သိန်း၊ ဆရာ (မော်ပီ)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မော်ပီဆရာသိန်း
မော်ပီဆရာသိန်း
မွေးသက္ကရာဇ် ၁၈၆၂-၁၉၄၂
နို်င်ငံ Flag of Myanmar.png မြန်မာ
အလုပ်အကိုင် မြန်မာစာပေပညာရှင်
ဆောင်ရွက်ချက်များ ရှေးဟောင်း ရာဇဝင် ဆောင်းပါး၊ ကဗျာ၊ ပြဇတ်၊ ကျမ်းပေါင်းများစွာ ရေးသားခဲ့သည်။ ကိုယ်တိုင်လည်း မြန်မာမှု့ကို နှစ်သက်၏။


မော်ပီ ဆရာ သိန်း (၁၂၂၃ - ၁၃ဝ၃)[ပြင်​ဆင်​ရန်​]

မော်ပီ ဆရာသိန်းကား ပဲခူးတိုင်း ဟံသာဝတီ စီရင်စု မော်ပီမြို့ အပိုင် မော်ပီမြို့နှင့် ၃ မိုင်ခန့်အကွာ မင်းရွာ၌ သက္ကရာဇ် ၁၂၂၃ ခုနှစ် နှောင်းတန်ခူး လဆန်း ၂ ရက် တနင်းလာနေ့ ဖွားမြင် ခဲ့လေသည်။

အဖမှာ ဦးရွှေကြူး၊ အမိမှာ ဒေါ်ငွေတို့ ဖြစ်ပါ၏။ ဦးရွှေကြူးသည် အင်းစိန် ခရိုင် လှည်းကူးမြို့နယ် ဒရယ်ဘို ရွာသား တောင်သူ လယ်သမား ရိုးရိုးပင် ဖြစ်၍၊ အမိသည် တောင်တွင်းကြီး မြို့ဝန် ဇေယျမင်းခေါင်၏ မြေးအရင်း ဖြစ်ပေသည်။

သားချင်း လေးယောက် ရှိသည့် အနက် ဆရာသိန်းမှာ ဒုတိယ မြောက်သား ဖြစ်၍ ငယ်မည် မောင်ဖိုးသိန်း ခေါ်သည်။ အစ်ကိုအကြီး ဦးဖိုးငြိမ်းမှာ တွံတေးမြို့တွင် အမိန့်တော်ရ ဖြစ်ပြီး တွံတေးမြို့ တွင်ပင် ကွယ်လွန် ခဲ့လေသည်။ ညီဖြစ်သူ ဦးပန်းဦးမှာ ယစ်မျိုးဆိုင်ရာ အရာရှိ ဖြစ်၍ မော်ပီမြို့ တွင်ပင် ကွယ်လွန်ခဲ့ပါ၏။ နှမငယ် ဒေါ်အုန်းပွင့်မှာ မူကား စောစောကပင် မော်ပီမြို့၌ ကွယ်လွန် သွားခဲ့သည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဆရာသိန်းကို မိသားတစ်စုမှာ အလွန်ပင်ပန်း ဆင်းရဲလှ သဖြင့် မင်းရွာတွင် နေထိုင်လျက် အဖ ဖြစ်သူက တောင်သူ လယ်လုပ်ဖြင့် ဇနီး၊ သားသမီး တို့အား ပြုစု စောင့်ရှောက်ရ ရှာသည်။ ငယ်စဉ် ကပင် သားအကြီး မောင်ဖိုးငြိမ်းနှင့် သားအငယ် မောင်ဖိုးသိန်း တို့အား မင်းရွာ ကန်ကုန်းကျောင်း ဆရာတော် ဦးဝဏ္ဏထံ အပ်နှံ၍ တောသူ တောင်သား ဘာဝ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ပရိတ်ကြီး စသည် တို့ကို သင်ကြား စေသည်။ ဤကဲ့သို့ ပညာရှာ ရင်းလည်း ဆင်းရဲ နွမ်းပါး လှသော ညီအစ်ကို နှစ်ယောက်သည် အမိ အဖ တို့ကို ကူညီသော အားဖြင့် မင်းရွာ၏ ပတ်ဝန်းကျင်ရှိ ကွမ်းခြံကုန်း၊ ညောင်တုန်း၊ မဌေးအစု၊ ဗုံလုံဆိပ်၊ မရမ်းဆယ်၊ ငစင်ရိုင်း၊ တလိုင်းကုန်း၊ ဖက်တန်း အစရှိသော ကရင် ရွာကလေးများသို့ နွားကျောင်း၊ ထမင်းပို့ အလုပ်ကို လူဌားခ - စပါးပေးဖြင့် လုပ်ကိုင်ကြ ရှာသေးသည်။ သို့ရာတွင် ညီအစ်ကို နှစ်ယောက် စလုံးပင် စာပေ မြတ်နိုးသူများ ဖြစ်ကြသည့် အလျောက် ဆရာတော် ဦးဝဏ္ဏ ထံ၌ ဆည်းကပ် ရချိန်တွင် လည်းကောင်း၊ ဝမ်းရေး အတွက် နွားကျောင်း ရချိန်တွင် လည်းကောင်း ရသမှျသော စအုပ် စာတမ်း များကို လေ့လာ ဖတ်မှတ် ကြကုန်သည်။


မောင်ဖိုးသိန်း အသက် ၁၆ နှစ် အရွယ်တွင် ညီအစ်ကို နှစ်ယောက် ရရှိသည့် လူငှားခ စပါး၊ အဖ ဦးရွှေကြူး ရရှိသည့် လူငှားခ စပါး တို့ကို စုပေါင်း ရောင်းချ၍ ဆရာတော်ကြီး ဦးဝဏ္ဏ၏ အကူအညီဖြင့် ထိုညီအစ်ကို နှစ်ယောက်အား သာသနာ့ ဘောင်သို့ သွတ်သွင်း ရပေသည်။ ထိုမှ ဆက်၍ မောင်ဖိုးသိန်းသည် သင်္ကန်း တဝါ ဝတ်ကာ ဆရာတော့် ထံ၌ပင် စာပေ ဗဟုသုတ များကို ကြိုးကြိုးကုတ်ကုတ် အားထုတ် လေ့လာ ပေသေးသည်။ သို့ တဝါမှျ အားထုတ် လေ့လာပြီး သည့်နောက် တဖန် လယ်သူရင်းငှား ဘဝသို့ ရောက်ရ ပြန်လေသည်။


အသက် ၁၉ နှစ် အရွယ်သို့ ရောက်လှျင် ပဲခူး ဟံသာဝတီ ကြေးတိုင်ရုံးတွင် မောင်ဖိုးသိန်းသည် အစ ဦးစွာ စာရင်းရေး၊ စာရင်းစစ်၊ စာရေးအရာ ဝင်ရောက် လုပ်ကိုင် လေတော့သည်။ ထိုမှတဆင့် အသက် ၂၃ နှစ် အရွယ် သက္ကရာဇ် ၁၂၄၆ ခုနှစ် အတွင်း မော်ပီမြို့တွင် ရုံးစိုက် လာသော မြို့အုပ်ရုံး၌ မြို့စာရေး အဖြစ် ဝင်ရောက် ထမ်းရွက်၏။ ထိုမှတတန် အသက် ၃၄ နှစ် အရွယ် သက္ကရာဇ် ၁၂၅၇ ခုနှစ်သို့ ရောက်ပြန်သော် ကွမ်းခြံကုန်းမြို့ မြို့အုပ်ရုံးသို့ ပြောင်းရွှေ့ကာ မြို့စာရေး အရာနှင့်ပင် ဆက်လက် ထမ်းဆောင်သည်။


ဦးဖိုးသိန်းသည် အထုံ ဝါသနာ အလျောက် ပညာရှိ ရဟန်း ရှင်လူ အများ ထံမှ မိမိ မှတ်သား ဆည်းပူး ခဲ့ရသမှျ တို့ ကို ဖြန့်ဖြူး ဝေငှ လိုသဖြင့် "... မော်ပီ မြို့အုပ်မင်း ရုံးတွင် မြို့စာရေး အလုပ် ဝတ္တရားနှင့် အမှုတော်ကို ထမ်းရွက် နေစဉ် ကပင် သက္ကရာဇ် ၁၂၅၃ ခုနှစ် တော်သလင်း လဆန်း ၁ ရက် ကြာသပတေးနေ့က အစပြု၍ ... 'ပေါရာဏ ဒီပနီ' အမည်ရှိသော ကျမ်းကို ရေးသား ပြုစုရာ ကွမ်းခြံကုန်း မြို့အုပ်မင်း ရုံးတော်တွင် မြို့စာရေး အလုပ် ဝတ္တရားနှင့် အမှုတော်ကို ထမ်းရွက် လုပ်ကိုင်ဆဲ အခါ သက္ဗရာဇ် ၁၂၅၇ ခုနှစ် တပို့တွဲ လဆန်း ၁၅ ရက်နေ့ မွန်းတည့် ... အချိန်တွင် ...အောင်မြင် ပြီးစီးခြင်းသို့ " ရောက်ခဲ့သည်။


ကွမ်းခြံကုန်းမြို့ မြို့အုပ်ရုံးတွင် လုပ်ကိုင် ထမ်းရွက် နေစဉ် 'ပေါရာဏ ဒီပနီ' ကျမ်းကို ကြိုးပမ်း ပြီးစီးသည့် သက္ကရာဇ် ၁၂၅၇ ခုနှစ် အတွင်း မှာပင် အလုပ်အကိုင်နှင့် ပတ်သက်၍ စိတ်ညစ်ညူး စရာ ပေါ်ပေါက် လာခဲ့သည်။ ဆရာသိန်းကြီး၏ ပေါရာဏ ဒီပနီကျမ်း၊ ဒုတိယတွဲ၊ ကျမ်းပြီး နိဂုံးလာ ဆရာသိန်းကြီး၏ စကားများ အရပင် "... အစိုးရမင်း အမှုထမ်း လောက အဖြစ်မှ ရာဇတောဝါ ဘေးဖြင့် ရွေ့လျော ကွေကွင်း ရသည့်နောက် ကိုယ်စိတ် နှစ်ပါး ချမ်းသာသော အခွင့်ကို ရရှိသည့် အခါ သာသနာ လင်္ကာရ စာတမ်း အဆို မိလိန္ဒ မင်းကြီး စံနေသော သာဂလ ပြည်သည် ဇင်းမယ်မြို့ဟု ညွှန်ပြ သည်ကို အမှန်အကန် သိလိုရင်း ဆန္ဒ ရှိသဖြင့် သက္ဗရာဇ် ၁၂၅၈ ခုနှစ် အယုဒ္ဓယ တိုင်းပြည် ရဟိုင်းမြို့၊ လကွန်းမြို့၊ လပုံးမြို့၊ ဇင်းမယ်မြို့၊ မုံးနန်းမြို့၊ မုံးတစ်မြို့၊ ၎င်း ယွန်း ၅ မြို့နယ်သို့ ဒေသန္ဈရ ဗဟုသုတ အဖြစ်ဖြင့် သွားရောက် စုံစမ်း လှည့်ပတ် " နေခဲ့သည်။


ဆရာ သိန်းကြီးကား 'ရာဇတောဝါဘေး' ကြောင့် အလုပ် နုတ်ထွက် လိုက်ချိန် တွင်မှ ပညာ ဗဟုသုတ ပြည့်ဝ သည်ထက် ပြည့်ဝ နိုင်စေရန် ဟိုမှ သည်မှ လှည့်လည် သွားလာသည် မဟုတ်။ ရှေးမဆွကပင် အားလပ်ခွင့် ရတိုင်း အနယ်နယ် အရပ်ရပ်သို့ မပြတ်မလပ် သွားလာ ခဲ့သေးသည်။ သို့ကြောင့် လျှင်လည်း အသက် ၃ဝ ခန့် အရွယ် ဘောလယ်ကျွန်းဘက်သို့ ပညာရှာ ထွက်ရာ ဘောလယ်ကျွန်း ကျွန်းဦး တိုက်သူကြီး ဦးသိုင်း - ဒေါ်လင်း တို့၏ ပထမ သမီး ဒေါ်ငွေနှစ်နှင့် အကြောင်း ပါခဲ့သည်။ သားသမီး လေးယောက် ထွန်းကား ခဲ့ပါ၏။


ဤကဲ့သို့ ပညာ ဗဟုသုတ စုရ ဆောင်းရသည့် အရာတွင် မော်ပီ ဆရာ သိန်းကြီးသည် အထူး အထုံ ဝါသနာ ပါကြောင်း နှင့်လည်း ဆရာကြီးအား လေးစား မြတ်နိုးသူ တဦးက အောက်ပါ လေးချိုးဖြင့် ဂုဏ်ပြု ချီးကျူး ထားပေသည်။


"ချည်ပုဆိုး၊ ပိုးပေါက်က နီနီ၊

မြိတ်၊ သှျီလင် သှျောင်ထုံးနဲ့၊ ဖော့လုံးဆင် လက်ဟောင်း၊ ပေါင်းပြန်ခဲ့ပြီ၊

ပျို့၊ ကဗျာ သာရတုရယ်နဲ့၊ ကဗျာမှု အတော်မှီ မော်ပီက ဆရာသိန်း၊

နည်းထုံးကိုရှာ၊ စည်းထုံးသံစာစာနဲ့၊ မြို့ရွယ်လည်ကာ လျှောက်ပါလို့၊ မွှေနှောက်ကာ စာကို ကူးတယ်၊ ထူးမြတ်တဲ့ ကိန်း။ ။"


သက္ကရာဇ် ၁၂၅၇ ခုနှစ် အတွင်း အစိုးရ လခစား အလုပ်မှ နုတ်ထွက် လိုက်၍ သက္ကရာဇ် ၁၂၅၈ ခုနှစ် အတွင်း ဇင်းမယ်မြို့ ဘက်သို့ ထွက်ခွာ မသွား သေးမီလည်း ဆရာ သိန်းကြီးသည် ဇနီး ဒေါ်ငွေနှစ်နှင့် မကြာခဏ မသင့်မတင့် ဖြစ်ခဲ့ ကြသည်မှ အစ ကွာစာ ရှင်းစာ တို့ဖြင့် သံယောဇဉ် ဖြတ်ခြင်းကြီး ဖြတ်ခဲ့ ပေသေးသည်။


သို့နှင့် သက္ကရာဇ် ၁၂၅၉ ခုနှစ်တွင် ရန်ကုန်မြို့ ဟံသာဝတီ သတင်းစာ ပုံနှိပ်တိုက်တွင် စာရေး အဖြစ် လုပ်ကိုင် ဆောင်ရွက်သည်။


နောက်နှစ်သို့ ရောက်ပြန်သော အခါ မြန်မာ နိုင်ငံတော် ကမ္ပည်း ကျောက်စာ ရုံးတွင် ကမ္ပည်း ကျောက်စာ အဖတ် အပြန် အရေးအသား တို့ကို ခေတ္တ ခဏမှျ ဝင်ရောက် သင်ကြား ပေးသေး၏။


သက္ကရာဇ် ၁၂၆၁ ခုနှစ်တွင် ပျဉ်းမနား မြို့သို့ လွှစက် တည်ရန် သူဌေး ကိုယ်စားလှယ် အဖြစ် သွားရောက် လုပ်ကိုင် ပြန်လေသည်။ သို့ရာတွင် လွှစက် အလုပ် လုပ်ကိုင်ရင်း အချိန်ကို အလဟဿ မဖြစ်စေဘဲ ပညာ ဗဟုသုတ များကို ရနိုင် သလောက် ထောက်လှမ်း စုံစမ်း ရှာဖွေ မှတ်သားလျက် ရှိပေသည်။


သက္ကရာဇ် ၁၂၆၂ ခုနှစ် အတွင်း ဇာတ် ရုပ်စုံ သဘင် ပညာသည် တို့အား ဇာတ်လမ်း ဇာတ်ထုပ် စသော ကဗျာ သီချင်း များကို စာရေး စာဆို ဆရာ အဖြစ်နှင့် အစမ်း လုပ်ကိုင် ပြန်သေး၏။


သက္ကရာဇ် ၁၂၆၃ ခုနှစ်သို့ ရောက်သော အခါ၌ မူကား ပညာ ဗဟုသုတ ထပ်မံ ရှာမှီးရေး အတွက် အထက် မြန်မာနိုင်ငံမှ မိတ္ထိလာနယ်၊ ကျောက်ဆည်နယ်၊ ရမည်းသင်း - ပျော်ဘွယ်နယ်၊ မြင်းခြံနယ်၊ နတ်မောက်နယ်၊ ကျောက်ပန်းတောင်းနယ်၊ မြစ်ကွေးနယ်၊ မင်းဘူးနယ်၊ မန္ဈလေးမြို့၊ ရွှေဘိုနယ်၊ အလုံနယ်၊ မောင်းထောင်နယ်၊ မုံရွေး၊ မုံရွာ၊ ကျောက်ကာ၊ သာစည်၊ ရေစကြို၊ ပခန်းနယ်၊ စစ်ကိုင်းနယ်၊ ဟင်္သာတနယ်၊ မော်လမြိုင်၊ ကော့ကရိတ်၊ မုတ္တမ၊ သထုံ နယ်များကို ရှေးစာဟောင်း စာတမ်းများ၊ ပျို့လင်္ကာ၊ ရာဇဝင် သမိုင်းများ၊ ကျောက်စာ မော်ကွန်း အမှတ်အသား များနှင့် ရှေးပညာရှိ တို့၏ အတ္ထုပ္ပတ္တိ များကို လှည့်လည် ရှာဖွေ စုဆောင်း ရေးသား ပြီးလှျင် အင်းစိန်မြို့သို့ ပြန်ခဲ့သည်။ အင်းစိန် မြို့တွင်လည်း အချည်းနှီး မနေ။ ငယ်ဆရာ တဦး ဖြစ်ပေသော အင်းစိန် ရွာမ ကျောင်းမှ ဘုန်းတော်ကြီး ဦးနာရာထံ ချဉ်းကပ်ကာ အလို ရှိသော ပညာ ဗဟုသုတ တို့ကို လေ့လာ သင်ကြား အားထုတ် ပြန်လေသည်။ ထိုဘုန်းတော်ကြီး ဦးနာရဒကား ဆရာ သိန်းကြီး၏ အထူး ဆည်းကပ် အားထားသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း ပေါရာဏဒီပနီကျမ်း ဒုတိယတွဲ နိဂုံး၏ နောက်ဆုံး စာပုဒ်တွင် ဆရာ သိန်းကြီးက ကိုယ်တိုင် "... အင်းစိန် ရွာမ ကျောင်းကြီး၌ သီတင်း သုံးတော်မူသော အရှင် ဘုန်းမြတ်ကြီး ဥိးနာရဒ၏ ခြေတော်ရင်းသို့ ပညာ ဗဟုသုတ အတွက် အဆည်းအကပ် အများဆုံး ဖြစ်သတည်း " ဟု ဝန်ခံထားပေသည်။


သက္ကရာဇ် ၁၂၆၄ ခုနှစ်တွင် မဟာဗောဓိ သတင်းစာကို အစ အဦး ဖွင့်သော အခါ စာရေး အဖြစ် လုပ်ကိုင် ဆောင်ရွက်သည်။ သက္ကရာဇ် ၁၂၆၅ ခုနှစ် မှသည် ၁၂၆၇ ခုနှစ် အထိ ဧရာဝတီ စာပုံနှိပ် တိုက်တွင် တိုက်အုပ် အဖြစ် လုပ်ကိုင် ဆောင်ရွက် ပြန်သည်။ နောက် သက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် အင်္ဂလိပ် - မြန်မာ ပုံနှိပ်တိုက်သို့ ရွှေ့ပြောင်း လုပ်ကိုင် ပြန်ဘိသည်။ သက္ကရာဇ် ၁၂၆၉ ခုနှစ်သို့ ရောက်သော အခါ၌မူ ဆရာရင်း ဖြစ်သော အင်းစိန် ရွာမကျောင်း ဦးနာရဒထံ ပြန်လည် ဆည်းကပ်ရင်း မော်ပီမြို့ ရွှေမော်တင် စေတီတော်မြတ် တည်ရန် ဂေါပက လူကြီးတို့ လက်အောက်တွင် စာရင်းကိုင် အဖြစ် ဆောင်ရွက်ရ ပေသည်။


သက္ဗရာဇ် ၁၂၇ဝ ပြည့်နှစ် အတွင်း၌မူ လက်ထက် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ ရှင်ပြု မင်္ဂလာ စသည် တို့တွင် ပုဏ္ဏား များနှင့် ဖြစ်စေ၊ မိမိ၏ ဆရာ တဦး ဖြစ်သော အငြိမ်းစား တိုက်သူကြီး ဦးဆိုင်နှင့် ဖြစ်စေ၊ အခမ်းအနား များကို ခင်းကျင်း စီမံလျက် ဩဘာစာတမ်း၊ ရတု ပိုဒ်စုံများကို ရေးသား ဖတ်ဆို ကူညီသည်။ သိမ်အောင်စာ၊ ဘုရားတည် ကျောက်စာ၊ သမိုင်း၊ မော်ကွန်းများ ကိုလည်း ထိုနည်း အတိုင်း ပြုပေသည်။


ထိုနှစ် အတွင်း မှာပင် အင်းစိန်မြို့ မိတ်ဆွေရင်း ဖြစ်သူ အမိန့်တော်ရမင်း ဦးသူတော်က စပ်လျဉ်း ပေးသောကြောင့် နယ်ပိုင် ဝန်ထောက် မစ္စတာ စတူးဝပ်နှင့် သိကွ္ဆမ်း ခင်မင်ကာ မြန်မာမှု အနုပညာ တရပ် ဖြစ်သော ပျို့၊ ကဗျာ၊ လင်္ကာ၊ ရာဇဝင်၊ စာဟောင်း၊ စာတမ်း များကို သင်ကြား ပို့ချ ပေးရသည်။


သက္ကရာဇ် ၁၂၇၁ ခုနှစ် အတွင်း မစ္စတာ စတူးဝပ်က ခွင့်နှင့် မိမိရပ်ဌာန် စကော့တလန် ပြည်သို့ ပြန်နေစဉ် ဟံသာဝတီ အရေးပိုင် အဖြစ်မှ ပဲခူး ဝန်ရှင်တော် အဖြစ် တိုင်အောင် ဆောင်ရွက် ရသော မစ္စတာ လီဘီဆင်အား မစ္စတာ စတူးဝပ် နည်းတူ မြန်မာ စာပေ ဗဟုသုတ အများကို သင်ကြား ပို့ချ ပေးပြန်သည်။ ထို့အပြင် မြန်မာ သုတေသန အသင်းတွင် အသင်းသို့ စာဟောင်း၊ စာတမ်းများ ကူညီ မစသည့် ဘက်မှ အသင်းဝင် တဦး အဖြစ် ဆောင်ရွက် ရသေးသည်။ ဤသို့ အားဖြင့် ပညာ လိုလား အမျိုးသား အပေါင်း တို့အား ပညာ ဗဟုသုတ ဖြန့်ဖြူးရင်း၊ မိမိ ကိုင်တိုင်လည်း စုဆောင်းရင်းဖြင့် သက္ကရာဇ် ၁၂၇၄ ခုနှစ်သို့ ရောက်သော အခါ ပေါရာဏ ဒီပနီကျမ်း၊ ဒုတိယ တွဲကို ပြီးစီး ထုတ်ဝေ လိုက်ပြန်သည်။


ထိုအခါတွင် ဆရာ သိန်းကြီးသည် အသက်အရွယ် အားဖြင့် ငါးဆယ်သာသာ ရှိပေပြီ။ အသက်အရွယ် ကြီးလာပြီ ဖြစ်သည့် အလျောက်လည်း စားမှုသောက်မှု၊ နေမှုထိုင်မှု တို့တွင် ခက်ခဲ လာခဲ့သည်။ သို့နှင့် ဆရာကြီးသည် မော်ပီမြို့မှ အမည်ကျော် ဆိုင်းဆရာကြီး ဆရာချိန်၏ အစ်မ အသက် ၃၂ နှစ်ရှိ ဒေါ်စိုးကြွယ် ဆိုသူနှင့် ထပ်မံ အိမ်ထောင် ပြုပြန်သည်။ သား ၂ ယောက်နှင့် သမီး တယောက် ထွန်းကား လာပြန်၏။ သို့ရာတွင် ပထမ အိမ်ထောင် နည်းတူ ဒုတိယ အိမ်ထောင် သည်လည်း မသာမယာ ဖြစ်ပြန်သည်။ ထိုသား သမီးများကား သဘင်သည် အနွယ်အဆက်မှ ဆင်းသက် လာခဲ့ ကြသည့် အလျောက် အတီးအမှုတ်၊ အကအခုန် သဘင် ပညာကို အထူး ဝါသနာ ထုံကြလျက် သဘင် ဘက်သို့ချည်း ခြေစုံပစ်၍ ဝင်ကြသည်။ ဆရာကြီးကား တားဆီး ပါ၏။ မရ။ ထို့ကြောင့် ပင်လှျင်လည်း ဇနီး၊ သား သမီး များနှင့် ကတောက်ကဆ ဖြစ်ပြန်ကာ နောက်ဆုံးတွင် ခွဲခွာ ကြရသည့် အခြေသို့ပင် ရောက်သွားသည်။


ဤသို့သော စိတ်ဆင်းရဲမှုများ အကြား မှပင် ဆရာကြီးသည် မှတ်တမ်းမှတ်စု ပညာ ဗဟုသုတ များဖြင့် အထူး ပြည့်စုံသော ကျမ်းပေါင်း များစွာကို ရေးသား ပြုစု ခဲ့ပေ သေး၏။ ထိုကျမ်းပေါင်း များစွာ တို့တွင် ... နတ်လမ်းညွှန် စာတမ်း၊ မုခ်အမျိုးမျိုး ပုံပြင် စာတမ်း၊ ပေါရဏဒီပနီ ပထမတွဲနှင့် ဒုတိယတွဲ၊ မင်းသမီးနှင့် ဒွန်းစဏ္ဍား ညားပုံ၊ ယျလေးလုံး ပုံပြင် စာတမ်း၊ ဗျိုင်းနားမင်္ဂလာ စတမ်း၊ ပစပ်ရာဇဝင် ပထမတွဲနှင့် ဒုတိယတွဲ ၊ ရှေးဟောင်းနှောင်းဖြစ် စာတမ်း၊ ရှေးဖြစ် စာတမ်း၊ နှောင်းဖြစ် စာတမ်း၊ မင်္ဂလာဆယ်ရပ်၊ ဟင်းလေးအိုး၊ တောသား မယားပျောက် ရှာပုံနှင့် တောသူ လင်ပျောက် ရှာပုံ၊ စကားပဒေသာတို့ ပါဝင် ခဲ့ပေသည်။

ဆရာသိန်း၏ စတိုင်[ပြင်​ဆင်​ရန်​]

လူပုံပန်းမှာ ပိန်ပိန်ရှည်ရှည် မျက်နှာပေါက်ပေါ်ပေါ် ပါးချိုင့်ချိုင့် ဖြစ်လေသည်။ ခေါင်းတွင် ကွမ်းသီးလုံးခန့် ယောင်ကလေးကို ပတ်၍ နှစ်စထောင့် ခေါင်းပေါင်းဖြူ ဖော့လုံး ပေါင်းထားသည်။ အင်္ကျီမှာ ပိတ်ဖြူတိုကျပ်ကျပ် ကြယ်သီးစုံတပ်ထားသည်။ ပုဆိုးမှာ ချည်ထည်၊ အနက်စင်း အဖြူခံဖြစ်သည်။ မြန်မာဆန်လှသော ပုံသဏ္ဍာန်ဖြစ်သည်။

ဆရာသိန်းသည် အိမ်တွင်နေသောအခါ ချည်ဖြူနံငယ် ဝတ်နေလေ့ရှိသည်။ စားသောက်သည့် အခါတွင်လည်း ယွန်းဒေါင်းလန်းကြီးတွင် ဟင်းခွက်များကို ထည့်၊ ဒေါင်းလန်းငယ်တွင် ထမင်းထည့်၍ စားတတ်လေသည်။ ရေသောက်ရန် အတွက်မူ အုန်းမှုတ်ကို အချောပြုလုပ်၍ လက်ကိုင်ကြေးကွင်း တပ်ထားသော ရေသောက်ခွက်ကို သုံးလေသည်။


ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

၁၉၄၂-ခုနှစ်၊ ဇန္နဝါရီလ(၁)ရက်(မြန်မာ၁၃၀၃-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၁)ရက် ည စက်နာရီ ၆ နာရီ နှင့် ၂၅ မိနစ် အချိန်တွင် မော်ပီနေအိမ်တွင် ရုတ်တရက် ကွယ်လွန်သည်။ ထိုအချိန်တွင် ဆရာကြီးမှာ အသက် ၈ဝ ပြည့် ရှိ၍ နေပေပြီ။ ဆရာသိန်း ကွယ်လွန်ချိန်တွင် ဒုတိယ ကမ္ဘာစစ်ဖြစ်နေ၍ ကွယ်လွန်သည့်သတင်းကို သိပ်မသိကြပေ။ ၁၉၄၂-ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် သူရိယမဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးသိန်းမောင်အမှူးပြုသော စာရေးဆရာအသင်းက သင်းလုံးကျွတ် အစည်းအဝေးပြုလုပ်ပြီးလှျင် ဆရာသိန်းကွယ်လွန်သည်ကို ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခဲ့လေသည်။

စာပေလက်ရာများ[ပြင်​ဆင်​ရန်​]

၁။ သူရိယ မဂ္ဂဇင်းတွင် ဆက်တိုက်ရေးနေသော ဇာတ်သဘင်အကြောင်း၊ ပြဇာတ်စာပေအကြောင်း ဆောင်းပါးများ။

၂။ တိုးတက်ရေး မဂ္ဂဇင်းနှင့် ဆယ်သန်းဂျာနယ်များတွင် ရေးနေသော ကြီးပွားရေးလမ်းပြ ဆောင်းပါးများ။

၃။ ရန်ကုန်အနီးတဝိုက်ရှိ ကျိုက်ခေါက်၊ ကျိုက်ကစံ၊ ကျောက်ဝိုင်း ဘုရားသမိုင်းများ။

၄။ “အရူးလွယ်အိပ်” စာအုပ်မျိုးတွင် ပါသော မတော်မတဲ့ ကဗျာအချိုးများ၊ ဉာဏ်စွမ်းပြ အဖွဲ့အနွဲ့များ၊ ပြဇာတ်စကားများ။

၅။“ရှေးဖြစ်စာတန်း” နှင့် “ရှေးဟောင်းရှေးဖြစ်စာတန်း”လို စာအုပ်များတွင် ပါသော မောင်းထောင်၊ ကျော်အောင်စံထား၊ သဲအင်း၊ မင်းအို၊ ဆုံထား၊ ဘားမဲ့ စသော ဆရာတော်ထေရုပ္ပတ္တိများ။

၆။ “နှောင်းဖြစ်စာတန်း” စာအုပ်မျိုးတွင် ပါသော မိဖုရား မမြလေးအကြောင်း၊ မော်ကွန်းအကြောင်း စသော တိုလီမိုလီ အကြောင်းအရာများ။

၇။ “ဝန်ကြီး မှူးကြီးများ”၊ “ပညာရှိကြီးများ” လို စာအုပ်များတွင် ပါဝင်သော ယောအတွင်းဝန် ဦးဘိုးလှိုင်၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ပိဋကတ်တော်အုပ် ဦးယံ စသော မှူးမတ်ပညာရှိ အတ္တုပ္ပတ္တိများ။

၈။ “ဟင်းလေးအိုး” စာအုပ်မျိုးတွင် ပါသော ဆရာသိန်း ကိုယ်တိုင်သိရှေ့နေထူးအကြောင်း အတ္တုပ္ပတ္တိများ၊ ဆရာသိန်း တစ်ဆင့်ကြား စေးနဲသော ဘုန်းကြီး အကြောင်း၊ ကြွားတတ်သော ကြေးထမ်းကြီး အကြောင်း အတ္တုပ္ပတ္တိဆောင်းပါးများ။

၉။ ၁၉၃၆-ခုနှစ်ထုတ် “ဘိန်းပုံရာဇာ ကွမ်းပုံကုမ္မာ” ပြဇာတ်တွင် ပါသော မှတ်ချက်စာစသည်တို့ ဖြစ်လေသည်။

၁၀။ ပစပ်ရာဇဝင် (ပထမတွဲ) ဘိုးတော်မင်းတရား နှင့် ဝန်ကြီး၊ အတွင်းဝန်များ၊ ရောင်းရင်းဖက်များ အကြောင်းကို ဖော်ပြထားသော စာအုပ်။

ပစပ်ရာဇဝင်(ဒုတိယတွဲ) နန်းမတော် မယ်နုနှင့် သူ့ခေတ်အကြောင်းကို ရေးပြထားသော စာအုပ်။

၁၁။ ပေါရာဏ ဒီပနီ (ပထမတွဲ၊ ဒုတိယတွဲ)

[၁]

သိန်း၊ မော်ပီဆရာ (မြန်မာ ၁၂၂၃-၁၃ဝ၃)[ပြင်​ဆင်​ရန်​]

မော်ပီဆရာသိန်းသည် မှော်ဘီခရိုင်၊ (ယခင် အင်းစိန်ခရိုင်) မှော်ဘီမြို့နယ် မင်းရွာ၌ ၁၂၂၃ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက်၊ တနင်္လာနေ့တွင် အဖဦးရွှေကြူးနှင့်အမိဒေါ်ငွေတို့မှဖွားမြင်ခဲ့လေသည်။ ငယ်မည်မှာ မောင်ဘိုးသိန်းဖြစ်၍ သားချင်းလေး ယောက်ရှိ၍ မောင်ဘိုးသိန်းမှာ ဒုတိယသားဖြစ်သည်။

အမိအဘများမှာဆင်းရဲနွမ်းပါးလှသဖြင့် အဘဖြစ်သူကတောင်သူလယ်လုပ်ဖြင့် ဇနီးသားသမီးတို့ကို ပြုစုစောင့်ရှောက်ရသည်။ နောင်သောအခါ မော်ပီဆရာသိန်းကြီးဟု စာပေလောကတွင်ထင်ရှားကျော်စော လာမည့်မောင်ဘိုးသိန်းကလေးသည် အကိုဖြစ်သူမောင်ဘိုးငြိမ်းနှင့်အတူ ငယ်စဉ်အခါကမင်းရွာ ကန်ကုန်းကျောင်းဆရာတော် ဦးဝဏ္ဏထံတွင် တောင်သူတောင်သားဘာဝ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ပရိတ်ကြီးစသည်တို့ကိုသင်ကြားခဲ့ရသည်။ ဤသို့ပညာရှာရင်း ဆင်းရဲ နွမ်းပါးလှသောညီအကိုနှစ်ယောက်သည် နွားကျောင်းထမင်းပို့အလုပ်ကို လူငှားခ စပါးပေးဖြင့် လုပ်ကိုင်ခဲ့ရရှာသည်။ သို့သော် ထိုစဉ်ကပင် မောင်ဘိုးသိန်းကလေးသည်ဝမ်းရေးအတွက် နွားကျောင်းရချိန်၌ပင် ရသမျှသောစာအုပ်စာတမ်းများကို လေ့လာဖတ်မှတ်ခဲ့လေသည်။

ထိုကမှတစ်စတစ်စ ဆရာကောင်း၊ မားကောင်းများထံ ဆည်းကပ်မှတ်သား၍၎င်း၊ အားလပ်ခွင့်ရတိုင်း ဒေသန္တရ ဗဟုသုတရှာမှီးရေးအတွက် အနယ်နယ်အရပ်ရပ်သို့ မပြတ်မလပ်သွားရောက်လှည့်လည်၍၎င်း၊ ပညာဗဟုသုတကို ရှာဖွေစုဆောင်းခဲ့လေသည်။

အသက် ၁၉ နှစ်အရွယ်တွင်မောင်ဘိုးသိန်းသည် ပဲခူး၊ ဟံသာဝတီ ကြေးတိုင်ရုံးတွင်စာရင်းရေး စာရင်းစစ်အဖြစ်နှင့် အမှုထမ်းခဲ့သည်။ ၂၃ နှစ်အရွယ်တွင်မှော်ဘီမြို့အုပ်ရုံးတွင် မြို့စာရေးအဖြစ် အမှုထမ်းပြန်သည်။ အသက် ၃ဝ ခန့်အရွယ် တွင် ဘောလယ်ကျွန်းဘက်သို့ ပညာရှာထွက်ရာတွင် ဘောလယ်ကျွန်း၊ ကျွန်းဦးတိုက်သူကြီး ဦးသိုင်း၊ ဒေါ်လင်းတို့၏သမီး ဒေါ်ငွေနှစ်နှင့် အကြောင်းပါခဲ့သည်။ သားသမီး လေးယောက်ထွန်းကားခဲ့၏။ တစ်ဖန်အသက် ၃၄ နှစ်တွင်မှော်ဘီမြို့အုပ်ရုံးမှပြောင်းပြီးလျှင် ကွမ်းခြံကုန်းမြို့ အုပ်ရုံးတွင်မြို့စာရေးအဖြစ် အမှုထမ်းခဲ့သေးသည်။ ထိုသို့အစိုးရအမှုကိုထမ်းဆောင်နေစဉ်အတွင်း လောကီ၊ လောကုတ္တရာ အကျိုုးစီးပွားနှင့်စပ်လျဉ်းသော ကျမ်းဂန်တို့ကို သင်အံမှတ်နာ တိုင်းထွာဆင်ခြင်ခြင်း၊ ခဲရာခဲဆစ်များကို ဝိုးဝါးဒွိဟ မရှိရလေအောင် ပညာရှိ ရဟန်းရှင်လူတို့ကို ချဉ်းကပ်ကာဆွေးနွေးမေးမြန်းခြင်းတို့ကိုပြုလုပ်ခဲ့လေသည်။ အထူးသဖြင့် ငယ်ဆရာတစ်ဦးဖြစ်သော အင်းစိန်ရွာမကျောင်း ဆရာတော် ဦးနာရဒကားပညာဗဟုသုတအတွက် ဦးဘိုးသိန်း အထူးဆည်းကပ်အားထားသောပု ဂ္ဂိုလ်ဖြစ်၏။

ဦးဘိုးသိန်းသည် အထုံဝါသနာအလျောက် ပညာရှိရဟန်းရှင်လူအများထံမှ မိမိမှတ်သားဆည်းပူး ခဲ့ရသမျှတို့ကို ဖြန့်ဖြူးဝေငှလိုသဖြင့် ကွမ်းခြံကုန်းမြို့ မြို့အုပ်ရုံးတွင်လုပ်ကိုင်ထမ်းရွက်နေစဉ် ပေါရာဏ ဒီပနီကျမ်းပဌမတွဲကို ၁၂၅ရခုနှစ်တွင် ရေးသားပြုစုပြီးစီးသည်။ ထိုနှစ်အတွင်းအစိုးရလခစားအလုပ်မှ နုတ်ထွက်လိုက်၍ သာသနာလင်္ကာရ စာတမ်းအလို မိလိန္ဒမင်းကြီး စံနေသော သာဂလပြည်သည်ဇင်းမယ်မြို့ ဟုညွှန်ပြသည်ကို အမှန်အကန်သိလိုရင်းဆန္ဒရှိသဖြင့် သက္ကရာဇ် ၁၂၅၈ ခုနှစ် အယုဒ္ဓယတိုင်းပြည်၊ ရဟိုင်းမြို့နှင့်လကွန်းမြို့၊ လပုံးမြို့၊ ဇင်းမယ်မြို့၊ မုံးနန်းမြို့၊မုံးတစ်မြို့ဟူသော ယွန်းငါးမြို့နယ်သို့ဒေသန္တရ ဗဟုသုတအဖြစ်ဖြင့် သွားရောက်စုံစမ်းလှည့်ပတ်နေခဲ့သည်။ ထိုသို့ဇင်းမယ်မြို့ဘက်သို့ထွက်ခွာမသွားသေးမီ ဇနီးဒေါ်ငွေနှစ်နှင့်မကြာခဏမသင့်မတင့်ဖြစ်ခဲ့သည်မှအစ ကွာရှင်းခဲ့လေသည်။

ရန်ကုန်မြို့ဟံသာဝတီပုံနှိပ်တိုက်တွင်စာရေးအဖြစ် သက္ကရာဇ် ၁၂၅၉ ခုနှစ်၌လုပ်ကိုင်ဆောင်ရွက်ခဲ့၍ မြန်မာနိုင်ငံကမ္ဗည်းကျောက်စာရုံးတွင် ကမ္ဗည်းကျောက်စာ အဖတ်အပြန် အရေးအသားတို့ကိုခေတ္တ ခဏမျှဝင်ရောက်သင်ကြားခဲ့၏။ ထိုနောက်ပျဉ်းမနားတွင် လွှစက်သူဌေးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပြီးလျှင် ဇာတ်ရုပ်စုံသဘင်ပညာသည်တို့အတွက် ဇာတ်လမ်းဇာတ် ထုပ်စသော ကဗျာသီချင်းများကို စာရေး စာဆိုဆရာအဖြစ်နှင့်အစမ်းလုပ်ကိုင်ခဲ့သေးသည်။ ၁၂၆၃ ခုနှစ်တွင်ပညာဗဟုသုတထပ်မံရှာမှီးရေးအတွက် အထက်အောက်မြန်မာနိုင်ငံတစ်လွှား အနှံအပြားသွားရောက်၍ ရှေးဟောင်းစာတမ်းများ၊ ပျို့လင်္ကာရာဇဝင်သမိုင်းများ၊ ကျောက်စာမော်ကွန်း အမှတ်အသားများနှင့် ရှေးပညာရှိတို့၏ အတ္ထုပ္ပတ္တိများကို လှည့်လည်ရှာဖွေစုဆောင်းမှတ်သားခဲ့သည်။ ၁၂၆၄ ခုနှစ် တွင် မဟာဗောဓိသတင်းစာကိုစတင်ထုတ်ဝေသည့် စာရေးအဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၂၆၅ ခုနှစ်မှ ၁၂၆ရခုနှစ်အထိ ဧရာဝတီစာပုံနှိပ်တိုက်တွင ်တိုက်အုပ်အဖြစ်လုပ်ကိုင်ခဲ့၍ ၁၂၆၈ ခုနှစ်တွင်အင်္ဂလိပ်မြန်မာပုံနှိပ်တိုက်သို့ ရွှေ့ပြောင်း လုပ်ကိုင်ခဲ့ပြန်သည်။

ဦးဖိုးသိန်းသည်အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအရာရှိ ကြီးများဖြစ်ကြသော မစ္စတာစတူးဝပ်နှင့် မစ္စတာဗွီဗွီဆင်တို့ကို မြန်မာမှုအနုပညာတစ်ရပ်ဖြစ်သော ပျို့ကဗျာလင်္ကာ ရာဇဝင် စာဟောင်းစာတမ်းများကို သင်ကြားပို့ချပေးခဲ့ရသည်။ ထိုပြင် မြန်မာနိုင်ငံသုတေသနအသင်းတွင် အသင်းသို့စာဟောင်း စာတမ်းများ ကူညီမစသည့်ဘက်မှ အသင်းဝင်တစ်ဦးအဖြစ် ဆောင်ရွက်ရသေးသည်။ ဤသို့အားဖြင့် ပညာလိုလား အမျိုးသားအပေါင်းတို့အား ပညာဗဟုသုတ ဖြန့်ဖြူးရင်း၊ မိမိကိုယ်တိုင်လည်းစုဆောင်းရင်းဖြင့် ၁၂ရ၄ ခုနှစ်တွင် ပေါရာဏ ဒီပနီဒုတိယတွဲကိုပြုစုထုတ်ဝေခဲ့၏။

ဦးဘိုးသိန်းသည်အသက် ၅ဝ အရွယ်ခန့်တွင် မှော်ဘီမြို့မှ ဆိုင်းဆရာကြီးဆရာချိန်၏အစ်မ ဒေါ်စိုးကြွယ်နှင့် ထပ်မံအိမ်ထောင်ပြုခဲ့ရာ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ထပ်မံထွန်းကားခဲ့သည်။ သို့ရာတွင် ပထမအိမ်ထောင်နည်းတူ ဒုတိယအိမ်ထောင်သည်လည်း မသာမယာဖြစ်ခဲ့ပြန်၍ နောက်ဆုံးတွင် ဇနီးသား သမီးများနှင့်ခွဲခွာရသည့် အခြေသို့ပင် ရောက်သွားခဲ့လေသည်။

ဤသို့သော စိတ်ဆင်းရဲမှုများအကြားမှပင် ဆရာကြီး သည် မှတ်တမ်းနှစ်ဆူ၊ ပညာဗဟုသုတများဖြင့် အထူးပြည့်စုံ သော ကျမ်းပေါင်းများစွာရေးသားပြုစုခဲ့၏။ ထိုကျမ်းတို့တွင် နတ်လမ်းညွှန်။ ပေါရာ ဏဒီပဏီ၊ ပ၊ဒု။ ဒွန်းစဏ္ဍားနှင့် မင်းသမီးညားပုံ ဝတ္တု။ ပစပ်ရာဇဝင်ပ၊ဒု။ ဗျိုင်းနားစာတမ်း။ ရှေးဖြစ် စာတမ်း။ အရူးလွယ်အိတ်၊ ပ၊ဒု။ ဟင်းလေးအိုး။ နှောင်းဖြစ်စာတမ်း။ ဂီတာလင်္ကာရ။ မြန်မာပညာရှိကြီးများ အကြောင်း။ မြန်မာဝန်ကြီးမှူးကြီးများ။ ဗတာသူမ လင်ပျောက်ရှာပုံ။ တောသားမယားပျောက် ရှာပုံ စသည်တို့ပါဝင်လေသည်။

ဦးဘိုးသိန်းသည် အသက် ၈ဝ အရွယ် ၁၃ဝ၃ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် (ခရစ် ၁၉၄၂ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်) နေ့တွင်မှော်ဘီမြို့၌ကွယ်လွန်သည်။[၂]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ'
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  1. ၁၉၅၅ ခုနှစ် မေလ ၁၅ ရက် ကြာသပတေး နေ့ထုတ် 'မဏ္ဍိုင် နေ့စဉ် သတင်းစာ' လာ (မော်ပီဆရာ သိန်းကြီးသား) 'ဦးလှဖေ' ရေး 'ဦးသူ စကားကို ယုံမှတ်တတ်တဲ့ စာရေးဆရာကြီး' ဆောင်းပါး။
  2. မော်ပီ ဆရာ သိန်းကြီး ၏သား ဦးလှဖေ ထံမှ စုံစမ်း ရရှိချက်။
  3. ပေါရာဏဒီပနီ၊ ပထမတွဲ၊ ကျမ်းပြီး နိဂုံး။
  4. ပေါရာဏ ဒီပနီ၊ ဒုတိယတွဲ၊ ကျမ်းပြီး နိဂုံး။
  5. တိုက်စိုး၏ မော်ပီဆရာသိန်း အတ္ထုပ္ပတ္တိ။