လွတ်လပ်စွာတရားစီရင်ရေး အတွက်အခြေခံအချက်များ (ကုလသမဂ္ဂကြေငြာချက် ၁၉၈၅)

ဝီကီပီးဒီးယား မှ

လွတ်လပ်စွာတရားစီရင်ရေးအတွက် အခြေခံအချက်များ (Basic Principles on the Independence of the Judiciary) ကို ၁၉၈၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိကျင်းပခဲ့သည့် မူခင်းကြိုတင်ကာကွယ်ရေးနှင့် ပြမှုကျူးလွန်သူများကိုကိုင်ဆောင်ရွက်ရေးတို့နှင့်ပက်သက်သည့် ခုနစ်ကြိမ်မြောက် ကုလသမဂ္ဂကွန်ဂရက် (Seventh United Nations Congress on the Prevention of Crime and the Treatment of Offenders) တွင်ချမှတ်ခဲ့ပြီး အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၀/၃၂ (၆ စက်တင်ဘာ ၁၉၈၅) နှင့် ၄၀/၁၄၆ (၁၃ ဒီဇင်ဘာ ၁၉၈၅) တို့တွင်ထပ်ဆင့်လက်မှတ်ရေးထိုးခဲ့သည်။


ယင်းကြေညာချက်အရ အဖွဲ့ဝင်နိုင်ငံများလိုက်နာဆောင်ရွက်ရမည့်အခြေခံအချက်များမှာ-


၁။ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကို နိုင်ငံတော်က အာမခံရပေးထားရမည်ဖြစ်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း၍ဖြစ်စေ၊ သီးခြားဥပဒေပြဋ္ဌာန်း၍ဖြစ်စေ ကာကွယ်ပေးရပေမည်။ ထို့အပြင် နိုင်ငံ၏အစိုးရယန္တယားနှင့် အခြားသောအဖွဲ့အစည်းများအားလုံးက တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကိုလေးစား လိုက်နာကြရန် တာဝန်ရှိသည်။


၂။ တရားစီရင်ရေးအဖွဲ့အနေဖြင့် အမှုများကြားနာ၍စီရင်ချက်များချမှတ်ရာတွင် အမှုတွင်ပေါ်ပေါက်သော အချက်အလက်များအပေါ်အခြေခံပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ မျှမျှတတ သမာသမတ်ကျကျဖြင့် ဆုံးဖြတ်ရမည်။ ထိုသို့ ဆုံးဖြတ်ရာတွင် မည်သည့်အကြောင်းကြောင့်မျှ ၎င်းတို့၏ဆောင်ရွက်မှုအပေါ် တစ်စုံတစ်ရာသော ကန့်သတ် ချက်များ၊ မလျော်ဩဇာသုံး၍ လွှမ်းမိုးမှုများ၊ မက်လုံးပေးစည်းရုံးသိမ်းသွင်းမှုများ၊ ဖိအားပေးခြိမ်းခြောက်မှုများ သို့မဟုတ် ဝင်ရောက်စွက်ဖက်မှုများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေမရှိစေရ။


၃။ တရားစီရင်ရေးအဖွဲ့တွင် တရားစီရင်ရေးသဘောသက်ရောက်သော ပြဿနာတိုင်းအတွက် စီရင်ပိုင် ခွင့်အာဏာရှိစေရမည်။ ထို့ပြင် ဥပဒေအရအပ်နှင်းထားသော စီရင်ပိုင်ခွင့်အတွင်း တင်ပြလာသောပြဿနာအပေါ် တွင်လည်း သီးခြားစီရင်ဆုံးဖြတ်ခွင့်ရှိစေရမည်။


၄။ တရားစီရင်ရေးဆောင်ရွက်မှုတွင် မလျော်ကန်သော အကြောင်းမဲ့ဝင်ရောက် ခြယ်လှယ်မှုများ မရှိစေ ရပါ။ ထို့ပြင် တရားရုံးများ၏စီရင်ဆုံးဖြတ်မှုများသည် ပြင်ဆင်မှုရုံး၏လက်အောက်ခံလည်း မဖြစ်စေရပါ။ ဤမူ သဘောတရားသည် ဥပဒေနှင့်အညီ တရားစီရင်ရေးအဖွဲ့က ပြစ်ဒဏ်သက်ညှာလျှော့ပေ့ါပေးခြင်းနှင့် ပြင်ဆင်မှု ဖွင့်လှစ်ခြင်းတို့ကို ထိခိုက်မှုမရှိစေရ။


၅။ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော တရားရုံး၊ ခုံရုံးများတွင် မည်သူမဆို တရားစွဲဆို အရေး ယူ ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်။ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို စနစ်တကျ ချမှတ်ဆောင်ရွက်မှု မရှိသော ခုံရုံးများတည်ထောင်ကာ တရားရုံးများ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ ခုံရုံးများနေရာတွင် အစားထိုးနေရာယူ စေခြင်းမျိုးမရှိစေရ။


၆။ တရားစီရင်ရေးလွတ်လပ်မှုဆိုင်ရာအခြေခံမူများသည် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ မျှမျှ တတဆောင်ရွက်ခြင်းနှင့် အမှုသည်များ၏ အခွင့်အရေးများကိုလေးစားခြင်း စသည်တို့အပေါ် အာမခံချက်ပေးနိုင် ရပေမည်။


၇။ တရားစီရင်ရေးအဖွဲ့အနေဖြင့် ယင်း၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သောထောက်ပံ့မှုများကို စီမံဆောင်ရွက်ပေးရန် အဖွဲ့ဝင်နိုင်ငံတိုင်း၏ တာဝန်ဖြစ်သည်။


၈။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းနှင့်အညီ တရားစီရင်ရေးဆိုင်ရာအဖွဲ့ဝင်များ သည် အခြားနိုင်ငံသားများနည်းတူ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်ခွင့် ၊ စုဝေးခွင့် စသည့်အခွင့်အရေးများရရှိစေရမည်။ သို့ရာတွင် ယင်းအခြေခံအခွင့်အရေးများကို ကျင့်သုံးကြရာတွင် တရားသူကြီးများသည် မိမိရုံး၏ဂုဏ်သိက္ခာကိုဖြစ်စေ၊ မိမိ၏ သမာသမတ်ကျစွာဆောင်ရွက်မှု ကိုဖြစ်စေ၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ ထိခိုက်စေနိုင် သောအပြုအမူမျိုးကို သတိပြုရှောင်ကြဉ် ကြရမည်။


၉။ တရားသူကြီးများသည် မိမိတို့၏အရည်အသွေး တိုးတက်ရာတိုးတက်ကြောင်းအတွက် ဖြစ်စေ၊ တရား စီရင်ရေးဆိုင်ရာလွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်နိုင်ရန်ဖြစ်စေ တရားသူကြီးအဖွဲ့အစည်းများ သို့မဟုတ် မိမိ တို့စိတ်ပါဝင်စားသော အခြားသောအသင်းအဖွဲ့များတွင် လွတ်လပ်စွာပါဝင်ခွင့် သို့မဟုတ် မိမိကိုယ်တိုင် လွတ်လပ် စွာ ဖွဲ့စည်းခွင့်ရှိစေရမည်။


၁၀။ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းအတွက် ရွေးချယ်ထားသူများသည် တစ်ဦးချင်းဆိုင်ရာ ဂုဏ်သိက္ခာ နှင့် အရည်အသွေးတို့ရှိနေရမည့်အပြင် ဥပဒေနယ်ပယ်တွင် လိုအပ်သောလေ့လာသင်ယူ တတ်မြောက်မှု သို့မဟုတ် ထူးချွန်မှုများရှိရန်လိုအပ်သည်။ တရားသူကြီးများကိုရွေးချယ်ခန့်အပ်ရာတွင် မည်သည့်နည်းစနစ်ကိုကျင့်သုံးသည် ဖြစ်စေ မရိုးမသားရွေးချယ်ခန့်အပ်မှုများမရှိရလေအောင် ကာကွယ်မှုပေးနိုင်ရမည်။ ထိုသို့ ရွေးချယ်ကြရာတွင် မိမိ နိုင်ငံသားဖြစ်ရမည့်လိုအပ်ချက်မှအပ ကျား၊မ၊ လူမျိုး၊ အသွေး အရောင်၊ဘာသာ ကိုးကွယ်မှု ၊ နိုင်ငံရေး သို့မဟုတ် အခြားအမြင်၊ ဆင်းရဲချမ်းသာ၊ မွေးဖွားမှုနှင့် အဆင့်အတန်း စသည်တို့အပေါ် ခွဲခြား ရွေးချယ်မှုမရှိစေရ။


၁၁။ တရားသူကြီးတစ်ဦး၏ တာဝန်ထမ်းဆောင်မှုသက်တမ်း၊ လွတ်လပ်မှု၊ လုံခြုံမှု၊ လုံလောက်သော လုပ်ခလစာ၊ လျော်ညီသော တာဝန်ထမ်းဆောင်ရမှုအဆင့်အတန်း၊ ပင်စင်ခံစားခွင့်နှင့် တာဝန်မှအနားယူရမည့် ကာလတို့ကို ဥပဒေဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးရမည်။


၁၂။ ခန့်အပ်တာဝန်ပေးထားသော တရားသူကြီးတွင်ဖြစ်စေ၊ ရွေးချယ်တင်မြှောက်ထားသော တရား သူကြီးတွင်ဖြစ်စေ ဥပဒေအရ ပင်စင်ယူသည့်ကာလအထိ သို့မဟုတ် တာဝန်ထမ်းဆောင်ရမည့်ကာလ ကုန်ဆုံး သည်အထိ ၎င်းတို့အတွက် အာမခံချက်ရှိသော ကာလသက်တမ်းတစ်ခုရှိနေစေရမည်။


၁၃။ တရားသူကြီးများအား ရာထူးတိုးမြှင့်ရာတွင် ၎င်းတို့တစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်စသည့် ဓမ္မဒိဌာန်ကျသော အချက်အလက်များအပေါ်အခြေခံကာ စဉ်းစားရမည်။


၁၄။ တရားသူကြီးတစ်ဦးအား အမှုများစစ်ဆေးစီရင်ရန် တာဝန်ပေးအပ်မှုသည် ယင်းတာဝန် ထမ်းဆောင် ရာတရားရုံး၏ တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်သက်သက်မျှသာဖြစ်သည်။


၁၅။ တရားစီရင်ရေးအဖွဲ့သည် အများပြည်သူနှင့်ပတ်သက်သောဆောင်ရွက်ချက်မျိုးမှအပ လုပ်ငန်း ဆောင်ရွက်မှုပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်လုံခြုံမှု ဆိုင်ရာကိစ္စရပ်များတွင် စောင့်စည်း ထိန်းသိမ်းရန်တာဝန်ရှိသည်။ ထိုကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့အား အတင်းအကျပ် ထွက်ဆို စေခြင်းမျိုးမပြုလုပ်ရ။


၁၆။ တရားသူကြီးများသည် ၎င်းတို့၏တရားစီရင်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မှားယွင်းဆောင်ရွက်မှုများ သို့မဟုတ် ပျက်ကွက်မှုများအတွက် တရားမမှုစွဲဆိုကာ နစ်နာကြေး တောင်းဆိုခြင်းမှ ကင်းလွတ်ခွင့်ရထိုက်သည်။ သို့ရာတွင် ထိုအချက်ကြောင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ သိုမဟုတ် အယူခံဝင်ရောက်ခွင့် ၊ ဥပဒေအရ နိုင်ငံတော်အပေါ် နစ်နာကြေး တောင်းဆိုနိုင်ခွင့်စသော အခွင့် အရေးများကို မထိခိုက်စေရ။


၁၇။ တရားသူကြီးတစ်ဦးအပေါ် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဆောင်ရွက်မှုနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်တိုင်တန်းမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက သင့်တော်သောလုပ်ထုံးလုပ်နည်းနှင့်အညီ မျှမျှတတနှင့် လျင်မြန်စွာ စုံစမ်းစစ်ဆေးရမည်။ ထိုသို့စုံစမ်းစစ်ဆေးရာတွင် မျှတသောကြားနားမှုရှိရမည်။ ပဏာမစုံစမ်းစစ်ဆေး ဆောင်ရွက်မှုပြုရာတွင် ကာယကံရှင်တရားသူကြီးက တောင်းဆိုမှုမပြုစေကာမူ လျှို့ဝှက်စွာ ဆောင်ရွက်ရမည်။


၁၈။ တရားသူကြီးများအပေါ် ၎င်းတို့၏တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အရည် အချင်းပျက်ယွင်းခြင်း သို့မဟုတ် တာဝန်ဆက်လက်ထမ်းဆောင်ရန် မသင့်တော်သောအပြုအမူကို ပြုမူ ဆောင်ရွက် ခြင်းကိစ္စများအတွက်သာ တာဝန်မှရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကိုဆောင်ရွက်ရမည်။


၁၉။ တရားသူကြီးများအပေါ် အရေးယူခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်းနှင့် အလုပ်မှရပ်စဲခြင်းကိစ္စများကို တရားစီရင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပေါ်အခြေခံ၍သာ ဆုံးဖြတ်ရမည်။


၂၀။ ထိုသို့သော အရေးယူခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်း နှင့် အလုပ်မှရပ်စဲခြင်း ဆိုင်ရာဆုံးဖြတ် ချက်များ နှင့်ပတ်သက်၍ လွတ်လပ်စွာပြန်လည်သုံးသပ်ခွင့်ရှိစေရမည်။ ဤမူသဘောတရားကို အမြင့်ဆုံးတရားရုံးတွင် တာဝန်ထမ်းဆောင်သော တရားသူကြီးများနှင့် ဥပဒေပြုအဖွဲ့ကြား စွပ်စွဲပြစ်တင်ခြင်းကိစ္စရပ်များ သို့မဟုတ် အလား တူကိစ္စရပ်များတွင် အသုံးမပြုနိုင်။