဲထဲ၌ ရေဝင်နေသော သဲမျိုးဖြစ်၍ များသောအားဖြင့် ပင်လယ်ကမ်းနားတွင်အတွေ့ရများသည်။ အကယ်၍ ထိုသဲကို ခြေဖြင့်ဖိပေးသောအခါ သဲထဲမှရေထွက်သွား၍ ခြေထောက်မှာ သဲတွင်နစ်မြုပ်လျက်ရှိသည်။ သဲမှခြေထောက်ကိုကြွယူလိုက်သော အခါသဲထဲသို့ ရေပြန်ဝင်လာ၍ သဲရှင်တစ်ဖန်ဖြစ်လာပြန်သည်။ သဲရှင်ကိုခြေဖြင့်မထိဘဲ တစ်နည်းနည်းဖြင့် လှုပ်ပေးလျှင်လည်း သဲထဲမှရေသည်အပြင်သို့ထွက်သွားနိုင်သည်။

သဲခြောက်သည်သဲကန္တာရများနှင့် ရေအလွန် ရှားပါးသော အရပ်ဒေသများ၌ တွေ့ရသောသဲမျိုးဖြစ်သည်။ ဤသဲမျိုးသည်ထိုအရပ်များ၌ သဲခုံအဖြစ်ဖြင့် ရှိကြသည်။ သဲခုံများကိုတစ်နေရာတည်း၌ အတည်တကျဟူ၍ မတွေ့ရတတ်ချေ။ လေကထိုသဲခုံများကို တိုက်ခတ်၍ နေရာပြောင်းရွှေ့စေသည်။ သဲခုံများကို တစ်နေရာတည်း၌ တည်မြဲစေလိုက သဲတွင်ရှင်သန်နိုင်သည့် အပင်များကို စိုက်ပျိုးထားကြရသည်။ သို့တည်းမဟုတ် အတားအဆီး များကိုသော်လည်းပြုလုပ်ထားကြရသည်။ တစ်ခါတစ်ရံ သဲခုံတို့သည် တစ်နေရာမှ ကွယ်ပျောက်သွား၍ အခြားနေရာသစ်တွင် ပေါ်ထွန်းတတ်ကြသည်။ ထိုအရပ်ဒေသရှိ မြက်ခင်းများ၊ သို့မဟုတ် သစ်တောများသည် သဲဖုံးလွှမ်း၍ ကွယ်ပျောက်သွားတတ်ကြသည်။

သဲနှင့်စပ်လျဉ်း၍ ထူးဆန်းသော အချက်တစ်ချက်မှာ သဲမှအသံထွက်ပေါ်ခြင်းပင်ဖြစ်သည်။ မောင့်ဆိုင်နိုင်အရပ်ရှိ သီချင်းသံကဲ့သို့ အသံထွက်တတ်သော သဲများသည် လည်းကောင်း၊ အာရေဗျနိုင်ငံဗဲတောင်ရှိ ခေါင်း လောင်းသံကဲ့သို့ အသံထွက်တတ်သော သဲများသည်လည်းကောင်း၊ ကမ္ဘာပေါ်တွင် ထင်ရှားသောသာဓကများဖြစ်ကြသည်။ သဲတွင် အလွန်ခြောက်သွေ့နေသောအခါနှင့် အလွန်စိုထိုင်းနေသော အခါတို့၌ အသံထွက်ပေါ်လာခြင်း မရှိချေ။ စိုထိုင်းရုံ စိုထိုင်းနေမှသာလျှင် အသံထွက်ပေါ်လာတတ်ပေသည်။ သဲမှ အသံထွက်ပုံအကြောင်းနှင့်စပ်လျဉ်း၍ အမျိုးမျိုးအဖုံဖုံ ပြောဆိုခဲ့ကြသည်။ စင်စစ်အားဖြင့်သဲတို့၏ လှုပ်ရှားမှုကြောင့် သဲလုံးအချင်းချင်း ပွတ်တိုက်မှုကြောင့် အသံထွက်ပေါ်လာသည်ဟု ထင်မှတ်ဖွယ်ရာရှိသည်။

အထက်ပါသဲနှစ်မျိုးတွင် သဲကျောက်အဖြစ်ဖြင့် ဖွဲ့စည်လျက်ရှိသော သဲများလည်းရှိသေးသည်။ အချို့အရပ်တွင် သဲသည်မြေအောက်၌ မြုပ်၍ဖိအားကြီးစွာဖြင့် ဖိနှိပ်ခံနေရစဉ် ရေသည်သဲပွင့်များကြား ထဲသို့အစဉ်သဖြင့် ဖြတ်သန်းလျက်ရှိသည်။ ထိုသို့ဖြတ်သန်းလျက်ရှိစဉ် ရေတွင် ပျော်ဝင်ပါရှိသောဓာတ် ပစ္စည်းများသည် အိုင်ယန်းအောက်ဆိုက် ထုံးကျောက်အစရှိသည်တို့ဖြစ်ကြသည်။ သဲနှင့်ပေါင်းစည်း လိုက်ကြသည်။ ထိုအခါသဲသည် သဲကျောက်ဖြစ်သွားသည်။ သဲကျောက်၏ မာကြောခြင်းမှာ ထိုကျောက်တွင် ပေါင်းစပ် ပါဝင်သောပစ္စည်းတို့၏အတိုင်းအဆပေါ်တွင် တည်သည်။ အချို့ကျောက်မှာပွ၍ အဆောက်အအုံများ ဆောက်လုပ်ရန် အတွက်သာအသုံးဝင်သည်။ အချို့မှာမူကား အလွန်မာ၍ ချပ်ဝိုင်းများပြုလုပ်ပြီးသော် ဓားသွေးကပ်ကျေးသွေး ကျောက်များအဖြစ်ပင် အသုံးပြုနိုင်ပေသည်။ သဲကျောက်၏ အရောင် အမျိုးမျိုးမှာလည်း ကျောက်တွင်ပါရှိသော ပစ္စည်းတို့ကိုလိုက်၍ ဖြစ်ကြသည်။

သဲကိုအိုးလုပ်ငန်း၊ ဖန်ချက်လုပ်ငန်းနှင့် ဆီလီကိတ် လုပ်ငန်းများတွင်သုံးသည်။ ဖန်ချက်လုပ်ငန်းတွင် ဖန်ထည်၏အမျိုးအစားသည် သဲအကောင်းအညံ့နှင့်သဲလုံးအကြီး အငယ်တွင်တည်သည်။ သံမှသံ မဏိလုပ်သော နည်းတစ်နည်းတွင် မီးဖိုအတွင်းဘက်၌ သဲကိုခံပေးရသည်။ ပုံသွင်းရာ၌အသုံးပြုသော ပုံခွက်များကိုသဲဖြင့် ပြုလုပ် ယူကြရသည်။ သဲဖြင့်ပြုလုပ်သည့်အုတ်ခဲသည် ရွှံ့ဖြင့်လုပ်သည့် အုတ်ခဲထက် ပို၍ခိုင်ခံ့သည့်အပြင်အလေး ဒဏ်ကိုလည်း ခံနိုင်သည်။ အင်္ဂတေလုပ်ငန်းနှင့်ဘိလပ်မြေလုပ်ငန်းတွင်လည်း သဲကို အမြောက်အမြားအသုံးပြုကြသည်။ သတ္ထုကရိယာများမှ အညစ်အကြေးများမှ တိုက်ချွတ်ရန်ဖြစ်စေ၊ ကျောက်ပေါ်တွင် အက္ခရာတင်ရန်ဖြစ်စေ သဲကိုသဲမှုတ်စက်တွင် ထည့်၍ အသုံးပြုသည်။ သဲမှုတ်စက်မှာ သဲကိုဖိနှိပ်ထားသည့် လေဖြင့်မှုတ်ထုတ်ပေးသောစက်ဖြစ်၍ လုပ်ငန်း အသေးအဖွဲများတွင် လက်ဆွဲဖိုဖြင့် မှုတ်ပေးရသည်။ သို့သော် လုပ်ငန်းကြီးများတွင်မူကား ဖိအား ၁၅ ပေါင်မှပေါင် ၈ဝ အ ထိရှိသော လေမှုတ်စက်များကို အသုံးပြုလေ့ရှိသည်။ သဲထုလက်မ ၂ဝရှိလျှင်ရိုးရိုးကျည်ဆန်များကို တားဆီးနိုင်သဖြင့် စစ်မြေပြင်တွင် သဲအိတ်များကို ကျည်ဆန်ကာအဖြစ်ဖြင့် အသုံးပြုကြသည်။ ရေကြီးသော အရပ်ဒေသများ၌ ရေ၏ပြင်းထန်သော ဒဏ်ကိုသဲအိတ်များဖြင့်ခံ၍ ကာကွယ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)