ဝက်အူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝက်အူအမျိုးစုံကို အမေရိကန်မတ်စေ့နှင့် ယှဉ်ပြထားသည်။

ဝက်အူ[ပြင်​ဆင်​ရန်​]

ဝက်အူကို သစ်သားတွင်စွဲအောင်ပြုလုပ်လိုသောအခါ လက်ယာ ရစ်လှည့်ပေးရသည်ကိုလည်းကောင်း၊ ထိုဝက်အူကိုဖြုတ်လိုသောအခါ လက်ဝဲ ရစ်လှည့်ပေးရသည်ကိုလည်းကောင်း လူတိုင်းပင်သိကြသည်။ ထို့အတူ လွန် ပူကို သစ်သားတွင်လှည့်ပေးသောအခါ လွန်ပူအသွားသည် သစ်သားထဲ သို့ထိုးစိုက် ဝင်သွားပြီးလျှင် လွန်ကိုဆွဲယူသွားလေသည်။ မူလီကို မူလီ ခေါင်းတွင်လှည့်သွင်းပေးရာ၌ အခြေခံသဘောမှာ ဝက်အူနှင့် လွန်ပူတွင် ကဲ့သို့ပင်ဖြစ်သည်။ မော်တော်ကားသမားများသည် ဘီးကိုလဲရန် မော်တော် ကားကို ဂျက်ဝက်အူဖြင့်မပေးသည်ကို မြင်ဖူးကြပေလိမ့်မည်။ ဂျက်ဝက်အူမှာ စင်စစ်အားဖြင့် ဝက်အူရစ်ဖော်ထားသောဝင်ရိုးပင်ဖြစ်သည်။ မော်တော်ကား သမားသည် ဂျက်ခေါင်းတွင် သံတန်းကိုထည့်၍လှည့်ပေးသောအခါ ဝက်အူ သည်လည်သွားလေသည်။ ဂျက်အိမ်အတွင်းဖက်တွင် ဝက်အူလှည့်အသွားကို ဖော်ပေးထားသဖြင့် ထိုသို့လှည့်ပေးသောအခါ ဝင်ရိုးသည် အထက်သို့တက် လာခြင်းဖြစ်သည်။

ဝက်အူသည် အမှန်အားဖြင့် ခရုပတ်ပုံရှိသော သပ် တစ်မျိုးဖြစ် သည်။ ဤအချက်ကို သွပ်ရိုက်သံတွင် ထင်ရှားစွာတွေ့မြင်နိုင်သည်။ သွပ် ရိုက်သံသည် ဝက်အူအကြမ်းစားတစ်မျိုးဖြစ်သည်။ ထိုသံကို ရိုက်လိုက်သော အခါ ဝက်အူသည်လည်၍ ဝင်သွားလေသည်။ သာမန်ဝက်အူရစ်များသည် တစ်ခုနှင့်တစ်ခု အလွန်စိပ်သည်။ ထို့ကြောင့် ထိုဝက်အူမျိုးကို သစ်သားတွင် စွဲစေလိုသောအခါ ဝက်အူလှည့်ဖြင့်လှည့်ပေးရသည်။ သတ္တုများတွင် အသုံး ပြုသည့် ဝက်အူများ၏ ဝက်အူရစ်သည် သာ၍ပင်စိပ်သေးသည်။ သို့သော် သစ်သားတွင် စွဲစေသောဝက်အူများကဲ့ သို့ အဖျားမရှူးချေ။

အချို့သတ္တုများမှလွဲ၍ သတ္တုအမြောက်အမြားတွင် ဝက် အူစွဲလို သောနေရာ၌ အပေါက်ဖောက်ပေးကြရသည်။ ထိုသို့ ဖောက်ပေးရာတွင် ဝက် အူ၏ အချင်းထက် အနည်းငယ်သေးသောအပေါက်ကို ပထမဖောက်ပေး သည်။ ထို့နောက် ဝက်အူရစ်အကြောင်းဖော်ထားသော 'တက်'ခေါ် သံမဏိ ချောင်းကိုလှည့်၍ထိုးသွင်းပေးသည်။ ထိုသံမဏိချောင်းသည် အနည်းငယ် အဖျား ရှူးလျက်ရှိသည်။ သတ္တုထဲသို့ ထိုးဝင်သွားပြီးလျှင် ဝက်အူနှင့် သင့် တော်သော ဝက်အူရစ်ကို ဖော်ပေးလေသည်။

ဝက်အူတွင် ဝက်အူရစ်ကြားဆိုသည်မှာ ဝက်အူရစ် နှစ်ရစ်အကြား ရှိ အကွာအဝေးကိုခေါ်သည်။ မက္ကင်းနစ်ပညာတွင် အချင်းလေးပိုင်းသုံးပိုင်း လက်မရှိသော ဝက်အူတစ်မျိုးကို အသုံးများရာ ထိုမူလီတွင် တစ်လက်မ လျှင် ဝက်အူရစ်ပေါင်း ဆယ်ရစ်ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် ဝက်အူ ၏ ဝက်အူရစ်ကြားသည် တစ်လက်မ၏ ဆယ်ပုံတစ်ပုံဖြစ်သည်။ အကယ်၍ မူလီတွင် မူလီခေါင်း(ဇာဝီ)ကိုတပ်ပြီးလျှင် မူလီခေါင်းကို အသေထားကာ မူလီကိုလှည့်ပေးလျှင် မူလီသည် တစ်ပတ်လည်သွားတိုင်း တစ်လက်မ၏ ဆယ်ပုံတစ်ပုံ ရွေ့လိမ့်မည် ။ အကယ်၍ မူလီကို ရှေ့နောက်မရွှေ့နိုင်အောင် ပြုလုပ်ထား၍ မူလီကိုလှည့်ပေးလျှင် မူလီခေါင်းသည် ရှေ့သို့ဖြစ်စေ၊ နောက် သို့ဖြစ်စေ ရွေ့လိမ့်မည်။ ဤအစီအစဉ်မျိုးကို ကင်မရာ(ဓာတ်ပုံရိုက်ကိရိယာ) တွင် ပုံချိန်ရန်အသုံးပြုကြသည်။

ဝက်အူတစ်ခုတွင် တစ်လက်မ၌ ဝက်အူရစ်ပေါင်း ငါးရစ်ရှိလျှင် ထိုဝက်အူ၏အနက်သည် တစ်လက်မ၏ ငါးပုံတစ်ပုံဖြစ်သည်။ ဝက်အူအဖို့ အဓိကလုပ်ငန်းမှာ ဝက်အူရစ်များပေါ်တွင် ဝန်ချိန်ကိုတင်ပြီးလျှင် အား အနည်းငယ်မျှ စိုက်ထုတ်ပေးရုံဖြင့် ထိုဝန်ချိန်ကို ဝက်အူရစ်များပေါ်တွင် တက်လာစေရန်ဖြစ်သည်။ ဝက်အူ၏ အကျိုးကျေးဇူးမှာ အားအနည်းငယ် စိုက်ထုတ်ပေးရုံမျှဖြင့် စိုက်ထုတ်လိုက်ရသော အားနှင့်စာက အလွန်များပြား သော ဝန်ချိန်ကို အပေါ်သို့မပေးနိုင်ခြင်းဖြစ်သည်။ အားမှာ ဝက်အူ သို့မ ဟုတ် မူလီခေါင်းကို လည်စေသည့်မောင်းတံတွင် စိုက်ထုတ်ပေးရသော အလေးချိန်ဖြစ်သည်။ ထိုသို့မောင်းတံကို လည်စေသောအခါတွင် ဝက်အူ၏ ပတ်လည်၌ စက်ဝိုင်းပုံရွေ့လျားသွားစေသည်။ ထိုစက်ဝိုင်းပုံ၏ အကွာ အဝေးကို အဝန်းဟုခေါ်သည်။ မောင်းတံကပြုလုပ်ပေးသော အလုပ်အားလုံး သည် မောင်းတံတွင် စိုက်ထုတ်ပေးရသော အားနှင့် မောင်းတံလည်သော စက်ဝိုင်း၏အဝန်းကို မြေ|ာက်ရကိန်းနှင့် အတူတူပင်ဖြစ်သည်။ တစ်နည်းဆိုသော် W = F x 2 ဖြစ်သည်။ ဤမူသေကိန်းတွင် W မှာ အလုပ်ဖြစ်၍ F မှာ စိုက်ထုတ်ပေးရသောအားဖြစ်သည်။ ၂ မှာ စက်ဝိုင်းအဝန်းဖြစ်သည်။

တစ်ခါတစ်ရံတွင် အားဤရွေ့ဤမျှ စိုက်ထုတ်ပေးလိုက်က မည်မျှ လေးသောဝန်ချိန်ကို မပေးနိုင်လိမ့်မည်နည်းဆိုသည့် သိလိုချက်မျိုးရှိတတ် သည်။ ထိုအခါမျိုးတွင် စိုက်ထုတ်လိုက်ရသည့်အားကို မောင်းတံက ဖြစ် ပေါ်စေသော စက်ဝိုင်း၏ အဝန်းနှင့်မြေ|ာက်ရကိန်းကို ဝက်အူ၏အနက်ဖြင့် စားပေးရလေသည်။ တစ်နည်းဆိုလျှင် L = F x 2 ဖြစ်သည်။ ဤမူသေ ကိန်းတွင် L မှာ ဝန်ချိန်ဖြစ်၍ F မှာ စိုက်ထုတ်ပေးရသောအားဖြစ်သည်။ ၂ မှာ အဝန်းဖြစ်၍ P မှာ ဝက်အူ၏ အနက်ဖြစ်သည်။ ဝက်အူကို သစ်သားများတွင်ဖြစ်စေ၊ မူလီထိပ်တွင်ဖြစ်စေ အများ အပြားအသုံးပြုကြ၏။ ပြုတ်တူကြီးများတွင်လည်း ဝက်အူကိုပင် အသုံးပြုကြ လေသည်။ အဆောက်အအုံများကို မလိုသောအခါတွင် ဂျက်ဝက်အူကို အသုံးပြု၍ မိုက္ကရိုမီတာခေါ် အဏုတိုင်းများတွင်လည်း ဝက်အူကိုပင် အသုံး ပြုကြလေသည်။ ထိုမိုက္ကရိုမီတာများဖြင့် အသေးစိတ်အကွာအဝေးများကို တိုင်းတာလေ့ရှိကြသဖြင့် ယင်းတို့ရှိ ဝက်အူရစ်များသည်လည်း လွန်စွာစိပ် ကြလေသည်။

သင်္ဘောရှိ ပန်ကာခေါ် ငမန်းတောင်သည် အမှန်အားဖြင့် ဝက်အူ ရစ်ပါရှိသော ဝင်ရိုးဖြစ်သည်။ ဝင်ရိုးကို အင်ဂျင်စက်တစ်ခုခုဖြင့်ဆက်ပေး၍ လည်စေသောအခါ ဝက်အူရစ်သည် ရေတွင် စိုက်ဝင်သွားပြီးလျှင် ရေကို နောက်သို့ တွန်းကန်ပစ်လိုက်လေသည်။ ထိုသို့ တွန်းကန်ပစ်ရာမှ ဖြစ်ပေါ် လာသည့် နောက်ပြန်ကန်အားသည် သင်္ဘောကို ရှေ့သို့ခုတ်မောင်းသွားစေ သည်။ ၁၇၉၄ ခုနှစ်ကပင် ဝီလျံလစ်တဲလတန်ဆိုသူက ငမန်းတောင်ပုံစံ တစ်ခုကို မူပိုင်မှတ်ပုံတင်ခဲ့၍ စက်ရစ်လုံး၊ ကြိုး၊ စက်သီး စသည့်များဖြင့် လူအားကို အသုံးပြုပြီးလျှင် သင်္ဘောကို ခုတ်မောင်းရန်ကြံဆခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ဆာဖရန် စစ်ပက်တစ်စမစ် (၁၈၃၆ ခုနှစ်)နှင့် ဆွီဒင် ပြည်ဖွား ကက်ပတိန် အီရစ်ဆန် (၁၈၃၆ ခုနှစ်)တို့သည် ကိုယ်တွေ့လုပ် ငန်းများတွင် အသုံးဝင်သော ငမန်းတောင်များကို ပြုလုပ်ခဲ့ကြလေသည်။ ၁၈၃၉ ခုနှစ်တွင် ငမန်းတောင်ဖြင့် ခုတ်မောင်းသော သင်္ဘောတစ်စင်း ပေါ် ပေါက်လာခဲ့လေသည်။ ဝက်အူကို ပထမဆုံးတီထွင်၍ ရေတင်ရာတွင် အသုံး ပြုခဲ့သည့် ဂရိဒဿနိကဗေဒနှင့် သိပ္ပံပညာရှင် အားခီးမီးဒီးကို အစွဲပြုပြီး လျှင် ထိုသင်္ဘောကို အားခီးမီးဒီးဟု အမည်ပေးခဲ့လေသည်။

ထိုသင်္ဘောကို ကောင်းမွန်စွာ ခုတ်မောင်း၍ရကြောင်း သိရသော အခါ ရေတပ်မှ တပင်တိုင်သင်္ဘောတစ်စင်းကို ဆောက်လုပ်ခဲ့သည်။ အစ ပထမတွင် ထိုသင်္ဘော၏အမည်မှာ အားဒင့်ဖြစ်သည်။ ထိုသင်္ဘောကို ရှည် လျားအောင်ပြုပြင်၍ ငမန်းတောင်တပ်ပေးပြီးလျှင် ၁၈၄၃ ခုနှစ်တွင် အိပ်ချ၊ အင်မ၊ အက်စ၊ ရက်တလာ အမည်ဖြင့် ရေသို့ချပေးခဲ့လေသည်။ သို့သော် ရေတပ်တွင် ပထမဆုံးငမန်းတောင်ဖြင့် ခုတ်မောင်းခဲ့သည့် မီးသင်္ဘောမှာ ၁၈၄၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အိပ်ချ၊ အင်မ၊ အက်စ၊ ဒွါ့ဖ အမည် ရှိသည့် သင်္ဘောဖြစ်လေသည်။

ပထမဆုံး အီရစ်ဆန် ငမန်းတောင်ဖြင့် ခုတ်မောင်းခဲ့သည့်လှေ မှာ လီဗာပူးအရပ်ရှိ အမေရိကန်သံအမတ်ကို အစွဲပြု၍ မှည့်ခေါ်ထားသော ဖရန်းစစ်ဗီးအော့ဒင်ခေါ် အလျား ၄၅ ပေ ရှည်သောလှေဖြစ်သည်။ ဤလှေ ကို အစမ်းခုတ်မောင်းသည်ကို ဗြိတိသျှရေတပ်မှ တွေ့ရှိခဲ့လေသည်။ သို့ သော် နောက်စမ်းသပ်မှုများကို အမေရိကန်များကသာ ပြုလုပ်ခဲ့ကြသည်။ ၁၈၃၉ ခုနှစ်တွင် အီရစ်ဆန်သည် အမေရိကန်ပြည်ထောင်စုသို့ ရောက် ရှိသွားသည်။ ထိုအချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် အီရစ်ဆန် ငမန်း တောင်ဖြင့် ခုတ်မောင်းသည့်လှေများ ပေါ်ပေါက်ခဲ့လေသည်။ ၁၈၄၂ ခုနှစ် တွင် အမေရိကန်စစ်သင်္ဘောတစ်စင်းကို ဤငမန်းတောင်မျိုးတပ်ဆင်၍ ဆောက်လုပ်ခဲ့သည်။ နှစ်နှစ်ကြာသောအခါမှသာ အင်္ဂလိပ်လူမျိုးတို့သည် အီရစ်ဆန်ငမန်းတောင်ဖြင့် ခုတ်မောင်းသော အိပ်ချ၊ အင်မ၊ အက်စ၊ အမ်ဖီ ယန်ကို ဆောက်လုပ်ခဲ့ကြသည်။

လေယာဉ်ပျံတွင်ပန်ကာသည် ဝက်အူရစ်နောက်၌ရှိသော လေကို နောက်သို့တွန်းလိုက်၍ လေယာဉ်ပျံကို ရှေ့သို့ခုတ်မောင်းသွားစေသည်။ ဤ သို့ အတွန်းခံရသည့် လေထုသည် ဘူးဆို့ဖွင့်သော ဝက်အူရစ်ကဲ့သို့ လည် ပြီးလျှင်လေယာဉ်ပျံ၏ ကိုယ်ထည်ကို ဖြတ်ကျော်သွားသည်။ ပန်ကာ၏ တွန်းအားနှင့်တကွ လေယာဉ်ပျံ၏အလေးကြောင့်ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့ ဆွဲအားသည် လေယာဉ်ပျံကို လေထဲသို့ တက်ရောက်စေပြီးလျှင် ပျံသန်းသွား စေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)