လှ၊ ဦး (လူထု)
မာတိကာ |
လူထု ဦးလှ [၁၉၁ဝ - ၁၉၈၂] [ပြင်ဆင်ရန်]
ဦးလှ ကို ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပုစွန်မြောင်း ရွာတွင် အဖ ကုန်သည် ဦးပု၊ အမိ ဒေါ်ခိုင် တို့မှ ၁၉၁ဝ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇:၄၅ နာရီတွင် မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်လှ ဖြစ်သည်။ ပုစွန်မြောင်းရွာ ဆရာ ဦးဖေခိုင် ကျောင်းတွင် ၄ တန်းအထိ ပညာ သင်ယူ ခဲ့သည်။ ၁၉၂၆ တွင် ညောင်လေးပင်မြို့ အာစီအမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းမှ ခုနစ်တန်း အောင်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းမှ ၁ဝ တန်း အောင်ခဲ့သည်။
ဆယ်တန်း အောင်ပြီးနောက် စာရင်းကိုင် စာရေး သင်တန်း တက်ခဲ့သည်။ ထိုသို့တက်နေရင်း မှာပင် လူငယ်များ ကြီးပွားရေး အသင်း သတင်းများကို သတင်းစာ များသို့ ပေးပို့ ခဲ့သည်။ ၁၉၃၁ တွင် ဘောလုံးသမား တဦး အဖြစ် မြူနီစီပယ်တွင် ရာပြတ် အင်စပက်တော် ဝင်လုပ် ခဲ့သည်။ တပြိုင်တည်း မှာပင် လူငယ်များ ကြီးပွားရေး အသင်းတိုက် စာကြည့်တိုက်မှူး၊ လူငယ်များ ကြီးပွားရေး အသင်း ညကျောင်း ဆရာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၂ တွင် "ကြီးပွားရေး မဂ္ဂဇင်း" ထုတ်ဝေသည့် အခါ စာ စရေး ခဲ့သည်။ ၁၉၃၃ တွင် "ကြီးပွားရေး လမ်းညွှန် မဂ္ဂဇင်း" ထုတ်ဝေသည့် အခါတွင် "ကြီးပွားရေး မဂ္ဂဇင်း" ကို မန္ဈလေးသို့ ပြောင်းရွှေ့ ထုတ်ဝေ ခဲ့သည်။ စစ်အတွင်း၌ မဂ္ဂဇင်း ရပ်ဆိုင်း ထားပြီး ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ထိုကာလ အထိ 'ကြီးပွားရေး မောင်လှ'၊ 'ကြီးပွားရေး အယ်ဒီတာ မောင်လှ' ကလောင် အမည်များကို အသုံးပြု ခဲ့သည်။
လူထု ဂျာနယ် ၁၅ ရက် တကြိမ်ထုတ်ကို ၁၉၄၅ တွင် လည်းကောင်း၊ လူထု သတင်းစာကို ၁၉ ဧပြီ ၁၉၄၆ တွင် လည်းကောင်း စတင် ထုတ်ဝေသော အခါ "လူထုဦးလှ" ကလောင် အမည် တွင်လာ ခဲ့သည်။ ၁ဝ၉၅၁ - ၅၂ တွင် လူထု ဂျာနယ်နှင့် သတင်းစာကို ပူးတွဲ ထုတ်ဝေ ခဲ့သည်။ ထိုအခါမှ စ၍ သတင်းစာ ဂျာနယ် လုပ်ငန်းကို ဇောက်ချ လုပ်ကိုင် ခဲ့သည်မှာ ၇ ဇူလိုင် ၁၉၆၇ တွင် လူထု သတင်းစာ ရပ်ဆိုင်း သွားခဲ့သည် အထိပင် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လုံးချင်း စာအုပ်များ ကိုသာ ဆက်တိုက် ရေးထုတ် ခဲ့သည်။
စာပေနှင့် လူထု လူတန်းစား အဖွဲ့အစည်း များတွင် ပါဝင် ခဲ့သည်။ စာရေးဆရာ အသင်း အမှုဆောင် (၁၉၃၇) မန္ဈလေး အာဇာနည် ၁၇ ဦး ဈာပနသို့ စာရေးဆရာ အသင်း ကိုယ်စားလှယ် (၁၉၃၈) ၊ ဂျပန်ခေတ် စာရေးဆရာ အသင်း အဝေးရောက် အမှုဆောင်၊ အာရှ လူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ (၁၉၄၃)၊ အထက် မြန်မာနိုင်ငံ ဖဆပလ အဖွဲ့ ဝါဒ ဖြန့်ချိရေးမှူး (၁၉၄၅)၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ (၁၉၄၇)၊ ဗထူး အားကစားကွင်း ဒုတိယ ဥက္ကဋ္ဌ (၁၉၅ဝ) တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ လုပ်ခဲ့ သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီး ခံရခြင်း အပါအဝင်၊ ဖဆပလခေတ်၊ မဆလ ခေတ်တို့၌ ၅ ကြိမ်တိတိ ဖမ်းဆီး ခံခဲ့ ရသည်။
သတင်းစာနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် ၁၉၅၂ တွင် ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊ ၁၉၅၇ တွင် သီရိလင်္ကာ၊ ၁၉၆ဝ တွင် အင်္ဂလန်၊ ပြင်သစ်နှင့် အနောက် ဂျာမနီ၊ ဂျပန်၊ ၁၉၆၂ တွင် အင်ဒိုနီးရှား နိုင်ငံ များသို့ သွားရောက် ခဲ့သည်။
သတင်းစာ ဆရာ၊ စာရေးဆရာ ဖြစ်သည်နှင့် လျော်ညီစွာပင် စာမျိုးစုံ ရေးသား ခဲ့သည်။
- ဆိုဗီယက် ရုရှား (၁၉၃၈)၊
- ထိပ်ဆုံးသို့ (၁၉၄ဝ)၊
- ရွှံ့နှင့် စစ်သား (၁၉၄၂)၊
- ပန်းနှင့် စစ်သား (၁၉၄၂) စသည့် ဘာသာပြန် စာအုပ်များ၊
- လေနှင့် အတူ (၁၉၅၇)၊
- ထောင်နှင့် လူသား (၁၉၅၇)၊
- လှောင်ချိုင့်ထဲမှ ငှက်ငယ်များ (၁၉၅၈)၊
- အားလုံး ကောင်းကြရဲ့လား (၁၉၅၉)၊
- စစ်၊ အချစ်နှင့် ထောင် (၁၉၆ဝ)၊
- စစ်ပြီးစက ထောင်တံခါး (၁၉၆၈) စသည့် ထောင် အတွေ့အကြုံ စာအုပ်များ၊
၁၉၆၂ ခုနှစ်မှ စ၍ ထုတ်သည့်
- ကရင်ပုံပြင်များ (၁၉၆၂ - ၆၆)၊
- ရခိုင် ကျေးလက် ပုံပြင်များ (၁၉၆၃ - ၆၈)၊
- မွန် ပုံပြင်များ (၁၉၆၄ - ၆၈)၊
- မြန်မာ ပုံပြင်များ (၁၉၆၅ - ၆၈)၊
- လီဆူး ပုံပြင်များ (၁၉၆၈)၊
- ရဝမ် ပုံပြင်များ (၁၉၇ဝ)၊
- လိုင်းနောင် နာဂ ပုံပြင်များ (၁၉၇၁) စသည့် တိုင်းရင်းသား ပုံပြင် စာအုပ်များ၊
- ဂျပန်ပြည် တခေါက် (၁၉၆၂)၊
- အင်ဒိုနီးရှား အနောက်မှ အရှေ့သို့ (၁၉၆၃)၊
- နာဂ တောင်တန်း တစေ့တစောင်း (၁၉၆၇) ခရီးသွား စာအုပ်များ၊
- သတင်းစာများသည် သမိုင်းကို ပြောနေကြသည် (၁၉၆၃)၊
- သတင်းစာများ ပြောပြတဲ့ စစ်တွင်း မြန်မာပြည် [လေးတွဲ] (၁၉၆၈)၊
- သတင်းစာများ ပြောပြတဲ့ စစ်ပြီးစ မြန်မာပြည် [ပထမတွဲ] (၁၉၆၉) စသည့် သမိုင်းနှင့် သတင်းစာ မှတ်တမ်း စာအုပ်များ၊
- ကျွန်တော် ဗြူရိုကရက် (၁၉၇ဝ)၊
- ကျွန်တော် စတီးပွဲစား (၁၉၇ဝ)၊
- ကျွန်တော် သတင်းထောက် (၁၉၇၁)၊
- ကျွန်တော် မြင်းသမား (၁၉၇၂) စသည့် "က္ဆွန်တော် ......" စာအုပ် များမှာ ထင်ရှားသည်။
'ထောင်နှင့် လူသား' ဖြင့် ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ 'လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ' ဖြင့် ၁၉၅၈ ခုနှစ် ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ 'ရခိုင် ကျေးလက် ပုံပြင်များ' ဖြင့် ၁၉၆၃ ခုနှစ် စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေး သူငယ် ဆိုင်ရာ စာပေ ဒုတိယဆုများ ရရှိ ခဲ့သည်။
၁၉၈၂ ခု ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈:၁၅ နာရီတွင် မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။
.......................................................................
"နှစ် ၉ဝ ပြည့် လူထု" စာအုပ်မှ နွေဇော်ဦး (မန္တလေး)ရဲ့ 'ကျွန်တော်မတွေ့ခဲ့ဖူးသော လူထုဦးလှ' ဆောင်းပါးကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။
ကျွန်တော်မတွေ့ခဲ့ဖူးသော လူထုဦးလှ [ပြင်ဆင်ရန်]
နွေဇော်ဦး (မန္တလေး)
(၁) [ပြင်ဆင်ရန်]
ဒုတိယကမႝာစစ်ကြီးပြီး၍ အင်္ဂလိပ်တို့ မန္တလေးကို ပြန်သိမ်းလိုက်သည့်အခါတွင် ကျွန်တော်သည် မန္တလေးသို့ ရောက်နေ၏။ ထိုစဉ်က လူထုဆိုသည့် စကားလုံးသည် ခေတ်မစားသေး။ စကားလုံးအသစ် ဖြစ်သည်။ ဦးလှက ‘လူထုဂျာနယ်’ ဟူသော အမည်ဖြင့် ဂျာနယ်တစောင်ထုတ်သည်။ လူထုဆိုသော စကားလုံးသည် ထိုအချိန်မှစ၍ ခေတ်စားလာသည်။ အေဝမ်းဆရာညှာက ‘လူထုစစ်’ ဆိုသော အမည်ဖြင့် သီချင်းတပုဒ် စပ်၏။
နေရာတကာတွင် လူထုသည် ခေတ်စားနေ၏။ လူထုဂျာနယ်၊ လူထုစစ်၊ လူထု လက်ဖက်ရည်ဆိုင်၊ လူထုပင်မင်း၊ လူထုဖိနပ်ဆိုင်၊ လူထုစီနီမာ၊ လူထုဆီးပေါင်း၊ လူထု လူထု နေရာတကာတွင် လူထု၊ အင်္ဂလိပ် အလိုတော်ရိ စာရေးဆရာတဦးက ‘လူထု၊ လုထုနဲ့ ဘာလူထုလဲ၊ ဒီစကားက ဘာအဓိပ္ပာယ်ရှိသလဲ၊ လူတွေကို ထုနေကြတာလား’ ဟု ဒေါသတကြီးဖြင့် ရေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူ့ဒေါသတကြီးအော်သံသည် လူထု၏ အော်သံထဲတွင် နစ်မြုပ်သွားကာ ထိုသတင်းစာဆရာသည်လည်း လူထု ဒီလှိုင်းကြီးတွင် နစ်မြုပ်သွားခဲ့သည်။
လူထုဆိုသော အမည်ကား မပျောက်။ လူထုဆိုသော ဝေါဟာရသည် ဆက်လက် ရှင်သန်နေဆဲ။
ဦးလှသည် ထိုအချိန်မှစ၍ ကြီးပွားရေး ဦးလှဟူသော အမည်ပျောက်ကာ လူထု ဦးလှဟူသော အမည်ကို ရလားခဲ့ခြင်း ဖြစ်လေးသည်။
(မြသန်းတင် 'ဦးလှ လျှောက်ခဲ့သောလမ်း'၊ 'လူထုချစ်သမျှ လူထုဦးလှ' စာအုပ်၊ စာမျက်နှာ ၂၈၂ /၂၈၃ )
ဆရာမြသန်းတင့် (ကွယ်လွန်) က ‘လူထုဦးလှ’ ဟူသော အမည်နာမ ဖြစ်ပေါ်လာပုံကို ရှင်းပြထားခြင်းဖြစ်သည်။
လေတချက်ဝေ့လိုက်သဖြင့် ဘေးတွင်ချထားသော စာရွက်တို့ လွင့်ထွက်ကုန်သည်။ ခပ်လှမ်းလှမ်းရှိ ဒန့်သလွန်ပင်မှ ဒန့်သလွန်ပွင့်တို့သည် လေဟုန်စီးကာ တဖွဲဖွဲ ွေွ့ကကျလျက်ရှိသည်။
ချိုးကူးသံသဲ့သဲ့သည် လွမ်းစရာ။ ဟိုအဝေး ရှမ်းရိုးမသည် ပြာရည်မှုန်ဝေလျက်။
ကျွန်တော့်လက်ထဲ၌ ‘လူထုချစ်သမျှ လူထုဦးလှ’ ဆိုသော စာအုပ်ကြီးရှိနေသည်။ လူထုဦးလှ ကွယ်လွန်အပြီး၌ အမှတ်တရ ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ထဲတွင် ကဗျာဆရာ၊ စာရေးဆရာများ များစွာ ပါဝင်ရေးသားခဲ့ကြသည်။
၁၉၈၂ ခုနှစ်၊ ဘြဂုတ်လ (၇) ရက်နေ့၌ လူထုဦးလှ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ဆရာကိုလေး (အင်းဝဂုဏ်ရည်) က လူထုဦးလှ ကွယ်လွန်ကြောင်း ဤသို့ ကဗျာဖွဲ့၍ မှတ်တမ်းတင်ခဲ့သည်။
၈၂-၈-၇ ရက်
မနက် (၈) နာရီကျော်
မန္တလေးမြို့ပေါ်မှာ
တော်လဲသံ ငလျင်သံ
တောင်ပြိုသံ တုန်ဟည်းပြီး
ကြယ်ကြီးတပွင့် ွေွ့ကခဲ့တယ်။
ကဗျာကို လွတ်လပ်ကာရန် (Free verse) ပုံစံဖြင့် ရေးစပ်ထားခြင်းဖြစ်သည်။ ကျွန်တော်သည် ကဗျာကို ဆက်ဖတ်၏။
ပန်းတောင်အောက် ဦးလေး
လူထုကြားက ဦးလေး ပြုံးပြုံး ပြုံးပြုံးနဲ့ ဦးလေး
မန္တလေးနဲ့ ကလောင်ကိုခွဲခွာ
ကြေးစည်သံသာသာနဲ့ သွားရှာပြီ။
ဤအပုဒ်ကို ဖတ်ပြီးသောအခါ၌ ကျွန်တော်သည် ကဗျာကို ဆက်ဖတ်၍ မရတော့။ ရင်ထဲ၌ ဆို့တက်လာသည်။ ဝမ်းနည်းမှုတို့ ကြီးစိုးလာသည်။ မျက်ရည်တို့ စို့လာ၏။ စာအုပ်ကို ပိတ်လိုက်သည်။ ဒန့်သလွန်ပင်ပေါ်မှ ငှက်ကလေးတို့၏ အော်သံတို့ပင် တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။
(၂) [ပြင်ဆင်ရန်]
မန္တလေးသားဖြစ်သော ကျွန်တော်သည် လူထုဦးလှအား တခါမျှ တွေ့မြင်ခဲ့ဖူးခြင်း မရှိခဲ့ပါ။
ကျွန်တော်နေထိုင်ရာ မလွန်ကြက်သွန်တန်းရပ်ကွက်နှင့် လူထုတိုက်သည် စင်စစ် သိပ်ဝေးလှသည်တော့ မဟုတ်။
လူထုဦးလှ ကွယ်လွန်ချိန်တွင် ကျွန်တော်က (၁ဝ) တန်း ကျောင်းသားမျှသာ ရှိသေးသည်။ စာဖတ်ခါစ အချိန်ဖြစ်သည်။ ကျောင်းစာနှင့် ပြင်ပစာ လုံးထွေးနေသော ကာလများ။
လူထုဦးလှရေးသော စာအုပ်များကို ဖတ်ဖြစ်သည်။
ကျောင်းသွားကျောင်းပြန် လူထုတိုက်ရှေ့မှ ဖြတ်သည်။ သို့သော် လူထုဦးလှကို မတွေ့ခဲ့ရ။ တွေ့ချင်သည့်စိတ်က ရှိသည်။ သို့သော် ကျွန်တော် မတွေ့ရဲ။ လူထုဦးလှ၊ ဒေါ်အမာ ဟူသော နာမည်သည် ဟိုးဟိုးကျော်လျက်။
(၃) [ပြင်ဆင်ရန်]
ဒန့်သလွင်ပင်ပေါ်မှ ငှက်ကလေးတို့ အော်သံသည် ဆူညံလာပြန်သည်။ မြေပြင်၌ ဖွေးဖွေးလှုပ်နေသော ဒန့်သလွင်ပွင့်တို့သည် လေအတိုက်၌ ရှပ်တိုက်ပြေးနေကြသည်။
ခပ်လှမ်းလှမ်းရှိ မြေနီလမ်းပေါ်၌ နွားလှည်းအိုတစီး မောင်းနေသည်။ ရဲရဲနီသော ဖုန်မှုန့်တို့သည် ထောင်းထောင်းထ၍ ကျန်ရစ်ခဲ့၏။ ထိုကျန်ရစ်ခဲ့သော ဖုန်မှုန့်တို့သည် လေနှင့်အတူ ပါလာကာ ကျွန်တော့်အနားတွင် ဝဲပျံ လှုပ်ရှားနေကြသည်။
ကျွန်တော်သည် နေ့စဉ်မှတ်တမ်းခေါ် မှတ်စုစာအုပ်လေးကို ဖွင့်၍ ဖတ်လိုက်သည်။ မင်ရောင်တို့ ခပ်ဖျော့ဖျော့သာ ရှိတော့သည့် စာမျတ်နှာတို့သည် ဝါကြန့်ကြန့် အရောင်အသွေးပင် ဆောင်နေချေပြီ။
‘ရည်းမှန်းချက်ဆိုတာ ဘာလဲ။ မဖြစ်မနေ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒက ပေါက်ပွားလာတဲ့ တိတိကျကျ ချမှတ်ထားတဲ့ လုပ်စရာပဲ’
‘မအောင်မမြင် ဖြစ်ရတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလို့ပဲ။ လုပ်စရာ ကိုင်စရာမှန်သမျှ အောင်မြင်ဖို့ဆိုတာ ရိုးရိုးသားသား မယိမ်းမယိုင် မုချအောင်မြင်ရမယ်လို့ ယုံကြည်တဲ့စိတ် ပြင်းပြင်းပြပြရှိဖို့ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။’
‘လူငယ်ပြသနာဟာ ဒီကနေ့ ကမႝာမှာ အရေးကြီးတဲ့ ပြဿနာတရပ်ပါ။ တိုင်းပြည်အနာဂတ်နဲ့ သူတို့အနာဂတ်ဟာ တွဲနေတာကြောင့် သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေး လိမ္မာရေး၊ တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေးများဟာ သိပ်အရေးကြီး ပါတယ်’ ‘အချိန်ဆိုတာ အဖိုးဖြတ်လို့ မရနိုင်ပါဘူး။ ငွေကြေးပျောက်ဆုံးတာ တခြားပစ္စည်းတွေ ဆုံးရှံးသွားတာတွေဟာ လုပ်နိုင်ကိုင်နိုင် ရှာဖွေနိုင်ရင် အစားပြန်ရနိုင်ပါတယ်။ အကျိုးမရှိ ကုန်ဆုံးသွားတဲ့ အချိန်ကိုတော့ ဘယ်နည်းနဲ့မှ ပြန်မရတော့နိုင်ပါဘူး’
‘လူတိုင်း ကိုယ့်ကိုယ်ကို အမှန်အတိုင်း မြင်အောင် ကြည့်ဖို့လိုပါတယ်။’
‘သေးငယ်တာတွေကို အထင်မသေးပါနဲ့’
‘စာဖတ်တာဟာ ထမင်းစားတာလိုပဲ ကိုယ့်အတွက် အရေးကြီးတယ်လို့ သဘောပေါက်ရမယ်’
ဆရာလူထူဦးလှ ရေးသားခဲ့သော ‘လူတလုံး’ စာအုပ်ထဲမှ ကျွန်တော် ထုတ်နုတ်ထားသော မှတ်စုငယ်များ ဖြစ်သည်။ စင်စစ် ‘လူတလုံး’ စာအုပ်သည် မှတ်၍ ကုန်နိုင်ဖွယ်ရာ မရှိသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကိုဖတ်၍ လျော့ရဲနေသော စိတ်ဓာတ်တို့ မြှင့်တက်လာခဲ့ရသည်။ လူထုဦးလှ၏ ကျေးဇူးသည် ကြီးမားလှပါဘိ။
မှတ်စုစာအုပ်ကို ပိတ်လိုက်သည်။
မွန်းတည့်နေသည် ခြစ်ခြစ်တောက် ပူလောင်လျက်။ လေတိုက်ခတ်နေသည့်တိုင် တိုက်သောလေတို့မှာလည်း လေပူတို့သာ ဖြစ်ချေမည်။
(၄) [ပြင်ဆင်ရန်]
ကမႝာကျော် အင်္ဂလိပ်ကဗျာဆရာ ရောဘတ်ဘရောင်နင်က-
သူ့နှလုံးသားကို ခွဲကြည့်လိုက်ပါ သူ့နှလုံးသားထဲမှာ သူချစ်တဲ့နိုင်ငံရဲ့ အမည်ကို ကမ္ပည်းထိုးထား တွေ့ရပါလိမ့်မည်ဟု ရေးခဲ့ဖူးသည်။
"လူထုဦးလှ၏ နှလုံးသားထဲ၌ မည်သို့ ကမ္ပည်းထိုးထားတွေ့ရမည်လဲ။ ကျန်ရစ်ခဲ့သူ လူထုဒေါ်အမာ၏ အသည်းနှလုံးထဲ၌ မည်သို့ ကမ္ပည်းထိုးထားတာ တွေ့ရမည်လဲ" ‘ကွိ’ ကို ဘာသာပြန်သူက ‘လူသားရပ်ရွာ ဤကမႝာ’ ဆိုတဲ့ ကမ္ပည်းစာတမ်းပဲ ဖြစ်မှာပါ' ဟု မှတ်ချက်ပေးခဲ့သည်။
ညောင်လေးပင်မြို့နယ်။ ပုစွန်မြောင်းရွာဇာတိဖြစ်သော လူထုဦးလှသည် သူ့ကိုယ်သူ ‘မယားပါ မန္တလေးသား’ ဟု အမြွေဲွ့ကးကြော်လေ့ ရှိသည်။ ‘ပြည်သူချစ်သော ပုံပြောဆရာ’ ဟု သမုတ်ခြင်းခံရသော လူထုဦးလှသည် ပုံပြင်စာအုပ်ပေါင်းများစွာကို ပြုစုသွားခဲ့၏။ မြန်မာပြည် အနှံ့အပြား ခရီးထွက်ခါ တိုင်းရင်းသားရိုးရာ ပုံပြင်များကို စုဆောင်းပြုစုသွားခဲ့သည်မှာ သူလိုလူ ရှားလောက်ပါပေ၏။
လူထုဦးလှသည် လူထုဘက်မှ အစဉ်ရပ်တည်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ ပြည်သူတို့ဘက်မှ သတ္တိရှိရှိ သစ္စာရှိရှိ ဆောင်ရွက်ခဲ့သည်။ လူထုဦးလှ ကွယ်လွန်သောအခါ ဆရာ တော်ဘုရားကလေးက လူထုဦးလှကို သစ္စာပန်း အနီရောင်ဖြင့်နှိုင်း၍ အလေးပြုခဲ့သည်။
လူငယ်များကို အစဉ်အမြဲ တိုးတက်စေလိုသော ဦးလှ။
လူငယ်များကို ကြီးပွားစေလိုသော ဦးလှ။
ကျွန်တော်တို့ လေးစားကြည်ညိုခဲ့ရသော ဦးလှ။
ကျွန်တော်သည် မန္တလေး ယဉ်ကျေးမှုဂျာနယ်တစောင်ကို ကောက်လှန်လိုက်သည်။ ဂျာနယ်မှာ ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလထုတ် အတွဲ (၃)၊ အမှတ် (၂) ဖြစ်ပြီး ဆရာနတ်မောက်ထွန်းရှိန် တည်းဖြတ်သည်။
‘ဦးလှဟာ တည်ဆဲဥပဒေကို ရိုသေလေးစား လိုက်နာရာမှာ အလွန်တိကျတဲ့ လူပါ။ ဒါပေမယ့် သူ့တသက်မှာ အဖမ်းခံရတာ (၅) ကြိမ်ပါ’
အမေ လူထုဒေါ်အမာ၏ ထိုစာပိုဒ်ကလေးကို ဖတ်၍ ကျွန်တော် အံ့အားသင့်ခဲ့သည်။
(၅) [ပြင်ဆင်ရန်]
နေဝင်တော့မည်။ အိပ်တန်းပျံငှက်တို့၏ အော်သံတို့သည် တူညံနေကြသည်။ မြေနီလမ်းကလေးသည် လွမ်းစရာ။ ဒန့်သလွန်ပင်သည် ငြိမ်သက်လျက်။
‘လူငယ်ပြသနာဟာ ဒီကနေ့ ကမႝာမှာ အရေးကြီးတဲ့ ပြသာနာတရပ်ပါ။ တိုင်းပြည် အနာဂတ်နဲ့ သူတို့ အနာဂတ်ဟာ တွဲနေတာကြောင့် …’ ဆိုသော လူထုဦးလှ၏ စကားကို ပြန်လည်ကြားယောင်နေမိသည်။
ဓာတ်ပုံများ [ပြင်ဆင်ရန်]
-
၁၉၅၂ ခုနှစ် က တရုတ်နိုင်ငံ ပီကင်း ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကွန်ဖရင့် သို့ ရွှေဥဒေါင်း၊ သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှ တို့ အတူ တက်ရောက်ခဲ့စဉ်
စာညွှန်း ။ ။ [ပြင်ဆင်ရန်]
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
- ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၆၄-၆၆။
- မလိခ။ မြန်မာဝတ္ထု အညွှန်း(၄)။ စာ ၇၃-၉၄။
- နေထွတ်။ မန္ဈလေး အဘိဓာန်။ စာ ၃ဝ၄-၃ဝ၅။
- နတ်နွယ်။ မိမိနှင့် စာရေးဆရာများ။ စာ ၉ဝ-၉၆။
- ပြန်/ဆက် စာတည်းအဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ စာ ၂၇၆-၂၈၁။
- မန္ဈလေးနှင့် စာပေခရီး (ဇွန် ၁၉၉၈)။ စာ ၅၉-၆ဝ။
- မြန်မာ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၃)။ စာ ၂၈ဝ-၂၈၁။
- ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (စက်တင်ဘာ၁၉၈၂)။ စာ ၁၇၂။
- စာရေးဆရာ လူထုဦးလှ ကွယ်လွန်၊ လုပ်သားပြည်သူ့ နေ့စဉ် (၈-၈-၈၂)။ စာ ၇။]