သီဝလိထေရ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သီဝလိထေရ်[ပြင်​ဆင်​ရန်​]

သီဝလိထေရ်သည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် လာဘ်လာဘပေါများသည့်အရာ၌ ဧတဒဂ်ရသော ရဟန္တာဖြစ်သည်။ မြတ်စွာဘုရားသခင်၏ လက်ယာတော်ရံ လေးကျိပ်တွင် တစ်ပါးအပါအဝင်လည်း ဖြစ်လေသည်။ သီဝလိထေရ်၏ ခမည်းတော်နှင့်မယ်တော်တို့ကား မဟာလိမင်းသားနှင့် ကောလိယ ပြည့်ရှင် ကောလိယမင်းကြီး၏သမီးတော်သုပ္ပဝါသမင်းသမီးတို့ဖြစ်သည်။


မယ်တော်သုပ္ပဝါသသည် သားတော် သီဝလိထေရ်အလောင်းအား သန္ဓေရှိသောအခါဖွားရန် နေ့ရက်စေ့ရောက်သော်လည်း မဖွားမြင်နိုင်ဘဲရှိလေသည်။ ယင်းသို့ဖြင့်သန္ဓေသားကို လသာမက နှစ်နှင့်ချီ၍လွယ်ခဲ့ရရာ ခုနစ်နှစ်ပင် စေ့ရောက်ခဲ့လေသည်။ မီးမဖွားနိုင်ဘဲက္ခဝေဒုနာအကြီးအကျယ် ခံစားနေရစဉ် မြတ်စွာဘုရားအားဖူးမြော်လိုကြောင်း တောင့်တသဖြင့် ကြင်ယာတော် မင်းသားက မြတ်စွာဘုရားအား အကျိုးအကြောင်း လျှောက်ထားပင့်ဖိတ်သော် ဘုရားသခင်က 'သုပ္ပဝါသမင်းသမီးသည် ချမ်းသာခြင်းရှိသည်ဖြစ်စေသတည်း။ ရောဂါအနာမဲ့ကင်း ဆင်းရဲခြင်းမရှိသည် ဖြစ်စေသတည်း။ အနာမရှိသည်ဖြစ်၍သားကိုဖွားစေသတည်း' ရွှေနှုတ်တော်မှ မြွက်ဟဆုပေးလိုက် သည်နှင့်တပြိုင်နက် သုပ္ပဝါသမင်းသမီးသည် သားတော်ကလေးကို ချောမောစွာ ဖွားနိုင်လေသည်။ ယင်းသို့သေတွင်းမှ တက်၍ အမိအဖတို့ ပူပန်ခြင်းငြိမ်းအေးစေသဖြင့် သားတော်ကလေးအား သီဝလိဟုအမည်ပေးကြလေသည်။ သားတော် သီလဝိသည် အမိဝမ်း၌ ခုနစ်နှစ်နှင့်ခုနစ်ရက် ကိန်းအောင်းခဲ့ရရာ အမိဝမ်းကကျွတ်သည်နှင့်တစ်ပြိုင်နက် ခုနစ်နှစ်သား အရွယ်သို့ တစ်ဟုန်တည်း ကြီးပြင်းသွားလေသည်။


သီဝလိကိုဖွားမြင်ပြီးနောက်တစ်နေ့တွင် မြတ်စွာဘုရားနှင့် တကွသံဃာတော် ၅ဝဝ ကို နန်းတော်သို့ပင့်၍ ဆွမ်းလုပ်ကျွေးလေသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ ရှင်သာရိပုတ္တရာအား တရား အနုမောဒနာပြုရန် မြတ်စွာဘုရားက အမိန့်တော်ရှိသဖြင့် ရှင်သာရိပုတ္တရာသည်ပဋိသန္ဓေနေရခြင်း၏ ဆင်းရဲဒုက္ခရောက်ပုံ ဇာတိဒုက္ခကိုအကျယ်ချဲ့၍ ဟောတော်မူလေရာ ဘဝအဆက်ဆက်က ဆည်းပူးခဲ့သည့်ပါရမီ အဆောက်အအုံကြီးမားသည့်ပုဂ္ဂိုလ်ဖြစ်သည့်အတိုင်း သီဝလိမင်းသားက ရှင်သာမဏေပြုပေးပါရန် လျှောက်ထား တောင်းပန်လေသည်။ မိဘနှစ်ပါး၏ခွင့်ပြုချက်အရ ရှင်သာမဏေ ပြုပေးရန်ခေါင်းရိတ်ပေးစဉ် ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီကသုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဟောတော်မူသဖြင့် သီဝလိသည် တရားကမ္မဋ္ဌာန်းကို နှလုံးသွင်းလေရာဆံပင်ရိတ်ပြီးသည်နှင့်တစ်ပြိုင်နက် ကိလေသာကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်သွားလေသည်။


ရှင်သာမဏေဖြစ်သည်မှစ၍ များစွာသော ဒါယကာ ဒါယိကာမတို့ကပစ္စည်းလေးပါးဖြင့် နေ့စဉ်နေ့တိုင်းသုံး မကုန်အောင်လှူဒါန်းကြသောကြောင့် ရှင်သီဝလိအားအမှီပြု၍ သံဃာအပေါင်း မကြောင့်မကျစားသောက်သုံးဆောင်ရလေ သည်။ အသက် ၂ဝပြည့်သောအခါ ရှင်သီဝလိသည် ရဟန်းအဖြစ်သို့ ယူတော်မူသည်။ လာဘ်လာဘတို့သည်လည်း ဆတက်ထမ်းပိုးတိုးသည်ထက်တိုး၍ သာလာတော့သည်။ ရောက်လေရာအရပ်၌ လှူဒါန်းသူများလှသည်။


အခါတစ်ပါးမြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာ အမှူးရှိသောသံဃာတော် ၅ဝဝနှင့်တကွ ရှားတော ကျောင်းသို့ကြွတော်မူရာ ခရီးဖြတ်လမ်းမှုကြွတော်မူသည်။ ထိုဖြတ်လမ်းသည် တောလမ်းခရီးဖြစ်သဖြင့် ဆွမ်းကွမ်းအတွက် အခက်ကြုံမည်ကိုရှင်အာနန္ဒာက စိုးရိမ်သဖြင့် ဘုရားရှင်အား လျှောက်ထားသောအခါမြတ်စွာဘုရားက 'ချစ်သားအာနန္ဒာ ဤရဟန်းပရိသတ်တွင် သီဝလိပါသည်မဟုတ်လော၊ သီဝလိပါလျှင်မစိုးရိမ်လင့်' ဟုမိန့်တော်မူကာတောအုပ်သို့ဝင် လေသည်။ တောခရီးတစ်လျှောက်၌ နေထိုင်ကြကုန်သော နတ်ဘီလူးများသည် ဘုရားနှင့်တကွသံဃာတော် ၅ဝဝ အား ဆွမ်းကွမ်းများ လှူဒါန်းကြလေသည်။ ရှင်သီဝလိအားလည်း ပစ္စည်းမျိုးစုံဖြင့် စုပုံလှူဒါန်းကြသဖြင့်သံဃာများမှာ မျှတစွာသုံးဆောင်ကြရရုံမက ပိုလျှံ၍ပင်နေလေသည်။

ရှားတောကျောင်း၌ဘုရားနှင့်တကွ သံဃာတော် ၅ဝဝ သည် တစ်လပတ်လုံး ရှင်သီဝလိကိုအကြောင်းပြုရအပ်သော ပစ္စည်းလေးပါးဖြင့် မျှတစွာနေကြရလေသည်။ ရဟန်းသံဃာတို့လည်း လူနေဝေးသောတောကြီး မျက်မည်းထဲဖြစ်ပါလျက် သီဝလိထေရ်တန်ခိုးတော်ကြောင့် လာဘ်လာဘပေါများသည်ကို အံ့ဩချီးမွမ်းနေကြလေသည်။ ထိုသို့ပြောဆိုနေသည်ကို မြတ်စွာဘုရားသခင် သိမြင်တော် မူသောအခါ 'ဧတဓဂ္ဂံဘိက္ခဝေမမသာဝကာနံလာဘီနံယိဒိဒံ သီဝလိ' ဟူ၍လာဘ်လာဘပေါများသော ရဟန်းတို့တွင် သီဝလိထေရ်သည် အမြတ်ဆုံးဟု ဧတဒဂ်ထားတော်မူ ပြီးနောက်သီဝလိထေရ်၏ အတိတ်ဇာတ်ကိုဟောတော်မူသည်။ သီဝလိထေရ်အလောင်းကား ပဒုမုတ္တရဘုရား လက်ထက်တွင် သာမန်အမျိုးသားကလေးမျှသာဖြစ်သည်။

ပဒုမုတ္တရဘုရားသခင်းတရားဟောကြားနေစဉ် ထိုအမျိုးသားကလေးသည် ပရိသတ်အစွန်မှ တရားတော်ကို နာကြား နေခိုက်သုဒဿနမည်သော ရဟန်းတစ်ပါးအား လာဘ်လာဘအရာ၌ ဘုရားသခင်က ဧတဒဂ်ထားတော်မူသည်ကိုကြား ရသောအခါ သုဒဿနရဟန်းကဲ့သို့ဖြစ်လိုလှသဖြင့် ဘုရားနှင့်တကွ သံဃာ၅ဝဝကိုနောက်တစ်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ဆွမ်းဖိတ်၍ကျွေးရာ သင်္ကန်းတစ်စုံစီကပ်လှူပြီးလျှင် ဤကောင်းမှုကြောင့် ဘဝဆက်တိုင်းစည်းစိမ်ဥစ္စာရတနာရွှေငွေ ဆန်ရေစပါးပေါများကြွယ်ဝ၍ အဆုံးဘဝနောက်ကာလ၌ သုဒဿနရဟန်းကဲ့သို့ လာဘ်လာဘပေါများသောအရာ၌ ဧတဒဂ်တင်ရသောရဟန်းဖြစ်ရလိုပါ၏ဟု ဆုတောင်းလေသည်။

ထိုဘဝမှလွန်ပြီးနောက် လူ့ပြည်နတ်ပြည်လူးလာ စုန်ဆန်ကာ ကမ္ဘာများစွာချမ်းသာသုခကိုခံစား၍နေလေသည်။ ၉၁ ကမ္ဘာ အထက် ဝိပဿီဘုရားလက်ထက်တော်၌ကား သီဝလိထေရ် အလောင်းတော်သည် ဗန္ဓုမတီမြို့နှင့်မနီးမဝေး တစ်ခုသောရွာငယ်ကလေးတွင် ဆင်းရဲသားအမျိုး၌ဖြစ်ရရှာ၏။ တစ်နေ့သ၌ဗန္ဓမတီမင်းနှင့်တိုင်းသူပြည်သားတို့ အလှူပြိုင်ကြလေသည်။ ထိုအခိုက်သီဝလိအလောင်း ဆင်းရဲသားလည်း တောတွင်းမှ နို့ဓာမ်းအိုးနှင့်ပျားအုံကြီးကို ထမ်းကာ မြို့တွင်းသို့အရောင်းလာရာ မြို့စောင့်သည်များက အသပြာအဆမတန်ပေး၍ ဝယ်ကြလေ၏။ အဘယ်ကြောင့် ဤမျှအဆမတန်ပေး၍ ဝယ်ကြသည်ကို မေးမြန်း သိရှိရသောအခါ သီဝလိထေရ်အလောင်းသည် ကိုယ်တိုင်လှူဒါန်းတော့မည်။ မရောင်းတော့ဆိုကာ ဘုရားသခင် ကိုယ်တော်မြတ်အား ကိုယ်တိုင်သွားရောက်လှူဒါန်းပြီးလျှင် ပဒုမုတ္တရဘုရားလက်ထက်တော်ကအတိုင်း လာဘ်လာဘ ပေါများရန် ဆုတောင်းခဲ့ပြန်သည်။

ထိုဆင်းရဲသားဘဝမှလွန်မြောက်၍ လူ့ပြည်နတ်ပြည် စုန်ဆန်လည်ပြီးနောက် အခါတစ်ပါး ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းအား ပြည်ထောင်ချင်းချင်းမင်းတစ်ပါးက တိုက်ခိုက်သုတ်သင်၍ မိဖုရားကြီးအား သိမ်းပိုက်ကာ ဗာရာဏသီ ပြည်၌စိုးစံနေလေသည်။ သားတော်ကလေးမူကား ဘေးလွတ်ရာသို့တိမ်းရှောင်နေလေသည်။ သားတော်ကလေး အရွယ်ရောက်လာသောအခါ ခမည်းတော်အရိုက်အရာကို တိုက်ယူရန်မယ်တော်နှင့်တိုင်ပင်ရာ ဗာရာဏသီမြို့တံခါးများ အခိုင်အလုံပိတ်၍ အတွင်းကလူများ အစာငတ်ပြတ်အောင် လုပ်ရန်အကြံပေးလေသည်။ အကြံပေးသည့်အတိုင်း ခုနစ်နှစ် ခုနစ်ရက်တိတိ လုပ်ကြံရာနောက်ဆုံး၌ ဗာရာဏသီမြို့ကို ရလေ၏။ ထိုဝိပါကဝဋ်ကြောင့် သီဝလိသတို့သားသည် နောက်ဆုံးဘဝ၌ ခုနစ်နှစ်ခုနစ်ရက်လုံးလုံး အမိဝမ်းတွင်း၌ ကိန်းအောင်းရသည့် ဇာတိဒုက္ခကို ခံစားရခြင်းဖြစ်လေသည်။ အလှူအတမ်းပေးကမ်းရက်ရော၍ လာဘ်လာဘကို ဆုတောင်းခဲ့ခြင်းကြောင့် လာဘ်လာဘပေါများ၍ ဧတဒဂ်ရ တော်မူခြင်း ဖြစ်လေသည်။

လာဘ်လာဘရွှင်ပျလိုသူတို့သည် 'လာဘိနမုတ္တမောထေရော၊ သီဝလိဣတိဝိဿုတော၊ သောရဟော ပစ္စယာဒီနံ၊ သဒါသောတ္တိံကရောတုမေ'စသည့် သီဝလိဂါထာကို ရွတ်အံသရဇ္ဈာယ်၍လည်းကောင်း၊ သိဝလိ ထေရ်၏ပုံတော်ထုလုပ်ကိုးကွယ်၍လည်းကောင်း၊ သီဝလိထေရ် ဓာတ်တော်ကိုးကွယ်၍လည်းကောင်း ပူဇော်ဆုတောင်း ကြလေ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)