ဝက်ဝံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝက်ဝံ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု Chordata
မျိုးပေါင်း Mammalia
မျိုးစဉ် Carnivora
မျိုးစဉ်သေး Caniformia
မျိုးရင်း Ursidae

ဝက်ဝံ (မျိုးရင်း Ursidae) သည် နို့တိုက်သတ္တဝါဖြစ်ပြီး Carnivora မျိုးစစ်တွင် ပါဝင်သည်။ ဝက်ဝံများကို ခွေးနှင့်တူသော အသားစားသတ္တဝါ (caniforms) အဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ပြီး ပင်နီပက်ဒ် (pinnipeds) အမျိုးအစား ပင်လယ်ဖျံများသည် သူတို့နှင့် အနီးစပ်ဆုံးဆင်တူသော သတ္တဝါဖြစ်သည်။ ဝက်ဝံအမျိုးကွဲပေါင်း ၈ မျိုးမျှသာရှိသော်လည်း နေရာအနှံ့အပြားတွင် နေထိုင်ကြပြီး မြောက်ဖက်ကမ္ဘာခြမ်းရှိ နေရာဒေသအနှံ့အပြားနှင့် တောင်ဖက်ကမ္ဘာခြမ်းရှိ အချို့နေရာတို့တွင် တွေ့ရသည်။ ဝက်ဝံနှင့်သက်ဆိုင်သော အရာများကို အင်္ဂလိပ်ဘာသာတွင် ursine ဟုခေါ်သည်။ ဝက်ဝံများကို မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာရှတိုက်တို့တွင်တွေ့ရသည်။

ဝက်ဝံ၏ ထင်ရှားသော လက္ခဏာများမှာ ကြီးမားသော ခန္ဓာကိုယ်နှင့် တုတ်ခိုင်သော ခြေထောက်များ၊ ရှေ့သို့ချွန်ထွက်နေသော နှာခေါင်း၊ စုတ်ဖွားနေသော အမွှေးများ၊ မတ်တပ်ရပ်၍ လမ်းလျှောက်နိုင်သော ခြေချောင်းများနှင့် အတွင်းသို့ ကုတ်မသွင်းနိုင်သော ခြေသည်းများ၊ တိုသောအမြီးတို့ဖြစ်သည်။ ဝင်ရိုးစွန်းဝက်ဝံ သို့မဟုတ် ပိုလာဘဲ များမှာ အသားကို အဓိကစားသော သတ္တဝါများဖြစ်သော်လည်း ပန်ဒါဝက်ဝံကြီးများမှာ ဝါးပင်ကိုသာ အဓိကစားသုံးကြသည်။ အခြားသော အမျိုးကွဲ ၈ မျိုးမှာ အစုံစားသတ္တဝါများဖြစ်ပြီး အပင်များနှင့် တိရိစ္ဆာန်များပါဝင်ပြီး အလွန်ပင်ကွဲပြားခြားနားသော အစားအစာများကို စားသုံးကြသည်။

မိတ်လိုက်နေသော ဝက်ဝံများနှင့် ကလေးငယ်ရှိသော မိခင်ဝက်ဝံများမှ လွဲ၍ ဝက်ဝံများမှာ တကောင်တည်းနေထိုင်တတ်သော သတ္တဝါများဖြစ်သည်။ ဝက်ဝံများသည် တစ်ခါတစ်ရံတွင် diurnal ခေါ် ညအိပ်နေ့စား အလေ့အကျင့်ရှိသော်လည်း ပုံမှန်အားဖြင့် ညဖက် သို့ မလင်းတလင်းအချိန်တွင် သွားလာလှုပ်ရှားတတ်သည်။ ဝက်ဝံများသည် ခန္ဓာကိုယ်ကြီးမားပြီး ကိုးရိုးကားယား သွားလာတတ်သော်လည်း သူတို့၏ အလွန်အနံ့ခံကောင်းခြင်း က အထောက်အကူပေးသည်။ သူတို့သည် အလွန်အပြေးမြန်ပြီး အတက်အဆင်းပြုခြင်းနှင့် ရေကူးခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဝက်ဝံများသည် ဂူများ နှင့် မြေတွင်းများကို သူတို့၏ နေထိုင်စရာအဖြစ် သုံးလေ့ရှိပြီး ဆောင်းတွင်းအခါတွင် ဆောင်းခိုခြင်း (hibernation)နှင့် တူသော ကာလကြာရှည်အိပ်စက်ခြင်း ကို ထိုနေရာများတွင် ပြုတတ်ကြသည်။

ဝက်ဝံများသည် သူတို့၏ အသားနှင့် အရေခွံအတွက် သမိုင်းမတင်မီအချိန်ကာလကပင် အမဲလိုက်ခြင်းခံခဲ့ရသည်။ ယနေ့တိုင်အောင်ပင် သူတို့သည် အနုပညာ၊ ဒဏ္ဍာရီနှင့် လူ့အဖွဲ့အစည်း၏ အခြားသောယဉ်ကျေးမှု ဆိုင်ရာနေရာများတွင် အထင်ကရနေရာတွင် ရှိနေဆဲပင်ဖြစ်သည်။ ခေတ်သစ်အချိန်ကာလများတွင် ဝက်ဝံတို့၏ နေထိုင်ကျက်စားရာ နေရာများ ပျောက်ကွယ်မှုနှင့် အာရှရှိ ဝက်ဝံသည်းခြေဈေးကွက်အပါအဝင် ဝက်ဝံနှင့် ဝက်ဝံမှရသော ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တို့ကြောင့် ဝက်ဝံတို့ ဆက်လက်ရှင်သန်နေထိုင်ရန် ခြိမ်းခြောက်ခြင်း ခံနေရပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမ္မဂ္ဂမှ ဝက်ဝံမျိုးစိတ် ၆ မျိုးကို မျိုးတုံးပျောက်ကွယ်ရန် စိုးရိမ်ရသည်ဟု သတ်မှတ်ထားသော်လည်း စိုးရိမ်မှုအနည်းဆုံးအဆင့် သတ်မှတ်ထားသော ဝက်ဝံညိုများသည်ပင်လျှင် အချို့နိုင်ငံများတွင် ဒေသအလိုက် မျိုးတုံးပျောက်ကွယ်မှုအတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။ ထိုသို့ခြိမ်းခြောက်ခံနေရသော ဝက်ဝံများအတွက် တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတွင် ရောင်းဝယ်ဖောက်ကားမှု တို့ကို ပိတ်ပင်ထားသော်လည်း ပြုလုပ်နေကြဆဲပင်ဖြစ်သည်။

ဝက်ဝံမျိုးကွဲများ[ပြင်​ဆင်​ရန်​]

ဥရောပ၊ အာရှနှင့် မြောက်အမေရိကတိုက်များတွင်သာမက မြောက်အာဖရိကတိုက်ရှိ အချို့ဒေသများ၌လည်း ဝက်ဝံသည် ပျံ့နှံ့လျက်ရှိ ၏။ တောင်အမေရိကတိုက်တွင်မူ ဝက်ဝံမျိုးတစ်မျိုးတည်းသာ ရှိသည်ကို တွေ့ရသည်။

သဘာဝအားဖြင့် ဝက်ဝံသည် ကြောက်တတ်၍ သဘောကောင်း ပြီးလျှင် ရန်မမူတတ်ချေ။ လူကိုစားလိုသဖြင့် တိုက်ခိုက်ရန်ဝေးစွ၊ ဝက်ဝံ

သည် လူကိုရှောင်နိုင်သမျှ ရှောင်ကြဉ်လေ့ရှိသည်။ ထိုသို့ပြုလုပ်သည်မှာ သူရဲဘောနည်း၍ကားမဟုတ်၊ လိုအပ်လျှင် သူ့ကိုယ်ကိုသူ ကာကွယ်ရာ၌ ကြမ်းကြုတ်စွာပင် တိုက်ခိုက်တက်လေသည်။

အမြင်အားဖြင့် ဝက်ဝံသည် အချိုးအစားမကျချေ။ ကျောကုန်း၏ အလယ်သည် ဝက်ဝံ၏ တစ်ကိုယ်လုံးတွင် အမြင့်ဆုံးအစိတ်အပိုင်းဖြစ်သည်။ လည်တံတို၍ ဦးခေါင်းလုံးပြီးလျှင် နှာတံချွန်၏။ မျက်စိများမှာလည်း သေးငယ်ကြလေသည်။ ဝက်ဝံ၌ ခိုင်ခံသည့် ခြေထောက်များရှိရာ လမ်း လျှောက်ရာတွင် ခြေပြားချ၍လျှောက်သည်။ ဝင်ရိုးစွန်းဒေသရှိ ဝက်ဝံမျိုးမှ အပ အခြားဝက်ဝံမျိုးများတွင် ခြေဖဝါးများ၌ အမွေးများမရှိကြချေ။ ဝင်ရိုး စွန်းဒေသရှိ ဝက်ဝံမျိုးတွင်မူ ရေခဲပြင်များပေါ်၌ လမ်းလျှောက်သောအခါ မချောစေရန် ခြေဖဝါးများ၌ အမွှေးများရှိသည်။ ခြေထောက်လေးဖက်၌ ခြေချောင်းကလေး ငါးချောင်းစီရှိရာ ယင်းတို့၌ သန်မာသည့် ခြေသည်းများ ရှိကြလေသည်။ ကြောင်၌လည်း ခြေချောင်းများတွင် ခြေသည်းများရှိပြီးလျှင် ယင်းတို့ကို မလိုသည့်အခါများ၌ ဝှက်ထားနိုင်လေသည်။ ဝက်ဝံတွင်မူရှိ သည့် ခြေသည်းများကို ဝှက်မထားနိုင်ချေ။ ဝက်ဝံ၏အမွှေးများသည် ရှည်၍ ကြမ်းတမ်းကြ၏။ ထိုအမွှေးများကို နှစ်တိုင်း လဲလှယ်လေသည်။ ဝက်ဝံ၌ အမြီးရှိသော်လည်း ထိုအမြီးသည် လွန်စွာတို၏။ ဝက်ဝံသည် ဥဿုံစား ကောင် ဖြစ်သည့်အတိုင်း ယင်း၏ သွားများသည်လည်း အလိုက်သင့်ရှိနေ ကြလေသည်။ ဝက်ဝံသည် လမ်းလျှောက်ရာ၌ မလျှောက်ချင် လျှောက်ချင်ဖြင့် ခြေနှစ်ချောင်းလုံးကို တစ်ပြိုင်တည်းမကာ လျှောက်လေ့ရှိသည်။ သို့သော် အရေးကြုံလာသောအခါတွင် အလျှင်အမြန်ဆုံးပြေးနိုင်သော လူတစ်ယောက် ကိုပင် မှီအောင်လိုက်နိုင်ရုံမက မြင်းတစ်ကောင်ကိုပင် မိနစ်အနည်းငယ် အတွင်း၌ မှီအောင်ပြေးနိုင်လေသည်။ ရန်သူကို တိုက်ခိုက်ရာ၌ ဝက်ဝံသည် များသောအားဖြင့် ပတက်ရပ်ပြီးလျှင် ရှေ့ခြေနှစ်ချောင်းနှင့် သွားများကို အသုံးပြုလေ့ရှိသည်။

ဝက်ဝံသည် အနံ့နှင့် အကြားတွင် သန်သော်လည်း ရှိသည့်မျက်စိ များသည် သေးငယ်သဖြင့် ကောင်းမွန်စွာမမြင်နိုင်ချေ။ ဝက်ဝံအများအပြား သည် ယင်းတို့၌ရှိသော အမွှေးကြမ်းရှည်ကြီးများကြောင့် ယင်းတို့၏ ကိုယ် ထည်များသည် အမှန်ရှိသည်ထက် ပို၍ကြီးနေပုံရသည်။ ယင်းတို့၏ အရေ ပြားများသည်လည်း တင်းတင်းကျပ်ကျပ် မရှိချေ။ ဝက်ဝံမျိုး အမြောက် အမြားရှိသည့်အနက် အကြီးဆုံးဝက်ဝံမျိုးတွင် ဆယ်ပေကျော်သည်အထိ ကြီး နိုင်သည့်အပြင် ပေါင် ၁၅ဝဝ အထိ လေးနိုင်ပေသည်။ ဝက်ဝံတွင် ခြေ သည်းရှည်ကြီးများရှိခြင်းကြောင့် တွင်းတူးခြင်း၊ သစ်ပင်တက်ခြင်းနှင့် မညီ ညာသော ကျောက်တောင်များပေါ်တွင် သွားလာခြင်းများကိုပြုလုပ်နိုင်သည်။ တိရစ္ဆာန်ရုံများရှိ ဝက်ဝံများသည် ဆောင်းခိုလေ့မရှိကြချေ။ သို့ သော် ဝက်ဝံရိုင်းများကား နွေးသောဒေသများ၌ပင် အစာသာ တစ်နှစ်ပတ် လုံးပေါများလျှင် တစ်နှစ်တွင် နှစ်လမှ ခြောက်လတိုင်အောင် ဆောင်းခိုလေ့ ရှိကြသည်။ ဆောင်းရာသီ နီးလာသောအခါတွင် ဝက်ဝံသည် ဆောင်းတွင်း၌ နေထိုင်ရန်သင့်လျော်မည့်နေရာကို ရွေးချယ်လေတော့သည်။ တစ်ခါတစ်ရံ တွင် လဲနေသော သစ်ပင်ရင်းရှိ အမြစ်များ၏ အောက်ဘက်တွင်းကို ရွေး ချယ်၍ တစ်ခါတစ်ရံတွင် သစ်ပင်ရှိအခေါင်းကို ရွေးချယ်တတ်သည်။ တစ်ခါတစ်ရံတွင်မူ သင့်လျော်မည့်နေရာတစ်ခုကို ရွေးချယ်ပြီးလျှင် တွင်းတူး

လေ့ရှိသည်။ တွင်းတူးပြီးသောအခါတွင် အတွင်းသို့ဝင်ပြီးလျှင် ကိုယ်ကို သစ်ရွက်များ၊ မြက်များ သို့မဟုတ် မြေမှုန့်များဖြင့်ဖုံး၍ နေလေ့ရှိ၍ အသက်ရှူနိုင်ရန်အပေါက်သာ ချန်ထားလေ့ရှိသည်။ ထိုသို့နေသောအခါတွင် အစဉ်သဖြင့်ကား အိပ်၍မနေချေ။ အစာနှင့် ရေကိုသာ လုံးဝရှောင်ကြဉ်၍ နေလေသည်။

ထိုသို့ ငြိမ်သက်စွာနေစဉ်အတွင်း ဇန်နဝါရီလ သို့မဟုတ် ဖေဖော် ဝါရီလ၌ ဝက်ဝံမသည် သားငယ်များကိုမွေးဖွားလေ့ရှိသည်။ ဝက်ဝံကလေး များကိုမွေးဖွားရာတွင် များသောအားဖြင့် နှစ်ကောင်သာမွေးလေ့ရှိသည်။ မွေးစဝက်ဝံကလေးများသည် သေးငယ်ကြပြီးလျှင် ဝက်ဝံကြီးများနှင့် လုံးဝ မတူကြချေ။ အမွှေးများမှာလည်း မရှိသလောက်ဖြစ်၍ မိခင်ဖြစ်သော ဝက်ဝံ မကြီး၏ အပြုအစု အစောင့်အရှောက်ကို လအတော်ကြာသည် အထိခံယူကြ ရသည်။ မိခင်ဖြစ်သော ဝက်ဝံမကလည်း သားငယ်များအား အသက်ကို ပဓာနမထားဘဲ ပြုစုစောင့်ရှောက်ပေးလေသည် ။

ဝက်ဝံကို သားစားကောင်ဟု ခွဲခြားသတ်မှတ်လေ့ ရှိသော်လည်း ဝက်ဝံအများအပြားသည် ဟင်းရွက်ဟင်းသီးများကို များသောအားဖြင့် စား၍ နေလေ့ရှိကြသည်။ ဝက်ဝံသည် ပျားရည်ကိုလွန်စွာကြိုက်နှစ်သက် လေ သည်။ ခြများနှင့် ပရွက်ဆိတ် များကိုလည်းကြိုက်နှစ်သက်ကြသည်။ ဝက်ဝံ သည် အမှန်အားဖြင့် ဥဿုံစားကောင် ဖြစ်သည့်အတိုင်း မြက်၊ ကောက်နှံ၊ သစ်မြစ်၊ ခွံမာသီး၊ သစ်သီး၊ ဗယ်ရီသီး၊ ပိုးကောင်၊ ဖား၊ မြွေ၊ ကြွက်၊ ခရု၊ ပက်ကျိ၊ ကြက်ဥ၊ ငှက်ဥ၊ ငါးနှင့် ငှက်များကို စားသောက်လေသည်။ ထို့ ပြင်ဖမ်း၍ရသမျှနှင့် ကောင်းမွန်သေးသော ရသမျှသားကောင် အသေးများကို လည်း စားသောက်လေသည် ။

မြောက်အမေရိကတိုက်တွင် တွေ့ရသော ဝက်ဝံမျိုးများအနက် ဝက်ဝံမည်းသည် ဝက်ဝံမျိုးတွင် အတွေ့ရအများဆုံးအမျိုးဖြစ်သည်။ တိရစ္ဆာန် ရုံများတွင် ထိုဝက်ဝံမျိုးကိုထားလေ့ရှိကြသည်။ ဘေးအန္တရာယ်မကင်းဟု ဆို ကြသော်လည်း လူတို့သည် ထိုဝက်ဝံမည်းမျိုးကလေးများကို ချစ်စနိုး တိရစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြသည်။ ထိုဝက်ဝံမျိုးသည် ကတတ်၊ ကင်းမြီး ကောက်ထောင်တတ် ၊ ဖင်ချ၍ထိုင်တတ်ရုံမက လူကဲ့သို့ လက်များကို ဆန့် တန်းကာ အစာကို တောင်းတက်လေသည် ။

ဆောင်းရာသီ၌ ဝက်ဝံမည်း၏ အမွှေးများသည် အကောင်းဆုံးဖြစ် သည်။ ဘေးဖြစ်စေနိုင်မည့် အသံနှင့်အနံ့ကို ကြားရရုံမျှနှင့် ဝက်ဝံမည်းကို မတွေ့နိုင်တော့ချေ။ တောကျွမ်းကျင်သည့် မုဆိုးသည်ပင် ဝက်ဝံမည်းမျိုးကို ရိုင်ဖယ်သေနတ်နှင့် ပစ်နိုင်အောင် ရှာရန်ခဲယဉ်းလေသည်။ ဝက်ဝံမည်းသည် ပေါင် ၅ဝဝ နှင့် ပေါင် ၅ဝဝ ကျော်အထိ ကြီးနိုင်သော်လည်း များသော အားဖြင့် ထိုမျှမကြီးချေ။

ဂရစ်ဇလီ ဝက်ဝံခေါ် မွဲပြာရောင်ရှိသည့် ဝက်ဝံမျိုးကိုလည်း မြောက်အမေရိကတိုက်တွင် တွေ့နိုင်သေးသည်။ ထိုဝက်ဝံမျိုးသည် အထက် ဖော်ပြပါ ဝက်ဝံမည်းခန့်သာကြီးလေ့ရှိသည်။ သို့သော် ဆယ်ပေ အထိကြီး သော ဂရစ်ဇလီဝက်ဝံမျိုးကို တွေ့ရပြီးလျှင် ထိုဝက်ဝံသည် ပေါင်ပေါင်း ၁၅ဝဝ အထိပင်လေးသည်ကိုတွေ့ရလေသည်။ ထိုဝက်ဝံကြီးသည် မြင်း ကလေးများနှင့် ကျွဲနွားများကိုပင် သယ်ဆောင်သွားနိုင်လေသည်။ အမေရိ ကန်နိုင်ငံရှိ အင်ဒီးယန်းခေါ် တိုင်းရင်းသားများသည် ထိုဝက်ဝံမျိုးကို

လွန်စွာကြောက်ရွံကြလေသည်။ ထိုဝက်ဝံမျိုးသည် ဝက်ဝံမည်းမျိုးထက်ပို၍ ဉာဏ်ရှိပြီးလျှင် ဒဏ်ရာရသောအခါ၌ဖြစ်စေ၊ အကျဉ်းအကြပ်တွေ့သောအခါ ၌ဖြစ်စေ လွန်စွာကြောက်မက်ဖွယ်ကောင်းလေသည်။

အလာစကာဝက်ဝံညိုမျိုးကို အလာစကာ ကျွန်းဆွယ်တွင်သာတွေ့ နိုင်သည်။ ထိုဝက်ဝံမျိုးသည် ဝက်ဝံမျိုးတွင်သာ အကြီးဆုံးမဟုတ်သေး၊ ကုန်းပေါ်ရှိ သားစားတိရစ္ဆာန်များတွင်လည်း အကြီးဆုံးဖြစ်သည်။ ထိုဝက်ဝံ မျိုးရှိကြောင်းကို ၁၈၉၈ ခုနှစ်မတိုင်မီကမသိခဲ့ကြချေ။ ထိုဝက်ဝံမျိုးသည် လူ ကို ကြောက်တတ်ပြီးလျှင် ဝေးရာသို့ ရှောင်သွားတတ်သည်။ သို့သော် ဒဏ် ရာရလျှင်ဖြစ်စေ၊ လူနှင့်နီးနီးကပ်ကပ်တွေ့ရသောအခါမျိုးတွင်ဖြစ်စေ၊ လူကို ပြင်းထန်စွာ တိုက်ခိုက်တတ်လေသည်။ ထိုဝက်ဝံမျိုးသည် တိရစ္ဆာန်ငယ် ကလေးများနှင့် ကြွက်များကို ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေတတ်သည်။ ကြွက်များကို ယင်းတို့၏ တွင်းများကို တူး၍ဖမ်းယူလေ့ရှိသည်။ ငါးများ အုရန် မြစ်အတွင်းမှတက်လာကြသောအခါ ငါးများကိုဖမ်း၍ စားသောက် သည်။ နွေရာသီအလယ်နှင့် ဆောင်းကူးရာသီအတွင်း၌မူ ကျွဲ၊ နွားများကဲ့သို့ မြက်များကိုစားသောက်လေသည်။

အာရှတိုက်တွင် အီရန်နိုင်ငံမှ ဂျပန်ကျွန်းများအထိ ဟိမဝန္တာ ဝက်ဝံမျိုးကို တွေ့နိုင်လေသည်။ ထိုဝက်ဝံမျိုးသည် အရွယ်၊ အရောင်နှင့် အလေ့အကျင့်များတွင် ဝက်ဝံမည်းမျိုးနှင့် တူလေသည် ။ ဥရောပတိုက်ရှိ ဝက်ဝံညိုမျိုးသည် ဂရစ်ဇလီဝက်ဝံမျိုးနှင့်တူ၍ ဝက်ဝံမည်းမျိုးထက်ပို၍ကြီးသည်။ ထို့ပြင် ထိုဝက်ဝံမျိုးသည် လူအဖို့ အခြား ဝက်ဝံမျိုးများထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။ သို့သော် ထို ဝက်ဝံမျိုးသည် အမျက်ထွက်သောအခါမျိုးနှင့် လွန်စွာဆာလောင်မွတ်သိပ်နေ သောအခါမျိုးတို့တွင်သာ လူကိုရန်မူတက်လေသည်။ ထိုဝက်ဝံမျိုးသည် နွား တစ်ကောင်ကိုသတ်ပြီးလျှင် လက်နှစ်ဖက်ဖြင့်ကိုင်ကာ ချောင်းငယ်တစ်ခုကို ဖြတ်ကျော်၍သွားနိုင်သဖြင့် ယင်း၏အင်အားသည် မယုံကြည်နိုင်လောက် အောင်ပင်ကြီးမားလေသည်။ ထို့ပြင် တွင်းတစ်တွင်းမှပေါင် ၆ဝဝ လေးသော သမင်တစ်ကောင်ကို ပေပေါင်းသုံးလေးထောင်ခန့်ဝေးသည်အထိ ဆွဲသွားနိုင် သည်ကိုလည်း တွေ့ရလေသည်။

မလ္လာယုကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစုများအနက် ကျွန်းကြီး များတွင် တွေ့ရသောဝက်ဝံမျိုးကို မလ္လာယုဝက်ဝံမျိုး၊ သို့မဟုတ် ပျားရည် ဝက်ဝံမျိုးဟုခေါ်သည်။ ထိုသို့ခေါ်ခြင်းမှာ ထိုဝက်ဝံမျိုးသည် ပျားရည်ကို လွန်စွာနှစ်ခြိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုဝက်ဝံမျိုး၌ အလွန်ရှည်လျားပြီး လျှင် ပျော့ပျောင်းသည့်လျှာရှိသည်။ ထိုလျှာရှည်ကြီးဖြင့် သစ်ခေါင်းများ အတွင်းရှိ ပျားသလက်များကိုဆွဲယူ၍ စားလေ့ရှိသည် ။ ထိုဝက်ဝံမျိုးသည် ဟိမဝန္တာဝက်ဝံမျိုးထက် ပို၍သေးငယ်သည်။

ဝင်ရိုးစွန်းဒေသရှိဝက်ဝံမျိုးတွင် ပတ်ဝန်းကျင်အရောင်နှင့် ကိုက် ညီသော အဖြူရောင်အမွှေးများရှိသည်။ ထိုဝက်ဝံများ၌ အမွှေးများသည် နေရာအနှံ့အပြားတွင်ရှိကြလေသည်။ ထိုဒေသနေဝက်ဝံဖိုသည် ရှည်လျား သောဆောင်းရာသီညဉ့်များ၌ အစာကိုလိုက်လံရှာဖွေ၍နေလေသည်။ ငါး၊ ပင်လယ်ဖျံ၊ ဝါးလရပ်ဖျံနှင့် ရရာအစာများကိုစားသောက်လေသည်။ အစာ ရှာ၍မရနိုင်သည့်အဆုံးတွင် လူကိုပင်သတ်စားလေ့ရှိသည်။ အက်စကီးမိုး လူမျိုးအမြောက်အမြားသည် ဝင်ရိုးစွန်းဒေသရှိဝက်ဝံများ၏ အသတ်အဖြတ်

အစားအသောက်ကို ခံကြရလေသည်။ အစာပေါများသော နွေရာသီ၌မူ ဝက်ဝံသည် လူကို သူ့ကိုယ်သူကာကွယ်ရန်မှတစ်ပါး မတိုက်ခိုက်ချေ။ ထို ဒေသနေဝက်ဝံမများကမူ ဆောင်းရာသီ၌ဆောင်းခိုကြလေသည်။ ထိုသို့ ဆောင်းခိုရာ၌ ရေခဲအောက်ရှိတွင်းကို အသုံးပြုလေ့ရှိသည်။ ထိုအခါ၌ ဝက်ဝံမသည် သားငယ်များကိုမွေးဖွားလေသည်။ ရေခဲများ အရည်ပျော်သွား သောအခါတွင် ဝက်ဝံကလေးများကို ပထမစ၍အပြင်သို့ထွက်စေသည်။ ထိုအခါသည် ထိုဒေသ၌ အလွန်အေးသည်မှာမှန်၏။ သို့သော် ထိုအချိန်တွင် ဝက်ဝံကလေးများ၌ အမွှေးထူများရှိနေလေပြီ။ မိခင်ဖြစ်သော ဝက်ဝံမသည် ထိုအခါ၌ ဆောင်းရာသီက အစာမစားရသဖြင့်ပိန်ကြုံ၍နေလေ ပြီ။ ထိုသို့ကြုံလှီ၍ပင် နေသော်လည်းမိခင်ဖြစ်သည့်အလျောက် သားငယ်များ အားနို့ချိုကို တိုက်ကျွေးလျက်ပင်ရှိသေးသည်။ ထို့ပြင်ရသမျှသော အစာများ ကိုလည်း မိမိစားသည်ထက် သားငယ်များအားခွဲဝေ၍ပေးသည်က များလေ သည်။

ထို့နောက် မကြာမီအတွင်းတွင် မိခင်ဝက်ဝံမသည် သားငယ်များ အား အစာရှာနည်းကိုသင်ကြားပေးသည်။ ရေခဲပြင်ပေါ်၌ ပင်လယ်ဖျံများရှိ ရာသို့ မည်ကဲ့သို့ချောင်းမြောင်း၍သွားရပုံနှင့် နွေကူးရာသီ၌ ကျောက်ဆောင် များသို့ ဥ အုရန်လာကြသော ငှက်အုပ်ကြီးများအား မည်ကဲ့သို့လက်ဝါးဖြင့် ရိုက်ပုတ်ရပုံများကို သင်ကြား၍ပေးသည်။ ထိုမျှမကသေး ၊ရေခဲတစ်မျှ အေးလှ သောရေတွင် ရေချိုးရန်ကိုလည်း သင်ကြားပေးသေးသည်။ ရေထဲသို့ ဆင်း ရန်ငြင်းဆန်နေသော ဝက်ဝံငယ်အားလက်ဖြင့်ရိုက်တန်ရိုက်၊ ရေထဲသို့ တွန်း ချတန်တွန်းချပြီးလျှင် ရဲရင့်လာစေသည်။ ကြောက်ရွံ့သော ဝက်ဝံငယ်ကိုမူ ရေထဲသို့ ချပြီးလျှင် ကမ်းနှင့်အတော်ဝေးဝေးသို့ ဆွဲခေါ်သွားလေ့ရှိသည်။ ထိုအခါမျိုးတွင် ဝက်ဝံငယ်ကလေးသည် မိခင်၏အမြီးကို သူ၏သွားများ ဖြင့်ကိုက်ကာ ပါသွားလေ့ရှိသည်။ ထိုနည်းဖြင့် ဝက်ဝံငယ်များအား ကိုယ့် ဝမ်းကိုယ်ကျောင်းနိုင်စေရန် သင်ကြားပေးသည်မှာ ဝက်ဝံငယ်ကလေးများကြီး ပြင်းလာ၍ ကိုယ်တိုင်အစာရှာထွက်နိုင်သည်အထိ ဖြစ်လေသည်။

ဖခင်ဖြစ်သော ဝက်ဝံဖိုကမူ သားသမီးဖြစ်သော ဝက်ဝံငယ် ကလေးများအား ဂရုစိုက်လေ့မရှိချေ။ ပါဏဗေဒ အလိုအားဖြင့် ဝက်ဝံသည် အာဆီဒီးမျိုးရင်း၌ ပါဝင် လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)