သန်းထွန်း၊ သခင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သခင် သန်းထွန်း

သန်းထွန်း၊ သခင် (၁၉၁၁-၁၉၆၈)[ပြင်​ဆင်​ရန်​]

သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ သြဂုတ်လ ၁၅ ရက်တွင်တောင်ငူခရိုင် ကညွှတ်ကွင်းမြို့၌မွေးဖွားသည်။ အဘမှာ သစ်ကုန်သည် ဦးဘိုးမောင်၊ အမိဒေါ်အေးဖြူတို့ ဖြစ်၏။ မောင်နှမ ၈ ယောက်အနက် ၅ယောက်မြောက်သားဖြစ်ပါသည်။ ငယ်စဉ်က မိခင်ကွယ်လွန်သွားခဲ့ပြီး ဘကြီးအရင်းဖြစ်သူ အင်္ဂလိပ်အစိုးရ ပထမဆုံးခန့်အပ်သော ရှမ်းပြည်နယ် မြို့မဝန်ထောက်ကြီး ဦးကြီးညိုထံတွင် နေထိုင်ခဲ့ပြီး တောင်ကြီး ABM အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သခင်သန်းထွန်းသည်ပျဉ်းမနားမြို့ အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းမှ ၁၉၃၁ ခုတွင် ဆယ်တန်း(တက္ကသိုလ် ဝင်တန်း) အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ ဆရာဖြစ်သင်ကောလိပ်တွင် ပညာဆက်လက်သင်ကြားသည်။ ဆရာအတတ်သင်ကြားတတ်မြောက်ပြီးသောအခါ ရန်ကုန်မြို့ကန်တော်လေးရပ်ရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းတွင်ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့လေသည်။

ဗြိတိသျှခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ထိုနောက် ၁၉၃ရ ခုနှစ်တွင်နဂါးနီစာအုပ်အသင်းကို စည်းရုံးတည်ထောင်ခဲ့၏။ တို့ဗမာအစည်းအရုံးတွင်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်၎င်း၊ အတွင်းရေးမှူးအဖြစ်၎င်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံး၏ကိုယ်စားလှယ်အဖြစ်သခင်အောင်ဆန်းတို့နှင့်အတူ အိန္ဒိယကွန်ဂရက်ပါတီညီလာခံသို့ တက်ရောက်ခဲ့၏။

ထိုအချိန်တွင်မြန်မာပြည်သို့ရောက်ရှိလာသော မတ်ခ်ဝါဒစာအုပ်များကိုဖတ်ရှုကာ သခင်သန်းထွန်းသည် ကွန်မြူနစ်ဝါဒကိုစိတ်ဝင်စားခဲ့ပေသည်။ ထိုနောက် အချို့သောလူငယ်များနှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့၏။

ဝဲမှယာ − ပြည်သူ့ရဲဘော် ဥက္ကဋ္ဌ ဗိုလ်ထွန်းလွင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ကွန်မြူနစ်ပါတီ (ဗမာပြည်) အထွေထွေအတွင်းရေးမှူး သခင်စိုး

၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်းတွင် သခင်သန်းထွန်းသည် ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့သေးသည်။ ၁၉၄၂ ခုနှစ်၊ အောက်တိုဘာ ၁၁ရက်တွင် မြောင်းမြမြို့ ဦးဘိုးညှင်း ဒေါ်ဖွားစု တို့၏သမီးကြီး သူနာပြုဆရာမ ဒေါ်ခင်ကြီး( ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်အမ) နှင့် လက်ထက်ခဲ့ပြီး သမီး ဒေါ်ခင်မမ @ ဒေါ်ခင်ခင်ထွန်း၊ သားများ ဦးထွန်းအောင်(ကွယ်လွန်)နှင့် ဦးထွန်းဝင်း ( ငယ်စဉ် အဖေနောက် တောခိုခဲ့ပြီးကွယ်လွန်) တို့မွေးဖွားခဲ့သည်။ ဦးထွန်းအောင်မှ မောင်အေးနောင်ထွန်း ခေါ်သားတစ်ယောက်ရှိပြီး သခင်သန်းထွန်း၏ တစ်ဦးတည်းသောမြေးအရင်းဖြစ်ပါတယ်။

၁၉၄၂ - ၄၄ ခုနှစ်၊ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးတာဝန်ခံအဖြစ်၎င်း၊ မြန်မာ့လွတ်လပ်ရေးပြင်ဆင်မှုကော်မီတီတွင် အဖွဲ့ဝင်အဖြစ်၎င်း၊ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးဌာနဝန်ကြီးအဖြစ်၎င်း၊ တာဝန်ယူဆောင်ရွက်ခဲ့သည်။ထိုနောက် ဖတပလအဖွဲ့ကြီး(နောင် ဖဆပလအဖွဲ့) ကို စတင်ဖွဲ့စည်းဦးစီးအဖွဲ့ ပါဝင်ကာ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၏။

၁၉၄၅ ခုနှစ်၊ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ဥက္ကဋ္ဌဖြစ်လာ၏။ ၁၉၄၆ ခုနှစ် မေလတွင်လည်း ဖဆပလအဖွဲ့၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံခဲ့ရလေသည်။ (၁၉၄၆ ခုနှစ်အောက်တိုဘာလ ၁ဝရက်နေ့တွင်သခင်သန်းထွန်းတို့ခေါင်းဆောင်သည့် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း ခံရလေသည်။) ၁၉၄၈ ခုနှစ်၊ မတ်လတွင် သခင်သန်းထွန်းသည်အစိုးရကို တော်လှန်ပုန်ကန်ကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ပြီးလျှင် တောခိုခဲ့၏။ ထိုနောက် မြေအောက်ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာဆောင်ရွက်ခဲ့သည်။ ၁၉၆၈ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် မြေအောက်ကွန်မြူနစ်ပါတီမှ တပ်သားတစ်ဦးဖြစ်သူ ကျုံတိတ်@ လုံတိတ်@ မြကြီးဆိုသူက အနီးကပ် လုပ်ကြုံ သတ်ဖြတ်သဖြင့် သခင်သန်းထွန်းသည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အနောက်ခြမ်း၊ မြရာပင်ကြော၏အရှေ့ဘက်စောင်း၊ ကျောက်ချောင်းကမ်းပါးရှိတောင်ကျောကလေးတွင် ကျဆုံးခဲ့၏။ သခင်သန်းထွန်းကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ကြီးနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့ပေသည်။


သခင် သန်းထွန်း၊ ဇနီး ဒေါ်ခင်ကြီးနှင့် မိသားစု၊ ၁၉၅၀ ပဲခူးရိုးမ စခန်းတနေရာ

သခင်သန်းထွန်းသည် မြန်မာလိုရောအင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ၊ ဘာသာပြန်များရေးသားခဲ့သည်။ ၁၉၃၉ခုနှစ်က အရေးတော်ပုံအမည်ရှိ ကွန်မြူနစ်ဂျာနယ်ကို လျှို့ဝှက်ထုတ်ဝေခဲ့ဘူး၏။ [၁]

၁၉၅၅ ခုနှစ်မှာ ဂျာနယ်ကျော်မမလေး စာပေဖြန့်ချိရေးက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ စာအုပ်၊ ပထမ နှိပ်ခြင်းကနေ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ (ကွယ်လွန်) ရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်တဲ့ ‘သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်’ ကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။

သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်[ပြင်​ဆင်​ရန်​]

သခင် သန်းထွန်း

(၁)[ပြင်​ဆင်​ရန်​]

လူငယ်လည်း ဖြစ်ရမည်။ အဝတ်အစား ခပ်စုတ်စုတ်၊ ခပ်နွမ်းနွမ်းနှင့် (ဒါမှ ပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး)။ မော်တော်ကား ခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့် ကိတ်မုန့် စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်။) အကြမ်းအတမ်း လက်နက်ကိုင် ထွွ့ကမှုကို လိုလားသူ။ ယေဘုယျ လူအများက ကွန်မြူနစ် ဆိုလျှင် ဤသို့ပဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ် ဆိုသူမှာလည်း စင်စစ် သွေးနှင့် သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင် ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက် လိင်ကို တောင့်တသော သွေးစိတ် သားစိတ်၊ မိမိသာလျင် တွင်ကျယ်ချင်သော အတ္တစိတ်၊ အခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟ စိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာ ဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ “လူသည် မိမိသာ လူတွင်ကျယ် ဖြစ်ကြောင်း ပြလိုသည်” ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ် အတူတူချည်းပဲ ဖြစ်သည်။

သို့သော်၊ သို့သော် … လူတွေထဲမှာပဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေး ယှက်လိမ်လျက် ရှိနေပေသည်။

ကျွန်တော့် အဖို့ရာကား မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သော လူများကိုသာ တွေ့မြင်နေသည်။ သည်အထဲ ကွန်မြူနစ် ဆိုသူလည်းလူ၊ အခြား သူတွေလည်း လူပင် မဟုတ်လော။ ဒါကိုပဲ မြင်သည်။

သို့ရာတွင် ကွန်မြူနစ် ဆိုသူကား တခုကို ယုံကြည် ကိုးကွယ်သူ ဖြစ်သည်။ ကွန်မြူနစ် ဝါဒကို ယုံကြည် ကိုးကွယ်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှု ထိုင်မှု၊ နိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦး ရာဇဝင်ပေါ်စမှ ယနေ့ အနုမြူခေတ် အထိ အဖြစ်အပျက်များကို သိရှိ နားလည် ရပေမည်။

ကွန်မြူနစ် ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ် နိုင်ငံရေး ဘောဂဗေဒ ပညာ၊ ပြင်သစ်တော်လှန်ရေး နိသျပညာ၊ ဂျာမန် ရုပ်ပိုင်း အဘိဓမ္မာ စသည်များကို သူ့အမြင်နှင့် ပေါင်းစပ်၍ ကွန်မြူနစ် ဝါဒ ဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့အရင် ခေတ်ကလည်း လူ့အဖြစ်အပျက်များကို မှီး၍ အတွေးအမြင်များ ရှိခဲ့ပေမည်။ သို့သော် သူက အားလုံးကို ရှာဖွေ စူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာ တရပ်အဖြစ် ပြုလုပ်လိုက်ခြင်းပင် ဖြစ်လေသည်။

နောက် လီနင်က မာက်စ်၏ ဝါဒကို လေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့ လုပ်လိုက်၏။ ရုရှပြည်ကြီးကို ဆိုရှယ်လစ် နိုင်ငံတော် အဖြစ် တည်ထောင်လိုက်၏။ သူ၏ နိသျကို ကြည့်ရှု ဆင်ခြင်ပြီး ‘လီနင်ဝါဒ’ ဟု ခေါ်ကြ၏။ နောက်တဖန် စတာလင်က ဆိုရှယ်လစ် နိုင်ငံတော် တည်တံ့ ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် ‘စတာလင်ဝါဒ’ ဟု ခေါ်စပြုပေပြီ။

ကမ္ဘာဦး သမ္မတခေတ်က အနုမြူခေတ် အထိ လူ့နေထိုင်မှု စနစ်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ၊ မှန်ကန်စွာ လေ့လာ ရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လို လုပ်လျင် ဘယ်လိုခေတ်ကို ရောက်မည်ဟု ကြံဆ တွေးခေါ်ကာ ယုံကြည်ချက် အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။

လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များ ဖိတ်၍ နေ့လည် စားပွဲဖြင့် တည်ခင်းကျွေးမွေး နေနိုင်သူ၊ လက်ထဲတွင် ၂ ပြားမျှ ပြည့်အောင် မရှိသူနှင့် အပို ရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင် အပ်ထားသူ စသည်ဖြင့် ကွာလှမ်းလှသော အဆင့်အတန်းကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လောကဓာတ် ပညာ ထွန်းကားနေသည့် အကျိုးကို လူတိုင်း ခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့လောက ကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည် ကွန်မြူနစ် နိသျနှင့် သွားတွေ့ကြပေသည်။

ဥပမာ - တိုင်းပြည်တွင် လူ ၁ဝဝ ရှိသည် ဆိုကြပါစို့၊ ထိုပြည်၏ တနေ့ ဝင်ငွေသည် ၁ဝဝ ကျပ် ဆိုကြပါစို့။ လူ ၁ဝ ယောက်မှာ ဓနရှင်များ ဖြစ်၍ သူ၏ အလုပ်သမား၊ လယ်သမားများကို လုပ်ခိုင်းရာမှ ၈ဝ ကျပ် ရ၏။ (ပျမ်းမျှကြေး တဦးလျှင် ၈ ကျပ်) ကျန်လူ ၉ဝ ၏ ဝင်ငွေမှာ ၂ဝ ကျပ် ဖြစ်ပေမည်။ (ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏။) ဤကဲ့သို့ မညီမျှသော ၈ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင် လုပ်မည်လဲ။ လူ ၁ဝဝ စလုံး အလုပ်လုပ်၍ ဝင်ငွေ ၁ဝဝ ရသည်ဆိုလျှင် တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။ အကြမ်းအားဖြင့် ဤသဘောသို့ ရောက်အောင် ကျိုးစားသူသည် ဆိုရှယ်လစ် ဘောဂဗေဒ သဘောကို ယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာ ပဋ္ဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရ သကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့ ဆိုရှယ်လစ်ခေတ်မှ ကွန်မြူနစ်ခေတ်သို့ ကူးမြောက်ရပေမည်။

တန်းတူ ညီမျှခြင်းကား မဖြစ်နိုင်ပေ၊ လီနင်ကလည်း ဤသို့ ပြောခဲ့ပေသည်။ တခါက အင်္ဂလိပ် အဘိဓမ္မာ ဆရာကြီး တဦးက ပြော၏။ “ဆိုရှယ်လစ် လုပ်ခြင်း ဆိုသည်မှာ မညီမညာ ရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နည်းနည်းနှိမ့်၊ ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ဖို့တင်၊ အဲဒါပါပဲ။ တပြေးတည်း ညီနေအောင် လုပ်တာ မဟုတ်ပါဘူး။” သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင်၊ ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ် လုပ်ခြင်းပင်ဖြစ်သည်။

ဆိုဗီယက်ရှိ ကွန်မြူနစ် ဆောင်ပုဒ် တခုမှာ “သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှု၊ ထိုင်မှု) ကို သူ့အား ပေးရမည်” ဟု ဖြစ်သည်။ စာချုပ်မှာ လူတိုင်း အလုပ် လုပ်ရ၍၊ လုပ်သလောက် စားရပေမည်။ တံမြက်စည်း လှဲသူကလည်း လမ်းအမှိုက် ရှင်းလင်းပေး၍ ဆရာဝန်ကလည်း ပြည်သူအတွက် ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင်၊ နေနိုင်သော နေမှု၊ ထိုင်မှုကို ရရှိကြပေသည်။

ဤကား အကြမ်းအားဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် သဘောများ ဖြစ်၏။ ကွန်မြူနစ် ဝါဒ၏ အနုပဋိလောမ၊ ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒ စသော သဘောတရားများ ရှိသေး၏။ ဤ အတွေးအခေါ်များကို သိရှိ နားလည်ကာ ယုံကြည်နိုင်ရန် လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒ စသော ပညာ အခြေခံများ ရှိရပေမည်။ ဤအခြေခံ ရဖို့ တော်တော်တတ်သိ နားလည် ရပေမည်။

ထို့ကြောင့်ပင် အထက်တန်း ပညာ တတ်သူများသည် အများအားဖြင့် ကွန်မြူနစ် ဆန်ကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခများ၊ စာရေး ဆရာကြီးများသည် ကွန်မြူနစ် ဆန်ကြပေ၏။

ကျွန်တော်အဖို့ရာကား ကွန်မြူနစ် ဆိုလျှင် အစက ဖော်ပြသကဲ့သို့ သူများကို မမြင်ဘဲ။ တကယ့် ပညာတတ်များကို မြင်နေ၏။ သခင် သန်းထွန်းဆိုလျှင် ပညာတတ် အဖြစ်သာ မြင်နေမိ၏။

(၂)[ပြင်​ဆင်​ရန်​]

သခင် သန်းထွန်းကို လူချင်း မသိမီ ကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဘဟိန်းက သခင် သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျွန်တော့်အား ပြောပြ၏။

ထိုအခါက ကိုဘဟိန်းသည် တက္ကသိုလ် ရိပ်သာရှိ သထုံ ကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝနတို့ စုဝေး နေကြသော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင် သန်းထွန်းလည်း နေ၏။

“သခင် သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာက်စ် စာပေလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်းတယ်” ဟု ကျောင်းဆောင်သို့ ပြန်အရောက်တွင် ကိုဘဟိန်းက ကျွန်တော့်အား ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စ တဦးပဲ ဟုသာ အောက့်မေ့လိုက်၏။

တနေ့တွင် သခင် ဗဟိန်းနှင့် အတူ ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ် ဖြန့်ချိရေး ဌာနသို့ ရောက်သွားရာ သခင် သန်းထွန်းနှင့် သွားတွေ့၏။ ကိုဘဟိန်းက ကျွန်တော့်ကို သခင် သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

“ဩ … ဩ…ခင်ဗျား အကြောင်းလဲ သခင် ဘဟိန်းက ခဏခဏ ပြောပြပါတယ်ဗျာ …” ဟု သခင် သန်းထွန်း က ပြုံးကာ ပြောလေသည်။

သူသည် မန္ဈလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရ ပေမည်။ အသားက ဝါလဲ့လဲ့ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏။ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင် အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်၊ ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ် တော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ် ကျောင်းမှ ထွက်ကြောင်း။ သူသည် ၁ဝ တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူ တဦး ဖြစ်ခဲ့၏။ ထိုစဉ် အခါက သူသည် ရန်ကုန် အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြ ဆရာ လုပ်လျက် ရှိလေသည်။

တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါး တစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်း တစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီး ဖြစ်စဉ်က သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ ယခု ဆိုရှယ်လစ် ဝန်ကြီး ကိုကျော်ငြိမ်းက “အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါပဲ” ဟု ချီးကျူးသည်ကို ကြားရဖူး၏။

၁၉၃၉ က၊ ဒို့ဗမာ အစည်းအရုံး မှ ကိုယ်စားလှယ် အဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက် အရ အိန္ဒိယပြည် ရမ်းဂါးသို့ သွားကြ၏။ သခင် အောင်ဆန်း၊ ကိုဘဟိန်း၊ သခင် သန်းထွန်းတို့ ပါသွားကြ၏။ တက္ကသိုလ် ကျောင်းသား သမဂ္ဂများက သခင် အောင်ဆန်း၊ သခင် သန်းထွန်း တို့ကို မကြာခဏ ဖိတ်၍ စကား ပြောစေသည်ဟု သိရ၏။ သခင် သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့် ဆိုသော် သူသည် လယ်ယာ စိုက်ပျိုးရေးကို လေ့လာ နားလည်ပြီး ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။

သခင်စိုး၏ “ဆိုရှယ်လစ် ဝါဒ” ကျမ်းစာအုပ်၏ အမှာကို သခင် သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ် ပေါ်၏။ သတင်းစာ ဆန်၏။ ဖတ်သူ စွဲပြီး အနက် ပေါ်လွယ်၏။ အဖြတ် အတောက်ကလေးများမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာ ဆရာ လုပ်လျှင် သတင်းစာ ဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။

သူသည် နဂါးနီ စာအုပ် အသင်းကို တည်ထောင်သူ တဦး ဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက်စ်ဝါဒ၊ ကွန်မြူနစ် ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်စိုးက စကားလုံးအသစ် တည်ထွင်၍ ခံ့ညားသော စာကြီး ပေကြီး၊ ပိဋကတ ်စာပေ ဖြစ်အောင် လုပ်ပေး၏။ သခင် သန်းထွန်းကား ဆိုရှယ်လစ် ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာ စသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။

ယခုခေတ် ကွန်မြူနစ် ဝါဒကို လေ့လာသူတိုင်း သခင် စိုး၊ သခင် သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ် စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှု ဆက်ဆံရေး စသည်ဖြင့် ွေွ့ကးကြော်နေကြ၏။

ခက်သည်မှာ အတုအယောင်များက နိုင်နိုင် နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုး တွင်ကျယ်သဖြင့် လမ်းဦး စွန့်၍ တီထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။

သခင် စိုး၊ သခင် သန်းထွန်းတို့ စွန့်ကာ စလိုက်သော ကွန်မြူနစ် လမ်းစဉ် စာတမ်းများကို ဖတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။

ကွန်မြူနစ် နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင် စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်း နားလည်အောင် အဓိပ္ပါယ် ကောက်ပြသော သခင် သန်းထွန်းကား ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။

(၃)[ပြင်​ဆင်​ရန်​]

တက္ကသိုလ် သမဂ္ဂ အမှုဆောင် အခန်းတွင် သခင် သန်းထွန်းကို မကြာခဏ တွေ့ရတတ်၏။ သခင် အောင်ဆန်း ပင်းယဆောင်တွင် ရှိစဉ် သူသည် မကြာခဏ လာလည်ကာ နိုင်ငံရေးများကို ဆွေနွေးလေ့ ရှိ၏။ သူ့ကိုတွေ့တိုင်း မန္ဈလေး အပေါ်ဖုံး၊ မန္တလေး လုံချည်နှင့် ပြောင်ပြောင်လက်လက် တွေ့ရတတ်၏။ စကားကို ညှင်းညှင်းညံ့ညံ့ ပြော၏။

ကိုဘဟိန်း အယ်ဒီတာချုပ် လုပ်သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ွေွ့ကးကြော်သံ ‘မျိုးညွှန့်’ မဂ္ဂဇင်း (၁၉၃၈) တွင် သခင် သန်းထွန်း၏ အရင်းရှင် ဆန့်ကျင်ရေး ဆောင်းပါးများကို ဖတ်မိ၏။ သူသည် ကိုလိုနီ တော်လှန်ရေးကို လှုံ့ဆော်ခဲ့၏။ ကျောင်းသားပိုင်းသည် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဝင်စား လာကြလေပြီ။

သူသည် ကိုဘဟိန်းကို အတော်ခင်၏။ ခလေးလို အလိုလည်း လိုက်၏။ ကိုဘဟိန်း၏ ဓနရှင်လောက စာအုပ် အမှာတွင် သူသည် ကိုဘဟိန်း အကြောင်းပါ ရောဖက်ကာ ရေးထားရာ အတော်ဖတ်၍ ကောင်း၏။ သူသည် အမှာစာ ရေးကောင်းသူ ဖြစ်၏။

အိုးဝေ မဂ္ဂဇင်းတွင် ကျွန်တော် အယ်ဒီတာ ဖြစ်စဉ်က သခင် သန်းထွန်း၊ သခင်စိုးတို့ ထံမှ ဆောင်းပါးများ တောင်းဖူး၏။ သခင် စိုး၏ ‘လွတ်လပ်ရေး တိုက်ပွဲ’ မှာ မထုတ်မီ ပြည်ထဲရေး ဌာနက ဆင်ဆာ လုပ်ရာတွင် ပါသွား၏။ သခင် သန်းထွန်း၏ ‘နိုင်ငံရေး လက်တွေ့ လုပ်လိုသူများအဖို့ စကားလက်ဆောင်’ ကား ပုံနှိပ်ဖြစ်၏။

ထိုဆောင်းပါးကား ထိုခေတ်က ဝါဒဖြန့်ပြီး အသိုင်းအဝိုင်းနှင့် နာမည်ကြီးအောင် လုပ်ကာ နိုင်ငံရေး လိုက်စားကြသော ပေါ်ပင် နိုင်ငံရေးသမားများကို ပြောင်လှောင်၍ ထားသည်။ သရော်ချက် ပါ၏။ ဖတ်ရင်း ရယ်မောမိသည်။

ထိုဆောင်းပါး အိုးဝေ မဂ္ဂဇင်းတွင် ပါလာသော အခါ သခင် သန်းထွန်းမှာ နဂါးနီ စာအုပ်အသင်း လူကြီး။ ဒို့ဗမာ အစည်းအရုံးအမှုဆောင် အဖြစ်တွင် ထောင်ထဲ ရောက်နေပေပြီ။

နောက် ဂျပန်အဝင် ဒိုင်အိုကျောင်း စစ်ဆေးရုံ၌ သူနှင့် တွေ့သောအခါ အိုးဝေမဂ္ဂဇင်း အကြောင်း စကားစပ် မိရာ ….

“အဲဒီ ဆောင်းပါး ထည့်တာ ခင်ဗျားကို ကျေးဇူးတင်တယ်” ဟု ကျွန်တော့်အား ပြောသည်။

“ကျွန်တော်လည်း အဲဒီတုန်းက မထည့်ဘူးလို့ နေသေးတာ။ သခင် သန်းထွန်း ဆောင်းပါး ဖတ်ပြီး သခင်တွေဟာ ဒီလိုပဲ နိုင်ငံရေးသမား လုပ်နေတာလို့ ထင်မှာ စိုးလို့ပဲ။ နောက်တော့ ဟာသ ပါတာ၊ စာပြောင်တာနဲ့ ထည့်လိုက်တာပဲ” ဟု ကျွန်တော်က ပြော၏။

သခင် သန်းထွန်းကား ပြုံးနေပေသည်။

သခင် သန်းထွန်းသည် တက္ကသိုလ် ကျောင်းသားများကို နိုင်ငံရေးဘက် ပါအောင်၊ နယ်ချဲ့ ဆန့်ကျင်ရေးကို ပြုအောင် ဆွဲဆောင်ခဲ့သည်ဟု ထင်၏။ ၁၉၃၉ ခု လောက်က မြေနီကုန်းရှိ ကိုဘဟိန်း၏ အိမ်တွင် သူ့ကို မကြာခဏ တွေ့ရတတ်၏။ သခင် အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင် သန်းထွန်းနှင့် ဂိုရှယ် (ထိုအခါက ဘောဂဗေဒ ဂုဏ်ထူးတန်း ကျောင်းသား) တို့ကို တွေ့ရတတ်၏။

သခင် သန်းထွန်းတို့သည် ၁၉၃၉ ခုလောက် ကတည်းက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖွဲ့စည်း နေကြသည်။ ကိုဘဟိန်းက က္ဆွန်တော့်ကို မာ့က်စ် ကျမ်းစာအုပ်များကို ပေးဖတ်စေပြီး ကွန်မြူနစ်ဘက် ပါရန် မကြာခဏ ပြော၏။ သို့သော် ကျွန်တော်ကား စာပေကို ပို၍ ချစ်၏။ ကဗျာကို ပိုစပ်ချင်နေ၏။

လျှို့ဝှက်၍ ထုတ်သော အရေးတော်ပုံ အမည်ရှိ စာတမ်းကို ၁၉၃၉ လောက်က ဖတ်လိုက်ရလေ၏။ ထို ‘အရေးတော်ပုံ’ ကား ပဌမဆုံးသော ကွန်မြူနစ် ဂျာနယ် ဖြစ်ပေ၏။

(၄)[ပြင်​ဆင်​ရန်​]

ဂျပန်ခေတ်က ရွှေတောင်ကြားလမ်းရှိ စိမ်းညို့ မှိုင်းမှုန်သော တောရိပ်မြိုင်ခြေကလေးသည် တရေးရေး ထင်လာ၏။

ရွှေတောင်ကြားလမ်းနှင့် လောင်းဝစ်လမ်း အဆုံတွင် ပိန်းပင်၊ ရေမြက်ရှည်ပင်၊ မှော်ပင်များဖြင့် နောက်ကျိသော ရေအိုင် တအိုင်ရှိ၏။ ရေအိုင်မှာ ရေညှိများ လွှမ်းနေသဖြင့် ထိုပတ်ဝန်းကျင်မှ ဘာအရောင်မျှ လာမထင်၊ မှုန်ညို့ညို့၊ စိမ်းဝါဝါသာ လဲ့လဲ့ပေါ်နေသည်။

ထိုရေအိုင်ရှိ ကုန်းမြင့်ကလေးတွင် ခေတ်ဆန်သော တိုက်တတိုက်သည် မွော်ွ့ကားနေ၏။ ခရမ်းပွင့်များ တွဲလွဲ ခိုနေသော ဆင်ဝင်ရှေ့တွင် အမြောက်ကလေး နှစ်လက် ဆင်ထား၏။ အိမ်ရှေ့ မျက်နှာစာရှိ မြက်ခင်းကား အနီ အဝါ အဖြူ စသော ပန်းမာလာတို့ဖြင့် ပြောက်ကျားနေသည်။

ဂျပန်ခေတ်က ထိုနေရာ တဝိုက်တွင် ဘီအိုင်အေ သခင်များ နေထိုင်ကြ၏။ ဗိုလ်စကြာ၊ ကိုလှမောင်(ယခု သံအမတ်)၊ ဗိုလ်လကျာ်၊ သခင်တင်၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင်လင်း၊ သခင် ကိုယ်တော်မှိုင်း စသူတို့သည် ဤ ပတ်ဝန်းကျင်တွင် တိုက်များနှင့် နေကြ၏။ ထို အမြောက်နှင့် အိမ်တွင် ပထမ ဗိုလ်ချုပ် အောင်ဆန်း နေ၏။ နောက် ဗိုလ်ချုပ် အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်၍ ပြည်လမ်း ပြောင်းသွားသော အခါ သခင် သန်းထွန်း လာနေ၏။ သခင် သန်းထွန်းမှာ ထိုအခါက လူပျို ဖြစ်လေသည်။

ယခင်က အင်္ဂလိပ် အထက်တန်း အရာရှိကြီးများ နေသော တိုက်ဖြစ်၍ ခမ်းနား ထည်ဝါသော ဓနရှင် အဆောင်အယောင်များဖြင့် တောက်ပလျက် ရှိသည်။ ဖက်ဖူးရောင်ခံတွင် သရက်ထည်ပွင့် ပန်းနွယ် ပန်းခက်တို့ဖြင့် ယှက်လိန်သော ဆိုဖာများသည် အဝါနု နံရံနှင့် အသွေးခြင်း အပြန်အလှန် တုံ့ပြန်နေကြ၏။

ဆိုဖာ ဆက်တီ၏ အလယ်မှာ မဟော်ဂနီရောင် ထနေသော ပန်းအိုးတင် စားပွဲသည် တူရကီ ကော်ဇောပေါ်တွင် အဝင့်သား ထင်နေ၏။ မှန်ပြူတင်းမှ အစိမ်းပုပ်ရောင် ဇာခန်းဆီးသည် အပြင်ဘက် ကောင်းကင်ပြာ သစ်စိမ်း ရွက်ညိုတို့ကို မှုန်ရေးရေး မြင်ရအောင် ကာရင်း လေအဝှေ့တွင် ဆွေ့ဆွေ့ခုန်လျက် ရှိ၏။

သခင် သန်းမြိုင် သယ်လာသော ဂျာမန် စန္ဒယားကြီးကား အခန်းထောင့်တွင် ရှိပေသည်။ အပေါ်မှ ပဒေသာ မီးပွင့်သည် လရောင်ကဲ့သို့ ကြည်အေး မြစိမ်းသော ရောင်ခြည်ဖြင့် သပေးနေသည်။ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်။

ဤ စိမ်းစိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှာပင် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး သခင် သန်းထွန်းသည် မာ့က်စ်၏ ‘အရင်း’ စာအုပ်ကို ဖတ်နေ၏။ သခင်တင်သည် ညနေဆိုလျှင် ရောက်လာကာ စန္ဒယားခုံတွင် ဝင်ထိုင်ပြီး ထူးမခြားနား အစပိုဒ်ကို စမ်းပြီး မပီကလာ တီးကြည့်တတ်၏။ တီးရင်း အသံပျောက်နေသဖြင့် “လုပ်ပါဦးဗျ … တီးစမ်းပါအုန်း” ဟု ဆိုကာ ကျွန်တော့်ဘက်သို့ လှည့်၍ ပြောတတ်၏။

သခင်လင်းကား ဆိုဖာပေါ်တွင် ကိုယ်တခြမ်း မြှုပ်ကာ ရယ်စရာ ပြောနေ၏။ ဗိုလ်စကြာ၏ ွွ့ကယ်ဝသော စကားသံသည် ပဲ့တင်ထပ်လျက် ရှိ၏။ ဗိုလ်ချုပ် အောင်ဆန်းကား ကားနှင့် ရုတ်တရက် ရောက်လာသည်လည်း ရှိ၏။

သခင် သန်းထွန်းသည် မာ့က်စ် စာအုပ်ကို ချလိုက်ပြီး “လုပ်ပါဦးဗျ၊ သီချင်း တပုဒ်လောက် … သက်ဝေ ဆိုတာလေ …” ဟု ပြောကာ ကျွန်တော့်ကို မေးငေါ့ပြ၏။ သူသည် “သက်ဝေ” သီချင်းကို အလွန် နှစ်သက်၏။

ဘယ်တော့မှ မညှိသဖြင့် အသံကြောင်နေသော စန္ဒယားကြီးမှာ ဂီတသံ ထွက်လာရ၏။ သခင် သန်းမြိုင်သည် ဘေးမှရပ်ကာ လိုက်ဆိုနေ၏။ သူသည် ဘင်ဂျို အတီးကောင်းသူလည်း ဖြစ်သည်။

လှသထက် လှမယ်ဆိုယင် ဆေးဘက်ဝင်ပါသလားလို့ မောင့်အသဲတွေ မောင့်အသွေးတွေ မောင့်နှလုံးတွေ အသုံးပြုပါလေ…….

သခင်တင်သည် ဂီတသံဝယ် ငေးမော နေလေပြီ။ ညအမှောင်ကူးစတွင် ကိုကျော်ငြိမ်း ရောက်လာကာ သခင် သန်းထွန်းနှင့် စကားပြောကြပြီး မကြာမီ ကားနှင့်အတူ အပြင်ဘက် အမှောင်ထဲသို့ ထွက်သွားကြ၏။

ကျွန်တော်သည် ကပ်လျက်ရှိသော တဘက်အိမ်တွင် ကိုဘဟိန်းနှင့် အတူ နေရာ လူစုံတတ်သော သခင် သန်းထွန်းတို့ ဧည့်ခန်းသို့ ကူးကာ လည်ပတ် နေတတ်၏။

ဤ စိမ်းလဲ့လဲ့ ဓနရှင်ဆန်သော ဧည့်ခန်းဆောင်မှာပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုံ့ဆော် စာတန်းများကို ရေးကြသည်။ ဤ ဧည့်ခန်းဆောင်မှ ထွက်လာသော ကွန်မြူနစ် တယောက်သည် ‘ပုန်ကန် ထွွ့ကလော့’ ဟူသော စာတမ်းများကို လွယ်အိတ်နှင့် ထည့်ကာ အိမ်ရှေ့ လမ်းပေါ်တွင် လမ်းသလားနေသော ဂျပန် စစ်သားကလေး တဦးကို တိုးမိမတတ် ဖြတ်ကျော်လွန် သွားခဲ့လေသည်။

ဤအခန်းဆောင်တွင် အတူဆုံကြ၊ တွေ့ကြ၊ ရယ်စရာ မောစရာ ပြောခဲ့ကြသော သူများသည် ဖဆပလ ကို ဖွဲ့စည်းကာ တော်လှန်ရေး ပြုခဲ့ကြသည်။

ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်မှပင် အနီထဲမှ ကြယ်ဖြူပွင့် ပေါ်နေသော ဖဆပလ အလံကို နွေလယ်အခါ အိပ်မက်နေကြသည်။

(၅)[ပြင်​ဆင်​ရန်​]

ဤ စိမ်းလဲ့လဲ့ ဧည့်ခန်းဆောင်တွင် ဆုံခဲ့ကြသော သူများသည်ပင် အချင်းချင်း ဆန့်ကျင်ကုန်လျက် သွေးစည်းနှင့် ကိုင်ကာ စိုက်ခဲ့ကြသော ဖဆပလ အလံကို နှဲ့နေကြပေပြီ။

သူတို့ အားလုံးသည် လူပင် ဖြစ်သည်။ လူတို့၏ မိ်ုက်မဲခြင်း၊ လိမ်မာခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ တိုင်းပြည် အကျိုးကြည့်ခြင်း၊ ယုတ်မာခြင်း၊ သန့်ရှင်း ဖြူစင်ခြင်းတို့ဖြင့် ရြွော့ပမ်းကာ နေပေမည်။

သခင် သန်းထွန်းသည်လည်း သည်လူအများအလယ်မှ လူပင် ဖြစ်လေသည်။

ဂျပန်ခေတ်က ကျွန်တော်၏ ငါးရှဥ့်သွေး ကတ္တီပါ ဂျာကင်အင်္ကျီကို ကိုဘဟိန်းက ကြိုက်သည်ဆို၍ ယူထား၏။ နောက် သခင် သန်းထွန်းက ကိုဘဟိန်းထံမှ ယူကာဝတ်၏။

သခင် သန်းထွန်းသည် ထိုငါးရှဥ့်သွေး ဂျာကင်အင်္ကျီကို အတော် နှစ်သက်၏။ ချမ်းသည့် အခါတိုင်း ငါးရှဥ့်သွေး အင်္ကျီကို ဝတ်ကာ နေတတ်၏။ သူနှင့် အတူနေကြသော သခင် တင်ထွန်း၊ သခင် လှကွန်းတို့ကား သခင် သန်းထွန်း ရုံးမှအပြန် ကားဆိုက်လျှင် ဆိုက်ခြင်း အဝမှ ကြိုကာ ငါးရှဥ့်သွေး ဂျာကင်ကို ဆီးပေးပြီး …

“သခင် သန်းထွန်း ဒီဟာလေး ဝတ်ထားပါ” ဟု စလေ့ရှိ၏။ လူဆိုတာ အလှအပကို ချစ်တတ်ကြပေသည်။

ဒိုင်အိုကျောင်းရှိ ပြည်သူ့ ဆေးရုံ အပေါ်ထပ် အခန်းတွင် သခင် သန်းထွန်းသည် မကျန်းမာသဖြင့် ဆေးဝါး မှီဝဲ နေသည်။ နေ့လည်ဆိုလျှင် ဧည့်သည်များသည် သူ့အခန်းတွင် ဆုံလှ၏။

ဆရာမ ဒေါ်ခင်ကြီး (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ အစ်မ) သည် သူ့ကို ပြုစုနေ၏။ ဧည့်သည်ကား မစဲ။ ထိုအခိုက် ကျွန်တော်လည်း ဝင်မေးရာ မကြာမီ ဆရာမ ဒေါ်ခင်ကြီးသည် ကာဖီ ယူလာ၏။

“သောက်ပါအုံး”

ကျွန်တော်က “ဟာ … ဒုက္ခရှာလို့” ဟု ဆိုကာ အားနာဟန် ပြုနေ၏။

“သခင် သန်းထွန်း ဧည့်သည်ဆိုရင် ကော်ဖီနဲ့ ဧည့်ခံတယ်” ဟု ဗိုလ်စကြာက ပြောကာ နောက်နေ၏။ သခင် သန်းထွန်းကမူ ရှက်နေ၏။

နောက် တလခန့် ကြာသောအခါ သခင် သန်းထွန်းနှင့် ဒေါ်ခင်ကြီးတို့သည် လက်ထပ်လိုက်ကြသည်။ လူတို့၏ ဘဝ ဇာတ်လမ်းသည် သည်လိုပဲ ဖြစ်ကြပေမည်။

ဂျပန် တော်လှန်ရေး ပြီးစက ကျွန်တော်သည် တောတွင် ရောက်နေရာ ဖဆပလ၏ သတင်းများကိုသာ နားထောင် နေရသည်။ ကွန်မြူနစ် ပါတီမှ ပြည်သူ့အာဏာ ဂျာနယ်ကို ဖတ်ရသည်။ ဖဆပလ၏ အမည်မှာ ကမ္ဘာ့ သတင်းစာ ကော်လံထိပ်တွင် မျက်နှာမဲဖြင့် ပါနေလေပြီ။ သခင် သန်းထွန်း အမည်ကို နိုင်ငံခြား သတင်းစာများတွင် မကြာခဏ တွေ့ရ၏။ ထိုအခါက သူသည် ဖဆပလ အထွေထွေ အတွင်းရေးမှူး ဖြစ်လေ၏။

သူ ဖဆပလမှ ထွက်သောအခါ သူ့နေရာတွင် တွဲဖက်အတွင်းရေးမှူး ကိုကျော်ငြိမ်း ရောက်လာ၏။

တာရာ မဂ္ဂဇင်း ထွက်ခါစက သခင် သန်းထွန်းထံ ဆောင်းပါး တောင်းဖူး၏။ သို့သော် သူလည်း မရေးဖြစ်။ ကျွန်တော်လည်း မရောက်တော့။

နောက်ဆုံး ဘုန်းကြီးလမ်း ကွန်မြူနစ် တရားပွဲတွင် တူတံဇင် အလံနီကို နောက်ကျောခံလျက် ဓာတ်စက်ရှေ့တွင် တရားဟောနေသော သခင် သန်းထွန်းကို ပရိသတ် အလယ်မှ မြင်လိုက်ရ၏။ သခင် သန်းထွန်း၏ တရားကား ပဌမတော့ ခြောက်သွေ့ ပြီးနောက် … တဖြေးဖြေး အချက်အလက်များ ပါလာကာ ဆုံးကာနီးတွင် သွေးွွ့က လာစေသည်။ ဒါပဲ သိလိုက်သည်။

သူသည် ၃ နာရီမျှ မရပ်မနား စမ်းရေယဉ်မှ ရေများ စီးသွန်ကျသလို ပြော၏။ သူ၏ စကားများထဲတွင် လူအများ ရုတ်တရက် အသိခက်သော စာအုပ်ဆန်ဆန် စကားကြီး၊ စကားကျယ်များ မပါ။ ရိုးရိုးနှင့် လူတိုင်း နားလည်သော၊ ရှင်းလင်း ပြတ်သားသော စကားလုံးများနှင့်သာ ပြော၏။ ဗမာ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ကမ္ဘာ့ အခြေအနေများနှင့် ယှဉ်ကာ နောက်ခံကား ပေးလိုက်ပြီးနောက် အကိုးအကား နှင့်တကွ ပြော၏။

လူအများသည် စိုက်ကာ နားထောင် နေကြ၏။ ဂျစ်ကားနှင့် အထက်တန်း အရာရှိဟု ထင်ရသောသူ တဦးက “တယ်တော်တဲ့လူပဲ။ အချက်အလက်တွေ ချည်းပဲ … ကျုပ် အစက လက်သီးလက်မောင်း တန်းပြီး ကြိမ်းမယ်၊ မောင်းမယ် ထင်နေတာ” ဟု ခပ်တိုးတိုး သူ့အဖော်အား ပြောနေလေသည်။

ဓာတ်ခွက်မှ သခင် သန်းထွန်း၏ အသံသည် ညိုမှောင် မှိုင်းမြသော ညဥ့်ဝယ် ပဲ့တင်ထပ်လျက် ရှိသည်။

ယခု ပြည်တွင်းစစ် ပြဿနာကိုကား ကျွန်တော် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာပဲပြောကြ၊ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါပဲ။

ကျွန်တော့် အဖို့ရာကား တော်သူတွေ နေရာကောင်းတွင် ရောက်နေစေချင်၏။ လက်တွဲ၍ တော်လှန်ရေး လုပ်လာသူတွေ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများ ဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းအကြပ် ပေးတာလည်း မကြိုက်။ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲ နေစေချင်၏။

တကယ့် အမြုတေများ ပါဝင်သော အမျိုးသား တပ်ပေါင်းချုပ် ပြည်သူ့ အစိုးရကို လိုချင်၏။ ။

ကိုးကားချက်။[ပြင်​ဆင်​ရန်​]

  1. ဒဂုန်တာရာ၊ ၁၉၄၈ ဇွန်လ
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)