သစ်မွှေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Aquilaria tree showing darker agarwood. Poachers had scraped off the bark to allow the tree to be come infected by the ascomycetous mold.

သစ်မွှေး[ပြင်​ဆင်​ရန်​]

သစ်မွှေးကို အကျော်ဟူ၍လည်း ခေါ်သည်။ သစ်မွှေးခေါ် အကျော်သည် နံ့သာဖြူနံ့သာနီကရမက်၊ အကျော်၊ စမ္ပာဟူသော နံ့သာမျိုးငါးပါးတွင် ပါဝင်သည်။ရုက္ခဗေဒ အလိုအားဖြင့် သစ်မွှေးပင် များသည် တင်မီးလေ အီးစီး မျိုးရင်းတွင်ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ အကွီလေးရီးယား အဂလိုချာဖြစ်သည်။ အပင်ကြီးမျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး စိမ်းလန်းသည်။ အမြင့်ပေ ၇ဝ မှ ၁ဝဝ ထိရှိသည်။ ပင်စည်နှင့်အကိုင်း အခက်တို့မှာ ဖြောင့်မတ်ခြင်းမရှိပေ။ အခက်အလက်များဖြာပြီးအရွက်များ ခပ်ကျဲကျဲထွက်သည်။ အရွက်များ သည် အလျား ၂ လက်မမှ ၃ လက်မအထိ ရှိပြီး အနံမှာ ၁ ၁၊၂ လက်မခန့်ရှိသည်။ အရွက်သည်သားရေ ကဲ့သို့ ပျော့ပြောင်းတောက်ပသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး ပိုးသားကဲ့သို့ နူးညံ့သည်။ အရွယ်မှာအလွန် သေးငယ်သည်။ တပေါင်း တန်ခူးလများတွင် ပွင့်သည်။ အသီးများမှာလည်း ကတ္တီပါကဲ့သို့ နူးညံ့ပြီး ဘဲဥပုံသဏ္ဌာန်ရှိသည်။ အရွယ်မှာ ၁ လက်မမှ ၂ လက်မအထိရှိသည်။ သစ်မွှေးကို စုဆောင်းရာ၌ အနှစ်ရှိမည်ထင်ရသော သစ်မွှေး ပင်များကို ရှာဖွေခုတ်လှဲပြီး သစ်အကာ များစင်အောင် သစ်လုံးလိုက် မြေစိုတွင် မြှုပ်ရသည်။ မြေစိုတွင် မြှုပ်သောကြောင့် ဆွေးမြေ့ပြီး အကာများ ကင်းစင်သွားသော အနှစ်မှာသစ်မွှေးပင်ဖြစ်သည်။ သစ်မွှေးပင်၏ အသားစိုတွင် အမွှေးနံ့လုံးဝမရှိပေ။ အချိန်ကြာမြင့်စွာ ခုတ်လှဲထားစဉ် သစ်မွှေးအနှစ်တွင် မှိုတစ်မျိုးစွဲလာသည်။ ထိုအခါ သစ်မွှေးအနှစ်သည် ဆွေးမြေ့လာသည်။ ယင်းကဲ့သို့ မှိုများစွဲကပ်၍ ဆွေးမြေ့လာမှသာ သစ်မွှေးအနှစ်သည် မွှေးလာသည်။ ပိုးစားထား သည့် အရာများကိုလည်း သစ်မွှေး၌ တွေ့ရသည်။ သစ်မွှေးအနှစ်မှ အဆီထုတ်ယူနိုင်ပြီး ယင်းအဆီကို ရေမွှေး ပြုလုပ်ရာတွင် သုံးသည်။ သစ်မွှေးကို အမွှေးတိုင်များ လုပ်ရာတွင်လည်း အသုံးပြုသည်။ သစ်မွှေးအနံ့ကို ပိုးမွှားများ အလွန်ကြောက်သည်။ အခေါက်ကို စက္ကူပြုလုပ်ရာ၌၄င်း၊ ကြိုးများပြုလုပ်ရာ၌၄င်း အသုံးပြုသည်။ မြန်မာ့ ဆေးမီးတိုအရ အနာများ ရောင်ရမ်းလျှင် သစ်မွှေးကို သွေး၍လိမ်းသည်။ အညှော်မိလျှင်လည်း သစ်မွှေးကိုသွေး၍ ဆားအနည်းငယ်ရောပြီး တိုက်သည်။

စစ်ကိုင်းတိုင်းချင်းပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီရိုးမနှင့် မြိတ်ကျွန်းစုများ၌ သစ်မွှေးပင်များ ပေါက်ရောက်သည်။ အိန္ဒိယ၊ ဗင်္ဂလားဒေ့ရှ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ် နိုင်ငံများ၌လည်း သစ်မွှေး ပင်များကို တွေ့ကြရသည်။ [၁]


ဈေးကွက်ဝင်ပြီး အကျိုးအမြတ်ဖြစ်ထွန်းလာသောကြောင့် သစ်မွှေးပင်ကို စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပုဂ္ဂလိက စိုက်ပျိုးသူများက အပင်အရေအတွက် သိန်းနှင့်ချီ၍ စိုက်ပျိုးနေကြကြောင်းသိရသည်။ ကချင်ပြည်နယ်မှထွက်ရှိသော သစ်မွှေးမျိုးသည် ကမ္ဘာ့တန်းဝင် အကောင်းဆုံး သစ်မွှေးတစ်မျိုးဖြစ်သည်ဟုလည်းသိရသည်။ စီးပွားဖြစ်စိုက်ပျိုးသော သစ်မွှေးပင်များကို စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် သစ်မွှေးဆီ ဖြစ်စေမယ့် ကပ်ပါးမှိုကို ပင်စည်ထဲ ထိုးသွင်းပေးရပါတယ်။ ခုနစ်နှစ်လောက်ကြာရင် ခုတ်လှဲပြီး ဈေးကွက်ကိုတင်ပို့နိုင်ပါတယ်။ ဈေးကွက်ဝင်သစ်မွှေးရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းဟာ ကပ်ပါးမှိုထိုးသွင်းပြီး နှစ်ကြာရှည်မှုအပေါ်မှာလည်း မူတည်ပါတယ်။ [၂]

Aloe-Wood, Eagle-Wood (အကျော်)[ပြင်​ဆင်​ရန်​]

  • Botany Term : Aquilaria agallocha Roxb
  • Species/Family : Thymelaeaceae

ပုံသဏ္ဌာန် : အပင် - အမြဲစိမ်း အပင်ကြီးမျိုး ဖြစ်ပြီး အမြင့်ပေ ၇၀ မှ ၁၀၀ အထိ မြင့်၏။ ပင်စည်နှင့် အကိုင်း အခက် တို့မှာ ဖြောင့်မတ်ခြင်း မရှိချေ။ အခက် အလက် များစွာ ဖြာသည်။ အခေါက် လှိုင်းထ သကဲ့သို့ ကြမ်းတမ်း၏။ အသားပွ၍ အဖြူရောင် သမ်းသော ဝါဖန့်ဖန့် အဆင်း ရှိသည်။ အရွက် - -- ရွက်လွှဲ ခပ်ကျဲကျဲ ထွက်သည်။ အလျား ၂ လက်မမှ ၃ လက်မ ထိ ရှည်၏။ အနံ ၁ ၁/၂ လက်မ ခန့်ရှိ၏။ ရွက်ပြား သားရေ ကဲ့သို့ ပျော့ပျောင်း၍ တောက်ပပြီး ရွက်ညှာ တိုသည်။ ရွက်ကြော များပြားသည်။ အပွင့် - ပွင့်ညှာမဲ့ သို့မဟုတ် အလွန် တိုသော ပွင့်ညှာ ရှိသည်။ ထီးပုံသဏ္ဌာန် ပန်းခိုင် ဖြစ်သည်။ အပွင့် အလွန် သေးငယ်၍ ပိုးသား ကဲ့သို့ နူးညံ့သည်။ အဖြူရောင် ရှိသည်။ တန်ပေါင်း တန်ခူးတွင် ပွင့်သည်။ အသီး - ကတ္တီပါ ကဲ့သို့ နူးညံ့ပြီး ဘဲဥပုံ ဆန်ဆန် ရှိ၏။ ၁ ၁/၂ မှ ၂ လက်မ ထိ ရှည်၏။ အသီးတွင် နှမ်းစေ့ခန့် အစေ့ မြောက်မြားစွာ ပါသည်။ ဝါဆို ဝါခေါင် တွင်သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အနှစ်သား။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တနင်္သာရီ ရိုးမ၊ မြိတ်ခရိုင် တွင်းရှိ ကျွန်းများ တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံသဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလို အရ အကျော်သည် အေး၏။ အပူကို ငြိမ်းစေ၏။ ချောင်းဆိုး ရောဂါ၊ နူနာ တို့ကို နိုင်၏။ ခါးသော အရသာ ရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိ ရောဂါ၊ နားရောဂါ တို့ကို ပျောက်ကင်း စေ၏။ ဆီးရွှင် စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါ များကို ပျောက်ကင်း စေ၏။ ခံတွင်းနံ့ မကောင်းခြင်း ကိုပယ်၏။

အသုံးပြုပုံ- အနှစ်သား

  1. အလွန် မူးဝေခြင်း ဖြစ်ပါက အကျော်ကို သွေး၍ ရှူခြင်း သို့မဟုတ် မီးရှို့၍ အခိုး ပြုလုပ် ရှူခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
  2. ဝမ်းဗိုက် နာလျှင် အကျော်နှင့် ကြက်ဆူမြစ် အခွံ အခေါက်ကို ရောစပ် သွေးပြီးဝမ်းဗိုက်တွင် လိမ်းပေး ပါက ပျောက်ကင်း နိုင်၏။
  3. အကျော်မှုန့် ကို ပျားရည်နှင့် ဖျော်၍ လျက်သော် နာတာရှည် အဖျားနှင့် အဖျားငုပ်ခြင်း များပျောက်ကင်း၍ နှလုံးနှင့် အစာအိမ်ကို အားပေး၏။
  4. အကျော်ကို သွေးသောက်ခြင်း၊အကျော်မှုန့် ကို သနပ်ဖက်တွင် ထည့်၍ ဆေးလိပ် ကဲ့သို့ပြုလုပ်ပြီး မီးညှိကာ ရှူပေးခြင်း၊ ဆေးတံ ကဲ့သို့ အခိုးရှူပိုက်ဖြင့် မီးညှိ၍ ရှူပေးခြင်းဖြင့် ပန်းနာ ရင်ကျပ် ရောဂါနှင့် အော့အန်သော ရောဂါများ ပျောက်၏။
  5. အကျော်နက် ကို ဆီနှင့် သွေး၍ လိမ်းသော် လေထိုး လေအောင့် ပျောက်၏။
  6. အကျော်ကို အိုးထိန်းပင်၏ အစေးနှင့် ရော၍ မကျက်နိုင်သော အနာ၊ ပိုးကျ နေသော အနာများ ပေါ်တွင် မှိုင်းတိုက် ပေးပါက ပိုးများ ပျက်စီး၍ အနာ ကောင်းစွာ ကျက်သွားမည်။ [၃]

သစ်မွှေးပင်သည် အမြင့်ပေ ၄ဝ ခန့်ရှိပြီး လုံးပတ် ၁ဝ ပေခန့်ရှိတတ် ပါသည်။ ပညာရှင်များ လေ့လာတွေ့ ရှိချက်အရ သစ်မွှေးပင်အမျိုးအစား ၁၁ မျိုးခန့်ရှိသော်လည်း Aquilaria, Crossnar နှင့် Aquilaria Malauenis အမျိုးအစားနှစ်မျိုးမှာ အကောင်းဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းတို့ကို တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် တွေ့ရှိရပါသည်။

ပေါက်ရောက်ရာ ဒေသများ[ပြင်​ဆင်​ရန်​]

သစ်မွှေးပင်ပေါက်ရောက်ရာ ဒေသများမှာ အရှေ့တောင်အာရှနှင့် အာရှ ပစိဖိတ်ဒေသများဖြစ်ကြသည်။ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါပူးဝါး နယူးဂီနီနှင့် ဩစတြေးလျကျွန်းစု အချို့တွင် သဘာဝအတိုင်း ပေါက် ရောက်ကြသည်။ မြန်မာနိုင်ငံတွင် Aquilaria Agalocha Roxb နှင့် Aquilaria Malaccer Lam တို့ကို မှတ်တမ်းတင်ထားပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပေါက်ရောက်ရာ ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြပါသည်။

ဈေးကွက်ဝင်လာပုံနှင့် သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

သစ်မွှေးကို အာရပ်လူမျိုးများက ပိုမိုကြိုက်နှစ်သက်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင်အသုံးပြုခဲ့ပြီး အာရိယန် လူမျိုးများက စတင်အသုံးပြုကာ အာဂါဟု ခေါ်ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီစဉ်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း မှတ်သားရဖူးပါသည်။ အာရပ်လူမျိုးတို့သည် သစ်မွှေးကို ဘာသာရေးပွဲတော်မှအစ မိသားစုပိုင်းအထိ မီးထွန်းညှိပြီး မွှေးကြိုင်သည့်ရနံ့ကို ရှူရှိုက်ရင်း အပန်းဖြေကြပြီး ရေမွှေးစသည့် ပစ္စည်းများကို အနံ့ကြာရှည် ခံနိုင်အောင် အသုံးပြုသည်ဟု ဆိုပါသည်။ သစ်မွှေးကို ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်တော် မွေးဖွားစဉ်က အရှေ့ဘက်နိုင်ငံမှ ပညာရှင်သုံးဦး ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင်ပစ္စည်းသုံးမျိုးပါ ရှိသည်။ လက်ဆောင်တစ်မျိုးမှာ မူးရာ - Mura ဟုခေါ်သည့် သစ်မွှေး ဖြစ်ပါသည်။ သို့ဖြစ်၍ သစ်မွှေးကို အထွတ်အမြတ် အဖြစ်ပူဇော်ရာတွင် ခရစ်တော် လက်ထက်ကပင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သော ကချင်တိုင်းရင်းသားများက သမ္မာကျမ်းစာအတိုင်းမူးရာဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။

သစ်မွှေးသည် ၁၉၆၉ ခုနှစ် နောက်ပိုင်းတွင် ဈေးကောင်းရရှိလာသည်။ ယင်းအချိန်က ပထမတန်း စား တစ်ပိဿာလျှင် ကျပ်တစ် သောင်းဈေး၊ ဒုတိယတန်းစား တစ် ပိဿာလျှင် ၂၅ဝ ကျပ်နှုန်းမှ နောက် ပိုင်းတွင် ပထမတန်းစား တစ်ပိဿာ ကျပ်ငါးသောင်း၊ ဒုတိယတန်းစား တစ်ပိဿာကျပ် နှစ်သောင်းငါးထောင်၊ ရောနှောအတန်းအစား ကျပ်ငါးထောင်အထိ မှောင်ခိုစီးပွားရေး လောကတွင် မြင့်တက်လာခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်တမူးမြို့တွင် ယင်း အချိန်ကာလက သစ်မွှေးနှင့် ကြီးပွားချမ်းသာသွားကြသူများရှိ သလို သစ်မွှေးနှင့် ဘဝပျက်သွား ကြသူများလည်းရှိခဲ့ပါသည်။

သစ်မွှေးဈေးကွက် ချဲ့လာပုံမှာ ဤသို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မဏိပူရပြည်နယ် သစ်မွှေးကုန်သည်၊ သစ်မွှေးစုဆောင်းခွင့်ရသူ အင်ဖာလံမြို့မှ မစ္စတာ အိုဘိုဒင်က အခွန်ပေးဆောင်၍ ပေါက်ဈေးနှင့် ဝယ်ယူစုဆောင်းခဲ့သည်။ လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် တမူးမြို့မှတစ်ဆင့် မိုးရေးမြို့တွင် မြန်မာပြည်မှ အပြီးပြန်သူတို့ထံ အရောင်းအဝယ်လုပ်သည်။ ဝယ်ယူ သိုလှောင်ခြင်း၊ ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။ အာသံ ပြည်နယ်က ကုန်သည်ကြီးများက ယင်းကာလတွင် မြန်မာနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ထံ သစ်မွှေးဝယ်ယူ လိုကြောင်း ဆက်သွယ်ခဲ့သည်ဟု သိရပါသည်။ ဆက်သွယ်သူများထဲမှ အာသံပြည်နယ်၊ ဒူဟာဘီမြို့နေ မစ္စတာ ဒီလစ်ပဒပတာဆိုသူ ပါဝင်သည်။ သူက မြန်မာပြည်က သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး မြန်မာတောင်သူများကို သစ်မွှေးပညာသင်ပေးပါမည်ဟု ဆို ပြီး သစ်တောဦးစီးဌာနသို့ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရပါသည်။

ကသည်းလူမျိုးတို့သည် သစ်မွှေး စုဆောင်းရေး အတတ်ပညာ၊ ထုတ်ယူနည်းအတတ်ပညာ ကျွမ်းကျင်ပါသည်။ မြန်မာ-အိန္ဒိယ နယ်စပ်နေ တိုင်းရင်းသားများကိုကသည်း လူမျိုးတို့က သစ်မွှေးထုတ်ယူရေး အတတ်ပညာသင်ကြားပေးပြီး ရှာဖွေ စုဆောင်းကြသည်။ သစ်မွှေးများကို မြန်မာပြည် အရပ်ရပ်မှတစ်ဆင့် အင်ဖာ၊ အာသံ၊ ကာလကတ္တားအထိ သစ်မွှေးအဆီ ထုတ်လုပ်ငန်းရှင်များထံ တင်ပို့ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာရပ် နိုင်ငံများနှင့် အစ္စရေးနိုင်ငံများသို့ ပို့ပြီး ရောင်းချခဲ့ကြသည်။ အာရပ်နိုင်ငံများသည် ရေနံကြောင့် ချမ်းသာ ကြွယ်ဝလျက်ရှိကြသဖြင့် သစ်မွှေးကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ကြပါသည်။

အသုံးဝင်မှု[ပြင်​ဆင်​ရန်​]

အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင် အသုံးပြုခဲ့ကြပြီး အာရိယန် လူမျိုးများက စတင် အသုံးပြုကာ အာဂါဟု ခေါ်ခဲ့ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီရင်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိကအသုံးပြုခဲ့ကြောင်းမှတ်သား ဖူးပါသည်။ သစ်မွှေးကို တိုင်းရင်း ဆေးဝါးများ ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ အသည်းခြောက်ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောင် အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါများအတွက် အထူးသင့်လျော်သည်။ ရေမွှေးနှင့် အလှကုန်များ ပြုလုပ်ရာတွင်လည်း အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည်။ ကချင်ပြည်နယ်ဒေသခံ တိုင်း ရင်းသားများက ရိုးရာဆေးဝါးအဖြစ် အသုံးပြုလေ့ရှိသည်။

ဆေးကျမ်းအလိုအရ သစ်မွှေးသည် အေး၏။ အပူကိုနိုင်စေ၏။ ချောင်းဆိုး ရောဂါ၊ နူနာတို့ကို နိုင်စေ၏။ ခါးသောအရသာရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိရောဂါ၊ နားရောဂါတို့ ကို ပျောက်ကင်းစေ၏။ ဆီးရွှင်စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါများကို ပျောက်ကင်းစေ၏။ ခံတွင်းအနံ့မကောင်းခြင်းကို ပယ်၏ ဟု ဆိုထားပါသည်။

နိုင်ငံတကာတွင် တိုင်းရင်းဆေး အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းများ၊ အမွှေးတိုင်၊ အဓိက ကုန်ကြမ်းများအဖြစ် ဘာသာရေးဆိုင်ရာများတွင် ပူဇော်ရန် သုံးစွဲကြပြီး အာရပ်လူမျိုးများရှိရာ နိုင်ငံတိုင်း၌ အိမ်တိုင်းတွင် သုံးစွဲကြသည်။ သစ်မွှေးများကို အမှုန့် ပြုလုပ်ပြီး အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပူဇော်ခြင်း၊ အမှုန့်အား မီးရှို့၍ အနံ့ကို ရှူရှိုက်ခြင်းများဖြင့် စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်ကြည်လင် မှုများဖြစ်စေနိုင်သောကြောင့် အလွန် တန်ဖိုးထားကြခြင်းဖြစ်ပါသည်။

စွန့်စားရှာဖွေခဲ့ကြသည့်အတွက် မျိုးတုံးလုနီးပါးဖြစ်ခဲ့[ပြင်​ဆင်​ရန်​]

သစ်မွှေးမှောင်ခိုဈေးကွက် ကျယ် ပြန့်လာသည့် ၁၉၆၉-၇ဝ နောက်ပိုင်းတွင် လူငယ် လူရွယ်များသည် စိတ်တူ သဘောတူ ငါးယောက်နှင့် အထက် အဖွဲ့ဖွဲ့၍ ချင်းတွင်းမြစ်တစ်လျှောက် တောတောင်များ၊ မူးမြစ်ရိုးတစ်လျှောက် တောတောင်များ၊ နာဂတောင်တန်း အရောက်ရောက်၊ ကချင်ပြည်နယ် တောနက်ကြီးများ၊ တနင်္သာရီတိုင်း တောတောင်များ၊ မဟာမြိုင် တောလည်းမကျန်၊ ဆင်မကြောက်၊ ကျားမကြောက်၊ သူပုန်မကြောက် နေရာအနှံ့ ကျောပိုးအိတ် တစ်လုံးစီဖြင့် သစ်မွှေးအရှာ ထွက်ခဲ့ကြသည်။ အချို့လည်း စွန့်စားရကျိုး၊ အပင်ပန်းခံရ ကျိုးနပ်ခဲ့ကြသည်။ အချိူ့လည်း ငှက်ဖျားဒဏ်၊ ပင်ပန်းမှုဒဏ်များသာ အဖတ် တင်ခဲ့ကြသည်။ ဤမျှအထိ သစ်မွှေးလောဘ၊ သစ်မွှေးရတနာက ဂုဏ်ကြီးခဲ့သည်။ ဤမျှတန်ဖိုးကြီးသော၊ ဂုဏ်ကြီးသော သစ်မွှေးပင်များကို အလွန်အမင်း စည်းမဲ့ကမ်း မဲ့ ခုတ်ယူခဲ့ကြသောကြောင့် မျိုးတုံး လုနီးပါး အခြေအနေဖြစ်ပေါ်ခဲ့ရ သည်။

အပင်တွေ့သော်လည်း အဆီတွေ့ချင်မှ တွေ့သည်။ သဘာဝ သစ်မွှေးပင်များတွင် ပျမ်းမျှခြင်းအားဖြင့် ဆယ်ပင်မှာ တစ်ပင်နှုန်းလောက်သာ အဆီတွေ့ရသည်ဟု သိရှိရပါသည်။ သည်တော့ ရတနာဟူသည် ထိုက်တန်သောသူမှ ခံစားရသည်ဟူသော စကားလည်း မှန်နေသည်။ အဖွဲ့တစ်ဖွဲ့က ဤတောဤတောင်တွင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း သစ်မွှေးပင်ကို တွေ့ချင်မှတွေ့သည်။ သို့သော် ကံထိုက်သော နောက်တစ်ဖွဲ့က ဤ တောဤတောင်ကို ထပ်မံရောက်ရှိ ရှာဖွေသော် အဆီပြည့်နေသော တန်ဖိုးကြီး သစ်မွှေးပင်ကို တွေ့ရတတ်သည်။ ရတနာဟူသည် နတ်ကြီးလှသည်။ သစ်မွှေးပင်ဟု ဆိုသော်လည်း သာမန်အားဖြင့်မမွှေးဘဲ အပင်များတွင် မှိုစွဲကပ်နေမှသာလျှင် သစ်မွှေး ရရှိပါသည်။ အဆိုပါ သစ်မွှေးရရှိမှသာ တန်ဖိုးကြီးမားသည်။ သို့သော်လည်း သစ်မွှေးရှာအဖွဲ့တို့သည် တွေ့သမျှ သစ်မွှေးပင်ဟူသရွေ့ ခုတ်လှဲ ဖြတ်တောက် အဆီရှာဖွေခဲ့ကြသဖြင့် သဘာဝ တောတောင်များတွင် သစ်မွှေးပင်များ ရှားပါးလာခဲ့သည်။ ဤုသို့ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲဖြတ်တောက် ရှာဖွေခဲ့ကြသဖြင့် သစ်မွှေးပင်များသည် မျိုးတုံးလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့ပါသည်။

သစ်မွှေးဆီဖြစ်ပေါ်စေသော ဆေးသွင်းနည်းတွေ့ရှိ[ပြင်​ဆင်​ရန်​]

သစ်မွှေး၏ အဓိက ဇာတ်ဆောင်မှာ သစ်မွှေးပိုး သို့မဟုတ် ကပ်ပါးမှို Fungus ဖြစ်ပြီး ရောဂါ တစ်မျိုးမျိုး အပင်အား ထိခိုက်ခံရမှုကြောင့် ယင်းရောဂါပိုးကို အပင်က ပြန်လည်ခုခံ နိုင်ရန်အတွက် လိုအပ်သောအရည်ကို ထုတ်ပေးလာပြီး ထိုရည်အနှစ်မှ သစ်မွှေးဆီအဖြစ် ပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ကာ သစ်မွှေးပင်၏ သစ်သားရောင်မှာ အဖြူရောင်မှ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲဖြစ်ပေါ်ပြီး အနံ့မှာလည်း မွှေးရနံ့ထွက်ပေါ်လာ ကြောင်းသိရပါသည်။ သဘာဝ သစ်မွှေးပင်၏ သဘောသဘာဝများကို လေ့လာဖော်ထုတ်ရန် သစ်မွှေးဆီ ဖြစ်ပေါ်မှု အခြေခံ သုတေသန ပြုချက်များအပေါ် အသုံးချလျက် လူတို့ ဖန်တီးစိုက်ပျိုးရရှိသည့် သစ်မွှေးပင်အား သစ်မွှေးဆီ ဖြစ်ပေါ်စေသော မှိုများမွေးမြူကာ ဆေးထိုးသွင်းခြင်းဖြင့် သစ်မွှေးဆီ ထွက်ရှိသည့် အပင်ရရှိနိုင် ကြောင်းသိရပါသည်။ အကောင်းဆုံး သစ်မွှေးမှာ အနက်ဖြစ်ပြီး ရေတွင် ထည့်ကြည့်ပါက နစ်မြုပ်သွားကြောင်း။ ဒေသအလိုက် သစ်မွှေး အတန်းအစား ကွဲပြားနိုင်ပြီး သစ်မွှေး ဆီပါဝင်မှု ရနံ့နှင့် သိပ်သည်းဆတို့ ကွဲပြားမှုအပေါ် တန်ဖိုးကွာခြားကြောင်း သိရှိရပါသည်။

အပင်သက်တမ်း လေးနှစ်မှ ခြောက်နှစ်အရွယ် မေလနောက်ဆုံးပတ်နှင့် ဇွန်လအတွင်း မှိုမျိုးထည့် သွင်းရန်သင့်လျော်သည်။ မှိုသွင်းပြီး တစ်နှစ်ကြာပါက သစ်မွှေးထုတ် ယူနိုင်ပြီ ဖြစ်ပါသည်။ သစ်မွှေးတစ်ပင်လျှင် သစ်မွှေးဆီ ကီလို ၂ဝ မှ ၄ဝ အထိ ရရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်မွှေးကို မတ်လမှ မေလအတွင်း ထုတ်ယူပါက အသင့်တော်ဆုံး ဖြစ်သည်။ သစ်မွှေးအတန်းအစား ခွဲခြားရာ၌ အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးတုံးသည် အနက်ရောင်ရှိပြီး ရေတွင်နစ်မြုပ်ပါက ပထမတန်းစားဟု သတ်မှတ်ပြီး ရေတွင်ပေါ်ပါက ဒုတိယတန်းစားဟု သတ်မှတ်ပါသည်။

သစ်မွှေးပင်ကောင်းဖြစ်ရန် မှိုမျိုးသန့်သန့် သွင်းပေးရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၌ ပင်စည်အခေါက်ကို ငါးစင်တီမီတာ အကျယ်၊ ၃၇ စင်တီမီ တာ အရှည်ခွာ၍ အပေါက်ဖောက်ပြီး မျိုးသွင်းရသည်။ သစ်မွှေးဖြစ်ရန် လိုအပ်သော Phaeoacrvmonium Parqsiaica မှိုမျိုးသန့်သန့်ဖြစ်ရန် လိုအပ်ကြောင်း သိရှိရပါသည်။

ယခုအခါ ပြည်တွင်းရှိ ကုမ္ပဏီ များသည်လည်း ဆေးသွင်းနည်းကို ဆောင်ရွက်နိုင်ပြီဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးရေးကို ကုမ္ပဏီများရော တစ်ဦးချင်းပါ အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပင် စိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ပြည်ပ ကုမ္ပဏီ များ စိတ်ဝင်စားမှုရှိလာပြီး အကျိုး တူပူးပေါင်းဆောင်ရွက်ရန် လာရောက် ကြမည်ဟု သိရပါသည်။

မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ပြည်ပ ကုမ္ပဏီများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများမှ အခြေစိုက် ကုမ္ပဏီ များဖြစ်ပြီး ပြည်တွင်း ယူနီဗာဆယ် ဂျနရယ်ထရိတ်ဒင်း ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟု သိရပါသည်။

တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း တွင်လည်း မြန်မာနိုင်ငံ၊ ကချင်ပြည် နယ်မှ မျိုးစေ့များ ယူဆောင် စိုက်ပျိုး ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိ ကြောင်း သိရှိရပါသည်။

တစ်ခေတ်ဆန်းသစ်လာတော့မည့် မြန်မာ့သစ်မွှေး[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံရှိ မည်သည့်နေရာ ဒေသမဆို သစ်မွှေးကို စနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး အကျိုးရလဒ် ကြီးမားလှပါသည်။ သဘာဝ တောများတွင် ပေါက်ရောက်သော သစ်မွှေး ပင်များသည် ဆယ်ပင်လျှင် တစ်ပင်သာ သစ်မွှေးဆီ ရှိသည်။ ယခုအခါ ခေတ်မီနည်းအရ အပင်တိုင်းကို ဆေးသွင်းအဆီ ထုတ်ယူနိုင်သည်ဖြစ်၍ တိုင်းနယ်ပြည်နယ်အသီးသီး၊ နိုင်ငံအနှံ့ စိုက်ပျိုးမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အထူးသဖြင့် ယခုအခါ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်တို့တွင် စီးပွားဖြစ်ရော တစ်နိုင်တစ်ပိုင်ပါ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် နောင်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်ပါသည်။ မြန်မာ့သစ်မွှေး တစ်ခေတ် ဆန်းသစ်လာတော့မည်ဖြစ်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  2. ကြေးမုံသတင်းစာ ၂၅-၄-၂၀၁၁
  3. http://arogyamonline.com/commodity/materials/?raw=16