ဝေဿန္တရာဇာတ်တော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Thai - Vessantara Jataka, Chapter 11 - While Jujaka Sleeps the Children are Cared For - Walters 35238.jpg

ဝေဿန္တရာဇာတ်တော်မှာ ဂေါတမမြတ်စွာဘုရား၏ ထင်ရှားသော ဇာတ်ကြီးဆယ်ဘွဲ့တွင် နောက်ဆုံးသော ဇာတ်တော်ဖြစ်သည်။ အလှူအတမ်း ရက်ရောသော ဝေသန္တရာ မင်းကြီး၊ သူ၏ ဇနီး ပါရမီဖြည့်ဖက် မဒ္ဒီဒေဝီနှင့် သားတော် သမီးတော် တို့ အကြောင်းကို ရေးဖွဲ့ထားသော ဇာတ်တော်ကြီး ဖြစ်သည်။ ထိုဇာတ်တော်ကြီးကို မင်းဘူး ဦးဩဘာသသည် ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလတွင် ပါဠိတော်မှ မြန်မာသို့ အနက်ပြန်၍ ပြုစုတော်မူသည်။

ဇာတ်ကြောင်း[ပြင်​ဆင်​ရန်​]

မဒ္ဒရာဇ်မင်းနှင့် မိဖုရားကြီး၏ သမီးတော် ဖုဿတီသည် ရှေးဆုတောင်းပြည့်သောကြောင့် မွေးစကပင် ရနံ့မွေးကြိုင်လေသည်။ အရွယ်ရောက်သောအခါ၌လည်း၊ မွှေးကြိုင်၍တင့်တယ်လှပပေသည်။ ထိုဖုဿတီမင်းသမီးနှင့် သိဉ္စည်းမင်းသားတို့ ထိမ်းမြားလက်ထပ်ပြီးနောက် ခမည်းတော် သိဝိမင်းကြီးက သိဉ္စည်းမင်းသားကို ထီးနန်းမွေပါပေးအပ်သဖြင့် ဖုဿတီသည် တောင်ညာစံဒေဝီဖြစ်လာသည်။ တစ်နေ့သော် မိဖုရားကြီးသည် ရွှေမြို့တော်ကို လှည့်လည်ကြည့်ရှုလိုသော ဆန္ဒရှိသဖြင့် အခြွေအရံများရံလျက် လှည့်လည်လေ၏။ ကုန်သည်များသွားသောလမ်းသို့ရောက်လျှင် မိဖုရားကြီးသည် ရုတ်တရက် ဗိုက်နာလာပြီး လမ်းမပေါ်တွင်ပင် သားတော်တစ်ပါးဖွားမြင်၏။ ထိုသို့ လမ်းပေါ်တွင် မွေးသောကြောင့် ထိုခေတ်သုံးသော စကားဖြင့် ဝေဿန္တရာဟု အမည်ပေးလေသည်။ ထိုည၌ကောင်းကင်တွင် ထိုအခါက ကျက်စားနေသော ဆင်ပျံတစ်ကောင်သည် ဆင်ဖြူလေးတစ်ကောင်ကို ချီလာကာ ရွှေနန်းတော်တင်းကုတ်၌ ချထားခဲ့လေသည်။ သိဉ္စည်းမင်းကြီးက ဘုန်းရှင်ကံရှင်ဖြစ်သော သားတော် ဝေဿန္တရာအား အဖိုးထိုက်တန်သော လည်ရွှဲကို ဆင်မြန်းစေ၏။ ငါးနှစ်သားအရွယ်ရောက်သော အခါ မင်းသားလေးက လည်ရွဲကို ချွတ်၍ အထိန်းတော်အားပေးလေ၏။ အထိန်းတော်လည်း မယူဝံ၍ မင်းကြီးထံ အကျိုးအကြောင်းလျှောက်တင်လေသော် ‘‘ငါ၏ သားတော်ပေးလျှင် အပိုင်ယူခွင့်ပြုသည်။’’ဟု မိန့်လေသည်။ ထိုသို့မိန့်တော်မူပြီး သာ၍ကောင်းသော လည်ရွှဲအသစ်တစ်ကုံး ဆင်စေ၏။ ဤသို့ဖြင့် မင်းသားလေးသည် လည်ရွဲကို ကိုးကြိမ်တိတိလှူလေသည်။ ဝေဿန္တရာမင်းသားသည် အသက်ရှစ်နှစ်အရွယ်သို့ ရောက်သောအခါ ဤသို့တွေးတောလေ၏။ ‘‘ငါ့မျက်စိများကို လည်းကောင်း၊ ငါ့အသွေးအသားများကို လည်းကောင်း၊ ငါ့ဦးခေါင်းကို ပင်လည်းကောင်း လှူရန် အာသာပြင်းပြလိုက်တာ၊ သို့တည်း မဟုတ် ကျေးကျွန်အဖြစ် အလှူခံအံ ... ငါသည် ကျွန်အဖြစ် လိုက်သွားမည်တည်း’’ဟူ၍ဖြစ်၏။ ထိုသို့ အကြံပြုနေစဉ် ရွှေမြို့တော်တွင် ထူးဆန်းစွာ ငလျင်တုန်လှုပ်လေသည်။ အသက် ၁၆နှစ် ပြည့်ပြီးသော အခါ မယ်မဒ္ဒီ မင်းသမီးနှင့် ရွှေလက်တော်ဆက်၍ ထိမ်းမြားမင်္ဂလာပြုလေသည်။ ထိုမျှမကသေး ထီးနန်းအရာကိုပင် အပ်နှံခြင်း ခံရလေသည်။ မင်းဖြစ်လျှင် ဝေဿန္တရာသည် အလှူမဏ္ဍပ်ခြောက်ဆောင် ဆောက်စေ၏။ နန်းတွင်း၌ တစ်ဆောင် မြို့လည်၌တစ်ဆောင်၊ မြို့တံခါးလေးခု၌တစ်ဆောင်စီဖြစ်၏။ ခြောက်သိန်းသော တန်ဖိုးရှိ ပစ္စည်းများကို နေ့စဉ်လှူလေသည်။ နောင်အခါ သားတော် ဇာလီနှင့် သမီးတော် ကဏှာစိန်တို့ကို မွေးဖွားလေသည်။ ထိုနှစ်တွင် ကလိင်္ဂရာဇ်တိုင်း၌ မိုးခေါင်၍ သီးနှံများ မအောင်မြင်သဖြင့် ငတ်မွတ်ကြ၏။ ကလိင်္ဂရာဇ် မင်းကြီးလည်း ထုံးစံအတိုင်း မိုးရွာစေရန် ခုနစ်ရက်တိုင်တိုင် အဓိဌာန်ပြု၍ ဥပုသ်ဝင်တော်မူသည်။ သို့သော် မိုးမရွာပေ။ အရပ်ဓလေ့အတိုင်းလည်း နတ်ပသကာ လွန်ဆွဲပွဲများပြုလုပ်လေ၏။ သို့သော် မိုးမရွာချေ။ ထိုအခါမင်းကြီးက၊ ပညာရှိပုရောဟိတ် ပုဏ္ဏားများကို ဆင့်ခေါ်၍ တိုင်ပင်တော်မူ၏။ ပုဏ္ဏားများက ဆင်ဖြူတော်ရှိသော အရပ်၌မိုးကောင်းကြောင်း လျှောက်သောအခါ ဝေဿန္တရာမင်းကြီးထံ အလှူခံရန် အကြံရလေသည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ကို စီး၍ အလှူတော် မဏ္ဌပ်များကို လှည့်လည်ကြည့်ရှုနေစဉ် ပုဏ္ဏားရှစ်ယောက်ရောက်လာပြီး ဆင်ဖြူတော်ကို အလှူခံရာ ဝေဿန္တရာမင်းသည် ဆင်ဖြူတော်သာမက ဆင်ကကြိုးတန်ဆာပါလှူ၍ ဆင်ဦးစီးကိုပါ ခေတ္တငှားလိုက်လေသည်။ ထိုအခိုက် မဟာပထဝီမြေကြီးသည် ငလျင်ဆတ်ဆတ်လှုပ်လေသည်။ ဤသို့ဆင်ဖြူတော်ကို လှူကြောင်းသတင်းပြန့်သွားလျှင် တိုင်းသူပြည်သားများသည် မင်းကြီးကို အလွန်ဒေါသထွက်ကုန်၏။ ဆူပူနေသည်ကို ကြား၍ ခမည်းတော်သိဝိမင်းကြီးထွက်ကြည့်သော် ဝေဿန္တရာမင်းကြီးအား ထီးနန်းစွန့်ခိုင်းရန် ဆူပူကြလေသည်။ ထိုအခါ ခမည်းတော်လည်း ကတိပေးလိုက်လေသည်။ ဝေဿန္တရာမင်းကြီးနှင့် ဖွားဖက်တော်များသည် ကြီးကျယ်သော ဆင်ဖြူတော် အလှူအတွက် ဝမ်းမြောက်ဝမ်းသာနေကြ၏။ ထိုသို့ ပီတိဖြစ်နေစဉ် ခမည်းတော်လွှတ်လိုက်သော မင်းလုလင် အခစားဝင်လာပြီး ငိုယိုကာ ပြည်သူများက ဝေဿန္တရာမင်းအား ထီးနန်းစွန့်စေလိုကြောင်း တင်လျှောက်၏။ ထိုအခါ ဝေဿန္တရာမင်းသည် သူ၏ ခံယူချက်ကို ထုတ်ဖော်မြွက်ဟ၏။ ‘‘ဆင်ဖြူတော်သည် မည်မျှပင်တန်ဖိုးရှိသည်ထား၊ မည်မျှပင် ရထောင့်ရခဲသည်ထား .... ဤဆင်ဖြူလှူလိုက်လျှင် ဤတိုင်းပြည်အတွက် အကျိုးမဲ့စရာများ ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ရင်လည်း တိုင်းပြည်က နှင်ထုတ်က ကျေနပ်စွာပင်လက်ခံသည် ဟု စကားပြန်ချေလော့’’ ဟု ပြောကြားလေ၏။ ထိုသို့ပြော၍ မိဖုရားခေါင်ကြီး မယ်မဒ္ဒီထံသို့ ကြွချီတော်မူသွားပြီး မှာစရာရှိတာမှာကြားလေသည်။ သို့သော် မယ်မဒ္ဒီမှာ ဝေဿန္တရာနှင့် လိုက်မည်ဟုပင် ပြောကြားသော အခါ ဝေဿန္တရာလည်း ခေါ်သွားရန်ဆုံးဖြတ်လိုက်လေသည်။ သားတော်နှင့် သမီးတော် တို့ကို လည်း ခေါ်သွားလေသည်။ လမ်းခရီးတွင် မြင်းအလှူခံနှင့်တွေ့ သော အခါ မြင်းလှူလိုက်ပေသည်။ ထိုအခါ ရထားလုံးတွင် နတ်များ ဖန်ဆင်းထားသော သမင်များရောက်လာလေသည်။ ထို့နောက် ရထားအလှူခံနှင့် တွေ့ရာ ရထားထပ်လှူလေသည်။ ရထားလှူလိုက်သော အခါ သမင်များပျောက်သွားလေသည်။ ဝေဿန္တရာ မိသားစုသည် တောနက်ထဲတွင် နတ်များဖန်ဆင်းသော ရသေ့ဂေဟာ၌ ရသေ့ဝတ်ရန်ဆုံးဖြတ်ကာ အခြွေအရံများကို ပြန်လွှတ်လိုက်လေသည်။ တစ်နေ့တွင် ပုဏ္ဏားတစ်ဦးမှ သားနှင့် သမီးကို အလှူခံရာ လှူလိုက်လေသည်။ ထို့နောက်တွင် သကြားမင်းသည် ဝေဿန္တရာမင်းကို စမ်းသပ်အံ့ဟု ဆိုကာ ပုဏ္ဏားပုံ ဖန်ဆင်း၍ မယ်မဒ္ဒီအား အလှူခံရာ ဝေဿန္တရာက လှူပြန်လေသည်။ ထိုအခါ သကြားမင်းက မယ်မဒ္ဒီအား ပြန်ပေး၍ လိုရာဆုတောင်းစေလိုသည်။ သားတော်နှင့် သမီးတော်ကို အလှူခံသွားသော ပုဏ္ဏားသည် ဝေဿန္တရာ၏ ခမည်းတော်ဆီသို့ ရောက်သွားကာ ဆုငွေများထုတ်ယူပြီး အစားများရာမှ စားပိုးနင့်ပြီး သေဆုံးလေသည်။ ထို့နောက်တွင် ကလိင်္ဂရာဇ်တိုင်းပြည်မှ မိုးမှန်နေပြီဖြစ်သဖြင့် ဆင်ဖြူတော်ပြန်လာအပ်လေသည်။ ထိုအခါ ခမည်းတော်သိဝိမင်းကြီးသည် သားတော်ကို ပြန်ခေါ်ရန် တောထဲသို့ အပေါင်းအပါများဖြင့် သွားလေသည်။ ဝေဿန္တရာသည် ခမည်းတော်၊ မယ်တော်၊ သားတော်နှင့် သမီးတော်တို့ကို တွေ့သောအခါ မေ့လဲလေသည်။ အပေါင်းအပါများ အားလုံးလည်းမေ့လဲလေသည်။ ထိုအခါ သကြားမင်းက မိုးရွာသွန်း၍ သတိပြန်ရစေသည်။ ထို့နောက် ဝေဿန္တရာသည် ရသေ့ဝတ်ချွတ်ပြီး မင်းဝတ်တန်ဆာကို ဆင်၍ ဆင်ဖြူတော်စီးကာ နန်းတော်သို့ ပြန်လိုက်လေသည်။ နန်းတော် ပြန်ရောက်သော အခါ ချုပ်နှောင်ထားသူတို့ကို ဘေးမဲ့ပေး၍ ခုနစ်ရက်တိုင် ပျော်ပွဲရွှင်ပွဲကျင်းပလေသည်။ ပွဲတော်ပြီးသော နေ့တွင် ကောင်းကင်မှ ရတနာရွှေမိုး၊ ငွေမိုးများ ထူးဆန်းစွာ ရွာသွန်းလေသည်။ ဝေဿန္တရာမင်းကြီးသည် ပြည်သူများအား မိမိအိမ်တွင်းရှိ ရတနာတို့အား ယူစေ၍ ကြွင်းသောရတနာတို့အား ဘဏ္ဍာတော်အဖြစ်သိမ်းယူကာ ထိုရတနာတို့ဖြင့် အသက်ထက်ဆုံး အလှူဒါန ပြုလုပ်လေသတည်း။