လေးညှင်းပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လေးညှင်းပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးပေါင်းစု [[Angiosperms]]
မျိုးစဉ် [[Myrtales]]
မျိုးရင်း [[Myrtaceae]]
မျိုးစု [[Syzygium]]
မျိုးစိတ် '''''S. aromaticum'''''
ဒွိနာမ
''Syzygium aromaticum''

လေးညှင်းပင်[ပြင်​ဆင်​ရန်​]

အမြဲစိမ်းလန်း၍ အမြင့်ပေ ၃ဝ မှ ၄ဝ အထိ ရှိသော လှပသည့် လေးညှင်းပင်သည် မာတေးစီအီးမျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ယူဂျီးနီးယား ကယ်ရီယိုဖီလေးတားဖြစ်သည်။ လေးညှင်းပင်၏မူလပေါက်ရာဒေသမှာ အရှေ့အိန္ဒိယ ကျွန်းစုများတွင် အပါ အဝင်ဖြစ်သော မိုလက်ကာကျွန်းများဖြစ်၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သို့ တစ်ဆင့်ယူဆောင် စိုက်ပျိုးခဲ့ခြင်းဖြစ်လေသည်။ ဒတ်ချလူမျိုးတို့ သည် အရှေ့အိန္ဒိယကျွန်းစုများကို ပေါ်တူဂီလူမျိုးများ လက်ထဲမှ တိုက်ခိုက် သိမ်းယူလိုက်သောအခါ လေးညှင်း အစရှိသည့် အမွှေးအကြိုင်ပင်များကို အမ်ဗွိုင်နားကျွန်းတွင် အားသွန်စိုက်ပျိုးကြသည်။ ပြင်သစ်လူမျိုးတို့သည် လေးညှင်းပင်ကို အာဖရိကတိုက် အရှေ့ဘက်ရှိ ဇန်ဇီဗာကျွန်းနှင့် အနောက် အိန္ဒိယ ကျွန်းစုများတွင် တစ်ဆင့်ယူဆောင်စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ တွင်ကား အပူပိုင်းတိုင်းပြည်အားလုံးလောက်တွင် စိုက်ပျိုးလျက်ရှိကြသည်။ လေးညှင်းပင်များသည် ဆင်ခြေလျှော ဖြစ်နေသည့် မြေနေရာရှိ သဲမြေ နုံးမြေများကို ကြိုက်နှစ်သက်၍ ပေပေါင်း ၂ဝဝဝ အမြင့်တိုင် အောင် ဖြစ်ထွန်းကြသည်။ ထိုအပင်မျိုးကို အစေ့မှ မျိုးပွားယူရာ ပျိုးသည့် အခါ ရက်သတ္တ ငါးပတ်မှ ခြောက်ပတ်အတွင်း အညှောက်ထွက်လေသည်။ အတက်အလွန်နှေးကွေးသည့် ပျိုးပင်များကို ၁၂ လက်မ အရွယ်ရှိသောအခါ မြေတစ်ဧကတွင် အပင်ပေါင်း ၁ဝဝ နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ပေ ၂ဝ ခန့်ခွာ၍ ပြောင်းယူစိုက်ပျိုးနိုင်သည်။ အပင်သက် ရှစ်နှစ် သို့မဟုတ် ကိုး နှစ်ခန့်ရှိလာသောအခါ ပထမဆုံးအကြိမ် လေးညှင်းပွင့်များကို ရရှိနိုင်ရာ အပင်သက် အနှစ် ၂ဝ ခန့်အထိ ဆက်လက်ရရှိလေသည်။ ထိုအခါ တစ်ပင် တစ်ပင်မှ လေးညှင်းပွင့်အခြောက် ရှစ်ပေါင်မှ ၁ဝ ပေါင်အထိ ရရှိနိုင် လေသည်။ ကမ္ဘာ့လေးည|င်းပွင့်အထွက် ၉ဝ ရာခိုင်နှုန်းလောက်သည် ဇန်ဇီ ဗာကျွန်းနှင့် ပင်ဗာနယ်မှရရှိရာ တစ်ဝက်လောက်ကို အိန္ဒိယနိုင်ငံသို့လည်း ကောင်း။ အချို့ကို သီဟိုဠ်ကျွန်းသို့လည်းကောင်း တင်ပို့ရသည်။ မြန်မာနိုင်ငံ၌ အတွေ့ရများသော လေးညှင်းပွင့်များသည် စင်စစ် လေးညှင်းအဖူးကလေးများကို မပွင့်မီခူး၍နေပူ၌ အခြောက်လှန်းထားခြင်းဖြစ် သည်။ အဖူးကလေးများသည် ထွက်စအချိန်တွင် ဖြူယော်ယော် အရောင်ရှိ၍ တဖြည်းဖြည်း အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ အနည်းငယ် ရင့်လာ သောအခါ အနီရောင်သို့ ပြောင်းလဲသွားပြန်သည်။ ထိုအခါ အဖူးများကို ခူး၍ နေတွင် အခြောက်လှန်းရာ ခြောက်သွေ့သောအခါ အညိုရင့်ရောင်ဖြစ် လာလေသည်။ လေးညှင်းပွင့်သည် အလျားလက်မဝက်ခန့်ရှိ၍ တစ်ဖက်ဖျား တွင် အဖုကလေးရှိရာ ထိုအဖုကလေးမှာ စင်စစ်အားဖြင့် မပွင့်ရသေးသော ပွင့်ဖတ်ငယ်များသာဖြစ်သည်။ မပွင့်ရသေးသဖြင့် ယင်းပွင့်ဖတ်ငယ်များမှာ တစ်ခုနှင့်တစ်ခုထပ်၍လုံးနေခြင်းဖြစ်သည်။ လေးည|င်းပွင့်သည် အမွှေး အကြိုင်များတွင် အဝင်အပါတစ်ခုဖြစ်သည်အားလျော်စွာ အလယ်ခေတ်၌ အမွှေးအကြိုင်ကုန် ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ရာတွင်အရေးပါ အရာ ရောက်သော ထုတ်ကုန်တစ်မျိုးဖြစ်ခဲ့သည်။ လေးညှင်းဆီကို လေးညှင်းအဖူး များ၊ အရွက်များနှင့် အကိုင်းအခက်များကို ရေဖြင့်အထပ်ထပ် ပေါင်းတင် ခြင်းဖြင့်ရရှိသည်။ လေးညှင်းဆီမှာ အစပထမတွင် အဝါရောင်ဖျော့ဖျော့၊ သို့မဟုတ် အရောင်မရှိသလောက်ဖြစ်၏။ ထို့နောက်မှ တဖြည်းဖြည်း အညို ရောင်သို့ ပြောင်းလဲသွားသည်။ အနံ့ အရသာမှာ လေးညှင်းပွင့်များကဲ့သို့ပင် သင်း၍ ပူစပ်စပ်ဖြစ်သည်။ ယင်းအဆီကို သွားကိုက် သွားနာ ဖြစ်သည့် အခါ အသုံးပြုကြသည်။ အခြားဆေးဘက်အဖြစ်ဖြင့်လည်း အသုံးပြုကြ သည်။[၁]

Clove (လေးညှင်း)[ပြင်​ဆင်​ရန်​]

  • Botany Term : Eugenia carryophyllata Thunb
  • Species/Family : Myrtaceae


ပုံသဏ္ဌာန် : အပင်-- အမြဲစိမ်း နှစ်ကြာခံ ပင်ကြီးမျိုး ဖြစ်၍ အမြင့် ၂၅-၅၀ ပေထိ မြင့်၏။ အခေါက် မွဲပြာ ရောင် ရှိ၏။ အကိုင်း အခက်များ တည့်မတ်စွာ ဘေးသို့ ဖြာထွက်သည်။ အရွက်-- ရွက်လွှဲ ထွက်၏။ ရှည်မျောမျော ဘဲဥပုံ လှံစွပ်ပုံ ထိရှိပြီး ရွက်ရင်း အနည်းငယ် ဝိုင်း၍ ရွက်ထိပ် ချွန်သွယ်သည်။ အလျား ၅-၆ လက်မ ထိရှည်၍ အနံ ၂ လက်မခန့် ကျယ်၏။ရွက်ပြား သားရေ ကဲ့သို့ ပြောင်ချောပြီး အစက် အပြောက်ကလေး များရှိသည်။ အပေါ် မျက်နှာပြင် အစိမ်းရင့်ရောင် ရှိ၍ အောင်မျက်နှာပြင် အဝါဖျော့ရောင် ရှိ၏။ အရွက်ကို ခြေ၍ နမ်းကြည့်က မွှေးသော အနံ့ ရ၏။ ရွက်ရင်း ရွက်ညှာတံ ပန်းရောင် ရှိ၏။ အပွင့်-- ၃ ပွင့် တစ်ခိုင် ဖြစ်သည်။ ပွင့်စ၌ ခရမ်းနုရောင် ရှိပြီး တဖြည်းဖြည်း အဝါရောင်သို့ ပြောင်းသွား၏။ ပွင့်ချပ် ပြွန်ပုံ ရှိသည်။ တစ်ပင်တည်းတွင် အဖိုပွင့် အမပွင့် သီးခြားရှိသည်။ ဆေးဖက် အဖြစ် အဖိုပွင့် ကိုသုံး၏။ အသီး--ရှည်မျောမျော ပုံသဏ္ဌာန် ရှိ၍ အညိုရောင် ဖြစ်သည်။ အစေ့ ၄-၆ စေ့ ထိပါ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့်၊ အဆီ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ပူအိုုက်စွတ်စို၍ အမြဲတစေ မိုးအနည်းငယ် ရွာသွန်းသော အရပ်ဒေသ တွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးများ၍ ပူအိုက် စွတ်စိုသော ဂျာဗား၊ ဘိုနီယို ကျွန်းများ၌သာ သဘာ၀ အလျောက် ပေါက်ရောက် တွေ့ရှိ နိုင်သည်။ ပေါက်ရောက်ပုံ-- စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ-- (က) ပျိုးထောင်ခြင်း-- အစေ့ မှ စတင် ပျိုးယူရ၏။ ၅ ပတ် ၆ ပတ် ကြာမှ အညှောင့် ထွက်၍ အထူး ဂရုစိုက် ရန်လိုသည်။ ပျိုးဘောင် ပြင်ရာ၌ မြေဆွေးနှင့် နုန်းမြေ များများဖြင့် ပြုလုပ်ရ၏။ ပျိုးဘောင် အကျယ် ၃ ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁ ပေ ထား၍ ဘောင်ဖော်ပြီး ဘောင်ပေါ် တွင် အရိပ် ပြုလုပ်ပေး ရ၏။ မျိုးစေ့ တစ်စေ့ နှင့် တစ်စေ့ ၄ လက်မ ခြား၍ စိုက်ပြီး ရေရွှဲရွှဲ လောင်းပေးရသည်။ ပျိုးထောင်ပြီး ၈ လ မှ ၁၂ လ ခန့် ကြာမှ ခြင်းတောင်း၊ ဝါးကျည်တောက်၊ပလတ်စတစ် အိတ်တို့တွင် ပျိုးမြေပါ တစ်ပါတည်း အမြစ်ဥ ကို မထိခိုက် စေဘဲ တူးဖော်၍ ရွှေ့စိုက်ရသည်။ တစ်နှစ်အကြာ (ပျိုးပင် ၂ နှစ်သား အရွယ် ) တွင် စိုက်ခင်း၌ ရွှေ့စိုက် နိုင်သည်။ (ခ) ပြောင်းရွှေ့စိုက်ပျိုးခြင်း-- စိုက်ခင်းတွင် အချင်း ၂ ပေ၊ အနက် ၂ ပေရှိ စိုက်ကျင်း များ တစ်ကျင်း နှင့် တစ်ကျင်း ပေ ၂၀ ခွာ၍ တူးရ၏။ ယင်းကျင်း များတွင် မစိုက်မီ တစ်လ ကြိုတင်၍ နွားချေး၊သစ်ဆွေး မြေဩဇာ များကျွေးပြီး အမြင့် ၁ ပေ ခန့်ရှိ ပျိုးပင်များ ချစိုက်ရသည်။ (ဂ) ထိန်းသိမ်းပြုစုခြင်း-- ငယ်စဉ် အခါ တိုက်ရိုက် နေပူခြင်း မခံနိုင် သည့်အတွက် ခေတ္တအရိပ် ပင်များ စိုက်ပျိုးပေး ရမည်။ အပင်ထ နှေးသည့် အတွက် ပေါင်းမကြာ ခဏ ရှင်းပေးခြင်း၊ရေလောင်းပေးခြင်း၊ မြေဆွ ပေးခြင်းများ ဂရုစိုက် ဆောင်ရွက်ရ၏။ အရွက်များ တွင် ကျရောက်သော ပိုးမွှား ရောဂါများကို စောင့်ရှောက် ပေးရမည်။ စုဆောင်းရယူခြင်း-- ၈ နှစ် ၉ နှစ် အကြား ပန်းစပွင့်ပြီး စတင် သီးလေ့ ရှိသည်။ လေးညှင်းပွင့် များကို ခူးရာ၌ အငုံက စ၍ အစိမ်းမှ နီညိုရောင်သို့ ပြောင်းလာသည့် အခါ ပြာသို၊ တပို့တွဲ လများတွင် စတင် ခူးရ၏။ ခူးပြီး ရေနွေးငွေ့ ခံ၍ နွမ်းအောင် ပြုပြီး အခြောက်လှန်း ရ၏။ အဖူးများ အညိုရောင် ရပါက ခြောက်သွေ့သည် ဟု ယူဆရ၏။ လေးညှင်းဆီကို အရွက်၊ အသီးစိမ်း၊ အပွင့်ခြောက်၊ အပွင့်ရိုး တို့မှ ထုတ်ယူ ရရှိ နိုင်သည်။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ လေးညှင်း သည်စပ်ဖျဉ်းဖျဉ်း ရှိ၏။ ခါးသက်သက် ရှိ၏။ မျက်စိ ကို အကျိုးပြု၏။ အေး၏။ ဝမ်းမီး တောက်စေ၏။ ကြေညက် လွယ်၏။ နှုတ်မြိန် စေ၏။ သလိပ် ၊ သည်းခြေ၊ သွေးရာဂါ များ၊ အပုပ် အစပ် တို့ကို ငြိမ်းအေး စေ၏။ ရေငတ်ခြင်း၊ မူးေ၀ခြင်း၊ ဝမ်းဖောရောင်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့် ခြင်းနှင့် အဆုတ်နာ တို့ကို နိုင်၏။ အသုံးပြုပုံ- အပွင့်-- ၁။ ဝမ်းဗို်က် အမြဲ ထိုုးအောင့် နာကျင်၍ ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။ ၂။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။ ၃။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။ ၄။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။ ၅။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။ ၆။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။ ၇။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။ ၈။ သလဲသီး အချဉ် အရည်နှင့် လေးညှင်း ရောသောက်သော် ဝက်ရူးနာ ထ၍ အန်ခြင်းနှင့် ရိုးရိုး အန်သော ရောဂါ များ ပျောက်၏။ ၉။ အထိုင် အထတို့ ၌ မူး၍ မျက်စိ မူးမိုက် သော် လေးညှင်း ကို ရေအေးနှင့် သွေးပြီး မျက်စဉ်းခတ် ပေးက ပျောက်၏။ ၁၀။ လေးညှင်းပွင့် ကို မီးနှင့်လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာ ချောင်းဆိုး ပျောက်၏။ အဆီ-- ၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။ ၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။ ၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. http://arogyamonline.com/commodity/materials/?raw=53