သီးပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Limonia acidissima
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Sapindales]]
မျိုးရင်း [[Rutaceae]]
မျိုးရင်းသေး [[Aurantioideae]]
မျိုးဇာတ် [[Citreae]]
မျိုးစု '''''Limonia'''''
မျိုးစိတ် '''''L. acidissima'''''
ဒွိနာမ
''Limonia acidissima''

သီးပင်[ပြင်​ဆင်​ရန်​]

သနပ်ခါးခေါက်နှင့် ဆင်တူယိုးမှားဖြစ်သော သီးခေါက်ရရှိသည့် သီးပင်သည်သနပ်ခါး၊ ဥသျှစ်သံပရာရှောက်နှင့်မျိုးရင်းတူဖြစ်၍ ရူတေစီအီးမျိုးရင်းတွင် ပါဝင်သည်။ ရုက္ခဗေဒအမည်ဖြင့် ဖာရိုနီးယားအဲလီဖန်တမ်ဟုခေါ်သည်။ မူလပေါက်ရောက်ရာဒေသသည် အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်သီဟိုဠ်ကျွန်းဖြစ်သည်။ မြန်မာနိုင်ငံမိုးပါးရေရှားရပ်ဝန်းဒေသ မြေပြန့်များတွင် သီးစားပင်အဖြစ် စိုက်ပျိုးကြလေသည်။

သီးသီး


သီးပင်သည် သနပ်ခါးပင်နှင့်ဆင်ဆင်တူသော်လည်းပို၍ အပင်ကြီးကာ အပင်အနေအထား ပို၍လှပပြီးလျှင် ပို၍ စိမ်းလမ်းစိုပြည်သည်။ ရွက်ကြွေပင်မျိုးဖြစ်ပြီးလျှင် ပင်စည်ဖြောင့်မတ်သည်။ သို့သော်ပင်စည်သည်တို၍ လုံးပတ် နှစ်ပေမှ လေးပေရှိတတ်ပြီးလျှင် ပေ ၃ဝ မှ ၄ဝ အထိမြင့်သည်။ သီးပင်၏ ကိုင်းတက်များတွင် ဆူးများရှိသည်။ သီးရွက်သည် ရွက်လက်တစ်ခုတွင် ဆိုင်၍ ထွက်ကြသော ရွက်လွှာတစ်စုံမှလေးစုံအထိပါရှိတတ်၍ ထိပ်ရွက်မြွှာ လည်းပါရှိသော ရွက်ပေါင်းဖြစ်သည်။ (ရွက်မြွှာမစုံဟုခေါ်သည်။) ရွက်လက်ရိုးတံ၏ ဘေးတစ် ဘက်တစ်ချက်တွင် သေးငယ်သော အရွက်ကလေးများနှင့်တူသည့်လည်ထောင်များပါရှိသည်။ ရွက်လက်များသည် တစ်ရွက်ကျော်တစ်ရွက်ကျ လွှဲ၍ထွက်လေသည်။

သီးပွင့်၏ပွင့်ချပ်သည် သေးငယ်၍ အသွားငါးခုရှိသည်။ ပွင့်ဖတ်သည် များသောအားဖြင့် ငါးခုရှိပြီးလျှင် ပြည့်နေသည့် ဝတ်ဆံတံ ၁၁ ခု မှ ၁၂ ခု အထိရှိသည်။ ထိုအပွင့်များသည်ကိုင်းများမှဖြစ်စေ၊ အရွက်ရင်းမှဖြစ်စေ ပွင့်သောပန်းခိုင်များ ဖြစ်ကြလေသည်။ သီးသီးသည် ဥသျှစ်သီးအငယ်စား၊ သို့မဟုတ် ပန်းသီးအရွယ်ခန့်ရှိသည်။ ဥသျှစ် သီးကဲ့သို့ပင် အခွံမာ၍ ထူသည်။ အသီး၏အတွင်းသား သည်ပျော့၍ အစေ့များသည်။ အစေ့များသည် ရှည်လျားလျား ပုံသဏ္ဌာန်ရှိသည်။ အသီး၏အသားကိုစားသုံးကြသည်။ သီးသီးကိုအသီးသေး၍ ချဉ်သောအမျိုး၊အသီးကြီး၍ချိုသော အမျိုးဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ အသီးမှည့်မှည့်အတွင်းမှ အသားနှစ်ကို ထန်းလျက်၊ သကြားတို့နှင့်ရော၍စားသုံးကြသည်။ ဥသျှစ် ဖျော်ရည်ကဲ့သို့အဖျော်ယမကာပြုလုပ်၍လည်းသုံးဆောင်ကြသည်။ ကောင်းစွာ မမှည့်သေးသော အသီး ရင့်ရင့်များကို ဆားရေစိမ်၍လည်းကောင်း၊ ချပ်တနီးပြုလုပ်၍ လည်းကောင်းစားသုံးကြသည်။

သီးသီးသည်လန်းဆန်းသော သတ္တိရှိသဖြင့် အားဆေးအဖြစ်လည်း အသုံးပြုကြသည်။ မမှည့်သေးသော အသီးကိုချုပ်ဆေးအဖြစ်လည်းကောင်း၊ နှလုံးဆေးအဖြစ်ဖြင့် လည်းကောင်းအသုံးဝင်သည်ဟုယူဆကြသည်။ ဝမ်းကိုက် ဝမ်းလျှောရောဂါများအတွက် ဥသျှစ်သီးအစား သီးသီးကို အသုံးပြုနိုင်သည်ဟုဆိုသည်။ သွားဖုံးရောဂါ၊ လည်ချောင်းရောဂါ များအတွက်လည်း သီးသီးသည် ဆေးဖက်ဝင်သည်ဟု ဆိုကြလေသည်။ သီးသီး၏အတွင်းသားနှင့် အစေ့များ၏ အာဟာရဓာတ်များကို စစ်ဆေးကြည့်သည့်အခါ မီလီဂရမ်အားဖြင့် ရေ ၆၉ ့၅၊ ပရိုတိန်း ရ့၃၊ သတ္တုဓာတ် ၁့၉၊ အမျှင်များ ၅ ့၂၊ ကာဗွန်ဟိုက်ဒရိတ်သကြား ၁၅ ့၅၊ ထုံးဝ့၁၅၊ ဖော့စ ဖောရပ် ဝ့၁၁၊ သ ံဝ့၆၊ ဗိတာမင်စီ ၂့ဝ ပါရှိသည်ကို တွေ့ရသည်။ အချဉ်ဓာတ်နှုန်းသည် မမှည့်သေးသော အသီး များတွင် ရ့၆ ရာခို်င်နှုန်းမှ အသီးမှည့်များတွင် ၂့၃ ရာ ခိုင်နှုန်းအထိ လျော့နည်း သွားသည်။ သီးသီး အတွင်းသားကို ကျောက်ကျော (ဂျယ်လီ) လည်းပြုလုပ်ကြရာ ပန်းသီးဂျယ်လီ အနံ့မျိုးနှင့်တူလေသည်။ သီးပင်၏အသားသည် မီးခိုးရောင်နုဖြစ်သည်။ သို့သော်အဝါရောင်အထိ အရောင်ကွဲပြား ခြားနားသွားခြင်း လည်းရှိတတ်သည်။ အသားသေအောင်အခြောက်ခံပြီးသော သီးသားကုဗတစ်ပေသည် ပေါင် ၅ဝ အလေးချိန်စီးသည်။ အိမ်အဆောက်အအုံ၊ လှည်းထောက်တကူ၊ ဆီကြိတ် ဝင်ရိုးများ ပြုလုပ်ရာတွင် သီးသားကိုအသုံးပြုနိုင်၍ ဖိနပ် ပုံ၊ ကလောင်တံရိုး၊ ပေတံစသည်တို့ကိုလည်း သီးသားဖြင့် အချို့ပြုလုပ်ကြလေသည်။

သီးပင်၏အခေါက်သည် သနပ်ခါးခေါက်နှင့်တူ၍ သနပ်ခါးခေါက်ကဲ့သို့သွေး၍လိမ်းကျံကြသည်။ သို့သော် သနပ်ခါးကဲ့သို့အနံ့မွှေးခြင်း၊ အသားအရေအေးမြစေခြင်း မဖြစ်ပေ။ ထို့ပြင်သီးခေါက်ကိုသွေး၍ ရရှိသောအနှစ်၏ အရောင်သည် သနပ်ခါးကဲ့သို့လှပသော အဝါရောင်မဟုတ်ဘဲ ဝါညစ်ညစ်ဖြစ်လေသည်။ သီးပင်ကိုမှန်ပင်၊ မဟန်ပင်ဟုလည်း ခေါ်ကြသည်။ သီးပင်သည် စင်စစ်ရာသီဥတုနှင့် မြေအမျိုးအစား ရွေးသောအပင်မျိုးမဟုတ်ချေ။ ကိုင်းဖြတ်စိုက်ခြင်း ကိုင်းစည်း စိုက်ခြင်းဖြင့်လည်း ပေါက်ရောက်ရှင်သန်နိုင်လေသည်။ အိန္ဒိယနိုင်ငံတွင် လယ်ကန်သင်းများ၊ လမ်းဘေးများတွင် အနှံ့အပြား စိုက်ပျိုးကြသည်။ ထိုနိုင်ငံတွင်သီးပင်၏ အကိုင်းအရွက်များ ကိုကျွဲနွားအစာအဖြစ်သုံးကြသည်။

အရွက်သည် အနံ့ရှိ၍ ယင်းမှနံ့သာဆီတစ်မျိုးကို ထုတ်ယူရရှိနိုင်သည်။ ပင်စည်နှင့်အကိုင်းအခက်များမှ အစေးတစ်မျိုးထွက်သည်။ ထိုအစေးသည် မိုးရာသီ ကုန်ဆုံးချိန်တွင် ပို၍ထွက်သည်။ အစေး၏အရောင်သည် တစ်ရောင်တည်းမနေဘဲ အရောင်ဖျော့ ဖျော့မှစ၍ အဝါရောင်အနီရောင်အထိအမျိုးမျိုးဖြစ်ပေါ်သည်။ ထိုအစေးကိုရေနှင့်ရောလျှင် အရည်ပျော်ဝင်၍ အာရဗစ် (ထနောင်းစေး) ကော်ထက် မညံ့ကြောင်းတွေ့ရသည်။ ထိုကြောင့် အာရဗစ်ကော်ရောင်းချသူတစ်ချို့တို့သည် သီးအစေး ကိုရောနှောကာ မသမာရောင်းချခြင်းပြုတတ်သည်။ ထိုကော်ကို ဂျားဗားကျွန်း၌ မင်ပြုလုပ်ရာတွင်အသုံးပြုကြ၍ ဆိုးဆေးများတွင်လည်း ထည့်သွင်းအသုံးပြုသည်ဟု သိရှိရလေသည်။[၁]

Elephant Apple (သီးပင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Feronia elephantum Correa
  • Species/Family : Rutaceae


ပုံသဏ္ဌာန် : အပင် ရွက်ကြွေ ပင်ကြီး မျိုးဖြစ် ၏ ။ လုံးပတ် ၂-၄ ပေထိ ရှိသည်။ အခေါက်ထူ ၍ ကြမ်းပြီး မွဲခြောက်ခြောက် အရောင် ပေါ်တွင် မီးခိုး ရောင် အကွက်များ ရှိသည်။ အကိုင်း အခက် များပေါ်တွင် သန်မာ၍ ပြောင်လက် နေသော ၁ လက်မခန့် ဆူးချွန်ကြီး များ ရှိ၏ ။ ဆူးများ အလှည့်ကျ ထွက်သည်။ အရွက် ရွက်ပေါင်း ဖြစ်သည်။ ရွက်မြွှာ ၅-၇ ရွက် ရှိ၍ ထိပ်ရွက် ၁ ရွက် ပါသည်။ သနပ်ခါး ရွက်နှင့် တူသည်။ ရွက်မြွှာ များ ရွက်ဆိုင် ထွက်ပြီး ရွက်ညှာတွင် အတောင် ပါရှိသည်။ ရွက်ပြား မာကျော ပြောင်ချော ပြီး ရွက်နားတွင် သေးငယ် သော ခွေးသွား စိပ်ကလေး များ ရှိ၏ ။ ရွက်ကြော မှ ဆူးများ ထွက်သည်။ အပွင့် အဖြူရောင် ရှိသည်။ အဖိုပွင့် နှင့် အမ ပွင့်များ ပန်းခိုင် တစ်ခုတည်း တွင်ရှိသည်။ ပွင့်ကိုင်း နှင့် ပွင့်ညှာ ပြောင် ချောသည်။ တပေါင်း တန်ခူး တွင်ပွင့်၏။ အသီး လုံးဝိုင်း၍ ဥသျှစ်သီး ခန့်ရှိသည်။ အသီးမှည့် လျှင် မွှေးပြီး အတွင်းမှ အသား ညိုမည်း လာသည်။ ကဆုန် နယုန် တွင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသီး ၊ အခေါက် ၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ သီးပင်း သီးမှည့် သည် ချို ချဉ် အရသာ ရှိ၏။ ကြေခဲ၏။ သွေး၊ လေ၊ သလိပ် သုံးပါးကို နိုင်၏ ။ ပန်းနာ ၊ အော့အန် သော အနာ ၊ ပင်ပန်း နွမ်းနယ် ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။နှုတ်ကို မြိန် စေ၏။ ဝမ်းကို ချုပ်စေတတ် ၏ ။ အသုံးပြုပုံ- အသီး ၁ ။ သီးသီး အစိမ်းရည်ကို တစ်နေ့ တစ်ကြိမ် သောက်က ပန်းနာ ရင်ကျပ် ပျောက်၏။ ၂ ။ သီးသီး အစိမ်းရည်တွင် ပိတ်ချင်း သီးမှုန့် အနည်းငယ် ထည့်၍ ပျားရည်နှင့် ရောလျက် ပါက ကြို့ထိုး နာ ပျောက်၏။ ၃ ။ သီးသီး စိမ်းရည် ၊ပိတ်ချင်း သီးမှုန့် ၊ ပျားရည် သုံးမျိုးစပ် လျက်ပါက အန်သော ရောဂါ ပျောက်၏။ ၄။ သီးသီး ရည် ၊ ဥသျှစ်သီး မှည့် အရည်ဖျော်သောက် ပါက ဝမ်းနာ ရင်နာ ပျောက်၏ ။ ၅ ။ သီးသီး အနှစ်ကို သကြား သို့မဟုတ် ပျားရည်ဖြင့် ရောလျက် သော် အဆိပ် ပြေ၏။ အခေါက် ၁ ။ သီးပင်၏ အခေါက်ကို လေထိုးနာ ပျောက်ဆေး ဖော်စပ် ရာတွင် သုံး၏။ အရွက် ၁ ။ အရွက်ကို လေနိုင်ဆေး ဖော်စပ်ရာ တွင် သုံးသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://arogyamonline.com/commodity/materials/?raw=41