သင်္ဘောပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သင်္ဘောပင်
Papaya
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Brassicales]]
မျိုးရင်း [[Caricaceae]]
မျိုးစု [[Carica]]
မျိုးစိတ် '''''C. papaya'''''
ဒွိနာမ
''Carica papaya''

မြန်မာနိုင်ငံ အရပ်ရပ်ရှိအိမ်ဝင်း၊ ခြံဝင်းနှင့် ဥယျာဉ်များတွင် အတွေ့ရ များသောအသီးစားအပင်တစ်မျိုး သည်သင်္ဘောပင်ဖြစ်သည်။ သင်္ဘောသီးသည်လူတို့၏ ကျန်းမာအသက် ရှည်ရေးအတွက် အဖိုးတန်သောအသီး၊ အာဟာရဓာတ်အလွန်များပြားသော အသီးအဖြစ်ကျော် ကြားလှပေသည်။ ကမ္ဘာ့အပူပိုင်းဇုံဒေသနိုင်ငံများ၌ အတွေ့ရ များသော်လည်း စင်စစ်သင်္ဘောပင်သည် မြောက် အမေရိကတိုက်တောင်ပိုင်းအပူပိုင်းဒေသနှင့်အနောက်အိန္ဒိယကျွန်း စုတို့တွင် မူလပေါက်ရောက်ခဲ့သော အပင်မျိုးဖြစ်သည်။

အိန္ဒိယ၊သီဟိုဠ်ကျွန်းစသော ကမ္ဘာ့အပူပိုင်းဒေသများသို့လည်း တစ်စတစ်စမျိုး ပျံ့ခဲ့ရာမှမြန်မာနိုင်ငံသို့လည်းရောက်ရှိခဲ့လေသည်။ သင်္ဘောပင်သည်ကာရီကေစီအီးမျိုးရင်းတွင်ပါဝင်၍ ရုက္ခဗေဒအမည်အားဖြင့် ကာရိကာပါပ ယာဟုခေါ်သည်။

ပုံသဏ္ဍာန်[ပြင်​ဆင်​ရန်​]

ရှင်သန်လွယ်သောအပင်မျိုးဖြစ်၍ အမြင့် ၁၅ပေမှ ပေ၂ဝ ကျော်ခန့်အထိရှိနိုင်သည်။ သစ်နုပင်စည်မျိုးရှိ၍ အကိုင်းအခက်မရှိဘဲအပေါ်သို့ရှူးတက်သွားသောပင်စည်၏ ထိပ်တွင်ထန်းပင်မှထန်းလက်များ ထွက်သကဲ့သို့ သင်္ဘောလက်များစုပြုံ၍ထွက်သည်။ ကြီးမားသော လက်ဝါး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အသီးကြီးမား သည်။ အသီးခွံ ပြောင်ချောပြီး အတွင်းသား ထူသည်။ အဖြူရောင် အစေးများ ထွက်သည်။ အစေ့များစွာ ပါသည်။ သင်္ဘောလက်၏အဖျား၌ နက်ရှိုင်း၍အ ဖျားချွန်သောအဟိုက်ကြီးခုနစ်ခုပါဝင်သည့် လက်ဝါးပုံသဏ္ဌာန်ရှိသောအရွက်ရှိသည်။ အဟိုက်များ၏ အနားသည်လည်းအဖျားချွန်အဟိုက်များပင်ဖြစ်သည်။ အစိမ်း ရင့်ရောင်အရွက်များသည် တစ်ပေကျော်နှစ် ပေခန့်မျှရှိသည့်တိုင်အောင်ကြီးမားကြသည်။ အရွက်များရင့်လာလျှင် ဝါရောင်သန်းလာရာမှ အဝါရောင်ရင့်လာ ကာနောက်ဆုံးတွင် ခြောက်၍သင်္ဘောလက်များကြွေကျသည်။ ပင်စည်တွင်သင်္ဘော လက်ကြွေကျသည့်နေရာများသည် အရာထင်ကျန်ခဲ့လေသည်။ ပင်စည် အသားပွ၍ အဖြူရောင် အစေးများ ထွက်သည်။

ရွက်ညှာတံသည်ခေါင်းပေါက်ရှိ၍ နှစ်ပေခန့်အထိ ရှည်လျားနိုင်သည်။ ထိုရွက်ညှာတံကို မြန်မာနိုင်ငံ၌ သင်္ဘောရိုးဟုခေါ်ကြလေသည်။ သင်္ဘောပင်သည် တစ်ပင်တည်းတွင်အင်္ဂါစုံသောအပွင့်၊ သို့မဟုတ်လိင်စုံသောအပွင့်ပွင့်သည့် အပင်မျိုးလည်း ရှိတတ်သော်လည်းများသောအားဖြင့်အဖိုပွင့်သက်သက်ပွင့်သောအ ပင်၊ အမပွင့်သက် သက်ပွင့်သောအပင်ဟူ၍ခွဲခြားရှိသည်။ အဖိုပွင့်အမပွင့်နှစ်မျိုးလုံးပင် အနံ့သင်းသင်းမွှေး၍ အဝါရောင် ဖျော့​တော့တော ဖြစ်သည်။ အဖိုပွင့်နှင့်အမပွင့်ကွဲပြားချက်မှာအဖိုပွင့်သည် အလက်များကြားမှပွင့်တံရှည်များ ထွက်ပြီး လျှင်အဖျားတွင် တစ်လက်မခန့် လည်ပင်းရှည်သောကတော့ပုံသဏ္ဌာန် အပွင့်ကလေးများ အခိုင်လိုက်ပွင့်သည်။ အချို့ပွင့်တံများသည် နှစ်ပေကျော်သုံးပေခန့်အထိရှည်လျား၍ တွဲလောင်းကျနေသည်။ အမပွင့်သည်ပို၍ကြီးပြီးလျှင်တစ်ပွင့်ချင်းပွင့်၍ပွင့်တံတိုသည်။ ပွင့်ဖတ်ငါးခုပါရှိလေသည်။

အမပွင့်ပွင့်သောသင်္ဘောပင်သည် အခြားအပင်များနှင့်ဝတ်မှုန်ကူးယှက်ခြင်းဖြင့်အသီးသီးသည်။ သို့သော်တစ်ခါတစ်ရံအဖိုပွင့်၌လည်း အစေ့အိမ်ပါတတ်သဖြင့် အဖိုပွင့်ပွင့်သောအပင်မှလည်းအသီး သီးသည်။ ထိုအသီးများသည် အညှာတံတွဲလောင်းရှိသောအသီးများဖြစ်ကြ၍ အသီး များသည်လည်းကြီး ထွားခြင်းမရှိဘဲမှည့်လည်းမမှည့်ချေ၊ ထိုသင်္ဘောသီးမျိုးကို ယိုထိုးစားရန်သာအသုံးပြုကြသည်။ ထို သင်္ဘောပင်မျိုးကို မြန်မာနိုင်ငံတွင်သင်္ဘောပဒေသာပင်ဟု အချို့ကခေါ်ကြလေသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း အင်္ဂါစုံသော၊ သို့မဟုတ်လိင်စုံပါသောအပွင့်ပွင့်သည့်သင်္ဘောပင်တို့ လည်းရှိသေးရာ ယင်းတို့ကလည်းအသီးသီးသည်။ ထိုအပင် မျိုးသည်မူ အခြားအပင်များနှင့်ဝတ်မှုန်ကူးယှက်ရန် မလိုတော့ဘဲ အသီးသီးနိုင်လေသည်။ သင်္ဘောပင်သည် တစ်ပင်လျှင်လိင်တစ်မျိုးဖြစ်၍ အဖိုပင်၊ အမပင်၊ လိင်စုံပင်တို့မှအသီးသီး နိုင်ကြပေရာ သင်္ဘောသီးများ၏ပုံပန်းသဏ္ဌာန်နှင့်အရွယ်အစားသည်လည်း အမျိုးမျိုးအဖုံဖုံဖြစ်၍ အရသာတွင်လည်း ကွာခြားချက်ရှိသည်။ အချို့အသီးများသည်ဘဲဥပုံဖြစ်သည်။ အချို့သည်လုံးဝန်းဝန်း၊ အချို့သည်ရှည်ချွန်းချွန်းဖြစ်သည်။ လုံးဝန်း၍ အစေ့နည်းသောသင်္ဘောသီးသည် အရသာနှင့်ပြည့်စုံ ၍မျိုးကောင်းသည်ဟုဆိုကြသည်။ သင်္ဘောသီးများသည် များသောအားဖြင့် ရှစ်လက်မမှ ၁၄ လက်မ အထိရှည်လျား၍ အချင်းလေးလက်မမှခြောက်လက်မအထိရှိသည်။ အသီး တစ်လုံး၏ အလေးချိန်သည် ငါးပေါင်မှရှစ်ပေါင်အထိ အချိန်စီးနိုင်လေသည်။ သင်္ဘောပဒေသာပင်မျိုးမှလွဲလျှင် အသီးသီးသော သင်္ဘောပင်တို့သည်အပင်၏ အပေါ်ပိုင်းထိပ်ဖျားတွင်တစ်လုံးနှင့်တစ်လုံး ထိကပ်လျှက်ကြပ် ညှပ်နေအောင် သီးသည်။ တစ်နှစ်ပတ်လုံးသီးသော အပင်မျိုးလည်းဖြစ်လေသည်။

သင်္ဘောသီးအတွင်း၌ အစေ့များတည်ရှိသောနေရာသည် ခေါင်းပေါက်ကြီးဖြစ်သည်။ ခေါင်းပေါက်၏နံရံသည် အသီး၏အတွင်းသားဖြစ်၍တစ်လက်မကျော် နှစ်လက်မ နီးပါးခန့်အသားထူသည်။ အသီးနုစဉ်အခါတွင် ထိုအတွင်း သားသည် အဖြူရောင်ဖြစ်၍အရည်ရွှမ်းသည်။ အသီးရင့်လာသည့်အခါ တဖြည်းဖြည်းအဝါရောင်၊ သို့မဟုတ် လိမ်မော်ရောင်သို့ပြောင်းလာသည်။ အသီးခွံ၏အရောင်သည် လည်းစိမ်းရာမှဝါလာသည်။ အသီးမှည့်လျှင်ပျော့လာ၍ ဝါရွှေရောင်တောက်နေသော အတွင်းသား ကိုဇွန်းနှင့် ကော်ခပ်၍စားနိုင်လေသည်။ မျိုးကောင်းသော သင်္ဘောသီးမှည့်သည် ချိုမြမြနှင့်ရင်အေး သွားစေသောအရသာနှင့် ပြည့်စုံသည်။ သင်္ဘောသီးမှည့်ကိုအချို့က ဆားဖြူး၍ လည်းကောင်း၊ ရှောက်ရည်၊ သံ ပုရာရည်ညှစ်၍ လည်းကောင်းစားသုံးကြလေသည်။


ပျိုးထောင်ခြင်း[ပြင်​ဆင်​ရန်​]

သင်္ဘောပျိုးပင်ပေါက်တစ်ပင်

သင်္ဘောပင်ကိုအစေ့ပျိုး၍စိုက်ကြရသည်။ သင်္ဘောပင် သည်ရာသီဥတုပူအိုက်စွတ်စိုသော မြေနိမ့်ဒေသများမှသည်ပေ ၁ဝဝဝအထိမြင့်သောဒေသများတိုင်အောင် ပေါက်ရောက် ဖြစ်ထွန်းနိုင်သည်။ မြေပွ၍ရေဆင်းကောင်းသော နေရာမျိုးကိုနှစ်သက်သော အပင်မျိုးဖြစ်လေသည်။ အလွန်ချမ်းအေးသော ဆောင်းရာသီဒဏ်ကိုမူမခံနိုင်ချေ။ အစေ့များကိုပျိုးသည့်အခါတွင်းငယ်များတူးပြီးလျှင် တစ်တွင်းလျှင်အစေ့လေးငါးစေ့ခန့်ထည့်၍ ပျိုးရသည်။ သို့မဟုတ် သဲမြေတွင် ၁/၄ လက်မခန့် မြှုပ်၍ အလင်းရောင် လုံလောက်အောင် ရသော ကွင်းပြင်တွင် ပျိုးထောင် ပါက ၁၅-၂၀ ရက် အတွင်း အပင် ပေါက်လာသည်။

သင်္ဘောသီး၊ မိုချီယဉ်ကျေးမှု၊ ပီရူးနိုင်ငံ
သင်္ဘောရွက်တစ်ရွက်အား အနီးကပ်တွေ့ရပုံ
အပွင့် ပွင့်နေသော သင်္ဘောပင်တစ်ပင်

ပြောင်းရွှေ့စိုက်ပျိုးခြင်း[ပြင်​ဆင်​ရန်​]

အရွက် လေးရွက် ထွက်ပါက ပျိုးပင် ကလေး များအား ပလတ်စတစ်အိတ် သို့မဟုတ် ကျည်တောက် များတွင် ရွှေ့ပြောင်း ပျိုးယူရသည်။ ပေါက်လာသည့် အပင်ငယ်များအနက်အဖိုပင်များလည်း အများအပြားပါရှိတတ်ရာ အဖိုပင်များကို ရှင်းလင်းဖယ်ရှားပစ်ရသည်။ သို့သော် အမပင်များနှင့် ဝတ်မှုန်ကူးယှက်ခြင်းပြု၍ အမပင်များအသီးသီးနိုင်ရန် အဖိုပင်များကိုလည်း ချန်သင့်သလောက်ချန်ထားရလေသည်။ ပျိုးပင်များ အရွက် ၈ ရွက်ခန့် ထွက်လာပါက ရွှေ့ပြောင်း စိုက်ပျိုး နိုင်သည်။ အကျယ် အနက် ၃ ပေ ခန့် တူး၍ မြေဆွေး မြေဩဇာ များထည့်ပြီး စိုက်ပျိုးရမည်။ အပင် ခြေရင်း၌ လိုအပ်သလို ပေါင်းရှင်း ပေးသင့်သည်။

ပြုစုဂရုစိုက်ခြင်း[ပြင်​ဆင်​ရန်​]

စိုက်စတွင် ရေမှန်မှန် လောင်းပေး သင့်သည်။ အဖို တစ်ပင် ရှိက အမ ဆယ်ပင် အတွက် လုံလောက်သည်။ ရေမဝင်ရန် ဂရုစိုက် ပေးရမည်။ အသီး စိပ်လွန်းလျှင် ကျဲအောင် ခြွေပေး သင့်သည်။ သို့မှသာ အလုံးကြီး၍ ချိုမည်။ သင်္ဘောပင်များသည်ဆယ်လခန့်ကြာလျှင်အပွင့် ပွင့်၍ အသီးများသီးစပြုလေသည်။ ထိုအပင်များသည် ငါးနှစ်ခြောက်နှစ်ခန့်အတွင်းတွင် အသီးအများဆုံးသီး၍ ထိုနောက်တွင်မူအပင်အိုလာသဖြင့်အသီးနည်းလာသည်။ ထိုအချိန်တွင်အပင်များသည်လည်း အလွန်ရှည်မြင့်နေသဖြင့် အသီးများကို ခဲခဲယဉ်းယဉ်းဆွတ်ခူးကြရလေသည်။ အပင် ပျိုစဉ်က တစ်ပင်ထဲတွင်တစ်ချိန်တည်း၌ အသီးအနုအရင့်အလုံး ၅ဝကျော်ခန့်ပင်ရှိတတ်သည်။

ဆွတ်ခူးခြင်း[ပြင်​ဆင်​ရန်​]

အသီးများအလွန် အများအပြားသီး၍ အပင်ထက်၌အသီးများကြပ်ညှပ် လွန်းလျှင် အသီးအားလုံးညှက်သွားတတ်သည်။ ထိုကြောင့် အချို့ အသီးများကို မရင့်မီဆွတ်ခူးပေးကာ ကျန်သောအသီးလုံးများကြီး ထွားစေရသည်။ သင်္ဘောသီးမှည့်များကို ရာသီမရွေး တွေ့ရသော်လည်း အပေါများဆုံးအချိန်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ၊ မတ်လနှင့်ဧပြီလများအတွင်းဖြစ်လေသည်။ သင်္ဘောခြံစိုက်ပျိုးသူများအတွက်အကြံပေးချက်မှာ မူလ စိုက်သည့်အပင်များအသက်ငါးနှစ်ခန့် ရှိလျှင်ထိုအပင်များ ကြားထဲ၌အပင်သစ်များထပ်၍စိုက်သင့်သည်။ သို့မှသာလျှင် အပင်ဟောင်းများကျချိန်၌အပင် အသစ်များက တက်ချိန်ဖြစ်၍ သီးထွက်အလျင်မပြတ်ရနိုင်မည်ဖြစ်လေသည်။

သင်္ဘောပင်များသည် ဘေးကိုင်းများထွက်ခြင်းမရှိဟု ဆိုခဲ့သော်လည်းအပင်အိုလာသည့်အခါ ဘေးကိုင်းများ ထွက်တတ်သည်။ ဘေးကိုင်းများစောစောထွက်စေလိုလျှင် ပင်စည်ထိပ်ဖူးကိုဖြတ်ချပေး ပါကဘေးကိုင်းများခွ၍ ထွက်လာနိုင်လေသည်။ [၁]

သင်္ဘောပင်

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

သင်္ဘောပင်သည် တစ်ပင်လုံးအသုံးဝင်လေသည်။

အသီး[ပြင်​ဆင်​ရန်​]

သင်္ဘောသီး ၌လူကို ကျန်းမာ စေကာ အသက် ရှည်၍ ရောဂါ ကင်းဝေး စေနိုင်သော သတ္တိထူး ရှိ၏။ သင်္ဘောသီး စိမ်းအရည်တွင် သကြားရော၍ တစ်နေ့ ၃ ကြိမ်မျှ သောက်က သရက်ရွက် ကြီးခြင်း ပျောက်၏။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။သင်္ဘောသီး ဝမ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ဝမ်းပျက် ရောဂါ ပျောက်၏။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။သင်္ဘောသီး နုနုကို ဆားနှင့် တို့စားက ဆုံဆို့နာ ပျောက်၏။ မြန်မာဆေးကျမ်းတို့အလိုမှာ သင်္ဘောသီးမှည့်သည် အေး၏။ချို၏။ အတန်ငယ်ငန်၏။ ဓာတ်ဆုံး ၌အတန်ငယ်ခါး၏။ အာပေါပဂ္ဃရဏအစာမျိုးတည်း။ သလိပ် ခြောက်နာ၊ ချောင်းဆိုးသွေးပါနာတို့နှင့်သင့်၏။ ဆီးဝမ်းကို အမှန်သွားစေ၏ဟုဆိုသည်။ ထိုပြင်ဥတုဘောဇနကျမ်း၌ သင်္ဘောသီးမှည့်သည်လေ၊ သည်းခြေကိုနိုင်၏။ ချို၏။ ဝမ်းကိုရွှင်စေတတ်၏ဟုဆိုထားလေသည်။ သင်္ဘောသီးမှည့်သည်ကြာရှည်ခံသော အသီးမျိုးမဟုတ်သဖြင့်ရပ်ဝေးကိစ္စများကို တင်ပို့ရောင်းချ ရန်မဖြစ်နိုင်ချေ။ ထိုကြောင့်မြန်မာနိုင်ငံတွင်အသီးမှည့်ကို တင်ပို့ရောင်းချခြင်းအလို့ငှာ သင်္ဘောပင် များကို စံနစ်တကျအများအပြားစိုက်ပျိုးလုပ်ကိုင်ကြသည်ကိုမတွေ့ရချေ။

အစေ့[ပြင်​ဆင်​ရန်​]

အသီးအတွင်းရှိခေါင်းပေါက်ထဲ၌ ငရုတ်ကောင်းစေ့နှင့် သဏ္ဌာန်တူသောအစေ့များစွာပါရှိသည်။ မျိုးကောင်းသော သင်္ဘောသီးတွင် အစေ့နည်း၍အချို့တွင်အစေ့လုံးဝမပါချေ။ အသီးနုစဉ်တွင်အစေ့တို့ သည်ဖြူသော်လည်းရင့်လာသောအခါ အညိုရောင်အနက်ရောင်များဖြစ်လာသည်။ အစေ့များသည်ခါး သက်သက်အရသာရှိသည်။ ရေငတ်ပြေစေနိုင်သော သတ္တိရှိသည်ဟုသိရလေသည်။ သင်္ဘောသီးမှည့်သည် အလွန်အာဟာရဖြစ်သော ဓာတ်စာတစ်မျိုးပေတည်း။ သင်္ဘောသီးမှည့်ကိုမှန် မှန်မှီဝဲသူတို့သည်နုပျိုစိုပြည်ပြီးလျှင် ကျန်းမာရွှင်လန်းစွာ ရှိနိုင်သည်။ ရောဂါများကိုလည်းခုခံနိုင်စွမ်းရှိ ၍ရောဂါကျ ရောက်ခဲ့သည်တိုင်အောင်လျင်မြန်စွာကင်းစင်ပျောက်ကင်းနိုင်သည် ဟုဆိုကြလေသည်။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ဝမ်းတွင်းရှိ သန်များ ကျ၏။

အစေး[ပြင်​ဆင်​ရန်​]

သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။ အနာ အဖုများနှင့် လူပျိုနာ ကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးစေး လိမ်းပေးက ပျောက်၏။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။ အစေးကို ခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး အခြင် ကြွက်သား စသည့် အစိတ် အပိုင်းများကို ပြုပြင် ရန်နှင့် အစာအိမ် အူသိမ် တို့၏ အတွင်းဆုံး အသားမျှင်များ ပျက်စီး ချွတ်ယွင်းသည့် အနာ အဆာကြောင့် ဖြစ်သော ဗိုက်နာ၊ အူနာ စသော ရောဂါများ ပျောက်ကင်း စေရန် အကောင်းဆုံး ဆေးအဖြစ် သုံးနိုင်သည်။ သင်္ဘောစေးထုတ်ယူရန် အတွက်လည်းမြန်မာနိုင်ငံ၌ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိချေ။ အကြမ်းဖျင်းအားဖြင့် သင်္ဘောဆေးကိုကြက်ပေါင်စေး ထုတ်ယူသကဲ့သို့ထုတ်ယူရရှိနိုင်၍ ထုတ်ယူပြီးနောက်ကြာကြာမဆိုင်းဘဲ တဖြည်းဖြည်းသွေ့ ခြောက်စေပြီးအမှုန့်ပြန်ရသည်။ ထိုအမှုန့်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်ဆေးဖက်ဝင်သော အမှုန့်ဖြစ်လေသည်။ သီဟိုကျွန်းတွင်မူ သင်္ဘောစေးထုတ်ယူရန်အတွက် သင်္ဘောပင်များကိုစိုက်ပျိုး လုပ်ကိုင်ကြသည်။ ၁၉၂၉ခု နှစ်တွင်သီဟိုဠ်ကျွန်းမှ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သော သင်္ဘောစေး တန်ဖိုးသည်စတာလင်ပေါင် ၄၄၉၅၆ ဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံမဒရပ်၊ ဘုံဘိုင်၊ ဗင်္ဂလားနှင့်ဗီဟာပြည်နယ်တို့တွင် အကြီးအကျယ်စိုက်ပျိုးလျက်ရှိလေသည်။

အရွက်[ပြင်​ဆင်​ရန်​]

သင်္ဘောတစ်ပင်လုံးသည်ဆေးဖက်ဝင်သည်ဟု ဆို ကြသော်လည်း အရေးအကြီးဆုံးအပိုင်းသည်အ သီးစိမ်းခွံမှ ထွက်သောအစေးဖြစ်သည်။ သင်္ဘောပင်သည် အစေးများသောအပင်မျိုးဖြစ်၍ ပင်စည်မှ သာမကသင်္ဘောရိုး၊ သင်္ဘောလက်တို့မှလည်းအစေးရသည်။ ထိုအစေးသည် ပါးစောင်ရည် အစာအိမ်ရည်တို့ထက် အစာချေချက်ရာတွင် ပို၍အစွမ်းထက်သောသတ္တိရှိသည်။ အစာမကြေရောဂါ ပြင်းထန်စွာ ခံစားနေရသူများအားကုသရန် ထိုအစေးကို ဆေးပါရဂူကြီးများအသုံးပြုကြသည်။ ထိုပြင် ခန္ဓာကိုယ်အရပ်ရပ်ရှိ ပျက်စီးယိုယွင်းသောအရိုး၊အခြင်၊ကြွက်သား စသောအစိတ်အပိုင်းများကို ပြုပြင်ရန် နှင့်အစာအိမ် အူသိမ်တို့၏အတွင်းကျသော အသားမျှင်တို့ချွတ်ယွင်း၍ ဖြစ်ပွားသောဗိုက်နာ အူနာများ အတွက်လည်းအစွမ်းထက်သော ဆေးတစ်လက်အဖြစ် ဆေးပါရဂူကြီးများကထောက်ခံကြ လေသည်။ ထိုကြောင့်ကမ္ဘာပေါ်၌ အစွမ်းထက်သောဆေးများတွင် သင်္ဘောသီးအစေးလည်းပါဝင်၍ မြန်မာပရ ဆေးများတွင်လည်း သင်္ဘောဆေးပါဝင်သည်ဟုသိရလေသည်။ မြန်မာလူမျိုးတို့သည်သင်္ဘောရွက်ကို ဟင်းသီးဟင်းရွက် အဖြစ်အသုံးနည်းသည်။ သင်္ဘောရွက်သည်ဗီတာမင်စီနှင့်အီးအပြင် စုစုပေါင်း အာဟာရဓါတ်ခြောက်မျိုး ခန့်ပါ၍အာဟာရရှုထောင့်မှကြည့်လျှင် အဖိုးတန်အရွက်ဖြစ်သည်။ သင်္ဘောရွက်နုနုကိုမူလက်ဖက်နှင့် တွဲ၍စားတတ်ကြ၍တစ်ခါတစ်ရံပြုတ်၍လည်းကောင်း၊ မီးအုံး၍လည်းကောင်းတို့စားကြသည်။ သင်္ဘောရွက်သည်ခါးသည့် အရသာရှိသဖြင် လေနာတတ်သူများအတွက်ကောင်းသည်။ ထိုပြင်ဝမ်းချုပ်သူများလည်းသင်္ဘောရွက် ကိုစားပေးသင့်သည်။ အကြောအခြင်နာကြင်သောဝေဒနာများနှင့် ဆင်ခြေထောက် ရောဂါများအတွက် သင်္ဘောရွက်သည် ဆေးဖက်ဝင်သည်ဟုသိရသည်။ သင်္ဘောမြစ်သည် ဖက်ဖုနာနှင့် လိပ်ခေါင်းရောဂါအတွက်ဆေးဖက်ဝင်သည်။ အာဖရိကတိုက်နှင့် အနောက်အိန္ဒိယကျွန်းစုတွင် အခေါက်မှလျှော်ထုတ်ယူပြီးလျှင် ကြိုးကျစ်ကြလေသည်။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။ သကျည်း ကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖြော၍ သို့မဟုတ် မီးကင်၍ ကပ်ပေးသော် ပျောက်၏။ အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။ [၂]

ပေါက်ရောက်ရာနေရာများ[ပြင်​ဆင်​ရန်​]

အိန္ဒိယ၊သီဟိုဠ်ကျွန်းစသော ကမ္ဘာ့အပူပိုင်းဒေသအတော်များများတွင် တွေ့ရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://arogyamonline.com/commodity/materials/?raw=109