သစ်ခွ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သစ်ခွ
Orchidaceae
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးစဉ် [[Asparagales]]
မျိုးရင်း '''Orchidaceae'''

သစ်ခွ (Orchidaceae) သည်ပန်းပွင့်သောအပင် မိသားစုများထဲတွင်အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး မိသားစုဖြစ်ပြီး မျိုးကွဲ (genera) ပေါင်း ၈၀၀ကျော်နှင့် မျိုးစိတ် (species) ပေါင်း ၁၅၀၀၀ကျော်ရှိသည်။ အချို့ကမျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော်ပညာရှင်အသိုင်းအဝိုင်းတွင်မျိုးခွဲစန်းဆစ်ခြင် (classification) အလွန်ပင်ကွဲပြားခြားနားလှသဖြင့် အရေအတွက်အတိအကျကို မသိရှိနိုင်ပါ။ မျိုးကွဲများကို ပြန်လည်သုံးသပ်ခြင်းမှာ လစဉ်လိုလို လုပ်ဆောင်လေ့ရှိပြီး ဂျင်နစ်တစ်သုတေသနနှင့်ဇီဝဓာတုဗေဒတို့ကို ပိုမိုအသုံးပြုလာခြင်းတို့ကြောင့် ၎င်းမှာ ပိုမိုများပြားလာသည်။


'ပန်းပျံပင်ဆင့်-မြေနှင့်ရန်ဖက်'[ပြင်​ဆင်​ရန်​]

ရောင်စုံလိပ်ပြာကလေးများနှယ် အလှကြွယ်သည့် သစ်ခွပန်းများသည် ယင်းတို့၏ ထူးခြားသော သဘာဝ၊ ပုံပန်းသဏ္ဌာန်နှင့် အဆင်အသွေးတို့ကြောင့် ပန်းလောကတွင်ထင်ပေါ်ကျော်ကြားသည်။ကမ္ဘာပေါ်၌ တန်ဖိုးအထားရဆုံး ပန်းမျိုးဖြစ်၍ နိုင်ငံကြီးများ၌ စီးပွားဖြစ် ကြီးကြီးကျယ်ကျယ် စိုက်ပျိုးကြသည်။

သစ်ခွပန်း[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ပန်းလောကတွင် တန်ဖိုးအထားဆုံး၊ ဈေးအများဆုံး ပေးရသော ပန်းမျိုးသည်။ မြန်မာစာပေတို့၌ 'ပင်ဆင့်ပန်းပျံ'ဟု တင်စားခေါ်ဝေါ်ကြသော သစ်ခွပန်းမျိုး ဖြစ်လေသည်။ ရှေးမြန်မာမင်းများလက်ထက်က သစ်ခွပန်းတစ်မျိုးဖြစ်သော သဇင်ပန်းကို 'ပန်းများဘုရင်'ဟု ခြီးကျူး ခေါ်ဝေါ်ကြပြီးလျှင် တော်ဝင်ပန်းမြတ်အဖြစ် သတ်မှတ်ထား၍ ပေါ်ဦးပေါ်ဖျား သဇင်တော်များကို ဘုရင်မင်းမြတ်ထံ ဆက်သသည့်အခါ ရွှေထိုး၍ သိုင်းနှင့် ကျိုင်းနှင့် ဝန်းရံဆက်သရလေသည်။ အနောက်နိုင်ငံများတွင် မျိုးကောင်း၍ ရှားပါးသော သစ်ခွပန်း တစ်အုံတစ်ဖွဲ့ကို ငွေပေါင်း ထောင်သောင်း ချီ၍ ပေးဝယ်ကြသည်။

ထိုနိုင်ငံများတွင် သစ်ခွပန်း လက်ဆောင်ပေးလျှင် စိန်ရွှေရတနာများ လက်ဆောင်ပေးခြင်းထက်ပင် မျက်နှာ ပွင့်လန်းပေသေးသည်။ ထိုမျှလောက် အမြတ်တနိုးထားဖွယ်ရာ၊ မက်မောကြဖွယ်ရာ ကောင်းအောင်လည်း အချို့သစ်ခွပန်းများ သည် ထူးကဲလှပ၏။ နုးညံ့သော ပွင့်ဖတ် ပွင့်ချပ်၊ သိမ်မွေ့တင့်ဆန်းသော အရောင်အသွေး၊ သင်းပျံ့ယဉ်ကျေးသောရနံ့တိုဖြင့် ဖြည့်စုံကြပေသည်။ အချို့ သစ်ခွပန်းများသည် ရောင်စုံလိပ်ပြာကလေးများနှင့် ယိုးမှားဖွယ်ရာ ပုံပန်းသဏ္ဌာန် အရောင်အသွေး လှပယဉ်ကျေး ကြပေသည်။ သစ်ခွပင်တို့သည် အောကီဒေစီအီးမျိုးရင်းတွင် ပါဝင်၍ အပင်လောက၌ မျိုးစိတ်မျိုးပြား အများဆုံးသော် အပင်မျိုးဖြစ်သည်။သစ်ခွထက် မျိုးစိတ်ပိုများပြားသော အပင်နှစ်မျိုးသုံးမျိုးခန့်သာလျှင် အပင်လောကတွင် ရှိတော့သည်ဟု ဆိုကြသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် သစ်ခွမျိုးစိတ်ပေါင်း ၁၂ဝဝဝ ကျော်ခန့် ရှိနေ၍ တစ်နှစ်ထက်တစ်နှစ်လည်း တိုးတက်များပြားလျှက် ရှိလေသည်။

ကမ္ဘာပေါ်တွင် အေးလွန်းသောဒေသ၊ ပူလွန်းသောဒေသများမှလွဲလျှင် ကမ္ဘာ့အရှေ့ခြမ်း အနောက်ခြမ်း နှစ်ခြမ်းလုံး၌ပင် သစ်ခွပင်များ ပေါက်ရောက်သည်။ အပူပိုင်းဇုံနှင့် အပူလျော့ပိုင်း ဒေသများ၌ ပေါက်ရောက်သော သစ်ခွမျိုးတို့သည် 'စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဖက်' ဟူသော စာဆိုနှင့်အညီ မြေ၌မပေါက်ဘဲ များသောအားဖြင့် အရိပ် အာဝါသကောင်းသော သစ်ပင်ကြီးငယ်တို့၏ ပင်လုံးပင်စည်နှင့် အကိုင်းအခက်များ၌ တွယ်ကပ် ပေါက်ရောက်သဖြင့် သစ်ခွဟူသော အမည်နှင့်လည်း လိုက်လျောကြပေသည်။ သမပိုင်းဒေသများတွင် မူ များသောအားဖြင့် သစ်ခွမျိုးတို့သည် ရုက္ခဗေဒအလိုအရ အပူပိုင်းဒေသပေါက် သစ်ခွများနှင့် မျိုးရင်းချင်းတူသော်လည်း မြေ၌ပေါက်ကြသည်။ အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများတွင်လည်း မြေပေါက်သစ်ခွမျိုး အတော်အတန်တွေ့ရသည်။မြန်မာနိုင်ငံတွင် ဂမုန်း(ပမုန်း)ဟု အချို့ခေါ်ဝေါ်ကြသော အပင်အချို့သည် မြေပေါက်သစ်ခွမျိုးဝင် များဖြစ်ကြသည်။ ရုက္ခဗေဒအလိုအားဖြင့် ဆိုခဲ့သည့်အတိုင်း ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွမျိုးတို့အပြင် သက်မဲ့ပစ္စည်းများ၌ တွယ်ကပ်ပေါက်ရောက်တတ်သော သစ်ခွမျိုးတို့လည်းရှိသေးသည်။ ထိုသစ်ခွမျိုးတို့ မှာမူ ရုက္ခဗေဒနှင့် စပ်လျဉ်းသော စူးစမ်းလေ့လာမှု ပြုရန်မှတစ်ပါး ပြောပလောက်အောင် လှပခြင်း အသုံးဝင်ခြင်းစသော ထူးခြားမှုမရှိချေ။ ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွ နှစ်မျိုးနှစ်စားတွင်လည်း မြေပေါက်သစ်ခွမျိုးတို့သည် ပင်ကပ်သစ်ခွမျိုးတို့ကဲ့သို့ အခိုင်လိုက် အပွင့်များစွာပွင့်သော အမျိုးအစား နည်းပါးပြီးလျှင် အပွင့်သုံးပွင့်မှ လေးပွင့်ခန့်သာ ပွင့်တတ်ကြသည်။ အပွင့်နည်းသလောက် အဖူး အပွင့်ပို၍ ကြီးမားကြရာ အချို့အပွင့်များသည် လက်ဖက်ရည်ပန်းကန်လုံး ခန့် ပမာဏ ရှိကြလေသည်။ ပင်ကပ်နှင့်မြေပေါက်ဟူ၍ ခွဲခြားထားသော်လည်း ရုက္ခဗေဒအမည်ဖြင့် မျိုးခွဲ အမည်တူများရှိသည်။ အနောက်နိုင်ငံများ၌ ကျော်ကြားသော 'ဖိနပ်သစ်ခွ' အမည်ရှိ အပင်သည် မြေပေါက်သစ်ခွမျိုးဖြစ်၍ ပဖီယိုပီဒီလမ်နှင့် ဆစ်ပရီဒီယမ်မျိုးခွဲများတွင် ပါဝင်လေသည်။ သို့သော် သစ်ခွမျိုးတို့တွင် ပင်ကပ် သစ်ခွမျိုးတို့သည်သာလျှင် အဖိုးတန်၍ အရေးပါကြလေသည်။

အပင်လောကတွင် ပင်ကပ်သစ်ခွတို့၏ ဓလေ့စရိုက် သည် ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်။ သစ်ပင်ကြီး ငယ်တို့၌ တွယ်ကပ်ပေါက်ရောက်ကြသော်လည်း ယင်းတို့သည် မိမိတို့၏ စားရေရိက္ခာ အတွက် ယင်းတို့မှီခိုရာ သစ်ပင်ကြီးငယ်တို့မှ ရယူခြင်း မပြုကြပေ။ အရွက်များရှိ အစိမ်းရောင် ဒြဗ်သည် လေထဲ၌ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို နေရောင်ခြည် ဖြင့် ကာဗိုဟိုက်ဒရိတ်သကြား ချက်လုပ်သည်။ အခြား အာဟာရ ဓာတ်များကို သစ်ခေါက်၊ သစ်သား၊ အရွက် စသည်ကို ဆွေးမြေ့ စေသော မှိုများမှ မိမိတို့ချက်လုပ်သော ကာဗိုဟိုက်ဒရိတ်သကြားနှင့် လဲလှယ်ယူပေသည်။ သဘာဝ အလျောက် သစ်ခွအစေ့ငယ်များ ပေါက်ရောက် ကြီးထွားရာတွင်မူ ကာဗိုဟိုက်ဒရိတ် သကြားများကို မှိုများထံမှ ရယူလေသည်။

သစ်ခွပန်းတို့၏ အနေအထားသည် ထူးခြား၍ မျိုးစပ် ယှက်ပေးသော လိပ်ပြာ၊ ပိတုန်း စသည်တို့အား အကူအညီဖြစ်စေသည်။ အပွင့်တို့သည် ဝတ်ဆံ အဖို၊ အမ နှစ်မျိုးလုံးပါရှိပြီးလျှင် ယေဘုယျအားဖြင့် ပွင့်ဖတ်သုံးခု ပွင့်ချပ်သုံးခု ပါရှိသည်။ ပွင့်ဖတ်တစ်ခုသည် အခြားပွင့်ဖတ် ပွင့်ချပ်များ လှပသည်ထက် ပိုမိုလှပထူးခြားသည်။ ပုံပန်းသဏ္ဌာန်တွင်၄င်း၊ အဆင်အသွေးတွင်၄င်း ပို၍ထူးကဲ လှပပြီးလျှင် ပန်းပွင့်တစ်ခုလုံးတွင် လိပ်ပြာ၊ ပျားကောင်နှင့် ပိတုန်းတို့ကို အဆွဲဆောင်နိုင်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ထိုပွင့်ဖတ်ကို 'နှုတ်ခမ်းဟု' ခေါ်သည်။ ထိုနှုတ်ခမ်း၏ ပုံသဏ္ဌာန်သည် တစ်ခါတစ်ရံ ကြိုးပြားနှင့်တူသည်။ တစ်ခါတစ်ရံ အိတ်ကလေးနှင့်တူသည်။ တစ်ခါတစ်ရံ ခွက်ကလေးနှင့် တူသည်။ အာကျယ်၍ အနားတွန့်များလည်း ရှိတတ်လေသည်။

ထိုအပွင့်၌ နားလာသော ပိုးကောင်များကို အပွင့်၏ အတွင်းပိုင်းရှိ ပန်းဝတ်ရည်ရှိရာသို့ ထိုပွင့်ဖတ်က လမ်းညွှန်ပြ သကဲ့သို့လည်း ရှိသည်။ ပိုးကောင်ကလေးများသည် ထိုပွင့်ဖတ်၏ အနေအထားအားဖြင့် ပန်းဝတ်ရည်ရှိရာသို့ ဝင်ရောက်ကြလေသည်။ သစ်ခွမျိုးတို့၏ ထူးခြားချက်မှာ ထောင်ပေါင်းများစွာသော ဝတ်မှုံများပါရှိသည့် ဝတ်မှုံဆဲတို့သည် တစ်သီးတစ်ခြားစီ မရှိကြဘဲ ပူးကပ် သိပ်သည်းစွာရှိကြပြီးလျှင် အစုအခဲဖြစ်နေ၍ ယင်းကို ပိုလင်းနီးယားဟု ခေါ်သည်။ ပိုလင်းနီး ယား တို့သည် သစ်ခွအမျိုးအစားကို လိုက်၍ သစ်ခွတစ်ပွင့်လျှင် နှစ်ခုမှ ရှစ်ခုအထိ ပါရှိတတ်ရာ များသော အားဖြင့် နှစ်ခုပါလေ့ရှိ်သည်။ ယင်းတို့သည် စေးကပ်ကပ်နေသည်။ သစ်ခွပွင့်တို့၏ သဘာဝအလျောက် တည်ရှိနေသော အနေအထားကြောင့် ပျား၊ ပိတုန်းနှင့် ပိုးကောင်ငယ်တို့ ဝတ်ရည်သောက်သုံးပြီး၍ ပြန်အထွက်တွင် ပိုလင်းနီးယားတှို့နှင့် ထိခိုက်မိကာ ယင်းတို့သည် ပိုးကောင်ကလေးများတွင် ကပ်ပါ သွားလေသည်။ထိုပိုလင်းနီးယားကပ်ပါသွားသော ပိုးကောင်ကလေးများသည် ပွင့်မှ တစ်ပွင့်၊ တစ်ပင်မှ တစ်ပင်သို့ လူးလာ ကူးသန်းကြခြင်းဖြင့် မျိုးစပ်ယှက်ခြင်းကို ဖြစ်ပေါ်စေသည်။ ပိုလင်းနီးယားတွင် ဝတ်မှုံအစုအခဲ ပါဝင်သဖြင့် မျိုးစပ်ယှက်ခြင်းသည် အောင်မြင်သည်သာ ဖြစ်လေသည်။ ယင်းသို့ဖြင့် ပိုးကောင်ကလေးများ၊ လိပ်ပြာ၊ ပျားကောင်၊ ပိတုန်းစသည်တို့သည် အမှတ်မထင် သဘာဝအလျောက် မျိုးစပ်ခြင်းကို ပြုသောကြောင့် သဘာဝ မျိုးစပ် သစ်ခွများ ပေါ်ပေါက်ခဲ့လေသည်။ အပူပိုင်းဇုံဒေသ သစ်ခွမျိုးတို့သည် များသောအားဖြင့် သဘာဝမျိုးစပ်သစ်ခွများ ဖြစ်ကြသည်။ ပိုးကောင်ကလေးများနှင့် ပျားကောင်၊ ပိတုန်း စသည်တို့က သဘာဝနည်းဖြင့် မျိုးစပ်၍ သစ်ခွပန်းမျိုး တိုးပွါးစေသဖြင့်သာ သစ်ခွ ပန်းမျိုးများစွာ ပွါးများခဲ့သည် မဟုတ်ပေ။ ပန်းဝိဇ္ဇာ၊ ပန်းပါရဂူတို့ကလည်း သိပ္ပံနည်း အမျိုးမျိုးဖြင့် ကိတ္တိမမျိုးစပ်ခြင်းကိုဆောင်ရွက်ကြလေရာ အလွန်ဆန်းကြယ်လှပသော သစ်ခွမျိုးစိတ် မျိုးပြားတို့သည် တိုးပွါးလာခဲ့လေသည်။

သစ်ခွမျိုးတို့ကို တောင်အမေရိကသစ်ခွမျိုးနှင့် အရှေ့အိန္ဒိယကျွန်းစုသစ်ခွမျိုးဟူ၍ အုပ်စုနှစ်ခု ခွဲထားကြသည်။ ပထမ သစ်ခွမျိုးတို့သည် မြောက်အမေရိကတောင်ပိုင်း နိုင်ငံများနှင့် တောင်အမေရိက နိုင်ငံများတွင် အလေ့ကျပေါက်သည်။ တောင်အမေရိကအုပ်စုဝင် ကက်တလီယာမျိုးခွဲမှ သစ်ခွမျိုးတို့သည် လူကြိုက် အများဆုံးနှင့် အဖိုးတန်ဆုံးဖြစ်ကြသည်။ မျိုးစိတ်နှင့် မျိုးပြားလည်း အများဆုံး ဖြစ်သည်။ ထိုသစ်ခွမျိုးတို့သည် တောင်အမေရိကတိုက် နိုင်ငံများ၌ အများဆုံးပေါက်သည်။ ထိုပြင် လီလီယာ၊ အွန်ဆစ်ယမ်၊ အိုဒွန်တိုဂလော့ဆမ်၊ မီလတိုးနီးယား အစရှိသော တောင်အမေရိက အုပ်စုဝင် နာမည်ကျော် သစ်ခွမျိုးခွဲများလည်း ရှိပေသေးသည်။ အရှေ့အိန္ဒိယကျွန်းစု အုပ်စုဝင် သစ်ခွမျိုးတို့သည် အာရှတိုက်တောင်ပိုင်းနိုင်ငံများနှင့် ဩစတြေးလီးယားတိုက် တွင် ပေါက်ရောက်သည်။ ထိုအုပ်စုထဲတွင် ဒင်ဒရိုဗီယမ် မျိုးခွဲဝင် သစ်ခွတို့သည် အရေး အပါဆုံးဖြစ်သည်။ ထိုသစ်ခွမျိုးကို အရှေ့အိန္ဒိယကျွန်းစု၊ အာသံပြည်နယ်၊ မြန်မာနိုင်ငံနှင့် ဩစတြေး လီးယားနိုင်ငံတို့တွင် တွေ့ရသည်။ ဖောလီနော့ပဆစ်မျိုးခွဲဝင် သစ်ခွတို့သည် အလွန်လှပ၍ ရှားပါး သဖြင့် အဖိုးတန်သည်။ လှပသောရောင်စုံငှက်ကလေးများနှင့် သဏ္ဌာန်တူသည့် အမျိုးအစားများလည်း ပါရှိသည်။ ဖိလစ်ပိုင်ကျွန်းစု၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့တွင် ပေါက်ရောက်သည်။ အရှေ့အိန္ဒိယ ကျွန်းစု သစ်ခွမျိုးဝင် အခြားမျိုးခွဲတို့မှာ ဗန်ဒါ၊ ဆင်ဗစ်ဒီယမ်၊ ဆီလော့ဂျီနီ၊ ရီနန်းသီးရာ စသည်တို့ ဖြစ်ကြလေသည်။

ကမ္ဘာတွင် ထူးဆန်းလှပသော အဖိုးတန်သစ်ခွမျိုးစုံ ရှိသော နိုင်ငံသည် မြောက်အမေရိကတိုက် တောင်ပိုင်းရှိ မက္ကဆီကိုနိုင်ငံ ဖြစ်သည်။ ထိုနိုင်ငံ၏ တောတောင်သေလာ ရေတံခွန်စိမ့်စမ်းနှင့် လျှိုမြောင်ချောက်ကမ္ဘားကြီးများတွင် အဖိုးတန်၍ လှပသော သစ်ခွမျိုး၊ ပုံပန်းသဏ္ဌာန် ထူးထွေ ဆန်းပြားသော သစ်ခွမျိုးတို့ အရောင်အသွေးစုံ၊ မျိုးစိတ်များပြား အစုံရှိသဖြင့် သစ်ခွပန်းလောကတွင် ထိုနိုင်ငံသည် နာမည် ကြီးလှပေသည်။ အရှေ့နိုင်ငံများတွင် နာမည်ကျော် သစ်ခွပန်းများ ပေါ်ထွက်ရာတိုင်းပြည်တို့မှာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ကြသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဗန်ဒေါင်းညီလာခံပြုလုပ်ခဲ့ သော ဗန်ဒေါင်းမြို့ အနီးရှိ ဗိုဂိုဥယျာဉ်သည် ကမ္ဘာကျော် သစ်ခွ အဆန်းအပြားများနှင့် သဘာဝသစ်ခွ အလှအပများ ပေါ်ထွက်၍ နာမည်ကျော်ကြားလှပေသည်။ ထိုဥယျာဉ်မှ နှစ်စဉ် သစ်ခွပန်းအဆန်းများကို ကိတ္တိမ မျိုးစပ် ထုတ်လုပ်ခဲ့ရာ ဗန်ဒေါင်းညီလာခံအပြီးတွင်လည်း ထိုဥယျာဉ်မှ မျိုးစပ် ထုတ်လုပ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံနှင့် ဟဝိုင်းယန်းကျွန်းစုမှ သစ်ခွဥယျာဉ်တို့သည်လည်း ကျော်ကြားလေသည်။

သစ်ခွပန်းများသည် တန်ဖိုးရှိသဖြင့် ကမ္ဘာ့ပန်းလောကတွင် အထူးတလည် စိုက်ပျိုးပြုစုကြသည်။ ကမ္ဘာ့နိုင်ငံကြီးများတွင် သစ်ခွပန်းစိုက်ပျိုးရေးကို ငွေအရင်းအနှီး သိန်းသန်းချီ၍ လုပ်ငန်းကြီး တစ်ခုအနေဖြင့် လုပ်ကိုင်ကြသည်။ သစ်ခွပန်းအမျိုးအစားအလိုက်၊ ယင်းတို့ နှစ်သက်သောရာသီဥတု၊ အပူအအေး၊ အာဟာရနှင့် ပတ်ဝန်းကျင်မျိုးကို ရရှိလေအောင် ဖန်မှန်အဆောက်အအုံများ၊ အပူငွေ့ ပေးထားနိုင်သော အဆောက်အအုံများဖြင့် စံနစ်တကျ စိုက်ပျိုးထားသောကြောင့် သစ်ခွပန်းများ အစဉ်သဖြင့် ဖူးပွင့်နေသော သစ်ခွဥယျာဉ်ကြီးများကို ဖန်တီးနိုင်ကြသည်။ ထိုကြောင့် ထိုနိုင်ငံကြီး များတွင် မင်းစိုးရာဇာ သူဌေးသူကြွယ် အထက်တန်းစားများသည် ပွဲလမ်းသဘင် နေ့ကြီးရက်ကြီးများ၊ အထိမ်းအမှတ်နေ့များ၊ မွေးနေ့များတွင် အဆိုပါသစ်ခွဥယျာဉ်၊ ပန်းခြံ၊ ပန်းဆိုင်များ၌ မိမိတို့ အလိုရှိသော သစ်ပန်း သစ်ခွပင်တို့ကို အပွင့်အရောင်နှင့်တကွ ငွေကြိုတင်ပေး၍ မှာထားကြသည်။ အလိုရှိသောနေ့ရက်တွင် မှာထားသည့် သစ်ခွပန်း အရောင်အတိုင်းရရှိ၍ အဖူးအပွင့်နှင့် တကွ မှန်သေတ္တာတွင် ထည့်ပြီးလျှင် တစ်ဦးမှတစ်ဦးသို့ လက်ဆောင်ပေးနိုင်ကြလေသည်။

သစ်ခွပန်းစိုက်ပျိုးရာဌာနကြီးများတွင် ဓာတ်ခွဲရုံ ကြီးများ အကြီးအကျယ်ထားရှိပြီးလျှင် နှစ်စဉ် သစ်ခွပန်း အသစ်အဆန်း အလှအပများကို တီထွင်မျိုးစပ်ခြင်းများ ပြုလုပ်၍ ကမ္ဘာသို့ရောင်းချခဲ့ရာ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်ရှိ သစ်ခွဥယျာဉ်ကြီးတစ်ခုမှာ ၁၉၆၂ ခုနှစ်ထဲတွင် သစ်ခွမျိုးစပ်အဆန်း ၃ဝ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ထိုကဲ့သို့ သစ်ခွစိုက်ပျိုး ပြုစုရေးကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ကြသည့် နိုင်ငံများမှာ (၁) အမေရိကန်ပြည်ထောင်စု (၂) ဗရာဇီ (၃) ကနေဒါ (၄)အင်္ဂလန် (၅) ဟော်လန်(နယ်သာလန်) ဗဲလဂျီယမ်(၇) ပြင်သစ်နှင့် (ဂ) ဂျာမနီတို့ဖြစ်၍ အရှေ့နိုင်ငံများတွင် (၉) အိန္ဒိယ (၁ဝ) သီဟိုဠ် (၁၁) ယိုးဒယား (၁၂) စင်္ကာပူ (၁၃) အင်ဒိုနီးရှား (၁၄) ဖိလစ်ပိုင်နှင့် (၁၅) ဩစတြေးလီးယားတို့ ဖြစ်ကြလေသည်။ မြန်မာနိုင်ငံအရပ်ရပ် အနယ်နယ်တို့၌ စိမ်းကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်တို့တွင်သာမက လူနှင့်နီးစပ်သော မြေပြန့်ဒေသများ၏ သစ်တောများ၌ပင် သစ်ခွအမျိုးမျိုးတို့ သဘာဝအလျောက် ပေါက်ရောက်ကြသည်ကို တွေ့ရသည်။ သို့သော် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီနှင့် ရခိုင်ရိုးမစသော တောင်ကုန်းဒေသများ၌ အလွန်လှပသော သစ်ခွမျိုးများအပါအဝင် သစ်ခွမျိုးတို့ကို ပို၍ အများအပြား တွေ့ရသည်။ အထူးသဖြင့် ရှမ်းပြည်နယ်နှင့် ချင်းတွင်းမြစ်ဝှမ်း တို့တွင် သစ်ခွအလွန်ပေါ သည်။ စိုစွတ်သော ရာသီဥတု ရှိ၍ မြေပြင် အမြင့်ပေ ၄၂ဝဝ မှ ပေ ၅ဝဝဝ ရှိသော တောင်ကုန်းဒေသတို့၌ သစ်ခွများ ပိုမို ဖြစ်ထွန်းလေသည်။ သို့သော် တစ်နေရာ တစ်ဒေသတည်းတွင် သစ်ခွမျိုးတို့ အစုံအလင်ပေါက်ခြင်းကိုမူ တွေ့ရခဲပေသည်။ မေမြို့ ရုက္ခဗေဒ ဥယျာဉ် သည် မြန်မာနိုင်ငံတွင် သစ်ခွ အစုံဆုံး၊ အများဆုံး ဖြစ်သည်။ သစ်တောဌာနခွဲ၏ လက်အောက်ခံဖြစ်သဖြင့် ဌာနဆိုင်ရာ စုဆောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသစ်ခွမျိုးစုံ ၏ စံပြဥယျာဉ်ပမာ ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ထိုဥယျာဉ်တွင် မြန်မာသစ်ခွ မျိုးစိတ်ပေါင်း ၃ဝဝ နီးပါးနှင့် အပင်ပေါင်း ၄ဝဝဝ ကျော် ရှိခဲ့ဖူးလေသည်။စစ်အတွင်းက စစ်ဘေးဒါဏ်ကြောင့် ပျက်စီးခဲ့ရာ ယခု ပြန်လည်စုဆောင်း ပြုစုဆဲ ဖြစ်လေသည်။

မြန်မာနိုင်ငံ အရပ်ရပ်မှ ပေးပို့၍ မေမြို့ ရုက္ခဗေဒ ဥယျာဉ်၌ စုဆောင်းမိသမျှသော သစ်ခွမျိုးခွဲတို့ မှာ (၁) ဆင်ဗစ်ဒီယမ် (၂)အေးရီးဒီး (၃)ဒင်ဒရိုဗီယမ် (၄)ဗန်ဒါ (၅)အရွန်ဒီးနား (၆)ဗာလဗိုဖီလစ် (၇)ကာလန်းသီ (၈)ဆီလော့ဂျီနီ (၉)ပဖီယိုပီဒီလမ် (၁ဝ)ရီနန်းသီရာ (၁၁)သူနီးယား စသည်တို့ဖြစ်၍ မျိုးစိတ်ပေါင်း ၁ဝဝ ကျော်ခန့်ရှိလေသည်။ ယင်းတို့တွင် မြေပေါက်သစ်ခွမျိုး တို့လည်း ပါဝင်သည်။ မြန်မာနိုင်ငံသို့လာရောက်၍ သစ်ခွမျိုးတို့ကို လေ့လာသုတေသနပြုခဲ့သော အင်္ဂလိပ်လူမျိုး ရုက္ခဗေဒ ပါရဂူကြီး ကင်းဒမ်ဝဒ်က မြန်မာနိုင်ငံ၌ သစ်ခွမျိုးစိတ်ပေါင်း ၁ဝဝဝ မှ ၁၅ဝဝ အထိရှိ၍ မလ္လာယု ကျွန်းဆွယ်တွင် ၈ဝဝ ခန့် ရှိသည်ဟု ဆိုလေသည်။ မြန်မာနိုင်ငံတွင် သစ်ခွမျိုးတို့ ပေါလှသော်လည်း သစ်ခွပန်းစိုက်ပျိုးရေးကို လုပ်ငန်းတစ်ရပ်အနေဖြင့် စိုက်ပျိုး လုပ်ကိုင်ခြင်း နည်းပါးခဲ့သည်။ များသောအားဖြင့် မြန်မာသစ်ခွတို့သည် တစ်နှစ်တစ်ကြိမ် မျှသာ ဖူးပွင့်ကြ၍ ရာသီဥတုနှင့် ရေမြေဒေသရွေးသော သစ်ခွမျိုးတို့သာလျှင် များပြားသဖြင့် ပြုစု စိုက်ပျိုးရသည့်စရိတ်နှင့် မကာမိသည့် အကြောင်းများလည်း ပါဝင်ပေမည်ဟု ယူဆရသည်။ ထို့ပြင် သစ်ခွအရောင်းအဝယ် မဖွံ့ဖြိုးခြင်းတွင် သစ်ခွမျိုးတို့၏ ရုက္ခဗေဒအမည်တို့ကို သိရှိတတ်ကျွမ်းသူနည်းခြင်း၊ ပြည်တွင်းအရောင်းအဝယ် မရှိခြင်း၊ စိုက်ပျိုးရေး၌ ကျွမ်းကျင်မှုမရှိခြင်း၊ မျိုးစပ်ခြင်း၌ ကျွမ်းကျင်မှုမရှိခြင်း တို့လည်း ပါဝင်သည်ဟု အချို့က ထင်မြင်ကြသည်။ သို့ရာတွင် မကြာလှသေးသော နှစ်များမှ စတင်၍ မေမြို့ရှိ သစ်တောဌာနခွဲ၏ သစ်ခွဥယျာဉ်နှင့် ရန်ကုန်မြို့ မင်္ဂလာဒုံရှိ သစ်တောဌနခွဲ၏ သစ်ခွဥယျာဉ်တို့တွင် သစ်ခွအမျိုးမျိုးတို့ကို စံနစ်တကျ ပြုစုစိုက်ပျိုးကာ နိုင်ငံခြားသို့ တင်ပို့လျှက် ရှိကြလေပြီ။ ကြော့မော့ လှပယဉ်ကျေးသော သစ်ခွပန်းတို့ကို ခုံမင်မြတ်နိုး တန်ဖိုးထားကြသဖြင့် အမေရိကန်ပြည်ထောင်စု သည် နှစ်စဉ် ဒေါ်လာ သောင်း သိန်းနှင့် ချီ၍ တန်ဖိုးရှိသော သစ်ခွပန်းမျိုးတို့ကို တောင်အမေရိက နိုင်ငံများမှ၄င်း၊ အရှေ့အိန္ဒိယကျွန်းစုမှ၄င်း၊ ဖိလစ်ပိုင်ကျွန်းစုမှ၄င်း မှာယူတင်သွင်း ရောင်းချကြသည်။ အချို့ဥရောပနိုင်ငံများ၌ လည်း ယင်းသို့ပင် နိုင်ငံခြားမှ သစ်ခွမျိုး အဆန်းအပြား တို့ကို တန်ဖိုးငွေ အမြောက်အများပေး၍ တင်သွင်းကြသည်။ ယင်းသို့ တန်ဖိုးထား၍ ဈေးကောင်းရသဖြင့်လည်း သစ်ခွပန်းရှာဖွေသူတို့သည် တောနက်ရာ လျှိုမြောင်အထပ်ထပ် ကာဆီးရာ တို့သို့ ခရီးလမ်း၏ ကြမ်းတမ်းမှုကို ပမာမထား၊ သားရဲတို့၏ ဘေးအန္တရာယ်ကို မမှု၊ အဖျားအနာ ထူပြောမှုကိုလည်း မရွံ့ဘဲ သက်စွန့်ကြိုးပမ်း သစ်ခွအဆန်းကို အရှာထွက်ကြသည်။ ဗော်နီယိုကျွန်းကဲ့သို့ ဒေသမျိုးတွင် သားစားလူရိုင်းတို့၏ ဒေသသို့ပင် ချဉ်းနင်းဝင်ရောက် သစ်ခွရှာခဲ့ကြသည်။ ယင်းသို့ သစ်ခွရှာသူများကြောင့် သစ်ခွမျိုး ပြုန်းသွားမည့် အခြေမရောက်စေရန် တောင်အမေရိကတိုက် အချို့ နိုင်ငံများတွင် သစ်ခွပင်ရှာဖွေရေးကို ဥပဒေထုတ်ကာ ပိတ်ပင်ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင်လည်း မကြာသေးမီက သစ်ခွစိုက်ပျိုးရေး ခေတ်စားလာရာ သစ်ခွပင် ရှာဖွေသူများသည် သစ်ခွတစ်ပင်ရရှိရေး အတွက် သစ်ပင်ကြီးများကို စည်းမဲ့ကမ်မဲ့ ခုတ်လှဲခြင်း၊ ယင်းတို့မလိုသော သစ်ခွပင်များကို အရမ်းမဲ့ ဖြုန်းတီးပစ်ခြင်းတို့ဖြင့် သစ်တောများကို ဖျက်ဆီးရာရောက်အောင် ပြုကြသောကြောင့် အစိုးရက သစ်ခွပင်ရှာဖွေခြင်းကို အမိန့်ထုတ် တားဆီးခဲ့ရလေသည်။ မြန်မာ အိမ်တိုင်းလိုလို၌ သစ်ခွပင် တစ်အုံစ၊ နှစ်အုံစကို သစ်တုံးတွင် ကပ်၍ အိမ်တံစက်မြိတ်တွင် ချိတ်ဆွဲ၍၄င်း၊ အိမ်အနီးအပါးရှိ သစ်ပင်တို့၌ကပ်၍၄င်း စိုက်ပျိုးကြသည်ကို အတွေ့ရများသည်။ အစိုက်များ၊ အသိများ ကြသော သစ်ခွများမှာ သဇင်(ဗာလဗိုဖီလမ်မျိုး)၊ ကြောင်မြီးတူ(ရင်ကိုစတိုင်လစ်မျိုး)၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း (ဗန်ဒါမျိုး)၊ ရတနာရွှေခက်(ဒင်ဒရိုဗီယမ်မျိုး)၊ ခမောက်ကြိုး(ဒင်ဒရိုဗီယမ်မျိုး)၊မောက်ခန်းဝါ(ဒင်ဒရိုဗီယမ်မျိုး)၊ ရိုးဆက်ကြီး(ဗန်ဒါမျိုး)၊ ကျားဗဟုန်း(ဂရမ်မက်ကိုဖိုင်လမ်မျိုး)၊ သစ်ခွနီ (ရီနန်းသီရာမျိုး)၊ သစ်ခွနီကလေး (အက်စကိုစင်တရမ်မျိုး)၊ ကြက်တူရွေး(အေးရီးဒီးမျိုး)၊ စာကလေး (အေးရီးဒီးမျိုး)၊ ရွှေတူငွေတူ(ဒင်ဒရိုဗီယမ်မျိုး)၊ လက်တံရှည်၊သိုမဟုတ် စလဲထော် (ဒင်ဒရိုဗီယမ်မျိုး) စသည် တို့ ဖြစ်ကြလေသည်။ သစ်ခွမျိုးတို့ကို ဥတက်များ ခွဲထုတ်၍၄င်း၊ အသီးတောင့်မှ အစေ့များကို ပျိုး၍၄င်း စိုက်ကြသည်။ အသီးတောင့်သည် ခြောက်လာသည့်အခါ အလယ်မှ သုံးမြေ|ာင့်ကွဲ၍ ထောင်ပေါင်းများစွာသော အစေ့များ ထွက်ကျသည်။ ထိုအစေ့များသည် အလွန်သေးငယ်သဖြင့် လေထဲတွင် လွင့်ပါနိုင်ရာ ဤနည်းအားဖြင့်လည်း သစ်ခွမျိုး ပြန့်ပွါးလေသည်။ များသောအားဖြင့် သစ်ခွတို့သည် သစ်ခွဟူသော အမည်နှင့် လျော်ညီစွာ သစ်ပင်များတွင် တွယ်ကပ်ပေါက် ကြသည်။ ယင်းတို့သည် တိုက်ရိုက် အလင်းရောင်ထက် ပျံ့နှံ့လာသောအလင်းရောင်ကိုကြိုက် နှစ်သက်ကြ၍ တစ်မျိုးနှင့်တစ်မျိုး ကြိုက်နှစ်သက်ပုံ ကွဲပြားသည်။ သစ်ခွနီ၊ ရိုးဆက်ကြီးတို့သည် တိုက်ရိုက်အလင်းရောင်ကို နှစ်သက်ကြ၍ သစ်ပင်ရွက်အုပ် ထိပ်ဖျား၌ ပေါက်ရောက်ကြသည်။ သရက်၊ သင်္ဘောကုက္ကို၊ ကျွန်း၊ အင်၊ သစ်ချ၊ ထင်းရူး အစရှိသည့် အပင်များ၌ တွယ်ကပ်ပေါက်ရောက်ခြင်း များပြား၍ သစ်ပင်အခေါက် ချောမွေ့ခြင်း၊ ကြမ်းတမ်းခြင်းတို့၌လည်း သစ်ခွတစ်မျိုးနှင့်တစ်မျိုး နှစ်သက်ပုံ မတူချေ။ သစ်ပင်များ၌ တွယ်ကပ်ပေါက်ရောက်ကြသော်လည်း သစ်ခွပင် အများအပြား စိုက်ပျိုးလိုသူတို့ အတွက် ပန်းအိုးများဖြင့် ထည့်၍ စိုက်ပျိုးခြင်းသည် ပို၍အဆင်ပြေသည်။ သစ်ခွပင်တို့သည် အမြစ်ကို လေတိုက်နေမှ သာလျှင် ရှင်သန်ကြီးထွား၍ ဖူးပွင့်ကြလေရာ ရေဆင်းကောင်းပြီးလျှင် အမြစ်များ လေရနိုင်စေရန် နံဘေး၌ပါ အပေါက်ပါသော ပန်းအိုးများဖြင့် စိုက်ပျိုး ကြရသည်။ အချို့သော စိုက်ပျိုးသူတို့သည် လေဝင်ပေါက် များများပါသော ဝါးခြင်း၊ သစ်သားခြင်း၊ ဝါးဗူးတောင်းများဖြင့် စိုက်ပျိုးကြလေ သည်။

ပန်းအိုးထဲ၌ ထည့်၍ စိုက်ပျိုးသည့်အခါ အမြစ်များ အိုးထဲ၌ ချောင်ချောင်ချိချိရှိ၍ လေဝင်နိုင် ရန် အိုးခြမ်းကွဲများ ခံပေးရသည်။ အချို့ကမူ အုတ်ကျိုး အပိုင်းအစများကို ထည့်ပေးကြသည်။ ထိုပြင် အုန်းဆန်များ၊ မီးသွေးများကိုလည်း ထည့်၍ စိုက်ပျိုးကြသေးသည်။ နိုင်ငံခြား သစ်ခွဥယျာဉ်များ တွင် အော့စမန်ဒါဖန်းခေါ် ဍရင်ကောက် သစ်ပင်၏ ပင်စည်ကိုလည်း အသုံးပြုကြလေသည်။ သစ်ခွကို အစေ့စိုက်ပျိုးခြင်းသည် အထူးလုပ်ငန်း တစ်ရပ် ဖြစ်ပေသည်။ ပုလင်းထဲတွင်အေဂါခေါ် ကျောက်ကျောတမျိုး၊ သကြား၊ နိုက်တြိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ သံ အစရှိသော အာဟာရ ဓါတ်များကို အချိုးကျထည့်၍ စိုက်ပျိုးကြရသည်။ ထိုသို့စိုက်ပျိုးခြင်းကို မှို အစရှိသော ဖျက်ဆီးတတ် သော သဘောရှိသည့် အပင်မျိုး ပုလင်းထဲမဝင်ရန် အထူးဓာတ်ခွဲခန်းများ၌ ဆောင်ရွက်ရပြီးလျှင် ပေါက်ရောက်လာသော အပင်ငယ်များ ကြီးထွားလာသည်နှင့် အမျှ အခြားပုလင်းများထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးခြင်းကို ပြုကြရလေသည်။

သဇင်ပန်းနှင့် အချို့သစ်ခွမျိုး အနည်းငယ်မှလွဲလျှင် မြန်မာသစ်ခွတို့သည် များသော အားဖြင့် မတ်လ၊ ဧပြီလ၊ မေလတည်းဟူသော မိုးမကျမီ အချိန်များတွင်ဖူးပွင့်ကြသည်။ သို့သော် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများသည်မူ ကြောင်မြီးတူနှင့် စလဲထော်ဟုလည်း ခေါ်ကြသော သစ်ခွမျိုးတို့ ဒလှိုင်ဒသောအချိန် ဖြစ်သည်။ နိုင်ငံခြားမျိုးစပ် သစ်ခွတို့ကား ပြုစုပျိုးထောင်မှုကိုလိုက်၍ အချိန်မရွေး ဖူးပွင့်ကြသည်။ သစ်ခွတို့သည် နုနယ်လှပစွာ ဖူးပွင့်ကြသော်လည်း အပွင့်များသည် မနွမ်းလွယ်၊ မကြေ လွယ်ဘဲ ရက်ကြာရှည် ခံလေသည်။သစ်ခွပန်းတစ်အုံတစ်ဖွဲ့ ဖူးပွင့်လျှင်ပင် ကြည့်မဝ၊ ရှုမဆုံး ရှိကြပေရာ စိမ့်ကြီး မြိုင်ကြီးများအတွင်း၌ သစ်ခွပန်းတို့ ဖူးပွင့်ချိန်သည် ရှုမငြီး အံ့မခန်းစရာ ရှိပေလိမ့်မည်။ သစ်ခွပင်တို့ကို အပွင့်အလို့ငှာ နိုင်ငံခြားများ၌ ကြီးကြီးကျယ်ကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ သစွ်မျိုးတို့မှ ရောင်းဝယ်ဖေါက်ကားနိုင်သော ပစ္စည်းထုတ်လုပ်နိုင်သည့် အပင်မျိုးရှားပါးသည်။ ဗနီလာ သစ်ခွမျိုးခွဲဝင် ဖြစ်သော ဗနီလာပင်မှ ဗနီလာ အမွှေးရည်သည် ထိုသစ်ခွပင်၏ အသီးတောင့်မှ ထုတ်လုပ်ရရှိ၍ ရောင်းဝယ်ဖေါက်ကားနိုင်သော ကုန်ပစ္စည်းတစ်ရပ်ဖြစ်သည်။


သစ်ခွပင်မှ ထုတ်လုပ်ရရှိသော အခြား ကုန်ပစ္စည်းတစ်မျိုးမှာ ဆာလက်ခေါ် ကော်မှုန့်တစ်မျိုးဖြစ်သည်။ ထိုကော်မှုန့်သည် တောင်အမေရိက သစ်ခွအုပ်စုထဲမှ အော်ကစ္စမျိုးခွဲဝင်သစ်ခွများ၊ အရှေ့အိန္ဒိယကျွန်းစု အုပ်စုထဲမှ ယူလိုဖီးယားမျိုးခွဲဝင် သစ်ခွများ၏ အမြစ် ဥတက်များကို အခြောက်လှန်းပြီးလျှင် အမှုန့်ပြုထားခြင်း ဖြစ်သည်။ ထိုအမှုန့်သည် ကော်မှုန့်၊ ပလောပီနံမှုန့်တို့ကဲ့သို့ အစားအစာများ၌၄င်း၊ ဆေးဝါးဖေါ်စပ် ရာ၌၄င်း ထည့်သွင်း အသုံးပြုကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)