သားမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သားမင်း
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 VU.svg
Vulnerable
(IUCN Red List Ver.3.1 (2001))
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Artiodactyla]]
မျိုးရင်း [[Bovidae]]
မျိုးရင်းသေး [[Caprinae]]
မျိုးစု '''''Budorcas'''''
မျိုးစိတ် '''''B. taxicolor'''''
ဒွိနာမ
''Budorcas taxicolor''

သားမင်း[ပြင်​ဆင်​ရန်​]

သားမင်းသည် တောဆိတ်၊ နွား၊ သိုး၊ ဆိတ်၊ တို့ကဲ့သို့ ဗိုဗီဒီးမျိုးရင်းဝင်ဖြစ်၍ ရှားပါးသော နို့တိုက်သတ္တဝါဖြစ်သည်။ ပါဏဗေဒအလိုအရ ဗူဒေါကပ်တက္ကဆီကာလာတက္ကဆီကာလာဟုခေါ်သည်။

သားမင်းသည် တောဆိတ်မှာကဲ့သို့ ခွာခွဲများနှင့်ဦးချိုများရှိ၍ ယင်းကဲ့သို့ စားမြုံ့လည်းပြန်သည်။ သားမင်း၏ဦးချိုသည် သမင်မျိုး၏ ဦးချိုများကဲ့သို့ ခေါင်းပိတ် မဟုတ်ဘဲ ကျွဲ၊ နွား၊ သိုး၊ဆိတ်တို့၏ဦးချိုကဲ့သို့ခေါင်းပွဖြစ်သည်။ သမင်ဦးချိုကဲ့သို့ ခွလျက်လည်းမရှိချေ။ ဆိတ်ဦးချိုကဲ့သို့ဖြောင့်၍ ချွန်ပြီးလျှင်နောက်ဘက်သို့အနည်းငယ်ယိုင်လျှက်ရှိသည်။

အဖိုတွင်ရောအမတွင်ပါ ဦးချိုပေါက်၍ အဖို၏ဦချိုသည်လက်မ ၂ဝ သာသာရှည်တတ်ကာ အမ၏ဦးချိုမှာထိုထက်တိုသည်။ သားမင်းသည်တောဆိတ်နှင့်ဆိတ်ရိုးရိုးကြားတွင်ရှိနေသော သတ္တဝါတစ်မျိုးဖြစ်သည်။

သားမင်းကို တိဗက်နိုင်ငံအရှေ့တောင်ပိုင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံ အနောက်ဘက်ရှိ မြင့်မား သောတောင်တန်းများ၌သာတွေ့ရသည်။ မြန်မာနိုင်ငံ၌ သားမင်းကို အာသံ·မြန်မာနယ်စပ်နှင့် ကချင်ပြည်နယ် ပူတာအိုခရိုင်မြောက်ဘက်အစွန်ဆုံးရှိ ပေတစ်သောင်းကျော်မြင့်သော တောင်များပေါ်၌တွေ့ရသည်။ ဤသားမင်းမျိုးအပြင် တရုပ်-မြန်မာနယ်စပ်ရှိ ပေတစ်သောင်းကျော်မြင့်သောတောင်များပေါ်၌ တွေ့ရသော သားမင်းတစ်မျိုးနှင့်တရုတ်နိုင်ငံ အနောက်ပိုင်းရှိနယ်များ၌ တွေ့ရသော ရွှေရောင်သားမင်းဟူ၍လည်းရှိသေးသည်။

မြန်မာနိုင်ငံကချင်ပြည်နယ်၏ မြောက်ဘက်အစွန်ဆုံး ကျသော ပူတာအိုခရိုင်တွင်သားမင်းများသည် ရေခဲသည့် နေရာနှင့်နီးကပ်လျက်ရှိသောဒေသ၌လည်းကောင်း၊ ကျစ်တွင်းရှိရာနေရာနှင့်အလွန်နီးကပ်လျက်ရှိသော ဒေသ၌လည်းကောင်း၊ အုပ်လိုက်ဖြစ်စေ၊ နှစ်ကောင်တွဲ သုံးကောင်တွဲ လေးကောင်တွဲဖြစ်စေ နေတတ်ကြသည်။ နွေဥတုနှင့်မိုးဥတုအချိန်များတွင် ပေပေါင်း ၈ဝဝဝ မှ ၁ဝဝဝဝအထိသို့ ရေခဲသည့်နေရာနှင့်နီးကပ်စွာ တက်သွားပြီးလျှင် ဆောင်းဥတုတွင်နှင်းများ ကျလာသည့်အခါ မြေပြန့်အရပ်သို့တဖြည်းဖြည်းဆင်းလာကြသည်။

မိုးဥတုအချိန်တွင် ကျစ်တွင်းများ၌ရေမသောက်ကြချေ။ နွေနှင့်ဆောင်းအချိန်များတွင်သာ ကျစ်တွင်းများ၌ ရေသောက်တတ်ကြသည်။ မိုးကုန်စ စက်တင်ဘာလ လောက်တွင်ကျသောလပြည့်သည့် ညဉ့်တစ်ညဉ့်တွင် ရှိရှိသမျှသားမင်းအားလုံးသည် နီးစပ်ရာ ကျစ်တွင်းသို့ ဆင်းကြသဖြင့် ထိုလတွင်သားမင်းများကို အများဆုံး တွေ့ရသောအချိန်ဖြစ်သည်။ အခြားအချိန်များ၌ တစ်ကောင်စနှစ်ကောင်စသာကျစ် တွင်း၌ ရေသောက်တတ်ကြသည်။

သားမင်းအကောင်ကြီးများသည် အမြင့်သုံးပေ ခြောက်လက်မမှ လေးပေအထိအရွယ် အမျိုးမျိုးရှိကြ၍ အလျားမှာအမြီးအပါအဝင်ရှစ်ပေမှကိုးပေအထိရှည်သည်။ အမြီးမှာ ခြောက်လက်မခန့်မျှသာရှည်သည်။ သားမင်း၏ ပုံပန်း သဏ္ဌာန်မှာအချိုးအစားမကျလှချေ။ ကြီးမားသောကိုယ်ထည်နှင့် တို၍တုတ်ခိုင်သောခြေထောက်များရှိသည့်ပြင် ကြမ်း တမ်းသော အညိုရောင်၊ မွဲပြာရောင်၊ သို့မဟုတ် နိီဝါရောင်အမွေးများ ဖုံးအုပ်လျက်ရှိသည်။ ဦးခေါင်းမည်း၍ လည်ပင်း တုတ်ပြီးလျှင် နှာတံတွင် အမွေးတိုများရှိသည်။ နားရွက်မှာငယ်၍ တွန့်လိမ်လျက်ရှိသည်။

သားမင်းများသည် ပေ ၈ဝဝဝ ကျော်အမြင့်ရှိ တောထူ၍ စောက်သောတောင်ကုန်းများကို နှစ်သက်ကြသည်။ ညဉ့်အချိန်များတွင် တောမှထွက်၍ လွင်ပြင်ရှိ အပင်ငယ်နှင့်မြက်များကို ရှာဖွေစားသောက်ကြသည်။ သစ်ပင်မှအခေါက်များကိုလည်းစားကြကြောင်းသိရသည်။ အနံ့ခံအလွန်ကောင်းကြသည်။

သားမင်းများသည်အလွန်ရှားပါးသဖြင့် ကမ္ဘာတွင် မည်သည့်တိရစ္ဆာန်ဥယျာဉ်တွင်မျှမရှိသေးချေ။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင်ကချင်ပြည်နယ်မှ ဖမ်းဆီးရမိသော သားမင်းနှစ်ကောင်နှင့်ဥယျာဉ်ပေါက်တစ်ကောင်ရှိသည်။ အချို့ က သားမင်းကိုအရှင်ဖမ်း၍ နိုင်ငံခြားတင်ပို့ ရောင်းချသည့်ပြင် ထိုဒေသရှိမုဆိုးများကလည်းသေနတ်နှင့်ပစ်၍ အသားစား ပြီးသားရေကိုအသုံးပြုကြသည်။ ဤသို့ဖြင့် မကြာမီအတွင်း သားမင်းများအမျိုးပါပြုတ်သွားစရာ အကြောင်းရှိသဖြင့် ယခုအခါသစ်တောဥပဒေဖြင့် ယင်းတို့ကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းမှ တားမြစ်ထားသည်။

သားမင်းများကိုအရှင်ဖမ်းလိုသည့်အခါ အတော် ခက်ခက်ခဲခဲဖမ်းရသည်။ ပထမတွင်သားမင်များ သောက်တတ် သည့်အနီးဆုံးကျစ်တွင်းတစ်ခုခုကို ရွေးချယ်ပြီးလျှင် တစ်နှစ်ခန့်လောက် ထိုတိရစ္ဆာန်များ၏ အနေအထိုင်အသွား အလာ၊ သားငယ်များမွေးသည့်အချိန်၊ ဖမ်းရန်အချက်ပိုင်သည့်မြေနေရာ စသည်များကို လေ့လာရန်လိုသည်။ ဤသို့ တစ်နှစ်ခန့်လောက် စုံစမ်း လေ့လာပြီးသောအခါ ချက်ပိုင်သည့်နေရာတစ်ခုတွင် သစ်ဝါးများဖြင့် ခိုင်ခန့်သောခြံတစ်ခု ခတ်ရသည်။ ယင်းသို့ခြံခတ်ပြီးလျှင်ဝင်လာမည့်ဘက်က တံခါးပေါက်ကို အရှင်ထား၍ဖွင့်လျက် လူများပုန်းအောင်းကာ စောင့်နေကြရသည်။ ဝင်လာသောအခါ တံခါးကို ဖြုတ်လိုက်ရသည်။ ဝင်လာသောအကောင်များတွင် မလိုသော အကောင်ကြီးများကိုခွဲခြား၍ လွှတ်ပစ်ပြီးလျှင် အသက်အရွယ် နုနယ်သောအကောင်ကလေးများကို ချန်လှပ်ထားလျက် ခတ်ထားသောခြံဝင်းကိုတဖြည်းဖြည်းရွှေ့ကာကျဉ်းပေးရသည်။

ယင်းသို့အလွန်ကျဉ်းလာပြီး လူလက်လှမ်းမီသောအခါ နေ့တိုင်းကိုင်တွယ်ပွတ်သပ်ပေးခြင်း၊ ယင်းတို့ကြိုက် တတ်သော အစာများနှင့်ရေကိုတိုက်ကျွေးခြင်းတို့ကိုပြုကာ တစ်လ နှစ်လခန့်ယဉ်လာသည့်တိုင်အောင် ထားရလေသည်။ ယဉ်လာသောအခါမှ လှောင်အိမ်ကြီးတွင်ထည့်၍ယူလာရသည်။[၁]


ဓါတ်ပုံများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)