လျှို့ဝှက်မဲ

ဝီကီပီးဒီးယား မှ

ဒီမိုကရေစီနိုင်ငံများတွင် အရွယ်ရောက်သူတိုင်း သည် မဲဆန္ဒပေးပိုင်ခွင့် ရရှိကြသည်။ ဒေသန္တရအဖွဲ့ ရွေးကောက်ပွဲများတွင် လည်းကောင်း၊ ဥပဒေပြုလွှတ်တော်အဖွဲ့အစည်း ရွေးကောက်ပွဲများတွင်လည်း ကောင်း လူထုသည် မိမိတို့ သဘောကျနှစ်ခြိုက်သူများကို မိမိတို့ ကိုယ်စား လှယ်များအဖြစ် မဲဆန္ဒဖြင့် ရွေးကောက်တင်မြေ|ာက်နိုင်သည်။ ထိုသို့သော ရွေးကောက်ပွဲများတွင် များသောအားဖြင့် လျှို့ဝှက်မဲပေးနည်းကို လက်ခံ သုံးစွဲကြလေသည်။

လျှို့ဝှက်မဲပေးနည်းကို ၁၈၅၆ ခုနှစ်ခန့်က တောင် ဩစတြေးလီး ယားပြည်နယ်တွင် စတင်အသုံးပြုခဲ့သည်၊ ထို့ကြောင့်ပင် တစ်ခါတစ်ရံ ထို နည်းကို ဩစတြေးလီးယားမဲပေးနည်းဟု ခေါ်ကြ၏။ ရှေးအခါက လူများသည် မိမိတို့၏ဆန္ဒကို မဲဖြင့်ဖော်ပြရာ၌ ဘောလုံးလေးများကို အသုံးပြုခဲ့သည်ဟု အဆိုရှိ၏။ အဖြူရောင်ဘောလုံးမှာ သဘောကျ နှစ်ခြိုက်ကြောင်းကိုပြ၍ အနက်ရောင်မှာ အလိုမတူ ကန့်ကွက် ကြောင်းကို ဖော်ပြသည်ဟုဆိုသည်။

ဂရိတ်ဗြိတိန်နိုင်ငံတွင် ၁၈၇၂ ခုနှစ် လျှို့ဝှက်မဲပေးနည်း အက် ဥပဒေအရ လျှို့ဝှက်မဲပေးနည်း စတင်အသုံးပြုခဲ့၏။ ထိုအက်ဥပဒေတွင် အောက်ပါအတိုင်း ရှင်းလင်းဖော်ပြထားသည်။ ရွေးကောက်ပွဲတစ်ခုတွင် ယှဉ်ပြိုင်မှုရှိခဲ့သော် မဲဆန္ဒများကို လျှို့ ဝှက်မဲပေးနည်းအရ ပေးရမည်။ မဲဆန္ဒရှင်တစ်ဦးစီ၏မဲမှာ အရွေးခံသူများ၏ အမည်နှင့် သူတို့၏ အကြောင်းအရာများကို ဖော်ပြထားသော စက္ကူကတ် ပြားဖြစ်ရမည်။ မဲစက္ကူကပ်ပြားတစ်ခုစီ၏နောက်ကျောတွင် အမှတ်စဉ်တစ်ခု စီ ရိုက်နှိပ်ထား၍ ယင်းအမှတ်စဉ်ကို မျက်နှာဘက်တွင် ရိုက်နှိပ်ထားသော လက်ခံတစ်ခုစီနှင့် ပူးတွဲရှိစေရမည်။ မဲပေးသောအခါတွင် မဲစက္ကူကပ်ပြား နှစ်ဖက်စလုံးတွင် ရုံးသုံးအမှတ်နှင့် မှတ်သားထား၍ မဲပေးရုံအတွင်းတွင် မဲ ဆန္ဒရှင်သို့ ပေးအပ်ပြီးနောက် မဲဆန္ဒရှင်၏ မဲစာရင်းမှအမှတ်စဉ်ကို လက်ခံ တွင် ရေးမှတ်ထားရမည်။ မဲဆန္ဒရှင်သည် မိမိ၏ဆန္ဒကို မဲစက္ကူကတ်ပြား ပေါ်တွင် လျှို့ဝှက်စွာ ရေးမှတ်ဖော်ပြ၍ သူ၏ ဆန္ဒရေးမှတ်ထားခြင်းကို လျှို့ဝှက်ရန်အတွက် ထိုစက္ကူကတ်ပြားကို ခေါက်ပြီးနောက် မဲရုံစောင့်အရာရှိ ၏ရှေ့တွင် ပိတ်ထားသောပုံးထဲသို့ ထည့်လိုက်ရမည်။

မဲဆန္ဒရှင်သည် မိမိ၏ဆန္ဒကို မဲစက္ကူကတ်ပြားတွင် လျှို့ဝှက်စွာ ရေးမှတ်ဖော်ပြသည်ဆိုရာ၌ ထိုကတ်ပြားပေါ်တွင် အရွေးခံရသူများ၏အမည် များပါရှိရာ မိမိနှစ်ခြိုက်သူ၏ အမည်နှင့်ယှဉ်လျက် ကြက်ခြေတစ်ခု ပြုလုပ် ရန်ပင်ဖြစ်သည်။ ယင်းအမှတ်အသားမှလွဲ၍ အခြားအမှတ်အသားများကို ပြုလုပ်လျှင် မဲကို ပျက်ပြယ်စေရန် ပြုလုပ်ရာရောက်လေသည်။ လျှို့ဝှက်မဲပေးနည်း၏ ကောင်းမွန်သောအချက်မှာ မဲဆန္ဒရှင်များ သည် လွတ်လပ်စွာ မဲပေးနိုင်ခြင်းဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)