ဝတ္တု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ဝတ္ထု နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

ဝတ္တု[ပြင်​ဆင်​ရန်​]

ကျွန်ုပ်တို့သည် ငယ်စဉ်က မိခင်၏ပေါင်ကို ခေါင်းအုံးကာ ပုံ ဝတ္တုများကို နားထောင်ယင်း အိပ်ပျော်ခဲ့ကြ၏။ သိတတ်ခါစ ကလေး အရွယ်တွင် ထိုပုံဝတ္တုများမှ အကြောင်းအရာများကို အတုခိုး၍ ကစား နည်းအမျိုးမျိုးကို စိတ်ကူးယဉ်ကစားခဲ့ကြသည်။ စာဖတ်နိုင်သော အရွယ်သို့ ရောက်သော် ဝတ္တုများကိုဖတ်၍ စိတ်ကူးယဉ် အတွေးနယ်ချဲ့ခဲ့ကြသည်။ အသက် အနည်းငယ်ရလာသောအခါ မြောက်မြားလှသော လောကီကိစ္စအဝဝ ကြားမှပင် ရံဖန်ရံခါ စိတ်အပန်းဖြေသောအားဖြင့် ပုံဝတ္တုများကိုဖတ်၍ မွေ့ လျော်ကြသည်။ အိုမင်းမစွမ်းရှိသော အခါ၌လည်း မိမိငယ်စဉ်က ဖတ်ခဲ့ဖူး သော ပုံဝတ္တုများကို တစ်ဆင့်ပြောကြားခြင်းဖြင့် ပျော်မွေ့ကြလေသည်။ စင် စစ်ပုံဝတ္တုများသည် လူ့လောကကြီး၌ ကြုံတွေ့ရသော ငြီးငွေ့စက်ဆုပ်ဖွယ် အပေါင်းမှ တဒင်္ဂမျှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းရှာမှုဖြစ်၏။ ပမာ အားဖြင့် အိမ်၌လူများ၍ ဆူညံလွန်းသဖြင့် စိတ်ညစ်နေသူသည် နာအေး အောင် ခြံထဲသို့ထွက်၍ သဘာဝအလျောက် စိမ်းလန်းစိုပြေနေသော ပတ် ဝန်းကျင်အခြေအနေများကိုကြည့်၍ စိတ်၏လွတ်မြောက်ရာ ဖြစ်စေသကဲ့သို့ လောကကြီး၏ ငြီးငွေ့စိတ်ပျက်ဖွယ်များမှ မေ့ပျောက်လွတ်မြောက်လိုသည့် အခါများ၌ ဝတ္တုကိုဖတ်၍ စိတ်အပန်းဖြေကြရလေသည်။

ဝတ္တုဆိုသည်မှာ လူတို့၏အဖြစ်အပျက် ဇာတ်ကြောင်းကို စိတ် ကူးယဉ်နှင့် ရေးသားထားသောပုံပြင်ဖြစ်၏။ မည်သူ့အကြောင်းကိုမဆို မူ တည်၍ရေးနိုင်လေသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သော ဧကရာဇ်ဘုရင် မင်းမြတ်မှ သူတောင်စားအထိ၊ ဘုရားဆုပန် သူတော်သူမြတ်မှ အကျင့် ဖောက်ပြားသော သူယုတ်မာအထိ မိမိဝတ္တု၏ ဇာတ်လိုက်အဖြစ်ရေးနိုင်လေ သည်။ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟျူးဂိုးရေးသားသော လားမီဇာရေးဗဲ ဝတ္တု၏ဇာတ်လိုက်သည် ဆင်းရဲသောပေါင်မုန့်သူခိုး ထောင်ထွက်ကြီးဖြစ်၍ ပထမဆုံးစာပေဗိမာန်ဆုရ စာရေးဆရာမင်းအောင်၏ မိုးအောက်မြေပြင်ဝတ္တု ၌လည်း တောသူကလေးနှင့် ကျေးလက်တောရွာ ပြုပြင်ရေးသမားတို့သည် ဇာတ်လိုက်များဖြစ်၏။ ဝတ္တုဇာတ်လိုက်တို့ကား စာရေးဆရာတို့၏ကလောင် ဖြင့် ကြိုက်သလိုဖန်ဆင်းခြင်းခံရသော ဇာတ်လိုက်သည်။ လူ့လောကတွင် အကယ်ပင်ရှိသကဲ့သို့ ကျော်စောတော့၏။ အင်္ဂလိပ်စာရေးဆရာကြီး ဆာအာ သာကိုနင်ဒွိုင်းသည် ရှားလော့ဟုမ်း စုံထောက်ဝတ္တုများကိုရေးခဲ့ရာ စာဖတ် သူတို့၏စိတ်တွင် စုံထောက်ကြီးရှားလော့ဟုမ်းသည် ဗေကာလမ်း၌ အကယ် ပင်ရှိလိမ့်မည်ဟုထင်ကြလေသည်။ လူတို့၏စိတ်၌ မည်မျှ တကယ့်သက်ရှိသူ လူဟုထင်သနည်းဟူမူ တစ်ခါက ပြင်သစ်နိုင်ငံမှ ကျောင်းသားကလေးများ အင်္ဂလန်ပြည်သို့ရောက်လာရာ မည်သည့်အရပ်သို့ဦးစွာသွား၍ ကြည့်လိုသ နည်းဟုမေးသော် အင်္ဂလန်ပြည်၏ကျက်သရေဆောင်များဖြစ်သော နန်းတော် ကြီးများ၊ ဘုရားရှိခိုးကျောင်းကြီးများကို ကြည့်လိုသည်ဟုမပြောဘဲ ဗေကာ လမ်းရှိ ရှားလော့ဟုမ်းအိမ်ကိုသွားကြမည်ဟု တစ်သံတည်းပြောကြသောဟူ ၏။

ဝတ္တုကောင်းတစ်ခု၌ ရှိအပ်သောအရည်အချင်းများကား ငါးမျိုးရှိ ၏။ ယင်းတို့မှာ ဇာတ်လမ်းကောင်းခြင်း၊ လူ့သဘာဝအဖွဲ့ကောင်းခြင်း၊ ဇာတ်ကွက်က နောက်ခံဖြစ်သော အခြေအနေ ဆီလျော်ခြင်း၊ စာရေးသူ၏ အထင်အမြင်ဖြစ်သော လောကသဘာဝအဖွဲ့ကောင်းခြင်းနှင့် အရေးအသား အသုံးအနှုန်း ရှင်းလင်းပြတ်သားခြင်းတို့ဖြစ်၏။ ဝတ္တုကောင်းတစ်ပုဒ်မှာ ထို အချက် ငါးချက်စလုံးညီမျှ ပါရှိရန်လိုလေသည်။

ဝတ္တုရေးဆရာသည် အိမ်ဆောက်ဗိသုကာနှင့်တူသည်။ အိမ်ဆောက်သူသည် မဆောက်မီ အိမ်ပုံစံအချိုးအစားကိုရေးဆွဲပြီးမှဆောက်လျှင် အိမ်အချိုးအစားကျနသကဲ့သို့ ဝတ္တုကောင်းရေးလိုသူသည်လည်း ဇာတ်ကွက် ဇာတ်အိမ်ကို သေသေချာချာစဉ်းစား၍ ဇာတ်ကွက်ချပြီးမှ ရေးရန်လိုလေ သည်။ စာရေးဆရာကြီး တောမတ်ဟာဒီသည် ကိုယ်တိုင်ကပင်အင်ဂျင်နီယာ ကျောင်းသားဟောင်းဖြစ်ရကား အိမ်ပုံစံစနစ်တကျဆွဲပြီးမှ အိမ်ဆောက်ခြင်း ၏ ကောင်းမွန်ပုံကိုသဘောကျသည့်အလျောက် ဝတ္တုရေးသည့်အခါ ဇာတ် လမ်းကို ဦးစွာစဉ်းစားရေးဆွဲပြီးမှ ရေးသဖြင့် သူ၏ဝတ္တုများမှာ အပိုအလို မရှိ ဇာတ်လမ်းဇာတ်ကွက်ကောင်းမှုကြောင့် ကမ္ဘာကျော်ခဲ့လေသည် ။ သို့ရာတွင် အင်္ဂလိပ်ဝတ္တုများသည် များသောအား ဖြင့် ဇာတ်လမ်းတိတိကျကျမရှိ၊ မလိုသောအချက်များ ပါလေ့ရှိသည်ကို တွေ့ရလေသည်။

စာရေးဆရာကြီးများဖြစ်သောဆာဝေါ်လတာ စကော့နှင့် ချားဒစ်ကင်းတို့၏ ဝတ္တုများသည်ကျန်အချက်များနှင့်ပြည့်စုံ၍ နာမည်ကျော် သော်လည်း ဇာတ်လမ်းမှာအဆင်ပြေညီညွတ်ခြင်းမရှိ၊ မပိုသင့်ဘဲ ပိုနေသည့် အကွက်များပါနေသည်ကိုတွေ့ရလေသည်။ ဝတ္တုကောင်းရေးသားရာ၌ ဇာတ် လမ်းကောင်းရုံဖြင့် ပြည့်စုံသည်ဟုမခေါ်နိုင်ချေ။ နာမည်ကျော် ဝတ္တုရေးဆရာ ကြီး ဆာရိုက်ဒါဟ်ကဂဒ်၏ ဝတ္တုများသည် ဇာတ်လမ်းဇာတ်ကွက်ချပုံ အလွန်ကောင်းသော်လည်း လောကသဘာဝအဖွဲ့ဟုခေါ်သော လူ့လောကအ ကြောင်း မှတ်သားဖွယ်ဟူ၍မပါ။ လူ့သဘာဝအဖွဲ့ဟုခေါ်သော လူတစ်ဦးတစ် ယောက်၏စိတ်ဓာတ်ကို ကွင်းကွင်းကွက်ကွက် ဖော်ပြခြင်းမရှိမှုကြောင့် လူ ကြိုက်မများခြင်းဖြစ်လေသည်။ အမှန်အားဖြင့် ဝတ္တုရေးဆရာတို့သည် မိမိ တို့ရေးသားသည့် ဇာတ်လမ်းသည်မည်သူ့ကြောင့် ဖြစ်ပျက်ရသည်ကို ထို သူ၏စိတ်ဓာတ်ကို ဇာတ်လမ်းရေးသွားရင်း ကွင်းကွင်းကွက်ကွက်ပေါ်လွင် အောင် ဖော်ပြဖို့လိုလေသည်။ ဝတ္တုကောင်းတို့၏ အခြားအင်္ဂါရပ်တစ်ခုဖြစ်သော ဇာတ်လမ်း၏ နောက်ခံကောင်းရှိရေးကိုလည်း ဝတ္တုရေးဆရာတို့ ဂရုစိုက်ဖို့လိုလေသည်။ စာပေလောကတွင် နောက်ခံအခြေအနေကောင်း၍ ကျော်ကြားရသော ဝတ္တု များစွာရှိ၏။ ဆာဝေါ်လတာစကော့ ရေးသားသောဝတ္တုများသည် အဘယ် ကြောင့် ဝတ္တုကောင်းများအဖြစ် ကျော်ကြားရသနည်းဟူမူ သူ၏ ဝတ္ထုများ ၏ နောက်ခံများသည် ရှေ့ခေတ်စကော့တလန်ပြည်၏ အနေအထိုင် အပြော အဆို ယဉ်ကျေးမှုများကို ခေတ်၏ကြေးမုံသဖွယ် ထည့်သွင်းရေးသားခြင်း ကြောင့်ဖြစ်လေသည်။ မြန်မာစာရေးဆရာကြီး ဦးလတ်၏ စံပယ်ပင်နှင့် ရွှေ ပြည်စိုးဝတ္တုများကို လူကြိုက်များခြင်းမှာလည်း နောက်ခံကောင်းမှုကြောင့် တစ်ကြောင်းဖြစ်သည်ဟု ဆိုရပေမည်။ ထိုဝတ္တုများတွင် အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံတွင် နေထိုင်စားသောက် ပေါင်းသင်းဆက်ဆံမှု မည်ကဲ့သို့ပြောင်းလဲလာပုံကို ကွက်ကွက်ကွင်းကွင်းပေါ် အောင် ဖော်ပြထားလေသည်။ နောက်ခံကောင်း ရှိရန်ထက် လောကသဘာဝအဖွဲ့ကို နိုင်နိုင်နင်း နင်းဖွဲ့နိုင်ရန်လိုလေသည်။ လောကတွင်ရှိသော လူတို့၏သဘာဝ အနေအ ထိုင် လူတို့တွေ့ကြုံနေရသော သုခဒုက္ခများအကြောင်း စသောလောက၌ မည်သို့မျှ လွှဲဖယ်၍မရသောသဘာဝအဖြစ်အပျက်များကို ထင်ရှားအောင်ရေး နိုင်ရန် အထူးလိုလေသည်။ အင်္ဂလိပ်စာရေးဆရာကြီး တောမတ်ဟာဒီ၏

ဝတ္တုများ အလွန်ကျော်ကြားရခြင်းမှာ လူ့လောကအကြောင်း ကွက်ကွက် ကွင်းကွင်းပေါ်အောင်ရေးသားနိုင်မှုကြောင့်ဖြစ်၏။ လူ့လောကတွင် ကံကို မည်သူမျှမလွန်ဆန်နိုင်၊ ကံစီမံရာ ခြယ်လှယ်ရာခံရသည်။ ကံက သေဆိုသေ ရှင်ဆိုရှင်ရသည် စသည်ဖြင့် လူ့လောကသဘာဝကို သူ့အမြင်ဖြင့် ရေးသား ထားခဲ့လေသည်။ ဝတ္တုများကိုရေးသားရာ၌ မည်မျှပင်စိတ်ကူးယဉ်ယဉ်နှင့် ရေးထားစေကာမူ လူ့သဘာဝနှင့်ဆန့်ကျင်အောင်မရေးအပ်ချေ။ လူ့သဘာဝ နှင့်ဆန့်ကျင်ကာ မဖြစ်နိုင်သည်များကို ကွေ့ကောက်ရေးထားသော ဝတ္ထုမျိုး မှာ အညံ့ဆုံးဖြစ်လေသည်။ ရှေးနှစ်ပေါင်း ၁ယဝဝဝ လောက်က ယခုခေတ် ဝတ္ထုမျိုးမရှိခဲ့ဘူး ချေ။ ဒဏ္ဍာရီပုံပြင်များသာရှိလေသည်။ ရှေးဟောင်းဂရိနှင့် ရောမနိုင်ငံတို့ တွင်လည်း ဒဏ္ဍာရီပုံပြင်များရှိခဲ့သည်။ နိုင်ငံတိုင်း၌ပင် သက်ကြီးစကား သက်ငယ်ကြားသည့် ပုံပြင်များကို တစ်ဖန် တေးသီချင်းများစပ်၍ သီဆိုကြ ခြင်းဖြင့် ပုံဝတ္ထုများကို ဖြစ်ပေါ်စေခဲ့လေသည်။ အလယ်ခေတ်လောက်က ဥရောပတွင် ရိုမန့်ခေါ် စိတ်ကူးယဉ်ဝတ္ထုများပေါ်လာခဲ့ရာ လူတို့၏စိတ်ကူး၌ ဖြစ်စေချင်သော အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်သည်။ ထိုခေတ် က တိုက်ပွဲ၌စွန့်စားခြင်း၊ အကျဉ်းချခံရသော မင်းသမီးကလေးအား ကယ်ယူ ခြင်း စသည့်စွန့်စားမှုပါသည့် အဖြစ်အပျက်များခေတ်စားခဲ့ကြသည်။ အထက်တန်းစား မင်းညီမင်းသားတို့သည် ထိုသူရဲကောင်းဝတ္ထုများကို နှစ် သက်ကြ၍။ အောက်တန်းစား ဆင်းရဲသားတို့ကား မိမိတို့တစ်သက်တွင် မျှော်မှန်း၍ ရနိုင်တော့မည်မဟုတ်သော မင်းညီမင်းသား သူရဲကောင်း အစရှိ သည့် လူတို့အား သရော်၍ရေးသားသော ပုံဝတ္ထုများကိုနှစ်သက်ကြလေ သည်။ စပိန်နိုင်ငံ စာရေးဆရာကြီးသာဗင်တေး(စာဗင်းတီး) ရေးသားခဲ့သော ဒွန်ကီဟိုးတေးဝတ္ထုသည် ထိုသို့သော ဝတ္ထုမျိုးဖြစ်လေသည်။

ရိုမန့်ခေါ် စိတ်ကူးယဉ်ဝတ္ထုများသည် စာရေးဆရာ စိတ်ကူး ပေါက်သလောက် ဆန်းကြယ်ရှုပ်ထွေးသော အဖြစ်အပျက်များကို ရှည်လျား စွာရေးသားထားခြင်းဖြစ်၍ လူ၏သဘာဝလေ့လာမှုမှာ မပါသလောက်ဖြစ် လေသည်။ ဇာတ်လမ်းကိုမဆန်းဆန်းအောင် ချဲ့ထွင်ရေးသားကြခြင်းဖြစ် သည်။ ဆာဝေါ်လတာစကော့၏ အိုင်ဗင်ဟိုအစရှိသော ပုံများမှာ စိတ်ကူး ယဉ်စာပေတွင် အကျုံးဝင်သည်။ နေ့စဉ်တွေ့ကြုံရသောအဖြစ်အပျက်များ၊ နေ့စဉ်မြင်နေရသော လူတို့အကြောင်းများကို သဘာဝကျကျ သရုပ်ပါပါရေး သားသည့်ပုံများသာလျှင် ဝတ္ထုအစစ်ဖြစ်သည်။ အမှန်အားဖြင့် ထိုစိတ်ကူး ယဉ်ပုံပြင်များမှာ ဝတ္ထု၏ရှေ့ပြေးဟုသာခေါ်သင့်ပေသည်။ အင်္ဂလိပ်စာပေလောကတွင် ဝတ္ထုအရေးအသားသည် ၁၈၇၅ ခုနှစ် လောက်မှ တစ်ရှိန်တည်းတိုးတက်လာသည်ဟု ဆိုရပေမည်။ ထိုခေတ်မတိုင် မီကပေါ်ခဲ့သောပုံပြင်များကား ထိုဝတ္ထုအရေးအသားကို အုတ်မြစ်ချပေးသော စာပေတို့သာဖြစ်လေသည်။ ၁၄၆၉ ခုနှစ်က စာရေးဆရာကြီး တောမတ်မ လော်ရီရေးသားသော 'အာသာဘုရင်' စာအုပ်သည်လည်းကောင်း၊ အီတာလျံ စာရေးဆရာကြီး ဂျိုဗန္နီးဗိုကာချိုရေးသားသော 'ဒိကမ္မရွန်' စာအုပ်သည် လည်းကောင်း၊ ၁၆၇၈ ခုနှစ်တွင် ပေါ်သော ဂျွန်ဗန်ညန်ရေးသားသော 'ခရစ် ယာန်၏ထွက်ရပ်လမ်း' (ပီးလဂရင်းပရိုဂရက်)ခေါ် စာအုပ်သည်လည်း ကောင်း ယခုခေတ်ခေါ်ဆိုနေကြသော ဝတ္ထုအင်္ဂါတို့နှင့်မပြည့်စုံသော ပုံဝတ္ထု

များဖြစ်၍ ဝတ္ထု၏ရှေ့ပြေးများဟုဆိုရပေမည်။ ၁၆ ရာစု နှစ်သည် အင်္ဂလိပ် စာပေလောက၌ ပြဇာတ်ဆရာကြီး ရှိတ်စပီးယား၏ခေတ်ဖြစ်၍ ပြဇာတ်များ အထူးခေတ်စားခဲ့ကြသည်ဟုဆိုရပေမည်။ ကျွန်ုပ်တို့ မြန်မာစာပေလောက၌ လည်း ဦးပုည၊ ဦးကြင်ဥ အစရှိသော ပြဇာတ်ဆရာကြီးတို့၏ခေတ်တွင် ဝတ္ထုများမတိုးနိုင်ဘဲ ရှိသကဲ့သို့ဖြစ်၏။ အင်္ဂလိပ် စာပေလောကတွင် ဝတ္ထု၏ဂုဏ်အင်္ဂါတို့ဖြင့် ပြည့်စုံ၍ ဝတ္ထုဟုခေါ်လောက်သော စာပေအရေးအသားမျိုးသည် ၁၇၁၉ ခုနှစ်လောက် ကမှစတင်ပေါ်ပေါက်ခဲ့လေသည်။ ပထမဆုံးပေါ်သောစာအုပ်မှာ စာရေးဆရာ ကြီး ဒန်းနယဲဒီဖိုးရေးသားသော 'ရော်ဗင်ဆန်ကရူးဆိုး' (၁၇၁၉) ဝတ္ထုဖြစ် ၏။ သို့ရာတွင် ယခုခေတ် ဝတ္ထုမျိုးကား မဟုတ်ချေ။ ထိုဝတ္ထုသည် ခရီးဝေးကွာသော ဒေသစွန့်စားခန်း အဖြစ်အပျက် ဝတ္ထုသက်သက် ဖြစ်လေသည်။ ဇာတ်လမ်းလည်းမရှိ၊ လူ့သဘာဝ သရုပ်ဖော် မှုလည်းမပါရကား ဝတ္ထုစစ်စစ်ဟုမခေါ်လောက်သော်လည်း ဝတ္ထုမျိုးစေ့ပါပြီ ဟုကားဆိုရပေမည်။ ၁၇၄ဝ ပြည့်နှစ်ခန့်တွင် အိမ်တွင်းရေး အဖြစ်အပျက်များကို သရုပ်ဖော်ကာ ရေးသားသောဝတ္ထုများစတင်ပေါ်ခဲ့၏။ ထိုအိမ်တွင်းရေး သရုပ်ဖော်ဝတ္ထု ပေါ်ပေါက်လာရပုံကား အကြောင်းအားလျော်စွာ ဖြစ်ခဲ့ရ သည်ဟုဆိုရပေမည်။ ထိုဝတ္ထုကိုရေးသားသူ စာရေးဆရာကြီး ဆယ်မျူယယ် ရစ်ချတ်ဆန်အား စာအုပ်ထုတ်ဝေသူတစ်ဦးက မိတ်ဆွေသားချင်းအချင်း ချင်း စာပေးစာယူရေးသားသောနည်းကို လူတို့ကောင်းစွာနည်းယူနိုင်ရန်၊ စံပြ စာများရေး၍ စုပေါင်းထုတ်ဝေရန် အကြံပေးရာ ရစ်ချတ်ဆန်က စာသက် သက်ကိုရေး၍ စုပေါင်းကာ တုံးတိတိထုတ်ခြင်းထက်၊ ထိုစာအမျိုးမျိုးဖြင့် ဝတ္ထုသွားဖြစ်အောင် ရေးရလျှင် စာဖတ်သူတို့ပို၍ စိတ်ဝင်စားဖွယ်ဖြစ်မည်ဟု စိတ်ကူးရမိသည့်အလျောက် အချစ်ဝတ္ထုလည်းဖြစ်၍ သင် ခန်းစာလည်းဖြစ် ရန် 'သီလ၏အကျိုးကျေးဇူး'(ဝါ)'ပမ်မီလာ'(၁၇၄ဝ)ခေါ်ဝတ္ထုကို အချင်းချင်း ပေးစာများဖြင့် ဆက်စပ်ကာရေးသားခဲ့လေသည်။ ဝတ္ထု၏ဇာတ်လိုက် ပမ်မီ လာကား ထိုခေတ်မိန်းမစာဖတ်ပရိသတ်၏ အသည်းစွဲဖြစ်ခဲ့လေသည်။ ထို ဝတ္ထုနောက် ရစ်ချတ်ဆန်သည် အခြားဝတ္ထုများကိုဆက်၍ ရေးလေသည်။ ထို့နောက် ၁၇၄၉ ခုနှစ်တွင် ဟင်နရီဖီးလဒင်းဆိုသူ စာရေးဆရာကြီး ရေး သားသော တွမ်ဂျုံးဝတ္ထုကြီးပေါ်ခဲ့၏။ ထို ဝတ္ထုသည် လူ့လောကသဘာဝအဖွဲ့ကို နိုင်နိုင်နင်းနင်းဖွဲ့ထားရုံမက အသော အရွှမ်းတို့နှင့်ပြည့်စုံရကား အင်္ဂါအရည်အခြင်းနှင့်ပြည့်စုံသော ခေတ်မီ ဝတ္ထု ဖြစ်၏။ ရစ်ချတ်ဆန်၊ ဖီးလဒင်းတို့နှင့် တစ်ခေတ်တည်း ပေါ်ပေါက်ခဲ့သော တိုဗီယတ်စမောလက်နှင့် လောရင့်စတန်းစသော စာရေးဆရာကျော်ကြီးများ သည်လည်း ဝတ္ထုလောကတည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသူများဖြစ်ပေ သည်။ သို့ရာတွင် သူတို့၏ဝတ္ထုများသည် ယခုခေတ်တွင် လူကြိုက်မများ တော့ချေ။ ရစ်ခတ်ဆန်တို့ခေတ် နောက်မကြာမီ ပေါ်ပေါက်လာသော စာရေး ဆရာကြီး အော်လီဗာဂိုးစမစ်ရေးခဲ့သည့် 'ဗစ်ကားအော့ဝိတ်ကဖီး' ဝတ္ထုမှာ သားအမိသားအဖတစ်စု၏ အိမ်တွင်းရေးအဖြစ်အပျက် အရိုးဆုံးဝတ္ထုဖြစ်

သော်လည်း ဇာတ်လမ်းကောင်း၍ လောကသဘာဝကို ကွက်ကွက်ကွင်းကွင်း ပေါ်အောင်ဖွဲ့နိုင်ခဲ့သဖြင့် ယခုတိုင်စာဖတ်ပရိသတ်၏ အသည်းစွဲဖြစ်နေလေ သည်။ ၁၈ဝဝ ပြည့်နှစ်ကျော်ခန့်တွင် ရှေးဟောင်းဝတ္ထုများကို လူတို့ စိတ်ဝင်စားလာကြပြန်သည်။ ဆာဝေါ်လတာစကော့၏ ဝေဗာလီ ခေါ် ရာဇ ဝင်ဝတ္ထုများမှာ ထိုအခါက ဝတ္ထုလောကကိုလွှမ်းမိုးခဲ့လေသည်။ အဂ‡လန် ပြည်၌သာမက ဥရောပတိုက်သို့ပင်ပျံ့နှံ့ခဲ့လေသည်။ ထိုအချိန်၌ပင် ဝေးလံ သောဒေသများနှင့် ရှေးခေတ်၌စိတ်မဝင်စားဘဲ မိမိ၏မျက်စိအောက်ရှိ အနီး ဆုံးခေတ်နှင့်လောကကလေးကို ကလောင်ဖြင့်သရုပ်ဖော်နိုင်သော အမျိုးသမီး စာရေးဆရာ ဂျိန်းအော်စတင်သည် အဂ‡လန်ပြည် တောရွာကလေးတစ်ရွာမှ ပေါ်ထွက်ခဲ့လေသည်။ ဂျိန်းအော်စတင်သည် ဝတ္ထုရေးသားရာ၌ သူ့မျက်စိနှင့် တွေ့ကြုံရသော အဖြစ်အပျက်ကိုအခြေခံကာ ရေးသားရကား သူ၏ဝတ္ထုများ သည် သဘာဝကျလှသည်။ လောကသဘာဝ လူ့သဘာဝ အဖွဲ့များကိုလည်း နိုင်နင်းစွာရေးသားနိုင်ခဲ့သည်။ သူ့ပတ်ဝန်းကျင်၌ ဖြစ်ပျက်သော အဖြစ် အပျက်ကိုပင် ရာဇဝင်ဝတ္ထုကြီးနှင့် တစ်တန်းစားတည်းထားနိုင်အောင် ရေး သားနိုင်လေသည်။ ထိုကြောင့် ဂျိန်းအော်စတင်သည် မိန်းမချင်းပြောသော အတင်းစကားကို စာပေအရာရောက်အောင်လုပ်ခဲ့သည်ဟု ဆိုကြခြင်းဖြစ်၏။ ဂျန်းအော်စတင်ရေးသားသောအင်မာနှင့် 'ဂုဏ်နှင့်မာန'ခေါ် ဝတ္ထုများမှာ ဝတ္ထုလောကတွင်စံထားလောက်လေသည်။ ဆယ့်ကိုးရာစုနှစ်အဝင်လောက်တွင် လူ့လောက၌ ပြောင်းလဲမှု အမျိုးမျိုးဖြစ်လာသကဲ့သို့ စာပေလောကတွင်လည်း ဝတ္ထုခေတ်တစ်မျိုးပြောင်း လဲခဲ့လေသည်။ ခေတ်ဟောင်းမှ စည်းကမ်းများကိုတော်လှန်ကာ ခေတ်စမ်း စာပေကို ပြုစုပျိုးထောင်သော စာရေးဆရာတစ်စုပေါ်လာလေသည်။ ချားကင်းစလေး၊ မစ္စစ်ဂတ်စကယ်၊ ချားရိနှင့်ချားဒစ်ကင်းတို့သည် စာပေ ခေတ်ကို သစ်ဆန်းအောင်ပြောင်းခဲ့ကြသော ခေါင်းဆောင်စာရေးဆရာကြီး များဖြစ်ကြသည်။ ဒစ်ကင်း ကား အောက်တန်းစားလူထုကို သရုပ်ဖော်ရေးသားသော စာရေးဆရာကြီးဖြစ်၏။ ဒစ်ကင်း၏ ဝတ္ထုများသည် အလွမ်းအသောစုံလင်၍ သရုပ်ဖော်ရာ၌ ကွင်းကွင်းကွက်ကွက် ရှိရုံမျှမက ဇာတ်လမ်းမှာလည်း သဘာဝကျလှသဖြင့် အထူးပင် ကျော်ကြားလေသည်။ ဒစ်ကင်းရေးသော ဒေးဗစ်ကော့ပါးဖီး ဝတ္ထုသည် သူ၏ငယ်စဉ်က အဖြစ်အပျက်ကိုမူတည်ကာ ဇာတ်ဆင်၍ ရေး သားထားသော လောကသဘာဝ လူ့သဘာဝအဖွဲ့တို့ဖြင့် ပြည့်စုံသော ဝတ္ထု ကောင်းတစ်ခုဖြစ်၏။ ၁၉ ရာစုနှစ်အလယ်လောက်က လူ့သဘာဝအဖွဲ့ကို နိုင်နိုင်နင်းနင်း ရေးသားနိုင်သဖြင့် ထင်ရှားသော နာမည်ကျော်စာရေးဆရာ ကြီးကား ဝီလျံသက္ကရေးဖြစ်သည်။ သူ၏ ဝတ္ထုများမှာ အထက်တန်းစား လောကသရုပ်ဖော်များဖြစ်၏။ လူကုံထံလောက၏ အတွင်းရေးများ အနှစ် သာရမရှိပုံများကို ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင် သရုပ်ဖော်ခဲ့လေ သည်။ ဂုဏ်လောက၏ ဝန်တိုစိတ်ပေါမှု၊ မနာလိုမှုများကိုဖော်ပြ၍ ထိုဝန်တို မနာလိုမှုများကြောင့် နောက်ဆုံး ဆင်းရဲဒုက္ခတွေ့ပုံကို သခင်ခန်းစာပေါ် အောင် ရေးသားထားလေသည်။ ဒစ်ကင်း၊ သက္ကရေးတို့နှင့် မရှေးမနှောင်းပင် ဂျော့အီးလီယော့ဟူ သော ယောကျာ်းအမည်ယူကာ ကမ္ဘာကျော်ဝတ္ထုများကိုရေးသားသူ စာရေး ဆရာမကြီး မေရိအန်းအီးဗန်း ပေါ်လာလေသည်။ ဒစ်ကင်းနှင့် သက္ကရေးတို့

သည် လောကသဘာဝနှင့် လူ့သဘာဝရှိသည့်အနက် လောကသဘာဝကို အဖွဲ့ကောင်းသလောက်၊ ဂျော့အီးလီယော့သည် လူတို့၏ သဘာဝစိတ်နေ သဘောထားကို ပို၍သရုပ်ပေါ်အောင် ရေးသားနိုင်သူဖြစ်၏။ ထို့ကြောင့်ပင် သူရေးသားသော မီးအွန်သဖလော့ ဆိုင်းလတ်မာနာ စသော ဝတ္ထု များမှာ ယခုတိုင် လူကြိုက်များလျက်ရှိလေသည်။ ဆယ့်ကိုးရာစုနှစ် ကုန်ခါနီးလောက်တွင် စိတ်ဝင်စားဖွယ်ကောင်း သော စွန့်စားခန်းများပါသည့် ဝတ္ထုများ ပေါ်လာပြန်သည်။ ဆာ ဝေါ်လတာ စကော့၏ တပည့်ဖြစ်သူစာရေးဆရာကြီး ရောဗတ် လူဝီစတီဗင်ဆန်သည် 'ရတနာသိုက်' နှင့် 'ကစ်ဒနက်' စသော စိတ်ဝင်စားဖွယ် စွန့်စားခန်းဝတ္ထု များဖြင့် နာမည်ကျော်သူဖြစ်၏။ သူကား ပြင်သစ်စာရေးဆရာကြီး ဒျူးမား၏နည်းကို အတုခိုးသူဖြစ်လေ သည်။ လူ့သဘာဝကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြနိုင်သဖြင့် စာပေ လောကတွင် ထင်ရှားသောစာရေးဆရာကြီး တော မတ် ဟာဒီသည်လည်း ဝိတိုရိယ ဘုရင်မကြီးလက်ထက် ၂ဝ ရာစုနှစ် အစလောက်တွင် ပေါ်ခဲ့လေ သည်။ အင်္ဂလန်ပြည် အနောက်တောင်ပိုင်းရှိ သူ၏ နေရင်းနယ်ကလေးဖြစ်သော ဝက်ဆက် နယ်သူနယ်သားတို့၏ အကြောင်းကို နိုင်နင်းစွာ ရေး သားခဲ့လေသည်။ နှစ်ဆယ်ရာစုနှစ်အတွင်း၌ သိပ္ပံပညာသည် တစ်နေ့တခြား ထွန်း ကားလာရကား သိပ္ပံပညာဆိုင်ရာ ဝတ္ထုများ ပေါ်ခဲ့လေသည်။ သိပ္ပံပညာ၏ ဆန်းကြယ်ပုံ၊ အမြောက်ကြီးများပစ်၍ လပေါ်သို့အရောက် သွားသူများအ ကြောင်း စသည်တို့ကို ဝတ္ထုအရေးအသားမျိုးဖြင့် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲက ရေးသားထားလေသည်။ ထိုမျှသာမက ဆရာကြီး အိပ်၊ ဂျီ၊ ဝဲသည် ကိုယ်တိုင်ကပင် ဆင်းရဲသားဘဝမှ တက်လာရသူဖြစ်ရကား ပေါင်းသင်း ဆက်ဆံရေးဝတ္ထုဟုခေါ်လောက်သော လူတို့၏ အဆင့်အတန်းမြှင့်တင်မှု ပြု ပြင်ရေး ဝတ္ထုကြီးများကို ရေးသားလေသည်။ ဝဲ နှင့် တစ်ခေတ်တည်းပေါ်သော စာရေးဆရာကြီး အာနိုဗင်းနက်သည် သူ၏ ဝတ္ထုများကို ရေးသားရာ၌ သေးနုပ်သည့်အရာဝတ္ထုကိုပင် တိကျသေချာစွာ ရေးသားနိုင်မှုကြောင့် ကျော်ကြားခဲ့၏။ အထူးသဖြင့် ပြင်သစ်ဝတ္ထုများမှ နည်းယူသည်ကို တွေ့ရလေသည်။ စစ်ပြီးခေတ်တွင် ဝတ္ထုလောက၌ အလွန်နာမည်ကြီးလာသူကား ဝတ္ထုရေးဆရာကြီး ဂရေဟမ် ဂရင်း ဆိုသူဖြစ်၏။ ဂရင်း၏ဝတ္ထုများတွင် ခေတ်ကြီးသည် သိပ္ပံပညာကို ယုံကြည်အားကိုးသောစိတ် ပိုကဲလာရာ ဘုရား ကိုပင် ယုံကြည်မှုလျော့သွားပုံကို ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရေးသား ခဲ့လေသည်။ အယူဝါဒဆိုင်ရာ၌ လစ်ဟင်းမှုများကို ဖော်ထုတ်ရေးသားပြီး လျှင် မည်သို့ပင် အေးငြိမ်းသည့်အခါ၌ အယူဝါဒကို ပေါ့ပေါ့တန်တန်ထား သော်လည်း ဆင်းရဲဒုက္ခနှင့် ကြုံသောအခါ ဘုရားကိုပင် အားကိုးကြသည် ချည်းဖြစ်ကြောင်းဖြင့် လူ့လောကသဘာဝကို ဖွင့်၍ရေးသားခဲ့လေသည်။ အင်္ဂလိပ်စာပေလောကတွင် ကာလပေါ်ဝတ္ထုမျိုး ထင်ပေါ်ခေတ်စား ခဲ့သည်မှာ နှစ်ပေါင်း ၂ဝဝ နီးပါးခန့်ရှိပြီးဖြစ်သော်လည်း မြန်မာစာပေနယ် ထဲတွင် ကာလပေါ် ဝတ္ထုအရေးအသားမျိုးပေါ်လာသည်မှာ နှစ်ပေါင်း ၇ဝ နီးပါးခန့်သာ ရှိသေးသည်ဟုဆိုရပေမည်။ ၁၉ဝ၂ ခုနှစ်နှင့် ၁၉ဝ၄ ခုနှစ်က

အနောက်နိုင်ငံမှ ကာလပေါ် ဝတ္ထုနှစ်ပုဒ်ဖြစ်သော ရော်ဗင်ဆန်ကရူးဆိုးနှင့် ကောင့်အော့ မွန်တီကရစ်စတိုဝတ္ထုများကို ဦးဘိုးဇော်နှင့် ဂျိမ်းလှကျော်ဆိုသူ တို့က အသီးအသီး ဘာသာပြန်ဆို၍လည်းကောင်း၊ မှီငြမ်းပြု၍လည်းကောင်း ရေးသားရာမှ အစပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ အမှန်အားဖြင့် မြန်မာစာပေ သမိုင်းတွင် ဘုရားဟောနိပါတ်ဝတ္ထုများကို မှီငြမ်းမပြုဘဲ စိတ်ကူးဉာာဏ် သက်သက်နှင့် ရေးသားခဲ့သော ဝတ္ထုမျိုးသည် အလောင်းမင်းတရားကြီး ခေတ်က ပေါ်ပေါက်ခဲ့ဖူးလေပြီ။ ထိုဝတ္ထုမှာ ရွှေတောင်သီဟသူ ရေးသား သော ရတနာကြေးမုံ ဝတ္ထုဖြစ်၏။ သို့ရာတွင် ထိုရတနာကြေးမုံဝတ္ထုကို နှစ်ပေါင်းများစွာ အမွေဆက်ခံမည့် ဝတ္ထုများစာပေသမိုင်း၌မပေါ်ခဲ့ဘဲ အထီး တည်းဖြစ်ခဲ့လေသည်။ ရော်ဗင်ဆန် ကရူးဆိုးနှင့် ကောင့် အော့ မွန်တီက ရစ်စတို ဝတ္ထုများကို ဘာသာပြန်၍လည်းကောင်း၊ မှီငြမ်းပြု၍လည်းကောင်း ထုတ်လိုက်သည့် အချိန်မှစ၍သာ ဝတ္ထုခေတ် ဖွံ့ဖြိုးလာခဲ့လေသည်။ ထိုဝတ္ထု နှစ်ပုဒ် ပေါ်ခဲ့ပြီးနောက် ဆက်၍ပေါ်လာသော ဝတ္ထုများကား ဦးလတ်၏ စပယ်ပင်ဝတ္ထု၊ ရွှေပြည်စိုးဝတ္ထု၊ တစ်နန်းပျော်၊ ရင်သွေးတော်ဝတ္ထု၊ မစ္စတာ မောင်မှိုင်း အမည်ခံဆရာကြီး ဦးလွန်းရေးသားသော မှာတော်ပုံဝတ္ထုကြီးများ၊ လယ်တီပဏ္ဍိတဦးမောင်ကြီး ရေးသားသော ရာဇဝင်ဝတ္ထုများ၊ ပီမိုးနင်း အစ ရှိသော ခေတ်စာရေးဆရာတို့ ရေးသားသော ကာလပေါ်ဝတ္ထုများ အဆက် မပြတ် ထွက်ခဲ့လေသည်။

အမေရိကန် စာပေလောက၌လည်း ဝတ္ထုအရေးအသားကို ၁၈ဝဝ ပြည့်နှစ်ကျော်မှ သိသိသာသာ အားပေးရေးသားကြသည်ကို တွေ့ရ၏။ အမေရိကန် ဝတ္ထုလောကကို အုတ်မြစ်ချသူကား စာရေးဆရာကြီး ချား ဗရော့ဒင် ဗရောင်းဖြစ်သည်။ သူ၏ 'အာသာမာတင်' ခေါ် ဝတ္ထုကြီးသည် ၁၈ဝဝ ပြည့်နှစ်လောက်တွင် ထွက်ပေါ်ခဲ့၏။ သို့ရာတွင် စာရေးဆရာကြီး ဗရောင်းကား စရုံသာစခဲ့၍ ဝတ္ထုလောကကြီးကို အမှန်အားဖြင့် မြေတောင် မြေ|ာက်သူမှာ စာရေးဆရာကြီး ဂျိမ်း ဖင်နီမိုး ကူးပါးဖြစ်၏။ သူ၏ဝတ္ထုများ မှာ အဂ‡လိပ်စာရေးဆရာကြီး ဆာဝေါ်လတာ စကော့၏ ဝတ္ထုများနှင့် တူလှ သဖြင့် သူ့အား အမေရိကန် စကော့ဟုပင် ခေါ်ကြလေသည်။ 'သူလျှို'၊ 'သ ပိုင်းလော့' စသော သူ၏ ဝတ္ထုများမှာ ကမ္ဘာကျော်ဝတ္ထုကြီးများဖြစ်ကြ၏။ ဝတ္ထုအရေးအသားကို အဆန်းထွင်ကာ ရေးသားသူကား 'စကားလက် လက် တာ'၊ 'သဟောက်အော့ သ ဆဲဗင်းဂေဗယ်' ဝတ္ထုများကိုရေးသားသူ စာရေး ဆရာကြီး နသန္နီယယ်ဟောသွန်းဖြစ်၏။ လူ့သဘာဝကို သေချာစွာ လေ့လာရေးသားနိုင်မှုကြောင့် ကျော် ကြားလေသည်။ သူနှင့်ခေတ်ပြိုင်ကျော်ကြားသူကား အမေရိကန်စာပေ လောကတွင် ထင်ရှားကျော်ကြားသော စာအုပ်အနည်းငယ်အနက် တစ်အုပ် အပါအဝင်ဖြစ်သည့် 'မော်ဗီဒစ်' ဝတ္ထုကိုရေးသားသူ ဟာမင်မယ်လဗီးဖြစ် ၏။ လောကတွင် တွေ့ကြုံရသော ဆင်းရဲဒုက္ခတို့မှ လူတို့လွတ်အောင် ရုန်း နေရပုံကို ပေါ်အောင်ရေးသားထားလေသည်။ လူ့လောက၏ မကောင်းမှု ညစ်ပတ်မှုများကို ဝတ္ထုများ၌ မှတ် တမ်းတင်ကာ သရုပ်ဖော်ရေးသားရာတွင် ပါရဂူဟုခေါ်လောက်သူကား စာ ရေးဆရာကြီး အပ္ပတန် ဆင်ကလဲယားဖြစ်၏။ ဆင်ကလဲယား လူဝစ်ဆိုသူ စာရေးဆရာကြီးကား လူ့ လောကကို သရော်သောဝတ္ထုများကို ရေးခဲ့လေသည်။ 'ရှိုးဗုတ်'ခေါ် ကမ္ဘာ ကျော် ဝတ္ထုကြီးကို ရေးသားခဲ့သူ အက်ဒနာဖာဗာသည်လည်း အမေရိကန် ခေတ် ဝတ္ထုရေးဆရာများတွင် အကောင်းဆုံးဝတ္ထုရေးဆရာကြီးပင်ဖြစ်၏။ လူ့လောကကို သရော်သော ဟာသဝတ္ထုများ ရေးသားရာ၌ အထူးကျော်ကြား သော စာရေးဆရာကြီး မတ်တွိုန်းသည်လည်း ကမ္ဘာကျော် အမေရိကန် ဝတ္ထုရေးဆရာကြီးဖြစ်လေသည်။ အင်္ဂလိပ်၊ အမေရိကန်နှင့် မြန်မာဝတ္ထုလောကကို လေ့လာပြီး နောက် ဥရောပတိုက်ရှိ ထင်ရှားသော တိုင်းပြည်ကြီးများ၏ ဝတ္ထုလောကကို လေ့လာသော် စပိန်စာပေလောကတွင် လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝ ကျော် ခန့်ကထင်ရှားခဲ့သော သာဗင်တေး(စာဗင်တီး)၏လက်ရာကို ကျော်လွန်နိုင် သော ဝတ္ထုရေးဆရာဟူ၍ မရှိသလောက်ဖြစ်လေသည်။ ယခုခေတ် စပိန် စာပေလောကတွင်သာမဟုတ် ကမ္ဘာ့စာပေလောက၌ကျော်ကြားသော စပိန် ဝတ္ထုရေးဆရာကြီးများမှာ ဖာနန်ကာဗလျေးရိုး၊ ပေးထရို အန်တိုနီယို သေ အလာကွန်၊ ပရေးထား၊ ဂါလဒိုးနှင့် ဗလက်စကိုး အီဗာနှေတို့ဖြစ်ကြ၏။ နော်ဝေးနှင့်ဆွီဒင်နိုင်ငံတို့တွင် ဗျန်းဆန်း၏ နော်ဝေးနိုင်ငံကို နောက်ခံထားသောဝတ္ထုများ၊ ဆယ်မာလာဂါလော့၏ ဆွီဒင်နိုင်ငံ ရှေး ဟောင်းသမိုင်းများကို အခြေပြုသော ဝတ္ထုများနှင့် ယိုဟန်းဗွအာနှင့် နွတ် ဟန်းဆွန်တို့၏ လောကသဘာဝ သရုပ်ဖော်ဝတ္ထုများသည် ကမ္ဘာ့ဝတ္ထု လောကတွင် အထူးပင်ကျော်ကြားခဲ့၏။ (ဗျန်းဆန်းယ ဗျန့် စတျာနေ။ လာဂါ လော့ယ ဆယ်လမာ - လည်းရှု။) ပိုလန်နိုင်ငံသား စာရေးဆရာကြီး ဟင်နရစ်ရှင်ကျီဗစ်၏ ရာဇဝင် ဝတ္ထုများမှာ ပိုလန်နိုင်ငံ၏ ဆင်းရဲဒုက္ခများကို ကွင်းကွင်းကွက်ကွက်ပေါ် အောင် သရုပ်ဖော်ရေးသားထားပုံတွင် အထူးကောင်းမွန်လှ၏။ ရောမနိုင်ငံ နီးရိုးဘုရင်လက်ထက်၌ ဖြစ်ပျက်သောအဖြစ်အပျက်များကို နောက်ခံထား၍ ရေးသားသော 'ကူ ဗာဒီ' ဝတ္ထုကား ထိုဆရာကြီး၏ လက်စွမ်းပြ ဝတ္ထုဖြစ် သည်။ ၁၈ ရာစုနှစ်လောက်က ဂျာမနီနိုင်ငံတွင် အထူးကျော်ကြားသော စာ ရေးဆရာကြီး ဂါတာသည် လူတို့၏စိတ်ကို အလွန်ထိလှသည့် ဝတ္ထုများ ရေးသားခဲ့သဖြင့် ကျော်ကြားခဲ့၏။ 'ဗာတာ၏ အဆွေး' ခေါ် ဝတ္ထုသည် လည်းကောင်း၊ မိမိ၏ အဖြစ်အပျက်မှန်ကိုမူတည်၍ ရေးသားသော 'ဝီလ ဟမ်း မိုင်စတား' သည်လည်းကောင်း သူ၏ ကမ္ဘာကျော်ဝတ္ထုများ ဖြစ်လေ သည်။ ၁၉၂၄ ခုနှစ်က ထွက်ပေါ်လာသော လူ့လောက သရုပ်ဖော်သည့် ကမ္ဘာကျော်ဝတ္ထုကြီးကိုရေးသားသူ စာရေးဆရာကြီးတောမတ်မန်းသည်လည်း ဂျာမန်ခေတ်ဝတ္ထုရေးဆရာတို့တွင် အထူးကျော်ကြားသူဖြစ်၏။ အီတာလျံ စာပေလောက၌ကား ဝတ္ထုအရေးအသား ပေါ်ခဲ့သည်မှာ အဂ‡လိပ်ဝတ္ထုတို့ ထက် ဦးသည်ဟုဆိုရပေမည်။ နိုဗယ်လာခေါ် ပုံပြင်ဆန်သော ဝတ္ထုတို့ထက် ဦးသည်ဟုဆိုရပေမည်။ နိုဗယ်လာခေါ် ပုံပြင်ဆန်သော ဝတ္ထုကလေးများမှ အတုခိုးကာ သူတို့၏ ဝတ္ထုမျးကို နိုဗယ်လာဟု ခေါ်ကြလေသည်။ အီတာ လျံစာပေလောက ဝတ္ထုရေးဆရာတို့တွင် ကမ္ဘာကျော်အောင် ထင်ရှားခဲ့သူများ ကား ဂေးဗရီးယယ် ဒွန်နွမ်းရှိုး၊ မာဘီလဒါ ဆီရာအိုတို့ဖြစ်ကြ၏။ ပြင်သစ် နိုင်ငံ၌ကား ၁၉ ရာစုနှစ် အစလောက်ကမှ စိတ်ကူးဖြင့် ဇာတ်လမ်းဆင်ကာ ရေးသားသောဝတ္ထုများပေါ်ခဲ့၏။ ၁၉ ရာစုနှစ်အတွင်းက

အဂ‡လိပ် စာပေလောကတွင် အလွန်ကျော်ကြားသော ရာဇဝင်ဝတ္ထုရေးဆရာ ကြီး ဆာဝေါ် လတာ စကော့ကိုအားကျကာ ပြင်သစ်စာရေးဆရာကြီးဗစ်တာ ဟျူးဂိုးနှင့် အယ်လက်ဇန္ဒာ ဒျူးမားတို့သည် ရာဇဝင်နောက်ခံသော ဝတ္ထုများ မှအစ ဝတ္ထုမျိုးစုံကိုရေးခဲ့ကြ၏။ စာရေးဆရာကြီး ဖလိုဗဲယား၏ 'မဒမ်ဗိုဗာရီ' ဝတ္ထုသည် အလွန်သဘာဝကျသော ဝတ္ထုကြီးဖြစ်သည်။ ၁၉ ရာစုနှစ်အစလောက်က ထွန်းကားသော ပြင်သစ်ဝတ္ထုရေးဆရာကြီးတို့တွင် အထူးထင်ရှားသူကား စာ ရေးဆရာကြီး ဗောလဇက်ဖြစ်၏။ ဗောလဇက်သည် မျက်မြင်ကိုယ်တွေ့များ နှင့် အစစအရာရာ တစ်ကယ်တမ်း ဖြစ်နိုင်၍သဘာဝကျသော အဖြစ်အပျက် များကိုသာ အခြေပြု၍ ရေးသားသင့်သည်ဟု ထင်မြင်ယူဆသည့်အတိုင်း ရေးသားခဲ့သည်။ ကမ္ဘာ့စာပေလောကတွင် အထူးကျော်ကြားသော ပြင်သစ် စာရေးဆရာကြီးအေမီး ဇိုလာသည် လူ့စိတ်သဘာဝကို စေ့စေ့စပ်စပ်လေ့လာ ကာ လူ့လောက၏ မတရားမှုများကို သူ၏ဝတ္ထုများတွင် သဘာဝကျကျ ဖော်ထုတ်ရေးသားနိုင်သူဖြစ်၏။ ပြင်သစ်လူမျိုး တို့ မြှော်မှန်းသည့် မြင့်မြတ်သော စိတ်ကူးတို့ကို ရိုးမန်း ရိုးလန် ရေးသော 'ဇန်း ခရစ္စတိုဖီ'ခေါ် ဝတ္ထု၌ အတည့်အလင်း ဖော်ပြခဲ့လေသည်။ ထိုဝတ္ထု များမှာ စာရေးသူ၏ အဖြစ်အပျက်ပေါ်တွင် မူတည်ထားရကား ပထမကမ္ဘာ စစ်မဖြစ်မီ ဥရောပတိုက် အခြေအနေကို ဖော်ပြထားလေသည်။ ရုရှစာပေလောကကို လေ့လာသော် ဝတ္ထုအရေးအသားသည် ၁၈ဝဝ ပြည့်နှစ်ကျော်ခန့်က အဆင့်အတန်းမီသောဝတ္ထုများ ပေါ်လာသည်ဟု ဆိုရပေမည်။ သို့ရာတွင် အစနှောင်းသော်လည်း ရုရှဝတ္ထုရေးဆရာများ၏ လူသဘာဝ၊ လောကသဘာဝ စသည်တို့ကို နက်နက်နဲနဲတွေး၍ သရုပ်ဖော် ကာ ရေးသားမှုကြောင့် ယခုအခါ အတိုင်းတိုင်းအပြည်ပြည်မှ ဝတ္ထုအဆင့် အတန်းကို မီရုံသာမက လွှမ်းမိုး၍ပင်နေပြီ ဟုဆိုရပေမည်။ စာရေးဆရာကြီး ဂိုးဂါး၏ ပြင်းထန်သောဝတ္ထုများသည် ခေတ်ရုရှစာပေကို အုတ်မြစ်ချခဲ့လေ သည်။ ၁၉ ရာစုနှစ်လောက်က ကျော်ကြားသော ရုရှစာရေးဆရာကြီး တူရဂေနျက်၏ ဝတ္ထုများသည် သိမ်မွေ့နက်နဲ၍လူတို့ ၏စိတ်ကို ထိခိုက်အောင် ကောင်းမွန်လှ၏။ တူရဂေနျက်နှင့် တစ်ခေတ်တည်းပေါ်သော စာရေးဆရာကြီး ဒတ် စတာ့ယေားဖစကီကား စိတ်ပညာတွင် ပါရဂူဟုပင်ခေါ်လောက်အောင် လူ့ သဘာဝအဖွဲ့တွင် နိုင်သူဖြစ်၏။ ကမ္ဘာကျော် ရုရှစာရေးဆရာကြီး တော်စတွိုင်ကား ဗဟုသုတ စွယ်စုံသူ ဖြစ်သည့်အလျောက် သူ၏ဝတ္ထုများမှာ ကမ္ဘာ့စာပေလောကကြီး တွင် ထင်ရှားကျော်ကြားလေသည်။ ၁၉ဝဝ ပြည့်နှစ် ကျော်လာသောအခါ ကမ္ဘာ့ဝတ္ထုလောက တစ်ခု လုံးကိုခြုံကြည့်သော် ထူးခြားတိုးတက်ဖြစ်ပေါ်မှု နှစ်ခုကို တွေ့ရပေမည်။ လူ တို့၏ စိတ်ဓာတ်ကိုလေ့လာ၍ ရေးသားသော စိတ်ပညာဆိုင်ရာဝတ္ထုများနှင့် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာဝတ္ထုများ ခေတ်စားလျက်ရှိခြင်းပင်ဖြစ်၏။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)