ဝဲလန်းတူးမြောင်း

ဝီကီပီးဒီးယား မှ
ဝဲလန်းတူးမြောင်း

ဝဲလန်းတူးမြောင်း (အင်္ဂလိပ်: Welland Canal) သည် မြောက်အမေရိကတိုက်ရှိ အီရီအိုင်နှင့် အွန်တေးရီးယိုးအိုင်နှစ်ခုကို ဆက်စပ်ဖောက်လုပ်ထားသော တူးမြောင်းဖြစ်သည်။ ထိုအိုင်နှစ်ခုကို ဆက်သွယ်လျက်ရှိသော နိုင်အာဂရာမြစ် တွင် နိုင်အာဂရာ ရေတံခွန်တည်ရှိခြင်းကြောင့် သင်္ဘောများသည် ထိုမြစ်ကြောင်းဖြင့် ခရီးတစ်ဆက်တည်း မသွားနိုင်ချေ။ သို့ဖြစ်၍ ၁၈၂၄ - ၁၈၉၂ ခုနှစ်အတွင်းက ထိုအတားအဆီးကို ကျော်လွန်နိုင်စေရန် သစ်သားရေတံခါး ၄ဝ ရှိသော တူးမြောင်းငယ်တစ်ခုကို ဖောက်လုပ်ခဲ့ကြသည်။ ကနေဒါနိုင်ငံ အစိုးရက ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သော လက်ရှိ တူးမြောင်းကို ၁၉၁၂ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ရာ ၁၇ နှစ်ကြာမှ ပြီးသည်။

ဝဲလန်းတူးမြောင်းသည် အလျား ၂၇ မိုင်၊ အကျယ်ပေ ၂ဝဝ ရှိသည်။ အွန်တေးရီးယိုးအိုင်ဖက်တွင် ပို့ဝဲလားမြို့နှင့် အီရိအိုင်ဖက်တွင် ပို့ကိုလဗုန်းမြို့တို့ အသီးအသီးတည်ရှိကြသည်။ ထိုတူးမြောင်းကို ဖြစ်မြောက်အောင် ဖောက်လုပ်နိုင်ခြင်းမှာ အင်ဂျင်နီယာအတတ်ပညာ၏ အောင်မြင်မှုကြီးတစ်ရပ်ဖြစ်ပေသည်။ အီရီအိုင်သည် အွန်တေးရီးယိုးအိုင်ထက် ၁၂၅ ပေ မြင့်သောကြောင့် အိုင်နှစ်ခုကြားတွင် ဖြတ်သန်းလာသော သင်္ဘောကို ရေတံခါး ခုနစ်ခုဖြင့်လိုအပ်သည့်အတိုင်း နှိမ့်ချည် မြှင့်ချည်ပြုလုပ်ပေးရသည်။

ဝဲလန်းတူးမြောင်းသည် မြောက်အမေရိကတိုက် အလယ်ပိုင်းမှ အတ္တလန္တိတ်သမုဒ္ဒရာဘက်သို့ထွက်နိုင်သော ရေကြောင်းလမ်းဖြစ်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို၏ ကုန်သွယ်ရေးအတွက် အရေးပါအရာရောက်သော ခရီးလမ်းဖြစ်သည်။ ထိုတူးမြောင်းကို ၁၉၃၂ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)