ဝါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝါး
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးပေါင်းစု Bambusinae
မျိုးရင်း Poaceae

ဝါး ဆိုသည်မှာ “အမြစ်ဆုံမှ အပင်များပွား၍ တစ်ခုတည်းပေါက်တတ်ပြီး ပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်း စသည်တို့ ရက်လုပ်သော အပင်” ဟူ၍ မြန်မာအဘိဓာန်မှ အဓိပ္ပါယ်ဖွင့်ဆိုထားရှိသည်။

ဝါးသည် မြက်မျိုးရင်းတွင် “ဗမ်ဗူဆီအီး” (Bambuseae) အုပ်စုအဖြစ်နှင့် ပါဝင်သည်။ ဝါးမျိုးစုပေါင်း (၂၀) မကရှိရာ အရေးအကြီးဆုံးမှာ “ဗမ်ဗူဆာ” (Bambusinae) “အာရန်ဒီနေရီယာ” (Arundinariinae) နှင့် “ဖစ်လိုစတောင်းခစ်” (Phyllostachys) တို့ ဖြစ်လေသည်။

ကမ္ဘာ့အပူပိုင်းဒေသများတွင် ပေါက်ရောက်လျက်ရှိသော ဝါးသည် သစ်ပင်နှင့်တူသော မြက်ဖြစ်သည်။ ထိုအပင်သည် လွန်စွာအံ့ဩ ဖွယ်ကောင်းပြီးလျှင် အလွန်လည်း လှပလေသည်။ အာရှ၊ အာဖရိကနှင့် အမေရိကတိုက်တို့တွင် ပေါက်ရောက်လျက်ရှိကြသော ဝါးအမျိုးပေါင်းမှာ ၅ဝဝ ခန့်ရှိသည်။ ဂျပန်နိုင်ငံရှိ အလွန်အေးသောဒေသများတွင် အချို့ဝါးမျိုး ပေါက်ရောက်လျက်ရှိသည်ကို တွေ့ရသည်။

ဝါးသည် အမြစ်တစ်ခုတည်းမှာ ပင်စည်ပေါင်း ၁ဝဝ ခန့်အထိ ပေါက်ရောက်နိုင်ရာ အချို့သည် ပေ ၃ဝ၊ ပေ ၅ဝ နှင့် ပေ ၁ဝဝ အထိပင် မြင့်နိုင်လေသည်။ ပေါက်ရောက်ရာတွင်လည်း အလွန်လျင်မြန်သည်။ အချို့ ဝါးမျိုးသည် တစ်နေ့အတွင်း၌ ၁ဝ လက်မအထိပင် မြင့်တက်နိုင်လေသည်။ ဝါးမှ များသောအားဖြင့် အကိုင်းများထွက်လေ့မရှိပေ။ ထိပ်ဖျားလောက်တွင် သာ အကိုင်းများသည် ချုံများသဖွယ် ဖြာထွက်လေ့ရှိသည်။ ထိုအကိုင်းများ တွင် အချို့ဝါးမျိုး၏ ဝါးပွင့်များသည် အခိုင်ကြီးများအဖြစ်နှင့် ပွင့်လေ့ ရှိသည်။ တစ်ခါတစ်ရံတွင် အချို့ဝါးပင်မှာ နှစ်တိုင်းပွင့်လေ့ရှိသော်လည်း

အချို့ဝါးပင်များကမူ လုံးဝ မပွင့်ကြချေ၊ အစေ့များကိုလည်း မြင်ရခဲသည်။ အချို့ဝါးမျိုး၏ အညှောက်များကို လူများက မျှစ်အဖြစ် စားလေ့ရှိကြသည်။ အချို့မျှစ်များကို အချဉ်တည်၍ မျှစ်ချဉ်အဖြစ် စားလေ့ရှိကြသည်။ ဝါးသည် ယင်း၏အလေးချိန်နှင့်စာက အလွန်ခိုင်၍ မာကျောပြီး လျှင် အိလေသည်။ ဝါးပေါက်ရောက်ရာဒေသရှိ လူများသည် ဝါးကို အမျိုးမျိုး အသုံးပြုကြလေသည်။ ဝါးကို အိမ်တိုင်များအဖြစ် အသုံးပြု၍ ဝါး ကိုပင် ခြမ်းပြီးလျှင် အခင်းအဖြစ် အသုံးပြုကြသည်။ အိမ်၏အမိုးနှင့် အကာများအဖြစ်လည်း ဝါးကိုရက်၍ အသုံးပြုလေ့ရှိကြသည်။ အချို့ဝါးကြီး များ၏ အဆစ်ပိုင်းများကို ချက်ပြုတ်ရန်အိုးအဖြစ် အသုံးပြုလေ့ရှိကြသည်။ လေးနှင့်မျှား များကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာပလာများနှင့် အခြားလူအသုံးအဆောင်များ ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြလေသည်။ ယပ်တောင်များ၊ လမ်းလျှောက် တုတ်များနှင့် ငါးမျှားတံများအဖြစ်လည်း ဝါးကိုအသုံးပြုကြသည်။ ရေတန် လျှောက်အဖြစ်လည်း ဝါးကိုခြမ်း၍ အသုံးပြုလေ့ရှိကြသည်။ တံတားများ ပြုလုပ်ရာတွင် ဝါးကို အသုံးပြုလေ့ရှိကြသည်။ ငှက်လှောင်အိမ်၊ ဖျာ၊ ကုလားထိုင်၊ အိပ်ယာနှင့် ပုခက်များကို ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။ ဝါး၏အတွင်းသားကို ထုပြီးလျှင် စက္ကူအမျိုးမျိုးပြုလုပ်နိုင်ရန် ပျော့ဖတ် အဖြစ် အသုံးပြုကြသည်။

မြန်မာနိုင်ငံ၌ ဝါမျိုးပေါင်း ၂ဝဝ ခန့်ရှိသော်လည်း လူသိများသော ဝါးမျိုးမှာ ဝါးပိုး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တင်းလယ်မဲ၊ တင်းဝါး၊ တပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြ သောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖို၊ ကြက်ခတ်မ၊ ဝါးမင်း၊ ခဲလံဝါး စသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် အိမ်တစ်ဆောင်လုံးကို ဝါးဖြင့်ဆောက်လုပ်နိုင် သည့်အပြင် ထမင်းအိုးမွှေသည့် ယောက်မကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ ရှိကြသည်။ ထမင်းအိုး၊ ဟင်းအိုးများတင်ရန် ကရွတ်များကိုလည်း ဝါး ဖြင့်ပင် ပြုလုပ်ကြလေသည်။ ဆန်ထည့်စရာနှင့် ဆန်ပြာစရာ ဗန်း၊ ထမင်းထည့်စရာ ပလုံး၊ အမဲခြောက်လှန်းသော တံစို့၊ မီးမှုတ်သည့် မီး ပြောင်းနှင့် ဈေးဝယ်ရန် လက်ဆွဲခြင်းတို့ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိ ကြသည်။ ကောက်ညှင်းထုပ်များကို ဝါးပိုးရွက်များဖြင့် ထုပ်လေ့ရှိကြသည်။ အိမ်သုံးပစ္စည်းများဖြစ်သော ကွမ်းအစ်၊ ရေခွက်၊ ယွန်းချိုင့်၊ ကျောက်ကာနှင့် အခြားယွန်းထည်ပစ္စည်းများကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြလေသည်။ ခြံစည်းရိုး ကာရာတွင်လည်း ဝါးကို အသုံးပြုနိုင်လေသည်။ အလှကိုင်တုတ်၊ ဝါးဆေးတံ၊ ဝါးဦးထုပ်၊ ဝါးခမောက်၊ ဝါးရေကျည် တောက်နှင့် ကြိုးတို့ကိုလည်း ဝါးဖြင့် ပြုလုပ်နိုင်လေသည်။ လှည်းပေါင်းမိုး ကို ပြုလုပ်ရာတွင်လည်း ဝါးကိုပင် အသုံးချလေ့ရှိကြသည်။ လှေများတွင် လှေထိုးသားများ အသုံးပြုလေ့ရှိကြသော လှေထိုးဝါးများသည် ဝါးများပင် ဖြစ်လေသည်။ နှစ်ဖက်ချွန်ဝါး၊ လေးနှင့်မြား၊ လောက်စာလုံးနှင့် ပစ်ရသော တစ်ပင်တိုင်နှင့် နှစ်ပင်တိုင်ကိုင်းလေးမှာလည်း ဝါးကိုပင် ပြုလုပ်ထားခြင်း ဖြစ်သည်။ မီးသတ်ရန်မီးကပ်၊ ဝါးရင်းတုတ်နှင့် ရွာစည်းရိုးပတ်လည်တွင် ထောင်လိုက်စိုက်လေ့ရှိကြသော ဝါးစူးကြီးများသည်လည်း ဝါးများပင်ဖြစ် သည်။ တံငါ၊ အင်းသမားနှင့် ပိုက်သမားများ အသုံးပြုကြသော မြှုံး၊ ယင်းတန်း၊ ငါးအုပ်ဆောင်းနှင့် မုန့်ဟင်းခါးသည်၊ အညာဆီသည်၊ မုန့်လက် ဆောင်းသည်၊ ရေထမ်းသမားနှင့် အခြားအထမ်းသမားများအတွက် ပခုံး သက်သာစေသော ထမ်းပိုးမှာလည်း ဝါးဖြစ်ပစ္စည်းများဖြစ်သည်။ ဂီတ ဘက်တွင် အသုံးပြုသော ပြွေ၊ ပတ္တလားနှင့် ဝါးလက်ခုပ်တို့သည် ဝါးနှင့် မကင်းကြချေ။ တောင်ဝှေးနှင့် ချိုင်းထောက်တို့သည်လည်း ဝါးများပင်ဖြစ် ကြသည်။

အလှူမဏ္ဍပ်၊ မင်္ဂလာဆောင် မဏ္ဍပ်၊ အစည်းအဝေးညီလာခံမဏ္ဍပ်၊ ပွဲရုံ၊ ဇာတ်ရုံ၊ ပြပွဲရုံ စသည့် ယာယီအဆောက်အအုံများကိုလည်း ဝါးဖြင့် ဆောက်လုပ်ကြသည်။ ဘုရားပုထိုး တိုက်တာ၊ အုတ်အင်္ဂတေတို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံများ တည်ဆောက်ရေးနှင့် ဘုရားကို ရွှေသင်္ကန်းကပ်လှူသည့် ကိစ္စများအတွက် ငြမ်းဆင်ကြရာတွင်လည်း ဝါးကို ပင် အသုံးပြုကြလေသည်။

ဖရဲ၊ ဖရုံ၊ ဘူး၊ သခွား၊ ပဲ စသော အပင်မျိုးတို့ စိုက်ပျိုးသည့် စင်များသည် ဝါးတိုင်များကို စိုက်ထူပြီးလျှင် ဝါးခြမ်းများဖြင့် ကွက်ကျား ရက်ထားသော ဝါးကပ်များတင်ထားသော စင်များဖြစ်ကြသည်။ စပါးများကို လှေ့ကြရာတွင်လည်း ဝါးစင်များဖြင့်ပင် လှေ့လေ့ရှိကြလေသည်။ တောင်သူ လယ်သမားသုံး ပလိုင်း၊ ရိုင်ပတ်၊ ပုတ်စသည်တို့ကို ဝါးဖြင့်ပြုလုပ်ထားကြ သည်။ လယ်တောများတွင် ဆောက်လုပ်ထားကြသည်။ လယ်တောများတွင် ဆောက်လုပ်ထားလေ့ရှိကြသော နွားတင်းကုပ်နှင့် ကနားဖျင်းတို့ကိုလည်း ဝါးဖြင့်ပင် ဆောက်လုပ်ထားကြလေသည်။ ဝါးကွပ်ပြစ်များကိုလည်း မြန်မာ များ လွန်စွာကြိုက်နှစ်သက်ကြလေသည်။ ရေတွင်း၊ ရေကန်များမှ ရေများကို ခတ်ယူသုံးစွဲရာတွင် ဝါးမောင်းတက်များကို အသုံးပြုလေ့ရှိကြသည်။ အိမ် တော်ရာထီး၊ ပုသိမ်ထီးနှင့် ငါးမျှားတံများကို ဝါးဖြင့်ပြုလုပ်ကြသည်။ ရဟန်း သံဃာများအတွက် ကနုတံသည်လည်း ဝါးများဖြစ်ကြလေသည်။ ဝါးသည် မြက်မျိုးရင်းတွင် ဗမ်ဗူဆီအီး အုပ်စုအဖြစ်နှင့် ပါဝင် သည်။ ဝါးတွင် မျိုးစုပေါင်း ၂ဝ မကရှိရာ အရေးအကြီးဆုံးများမှာ ဗမ်ဗူ ဆား၊ အာရန်ဒီနေရီယာနှင့် ဖစ်လိုစတေးခစ်တို့ ဖြစ်လေသည်။[၁]

ဝါးနှင့် ပါတ်သက်သော မြန်မာစကားပုံ[ပြင်​ဆင်​ရန်​]

ဝါးနှင့် ပါတ်သက်သည့် မြန်မာ့စကားပုံများတွင် …

“ဝါးဆွေးကို ချွန်၍မထက်” ဆွေးနေသောဝါးကို ထက်အောင် ချွန်၍မရသကဲ့သို့ ပင်ကိုယ်အရည်အချင်းမရှိသူကို အရည်အသွေး တက်လာအောင် ပြုပြင်၍မရပေ။

“ဝါးနားပင်း[၂] ရေသွင်း၍မဝင်” ဝါးနားပင်းပိတ်ထဲသို့ ရေသွင်း၍ မဝင်နိုင်သကဲ့သို့ ခံယူနိုင်စွမ်းမရှိသူအား မည်မျှပင် သင်ပြပြောဟောစေကာမူ မတတ်မြောက်နိုင်၊ နားမဝင်နိုင်ပေ။ ဥပမာ - “အာပေါက်အောင် ပြောကြ ရေးကြသော်လည်း ဝါးနားပင်းကို ရေသွင်း၍မဝင်သကဲ့သို့ ကျောကမှမကြား …” “ဝါးနားပင်းကို ရေသွင်း၍မဝင် သကဲ့သို့ ဟောရင်းသာ ပျံတော်မူရမည်။”

“ဝါးလုံးခေါင်းထဲ လသာ” ဝါးလုံးခေါင်းအတွင်း၌ လသည် အရာမဟုတ်ဘဲ သာသည် ဆိုသကဲ့သို့ ကျဉ်းမြောင်းသော အသိုင်းအဝန်းအတွင်း အရာမဟုတ်ဘဲ ဟန်ရေးပြသည်။ ဥပမာ - “သူ့နေရာနှင့်သူ ဆင်ပြင်ရတယ်ကွ၊ နေရာမဟုတ် နေရာလုပ်ပြီး ဝါးလုံးခေါင်းထဲ လသာ လာကြတယ်ဟုတ်လား။”

“ဝါးလုံးနင်းမိတုံး၊ ဝါးခြမ်းနင်းမိတုံး” “ဝါးစေ့ ဆိတ်စား၊ ကုလားရွှေခွက်နင်း” “ဝါးဆွေး ကွေး၍မရ” “ဝါးတစ်ရုံလုံး၊ ဘုန်းကြီးတောင်ဝှေး” “ဝါးတော ဆင်နင်းသလို” “ဝါးလုံးချေးသုတ် စကားပြောသလို” “ဝါးအစည်း ပြေသလို” “ဝါးမျက်ကြောင့် ဓားပျက်”

ပုံသဏ္ဍာန်[ပြင်​ဆင်​ရန်​]

ဝါးပင်တစ်ပင်ကို အမြစ်ပိုင်း၊ ပင်စည်ပိုင်းနှင့် အဖျားပိုင်းဟူ၍ (၃) ပိုင်းခွဲခြားနိုင်သည်။ အမြစ်ပိုင်းသည် လူတို့အတွက် ဆေးအိုးတံများ၊ တောင်ဝှေးခေါင်းနှင့် အလှအပ ပစ္စည်းအဖြစ် လုပ်နိုင်သည်။ ပင်စည်ပိုင်းကို လူတို့အတွက် အသုံးဝင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည်။ အဖျားပိုင်းရှိ အရွက်များကို နွားစာအဖြစ်ဖြင့် လည်းကောင်း၊ ဆေးဝါးအဖြစ်ဖြင့် လည်ကောင်း အသုံးပြုနိုင်သည်။ ဝါးအစေ့ကို ချက်ပြုတ်စားသုံးနိုင်သည်။

ဝါးသည် အပူပိုင်းဒေသများတွင် အများအပြားပေါက်ရောက်ကြပြီး၊ သစ်ပင်နှင့်တူသော မြက်ကြီးပင်မျိုးပင် ဖြစ်သည်။ ဝါးသည် လွန်စွာမှပင် အံ့ဩဖွယ်ကောင်းပြီးလျှင် အလွန်လည်း လှပလှသည်။

ဝါးသည် အမြစ်တစ်ခုတည်းမှ ပင်စည်ပေါင်း ၁၀၀ ခန့်အထိ ပေါက်ရောက်နိုင်သည်။ အချို့ဝါးပင်များသည် ပေ ၃၀၊ ပေ ၅၀ နှင့် ပေ ၁၀၀ အထိပင် မြင့်ကြသည်။ ပေါက်ရောက်ရာတွင်လည်း အလွန်ပင်လျင်မြန်သည်။ အချို့သော ဝါးမျိုးများသည် တစ်နေ့အတွင်း၌ ၁၀ လက်မအထိပင် မြင့်တက်လာသည်။ ဝါးမှ အများအားဖြင့် အကိုင်းများ ထွက်လေ့မရှိပေ။ ထိပ်ဖျားလောက်တွင်သာလျှင် အကိုင်းများသည် ချုံများသဖွယ် ဖြာထွက်လေ့ရှိသည်။ ထိုအကိုင်းများတွင် အချို့ဝါးမျိုး၏ ဝါးပွင့်များသည် အခိုင်ကြီးများအဖြစ်နှင့် ပွင့်လေ့ရှိကြသည်။

တစ်ခါတစ်ရံတွင် အချို့သော ဝါးပင်များမှာ လုံးဝမပွင့်ကြချေ။ ဝါး၏အစေ့များကိုလည်း မြင်ရခဲသည်။ အချို့သော ဝါးမျိုးများ၏ အညှောက်များကို လူအများက “မျှစ်”အဖြစ် စားသုံးကြသည်။ မျှစ်များကို တာရှည်ခံအောင် အခြောက်အချဉ်များ ပြုလုပ်၍ စားသုံးကြပါသည်။

ဝါးအသုံးဝင်ပုံ[ပြင်​ဆင်​ရန်​]

ဝါးသည် အလေးချိန်နှင့်စာက အလွန်ခိုင်၍ မာကျောပြီးလျှင် အိလေသည်။ ဝါးပေါက်ရောက်ရာဒေသရှိ လူများသည် ဝါးကို အိမ်တိုင်များအဖြစ် အသုံးပြု၍ ဝါးကိုပင်ခြမ်း၍ အခင်းအဖြစ် အသုံးပြုကြသည်။ အိမ်၏ အမိုးနှင့်အကာအဖြစ်လည်း ဝါးကိုရက်၍ အသုံးပြုလေ့ရှိပါသည်။

အချို့ဝါးကြီးများ၏ အဆစ်အပိုင်းများကို ချက်ပြုတ်ရန် အိုးအဖြစ် အသုံးပြုကြသလို ရေထည့်ရန် ပုံးအဖြစ်လည်း အသုံးပြုကြပါသည်။

လေးနှင့် မြား၊ လိုက်ကာများ၊ ကစားစရာများ၊ ကိရိယာတန်ဆာပလာများနှင့် အခြားလူ့အသုံးအဆောင် များကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြပါသည်။

ရေတံလျှောက်အဖြစ်လည်း ဝါးကိုပင်ခြမ်း၍ အသုံးပြုလေ့ရှိကြသည်။ တံတားများပြုလုပ်ရာတွင်လည်း ဝါးများကိုပင် အသုံးပြုလေ့ရှိကြသည်။ ငှက်လောင်အိမ်များ၊ ဖျာ၊ ကုလားထိုင်၊ အိပ်ရာ၊ ပုခက်များနှင့် တောင်းအမျိုးမျိုးကိုလည်း ဝါးများဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။

ဝါး၏ အတွင်းသားကိုထုပြီးလျှင် စက္ကူအမျိုးမျိုး ပြုလုပ်နိုင်ရန် ပျော့ဖတ်အဖြစ် အသုံးပြုကြပါသည်။

မြန်မာနိုင်ငံတွင် ဝါးအမျိုးအစားများ ပေါများလှသည့်အတွက် အိမ်တစ်ဆောင်လုံးကို ဝါးဖြင့်ပင် ဆောက်လုပ်နိုင်သည့်အပြင် ထမင်းအိုးမွှေသည့် ယောင်းမကိုလည်း ဝါးဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။ ထမင်းအိုး၊ ဟင်းအိုးများတင်ရန် “ကရွတ်”များကိုလည်း ဝါးဖြင့် ပြုလုပ်ကြသည်။ ဆန်ထည့်စရာနှင့် ဆန်ပြာစရာ ဗန်း၊ ထမင်းထည့်စရာ ပလုံး၊ လက်ဆွဲခြင်း စသည်တို့ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။

ကောက်ညှင်းထုပ်များကို ဝါးပိုးရွက်များဖြင့် ပြုလုပ်လေ့ရှိကြသည်။ အိမ်သုံးပစ္စည်းများဖြစ်ကြသော ကွမ်းအစ်၊ ရေခွက်၊ ယွန်းချိုင့်၊ ကျောက်ကာနှင့် အခြားယွန်းထည်ပစ္စည်းများကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။

ခြံစည်းရိုးကာရာတွင်လည်း ဝါးကိုပင် အသုံးပြုသကဲ့သို့ အလှကိုင်တုတ်၊ ဝါးဆေးတံ၊ ဝါးဦးထုပ်၊ ဝါးခမောက်၊ ဝါးရေကျည်တောက်နှင့် ကြိုးတို့ကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။

လှည်းပေါင်းမိုး၊ လှေထိုးဝါးများကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြသည်။

နှစ်ဖက်ချွန်ဝါး၊ လောက်စာလုံးနှင့်ပစ်ရသော တစ်ပင်တိုင်၊ နှစ်ပင်တိုင် ကိုင်းလေးမှာလည်း ဝါးကိုပင် ပြုလုပ်ထားခြင်း ဖြစ်သည်။

မီးသတ်ရန်အတွက် မီးချိတ်၊ မီးကပ်နှင့် ရွာပတ်လည်တွင် စိုက်ထားကြသော ဝါးစူးကြီးများသည်လည်း ဝါးများပင်ဖြစ်သည်။

တံငါ၊ အင်းသမားနှင့် ပိုက်သမားများ အသုံးပြုကြသော မြှုံး၊ ယင်းတန်း၊ ငါးအုပ်ဆောင်းနှင့် ထမ်းပိုးများလည်း ဝါးဖြင့် ပြုလုပ်ထားကြခြင်း ဖြစ်ပါသည်။

ဂီတဘက်တွင်အသုံးပြုသော ပလွေပတ္တလားဝါးလက်ခုတ်တို့ကို ဝါးဖြင့်ပင် ပြုလုပ်ကြသလို တောင်ဝှေးနှင့် ချိုင်းထောက်များကိုလည်း ဝါးဖြင့်ပင် ပြုလုပ်ကြပါသည်။

အလှူမဏ္ဍပ်၊ မင်္ဂလာဆောင်မဏ္ဍပ်၊ ပွဲရုံ၊ ဇာတ်ရုံ၊ ပြပွဲရုံ စသည်ဖြင့် ယာယီအဆောက်အအုံ၊ ယာယီမဏ္ဍပ်များကို ဝါးဖြင့်ဆောက်လုပ်ကြပါသည်။

ဘုရား၊ ပုထိုး၊ တိုက်တာအဆောက်အအုံများကို တည်ဆောက်ရေး၊ ပြုပြင်ရေး၊ ဘုရားကိုရွှေချ၊ သင်္ကန်းကပ်လှူသည့်ကိစ္စများတွင် “ငြမ်း”ဆင်ရာ၌ ဝါးကိုပင် အသုံးပြုကြသည်။

သီးနှံပင်များ၏ စင်များကိုလည်း ဝါးတိုင်များစိုက်ထူပြီးလျှင် ဝါးခြမ်းဖြင့် ကွက်ကျားရက်ထားသော ဝါးကပ်များတင်ထားသော စင်များဖြစ်ကြသည်။

စပါးများကို လှေ့ကြရာတွင်လည်း ဝါးစင်များဖြင့်ပင် လှေ့ကြပါသည်။ တောင်သူလယ်သမားသုံး ပလိုင်း၊ ရိုင်ပတ်၊ ပုတ် စသည်များတို့ကို ဝါးဖြင့်ပင် ရက်လုပ်ကြသည်။

လယ်တောများတွင် ဆောက်လုပ်ထားရှိသော နွားတင်းကုပ်နှင့် ကနားဖျင်းတို့ကိုလည်း ဝါးဖြင့်ပင် ဆောက်လုပ်ကြပါသည်။

ကြက်ခြံ၊ ဝက်ခြံ၊ ယင်လုံအိမ်သာများကိုလည်း ဝါးဖြင့်ပြုလုပ်ကြသလို ရဟန်းသံဃာများအတွက် ကနုတ်တံသည်လည်း ဝါးဖြင့်ပင် ပြုလုပ်ကြပါသည်။

မြန်မာနိုင်ငံရှိ ဝါးအမျိုးအစားများ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဝါးမျိုးစုပေါင်း ၂၀၊ ဝါးအမျိုးပေါင်း ၂၀၀ ခန့်ရှိသည်။ ထင်ရှားသော ဝါးအမျိုးများမှာ -

ကရင်ဝါး (ဘရောင်းဝါး)၊ ကြခတ်ဝါး (ငကြက်ဝါး - ဝါးကြက်)၊ ကြသောင်းဝါး၊ ဂျဝါး၊ တစ်ပင်တိုင်ဝါး၊ တမြင်ဝါး၊ တင်းဝါး၊ ထီးရိုးဝါး၊ ပလောပီနံဝါး၊ မျှင်ဝါး၊ ရေဝါး၊ လစ်ဝါး၊ ဝါးကုပ် (ဝါးနွယ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ မဲနယ်၊ ဝါးဖြူကြီး၊ ဝါးကောက်)၊ ဝါးကြီး၊ ဝါးထွန်း၊ ဝါးယား၊ ဝါးဖြူ၊ သိုက်တံတားဝါး၊ ကျလို့ဝါး၊ ဝါးဘိုးကြီး၊ ဝါးဘိုး၊ ချက်ဆန်ကျယ်၊ ဝါးဘိုးအေ၊ သိုက်ဝါး (ဝါးပြောက်)၊ ဝါးပြောက် (တနင်္သာရီ)၊ ဝါးသပွတ်၊ သနပ်ခါး၊ သိုက်ဝါး (ကြက်ဝါး) စသည်တို့ ဖြစ်ကြသည်။

ဝါးဖြစ် ပစ္စည်းများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. , ဝါးနားပင်း = အသားထူကျစ်၍ အခေါင်းပိတ်နေသောဝါး။