သားပိုက်ကောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သားပိုက်ကောင်

သားပိုက်ကောင် (Kangaroo)များကို သင်တို့ မြင်ဖူးကြပါလိမ့်မည်။ နောက်ခြေနှစ်ချောင်းပေါ်တွင် အားပြုကာ ခုန်၍ခုန်၍သွားသော သားပိုက်ကောင်များသည် ဩစတြေးလျတိုက်တွင် အများဆုံးတွေ့ရသော နို့တိုက်သတ္တဝါတမျိုး ဖြစ်သည်။ ၄င်းတို့၏ ကြီးမားသန်မာသော အောက်ခြေနှစ်ချောင်းကို လှုပ်ရှားသွားလာရာတွင် အသုံးပြုသည်။ သေးငယ်သောလက်များကိုမူ အစာစားရာနှင့် သားငယ်များ ထိန်းကျောင်းရာတွင် အသုံးပြုသည်။ ၄င်းတို့၏ ဝမ်းဗိုက်ရှိအိတ်တွင် သားငယ်များကို ထည့်သွင်းထားနိုင်သည်။ ဝမ်းဗိုက်တွင် အိတ်သဖွယ် အရာပါရှိသည့် အတွက် သားပိုက်ကောင်ဟု ခေါ်ဆိုသည်။

သားပိုက်ကောင်များ၏ အမြီးသည် ရှည်လျား၍ သန်မာသည်။ ၄င်းတို့ဦးတည်ရာ သွားနိုင်ရန်အတွက် ပဲ့သဖွယ် ထိန်းကျောင်းပေးသည်။ သားပိုက်ကောင်များသည် တနာရီလျှင် ၄၀-ကီလိုမီတာ (၆၅-မိုင်ခန့်) နှုန်းအထိ သွားနိုင်ပြီး အချို့က ထို့ထက် ပိုသွားနိုင်သည်ဟု သိရသည်။

သားပိုက်ကောင်များကို အခြားအမျိုးအစားအနေဖြင့် ၂ မျိုးခန့်တွေ့နိုင်သေးသည်။ ၎င်းတို့မှာ ဝါလဘီခေါ် ယုန်သာသာ သားပိုက်ကောင်နှင့် ကန်ဂရို သားပိုက်​ကောင်ထက် အနည်းငယ်သေးသည့် ဝါလရူးခေါ်သားပိုက်ကောင်တို့ ဖြစ်ကြသည်။

ဝါလဘီသားပိုက်ကောင်


သားပိုက်ကောင်[ပြင်​ဆင်​ရန်​]

သားငယ်ကိုမိခင်၏ ဝမ်းပိုက်အပြင်ဖက်ရှိ အိတ်တွင်ထည့်၍ သွာလေရာသို့ ယူဆောင်သွားတတ်သောကြောင့် သားပိုက်ကောင်ဟု ခေါ်သော ထူးဆန်းသည့် နို့တိုက်သတ္တဝါတစ်မျိုးသည် မန်မေးလီးယားမျိုးပေါင်းတွင် မာဆူးပီယယ်လီးယား မျိုးစဉ်၌ပါဝင်သည်။ ရှေးအခါက သားပိုက်ကောင်မျိုးကို ကမ္ဘာအနှံ့အပြားလောက်တွင် တွေ့ရသော်လည်း ယခုအခါတွင်ကား ယင်းတို့ကို အမေရိကတိုက်နှင့် ဩစတြေလီးယားတိုက်တို့တွင်သာ တွေ့ရတော့သည်။ အိုပေါ့ဆမ် သားပိုက်ကောင်မျိုးကို အမေရိကန်ပြည်ထောင်စု၌သာတွေ့ရသည်။

မွေးခါစသားပိုက်ကောင်ကလေးများသည် မိခင် သားပိုက်ကောင်မကြီးနှင့်စာလျှင် အလွန်ပင်သေးငယ်ကြသည်။ အချို့သော သားပိုက်ကောင်မျိုးတွင် သားငယ်များသည် နှာခေါင်းမှ အမြီးဖျားထိ တစ်လက်မခန့်လောက်သာ ရှည်၍ အရောင်မှာ အုန်းခွံရောင်နီးနီးရှိသည်။ ဤမျှသေးငယ်သော သားငယ်ကလေးများသည် မိခင်၏အမွှေးတွယ်၍ ဝမ်းပိုက်ပြင်ဘက်ရှိ အိတ်ထဲသို့တွားကာ၊တွားကာ ဝင်သွားလေသည်။ အိတ်ထဲသို့ရောက်ခါမှ အိတ်တွင်းရှိမိခင်၏ နို့သီးခေါင်းကိုငုံကာ နို့ရည်ကိုသောက်စို့၍ အတော်ကလေး ကြီးပြင်းလာသည်အထိနေသည်။ စင်စစ် မွေးခါစ သားပိုက် ကောင်ကလေးများသည် အလွန်သနားစရာ ကောင်း၏။ အမွှေးလည်းမပါ၊အရည်ပါးကလေးမျှသာ ဖုံးအုပ်လျက်ရှိရကား မိခင်၏သဘာဝအိတ်တွင် မိခင်၏ ရင်ငွေ့နှင့်နို့ရည်ကို အာရုံပြုကာ ကြီးပြင်းလာရရှာသည်။

မိခင်၏နို့ရည်ကို စို့ရာ၌လည်း ကိုယ်ထည်အလွန် သေးငယ်သောကြောင့် စို့အားမရှိသဖြင့် မိခင်က သဘာဝအလျောက် သားငယ်၏ ပါးစပ်ထဲသို့ ညှစ်၍ ညှစ်၍ထုတ်ပေးလေ့ရှိသည်။ ဤသို့အားဖြင့်အတော်ကြီးလာမှ အပြင်သို့ထွက်စပြုကြသည်။ မိမိတို့ ကိုယ်ကိုကာကွယ် စောင့်ရှောက်နိုင်သည့်အရွယ်သို့ရောက်သည့်တိုင်အောင် အကြောင်းတစ်ခုခုကြောင့် လန့်ဖျပ်ခဲ့သည် ရှိသော် မိခင်အိတ်ထဲသို့ပြေးဝင်လေ့ရှိသည်။

သားပိုက်ကောင်မျိုးပေါင်းအမြောက်အမြား ရှိသည့်အနက် အချို့သည်မြေပေါ်တွင်နေ၍ အချို့မှာ သစ်ပင်ပေါ်၌ နေကြသည်။ သားပိုက်ကောင်တစ်မျိုးမှာ မြေအောက်တွင်နေသည်။ အချို့သားပိုက်ကောင် မျိုးသည်အသားစား၍ အချို့က အပင်ကလေးများကိုသာ စားသည်။ အချို့က ပိုးကောင်များကိုသာ စားလျက် အချို့ကားဘာမဆိုရရာကိုစားတတ်ကြသည်။

သားပိုက်ကောင်မျိုးပေါင်းများစွာရှိသည့်အနက် ကင်ဂရူးသားပိုက်ကောင်သည် အမျိုးအကြီးဆုံးဖြစ်သည်။ ကင်ဂရူးသားပိုက်ကောင်မျိုးမှာပင် အမျိုးပေါင်း ၅ဝ ကျော် ၁ဝဝ ခန့်ရှိပြန်သည့်အနက် အကြီးဆုံးမီးခိုးရောင်ရှိသော အမျိုးမှာ အလေးချိန်ပေါင် ၂ဝဝ အထိရှိ၍ နှာခေါင်းမှ အမြီးဖျားအထိ ၁ဝ ပေရှည်သည်။ အမြီးတစ်ချောင်းတည်းပင် လေးပေခန့်ရှည်၍ အမြီးရင်းတွင်ရှိသော သန်မာသည့် ကြွက်သားများမှာ အခြားတိရစ္ဆာန်များ၏ကိုယ်လုံးလောက် ကြီးမားသည်။ အငယ်ဆုံးမျိုးမှာ ယုန်လောက်ပင်မကြီးချေ။ ယင်း ကင်ဂရူးသားပိုက်ကောင်မျိုးကို ဩစတြေလီးယားတိုက်၊ နယူးဂင်းနီကျွန်းနှင့်အနီးတစ်ဝိုက်ရှိ ကျွန်းများတွင်သာ တွေ့ရသည်။


အမေရိကတိုက်မှသာတွေ့ရသော အိုပေါ့ဆမ်ကောင် သားပိုက်ကောင်မျိုးသည် အိမ်ကြောင်အရွယ်ခန့်လောက်ရှိ၍ ဦးခေါင်းသေးပြီးလျှင်ချွန်သည်။ ယင်းသားပိုက်ကောင်မျိုးသည် တစ်ကြီမ်လျှင် သားတစ်ဒါဇင် ကျော်ကျော်အထိမွေး၍ မွေးကာစ သားငယ်ကလေးများမှာ လက်မဝက်လောက်သာ ရှည်သည်။


ကင်ဂရူးသားပိုက်ကောင်မျိုးနှင့် အိုပေါ့ဆမ် သားပိုက်ကောင်မျိုးတို့အပြင် ကြွက်နှင့်တူသောသားပိုက်ကောင် စသည်ဖြင့်အမျိုးမျိုးရှိကြသည်။ ကွားလားကောင်သည် ဝက်ဝံနှင့်တူသောသားပိုက်ကောင်မျိုးဖြစ်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)