လေရောဂါ

ဝီကီပီးဒီးယား မှ

လေရောဂါဟူရာ၌ လေဓာတ်ကား မြေ၊ ရေ၊ လေ၊ မီးဟူသော အမာခံ ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်၏။ ယင်း လေဓာတ်ကို ပါဠိဘာသာအားဖြင့် ဝါယောဓာတ်ခေါ်၏။ ဖောင်းခြင်း၊ ပိန် ခြင်း၊ လှုပ်ရှားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ထောက်ကန်ခြင်း၊ ဖိညှပ်ခြင်းသဘော ရှိသည်။


ထိုဝါယောဓာတ်ခေါ် လေဓာတ်သည် (၁) အပသန္တာန်၌ ဖြစ်သော လေ၊ (၂) အတွင်းန္တာန်၌ ဖြစ်သောလေဟု နှစ်မျိုးရှိသည်။ တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာစသော သက်မဲ့အရာဝတ္ထု၌ဖြစ်သောလေကို အပသန္တာန်၌ ဖြစ်သော လေဆိုသည်။ သက်ရှိသတ္တဝါ၌ ဖြစ်သောလေကို အတွင်းသန္တာန်၌ ဖြစ်သောလေဆိုသည်။ ထိုလေနှစ်မျိုးပင် မြေ၊ ရေ၊ မီး တို့ထက်အားကြီး သည်။ တန်ခိုးအာနုဘော်ရှိသည်။

အပသန္တာန်၌ဖြစ်သော လေဓာတ်သည် ကမ္ဘာလောကကြီးထမ်း ရွက်ရာ၌ ယူဇနာပေါင်း နှစ်သိန်းလေးသောင်းရှိ ကမ္ဘာမြေထုကြီးကို လေး သိန်းရှစ်သောင်းရှိ ကမ္ဘာရေထုကြီးက ထမ်းရွက်ထားသည်။ ယင်းကမ္ဘာမြေ ထုကြီးနှင့် ကမ္ဘာရေထုကြီးကို ကိုးသန်း ခြောက်သောင်းရှိ ကမ္ဘာလေထုကြီး က ထမ်းရွက်ထားသည်။ ဤကား ထမ်းရွက်ရာ၌ အားကြီးကြောင်းတည်း။ ကမ္ဘာလောကဓာတ်ကြီး ပျက်စီးရာ၌လည်း မီး၊ ရေ၊ လေဟု အဖျက်သုံမျိုးရှိရာ မီးဖျက်သော ကမ္ဘာ၌ သုံးဆယ့်တစ်ဘုံတို့တွင် ကာမတစ် ဆယ့်တစ်ဘုံ၊ ပထမဈာန်သုံးဘုံအားဖြင့် ၁၄ ဘုံတိုင်အောင် ပျက်စီးသည်။ ရေဖျက်သော ကမ္ဘာ၌ ကာမတစ်ဆယ့်တစ်ဘုံ၊ ပထမဈာန် သုံးဘုံ၊ ဒုတိယ ဈာန်သုံးဘုံအားဖြင့် ၁၇ ဘုံတိုင်အောင် ပျက်စီးသည်။ လေဖျက်သောကမ္ဘာ ၌ကား ကာမတစ်ဆယ့်တစ်ဘုံ၊ ပထမဈာန် သုံးဘုံ၊ ဒုတိယဈာန် သုံးဘုံ၊ တတိယဈာန် သုံးဘုံအားဖြင့် ဘုံ ၂ဝ တိုင်အောင် ပျက်စီးသည်။ ဤကား ဖျက်ဆီးရာ၌ အားကြီးကြောင်းတည်း။

အာဒိကပ္ပ ကမ္ဘာဦးကျမ်း၌ကား အပသန္တာန်၌ ဖြစ်သောလေကို(၁) ဝိလောဝါတ လေ၊ ဖီလာသွားသော လေ၊ (၂) ဆိန္နက လေ၊ သင်ဓုန်းသွား ကဲ့သို့ဖြတ်သော လေ၊ (၃) ဘိန္နက လေ၊ ပေါက်ကွဲသောလေ၊ (၄) ဥဒ္ဓံ ဝါတ လေ၊ အထက်သို့တက်စေသော လေ၊ (၅) အဓောဝါတ လေ၊ အောက်သို့ သက်စေသောလေ၊ (၆) ယန္တရဟ လေ၊ ရဟတ်ချားကဲ့သို့လည် စေသော လေ၊ (၇) ယန္တစက္ကရဟ လေ၊ ရာသီယန္တရား နေ၊ လနက္ခတ် တာရာတို့၏ လှည့်လည်ရာဖြစ်သော လေ၊ (၈) ဥဒ္ဓံဂဟဏ လေ၊ ရေကို ဆောင်၍ အထက်သို့တက်စေသော လေ၊ (၉) မဓောဂဟဏ လေ၊ ထက် အောက်၊ ဖီလာတူရူသွားတတ် ဆောင်တတ်သော လေ၊ (၁ဝ) ဓူမောကရ လေ၊ အခိုးအငွေ့ကို ဖြစ်စေတတ်သော လေဟူ၍ ၁ဝ ပါးပြသည်။


အတွင်းသန္တာန်၌ဖြစ်သော လေတို့တွင် လူ၏ခန္ဓာကိုယ်၌ဖြစ်သော လေကား အနာရောဂါကင်းအောင် အားရှိအောင်လည်း ပြုလုပ်တတ်သည်။ အနာရောဂါဖြစ်အောင် အားနည်းအောင်လည်း ပြုလုပ်တတ်သည်။ ပိဋ ကတ်တော်တို့၌ ယင်းလေကို တည်ရာဌာနသို့လိုက်၍ (၁) ဥဒ္ဓဂင်္မ ဝါတ၊ အထက်သို့ ဆန်တက်သော လေ၊ (၂) အဓောဂမ ဝါတ၊ အောက်သို့ စုန် ဆင်းသော လေ၊ (၃) ကုစ္ဆိသယ ဝါတ၊ စမ်းခေါင်း၌ ကိန်းအောင်သော လေ၊ (၄) ကောဋ္ဌာသယ ဝါတ၊ အူမ ၊ အူသိမ်အတွင်း၌ ကိန်းအောင်းသော လေ၊ (၅) အင်္ဂမင်္ဂါနုသာရီ ဝါတ၊ ကိုယ်အင်္ဂါလှုပ်ရှားမှု၌ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော လေ၊ (၆) အဿသ ပဿာသ ဝါတ၊ ထွက်သက် ဝင် သက်လေဟူ၍ ခြောက်ပါးပြသည်။

ရသေ့ ဆေးကျမ်းတို့၌ကား အနာရောဂါကို ဖြစ်စေတတ်သော အကြောင်းကို ပြဆို၌ သလိပ်၊ သည်းခြေ၊ လေဟု သုံးမျိုးပြဆိုကြသည်။ ယင်းသုံးမျိုးတွင် လေသည် တစ်မျိုးအပါအဝင်ဖြစ်သည်။ ထိုလေအကြောင်း ကို ဒုတ်လှမ်းဆရာတော် ဓာတ်ကျမ်းတွင် ဝါယောဆောင်ရာ၌ 'ဝါယော ဆောင်မြဲ၊ လှုပ်လူးလဲ၊ ဝမ်းထဲအပူအောင်း' ပျက်ရာ၌ 'စုန်ဆန်မလာ၊ ပျက်ဝါတာ ဝမ်းမှာ လှည့်လျက်မွှေ' ခိုက်ရာ၌ 'ချောင်းဆိုး၊ အော့အန်၊ လေခိုက်မှန်၊ နာပြန်ရင်ပတ်ဆိုက်'၊ ငုတ်ရာ၌ 'ဝါယောငုတ်နှိပ်၊ လေမိုးတိပ်၊ ပြည့်သိပ်ဝမ်းရင်ကား' စသည်ဖြင့် စပ်ဆိုဖော်ပြ၍ထားသည်။

လေမျိုးရှစ်ဆယ်[ပြင်ဆင်ရန်]

ထိုလေသည် အနာရောဂါကို ဖြစ်စေရာ၌ ခန္ဓာကိုယ်၏အစိတ် အပိုင်း နေရာဌာနကိုစွဲ၍ လေရောဂါမျိုး ၈ဝ ကို 'လေမျိုး ၈ဝ' ဟုခေါ် ဆိုပြန်သည်။ ဓာတုဒီပနီဆေးကျမ်း၌ ဥဒ္ဓံဝါတလေ ၃ဝ၊ အဓောဝါတလေ ငါးပါး၊ ကောဋ္ဌာသယလေ ၂၄ ပါး၊ အန္တာဥဿယလေ ခုနစ်ပါး၊ အဿာသ ပဿာသလေ နှစ်ပါး၊ အားလုံး ၆၈ ပါး။ တေဇောဓာတ်ခေါ် မီးနှင့်ဝါယော ဓာတ်ခေါ် လေတို့သည် တစ်ပါးနှင့်တစ်ပါး မိတ်ဆွေဖြစ်သည့်အလျောက် မီးရှိရာ လေလာမြဲဖြစ်သဖြင့် အကြောင်းအကျိုး ဆက်စပ်နေသောကြောင့် တေဇောဓာတ်လေးပါးတွင် တစ်ပါး တစ်ပါး၌ သုံးပါး သုံပါးစီရ၍ ၁၂ ပါးဖြစ်သည်။ ယခင် ခြောက်ဆယ့်ရှစ်ပါးနှင့်ပေါင်းသော် လေမျိုး ၈ဝ ဖြစ်လာသည်။ ယင်းကျမ်းတွင် အပေါင်းကိုသာ ပြဆိုသည်။ အသေးစိတ် သရုပ်ကို မပြဆိုလေ။

ခံဗူးသက်စောင့် ကုထုံးကျမ်း၌ လေမျိုး ၈ဝ ကား အောက်ပါ အတိုင်းဖြစ်သည်။ (၁) ဥဏှဝါတ၊ ခြေမပူ၍ တက်သော လေ၊ (၂) သီတ ဝါတ၊ ခြေမှ အေး၍ တက်သောလေ၊ (၃) ဥဘယဝါတ၊ ခြေမှ ပူအေး နှစ်ပါးရော၍ တက်သောလေ၊ (၄) ဥပဝါတ၊ ခြေမှ တစ်စုံတစ်ရာ ကပ် သကဲ့သို့ ထင်၍တက်သော လေ၊ (၅) ကမ္ပလဝါတ၊ အခြားသတ္ထုတို့ဖြင့် ကပ်သကဲ့သို့ ထင်သောလေ၊ (၆) ဇောဂ္ဂဝါတ၊ မျှော့တွယ်သကဲ့သို့ ထင် သော လေ၊ (၇) တုတ္တဝါတ၊ ဖျဉ်းဖျဉ်းတက်သော လေ၊ (၈) ဇလသူလ ဝါတ၊ လက်ခြေထုံအေး နာကျင်ကိုက်ခဲသော လေဟူ၍ ဖဝါးလေနာရှစ်ပါး ဖြစ်သည်။

(၁) အဇီဏ္ဏဝါတ၊ အစာ မကြေသောလေ၊ (၂) အပါစက ဝါတ၊ အစာမကျက် မနပ်သော လေ၊ (၃) ဝိရစနဝါတ၊ ဝမ်းကို လားစေတတ် သောလေ၊ (၄) အဝိသမဝါတ၊ ဝမ်းကို မဖြောင့်စေတတ်သောလေ၊ (၆) ကုစ္ဆိပူရဝါတ၊ ဝမ်းကို ဖောရောင်စေတတ်သော လေ၊ (၆) အဂ္ဂဂေလည် ဝါတ၊ ဝမ်းကို ကျိကျိနာစေတတ်သောလေ၊ (၇) ကမ္ပလဝါတ၊ ထိုမှဤမှ လှိုင်းထသကဲ့သို့ တက်သောလေ၊ (၈) သူလပိတ္တက၊ ဝမ်းကို ကိုက်စေတတ် သောလေ၊ (၉) ဝိဗန္ဓကဝါတ၊ ဝမ်းကိုခိုင်စေတတ်သောလေ၊ (၁ဝ) ပိဋ္ဌ အန္တက၊ စမြင်းကို ခံစေတတ်သောလေ၊ (၁၁) အန္တနိက္ကလ၊ အူဆုံးကို ထွက် စေတတ်သော လေ၊ (၁၂) ယက္ခပိတ္တမေဒ၊ သွေးအဆီကို ဆင်းစေတတ်သော လေဟူ၍ အဇိဏ္ဏလေနာ ၁၂ ပါးဖြစ်သည်။

(၁) ဘဝင်္ဂဥဒ္ဓရိဝါတ၊ ဘဝင်အထက်မြင့်သောလေ၊ (၂) ကာသ ဝါတ၊ ချောင်းဆိုးသော လေ၊ (၃) သိနောဂုရဝါတ၊ ရင်လေးရင်ပြည့် ရင်ဆို့ သောလေ၊ (ရင်ပြည့်ကျပ်နေသောကြောင့် ကျပ်သဖီဆိုသည်။ ရင်ဆို့သော ကြောင့် လေဆုံဆို့ဆိုသည်။) (၄) ပုန္ဓရဝါတ၊ ရင်ပြည့်သော လေ၊ (၅) စလဝါတ၊ ရင်ခုံ နှလုံးတုန်သော လေ၊ (၆) သွာတဝါတ၊ အသံပျက်သော လေ၊ (၇) သိနာဝါတ၊ ရင်ခုံ ပန်းဟိုက်ရှိုက်ခြင်းကို ဖြစ်စေသော လေ၊ (၈) ခေါဿဝါတ၊ ကြို့ထိုးသော လေ၊ (၉) သဟဿ ဝါတ၊ သမ်းဝေမူးခြင်းကို ဖြစ်စေသောလေ၊ (၁ဝ) ပကွာသ ဝါတ၊ နံကို မျှောင်၍ နာခြင်း၊ ရင်ကို ဖွင့်သကဲ့သို့ နာခြင်းကို ဖြစ်စေသောလေ၊ (ထိုးသကဲ့သို့ လျှိုသကဲ့သို့ရှိသော ကြောင့် လေတံကျင် လေတံစို့ဆိုသည်။) (၁၁) အာမာသယ ဝါတ၊ အပျဉ် စုဝေး၍တည်သော လေ၊ (၁၂) ဂေါလဝါတ၊ အလုံးအခဲတည်သော လေဟူ၍ ဘဝင်လေနာ ၁၂ ပါးဖြစ်သည်။

(၁) သီတဥဏှဝါတ၊ ထိပ်နဖူးကို ပူစေသောလေ၊ (၂) သီသ သူလဝါတ၊ ဦးခေါင်းကို ကိုက်ခဲစေသောလေ၊ (၃) စက္ခုအန္ဓကဝါတ၊ မျက်စိ ကြက်တက် မမြင်သောလေ( ကြက်မျက်သင့်သည်ဟုဆိုသည်။) (၄) စက္ခုသူလ ဝါတ၊ မျက်စိကျိန်း မျက်စိအောင့်စေသောလေ၊ (၅) သောတသူ လဝါတ၊ နားကိုက် နားအူစေသောလေ၊ (၆) သောတအန္ဓက ဝါတ၊ နား ပင်းစေသော လေ၊ (၇) မုခ ဝါတ၊ ခံတွင်းသားဖုံးနာစေသောလေ၊ (၈) ဇိဝှါနိဂ္ဂလဝါတ၊ လျှာကို ထွက်စေသောလေ၊ (၉) ဘဝင်္ဂစလဝါတ၊ ဘဝင်လှုပ်အားကြီးသောကြောင့် စကားမပီသောလေ၊ (၁ဝ) ဇိဝှါဖောတက ဝါတ၊ လျှာရောင်စေသောလေ၊ (၁၁) ဂိဝါထဒ္ဓကဝါတ၊ လည်ချောင်းခံတွင်း မဟနိုင်သောလေ၊ (၁၂) ဇိဝှါပဝေသနဝါတ၊ လျှာကို ဝင်စေသောလေဟူ၍ ဦးခေါင်းလေနာ ၁၂ ပါး ဖြစ်သည်။

(၁) မံသကဝါတ၊ အသားအရေကို ဖောက်ပြန်စေသောလေ၊ (၂) မံသဝိသူစိကဝါတ၊ အသားအရေကို အပ်နှင့်ထိုးသကဲ့သို့ နာစေသောလေ၊ (၃) နီလပီတ ဝါတ၊ အသားအရေကို ညိုစေ ဝါစေသောလေ၊ (၄) လသိက ဝါတ၊ ကိုယ်လက်ကို စေးထိုင်းစေသော လေ၊ (၅) အလသကဝါတ၊ ကိုယ်လက်မလှုပ်ရှားခြင်း၊ လေးလံခြင်း၊ ပျင်းရိခြင်းကို ဖြစ်သောလေ၊ (၆) အန္တကဝါတ၊ အကြောအသားအရေတွင် ကပ်စေးသကဲ့သို့ ထင်စေသောလေ၊ (၇) ပက္ခဝါတ၊ ကိုယ်တခြမ်းသေစေသောလေ၊ (၈) အတိတဝါတ၊ စောင်းရွဲ့ စေသော လေ၊ (၉) မူဂဝါတ၊ ဆွံ့အစေသော လေ၊ (၁ဝ) သုက္ခဝါတ၊ ဓာတ်လေးပါးကို ချောက်ချားစေသောလေ၊ (၁၁) အင်္ဂမင်္ဂဝါတ၊မဖြောင့်သော ဝမ်းမီး၊ ခိုင်သော ဝမ်းမီးရှိသောအခါ အင်္ဂါကြီးငယ်ကို လျှောက်၍ ဖြစ်စေ သော လေဟူ၍ အင်္ဂမင်္ဂလေနာ ၁၁ ပါးဖြစ်သည်။

(၁) ခုရကဝါတ၊ သင်ဓုန်းဓားဖြင့် ဖြတ်သကဲ့သို့ ဖြတ်သောလေ၊ (၂) ကတ္တရဝါတ၊ ကတ်ကျေးဖြင့် အသည်းနှလုံးကိုဖြတ်သကဲ့သို့ ဖြစ်သော လေ၊ (၃) သတ္တကဝါတ၊ ဓားဖြင့် အသည်းနှလုံးကို ဖြတ်သကဲ့သို့ ဖြတ် သောလေ၊ (၄) ဘိဇ္ဇနဝါတ၊ အသားအရေ အရိုးကို ကွဲအက်စုတ်ပြတ်စေ သောလေ၊ (၅) ဘုဇဂဝါတ၊ မြွေနဂါး အဆိပ်ကဲ့သို့ ပူပန်စွာ အခွေခွေတိုး၍ တက်စေသောလေ၊ (၆) ဥပ္ပါဋနကဝါတ၊ ပြင်းထန်လျင်လျားစွာ အင်္ဂါကြီး ငယ်ကို ထွက်စေသောလေ၊ (၇) အင်္ဂနိဂ္ဂလဝါတ၊ အင်္ဂါကြီးငယ်ကို တဖြည်း ဖြည်းထွက်စေသော လေဟူ၍ သတ္တကလေနာ ခုနစ်ပါးဖြစ်သည်။ (၁) ကုစ္ဆိဒကဝါတ၊ အသွားအလားမမှန် ကိုယ်၌ ဖြစ်စေသော လေ၊ (၂) စလဝါတ၊ ခြေလက် လေးလံတုန်လှုပ်စေသောလေ၊ (၃) အင်္ဂ ပဝေသဝါတ၊ အင်္ဂါကြီးငယ်တွန့်၍ ဝင်စေသောလေ၊ (၄) အင်္ဂ ဖောဋဝါတ၊ အင်္ဂါဇာတ်ကို ရောင်စေသောလေ၊ (၅) ဩနကဝါတ၊ ကုန်းခြင်းကိုင်းခြင်းကို ဖြစ်စေသောလေ၊ (၆) ကာယဖောဋဝါတ၊ တစ်ကိုယ်လုံးရောင်စေသောလေ၊ (၇) ဥဒ္ဓမာရောဟဝါတ၊ တွန့်ခြင်း လိမ်ခြင်းကို ဖြစ်စေသော လေ၊ (၈) မုတ္တကိတ္တ ဝါတ၊ ကျင်ငယ်မထွက်အောင် ပိတ်ချုပ်စေသောလေ၊ (၉) ကောသဥဒ္ဓရိ ဝါတ၊ ဝှေးစေ့တက်စေသောလေ၊ (၁ဝ) အဏ္ဍဖောဋဝါတ၊ ဝှေးစေ့ရောင်စေသောလေ၊ (၁၁) ကာယဗန္ဓနဝါတ၊ တစ်ကိုယ်လုံးဆိုင်းတွစေ သောလေ၊ (၁၂) ဂြဟဝါတ၊ အသားအရေ ပိန်ချုံးစေသောလေ၊ (၁၃) သာခဝါတ၊ ခြေလက်တုန်လှုပ်စေသောလေ ဟူ၍ အင်္ဂမင်္ဂဝိကာလ လေနာ ၁၃ ပါးဖြစ်သည်။

(၁) အဓိမာန၊ ရူးသွပ်စေသောလေ၊ (၂) မုခဗန္ဓက၊ အာခံတွင်း ကျဉ်းစေသောလေ၊ (၃) ခိပ္ပဝါတ၊ လျင်မြန်စွာ တက်စေသောလေ၊ (၄) ကာယလဟုက၊ ကိုယ်လက်ပေါ့ပါးစေသောလေ၊ (၅) ကာယဂရုက ကိုယ် လက် လေးလံစေသောလေဟူ၍ အဓိမာနလေနာငါးပါးဖြစ်သည်။ ဤသို့ အားလုံးစုံပေါင်းသော် လေရောဂါ ၈ဝ၊ လေမျိုး ၈ဝ ဖြစ်သည်။ တစ်တည်း၊ အဉ္ဇနနိဒါန်း ဘာသာဋီကာကျမ်း၌ (၁) အက္ခေပက၊ ဆင်ဦးစီးလေ၊ တငြိမ့်ငြိမ့် ရှေ့တိုးသည်။ (၂) ဟနုတ္ထမ္ဘ၊ မေးခိုင်သောလ၊ (၃) ဥရုတ္ထမ္ဘ၊ ပေါင်တောင့်သောလေ၊ (၄) သိရောဂ္ဂဟ၊ ဦးခေါင်း ခိုင်သောလေ၊ ဦးခေါင်းလှည့်မရ၊ (၅) ဗာဟိရာယာမ၊ နောက်လန်သောလေ၊ ရင်ကော့နေသည်။ (၆) အ¸ ယန္တရာယာမ၊ ရှေ့ကုန်သောလေ၊ ခါးကုန်းနေ သည်။ (၇) ပါဿာသူလ၊ ဘေးထိုးသောလေ၊ ဘေးထိုးအောင့်သည်။ (၈) ကဋိဂ္ဂဟ၊ ခါးကိုင်းသောလေ၊ ခါးနာ ခါးအောင့်ပူသည်။ (၉) ဒဏ္ဍာ ပတနက၊ တုတ်လျှိုသကဲ့သို့ တောင့်တင်းလဲကျသောလေ၊ (၁ဝ) ခလ္လီ၊ ပေါင်းစုသောလေ၊ သွားစဉ်ဆန့်ငင်ဖြစ်သည်။ (၁၁) ဇိဝှါထမ္ဘ၊ လျှာခိုင်သော လေ၊ (၁၂) အဒ္ဓိက၊ ပါးရွဲ့စောင်းသောလေ၊ (၁၃) ပက္ခာဃာတ၊ တစ်ခြမ်း သေသောလေ၊ သွက္ချာပါဒ လေဖြစ်သည်။ (၁၄) ကောဋ္ဌုသီသ၊ ဒူးကြီး သောလေ၊ မြေခွေးခေါင်းကဲ့သို့ ကြီးသည်။ (၁၅) မညာတ္တမ္ဘ၊ ဇက်ကြော တောင့်သောလေ၊ အုန်းလွဲသည်။ (၁၆) ပင်္ဂု၊ ဆွံသောလေ၊ (၁၇) ကလာယ ခဉ္ဇ၊ အကြောဆွဲသော လေ၊ ထော့ကျိုးသွားသည်။ (၁၈) တူဏီ၊ မြှားထိုး လေ၊ အောက်သို့ ထိုးအောင့်သည်။ (၁၉) ပတိတူဏီ(ပရတူဏီ) မြှားပြန် ထိုးလေ၊ အထက်သို့ ထိုးအောင့်သည်။ (၂ဝ) ခဉ္ဇ၊ ခွင်သောလေ၊ (၂၁) ပါဒဟဿ၊ ခြေကျင်သောလေ၊ (၂၂) ဂိဒ္ဓသီ၊ အောက်ပိုင်းတောင့်တင်း ကိုက်ခဲသောလေ၊ (၂၃) ဝိဿာစီ၊ လက်ချောင်း မလှုပ်ရှားနိုင်သောလေ၊ (၂၄) အဗဗာဟုက (အပဗာဟုက) လက်မောင်းကိုက်သောလေ၊ (၂၅) အပတံတက၊ မိန်းမောတွေဝေလျက်လဲကျစေသောလေ၊ (၂၆) ဝဏာ ယာမ၊ အနာကြောင့် သိန်သောလေ၊ (၂၇) ဝါတကံဋက၊ ခြေမျက်သောလေ၊ (၂၈) အပတာနက၊ လေးကဲ့သို့ကွေးလျက် မိန်းမောတွေဝေ လဲကျစေသောလေ၊ (၂၉) အဂ‡ဘေဒ၊ ကိုယ်အင်္ဂါခွဲစိတ် ချိုးဖြတ်တတ်သောလေ၊ (၃ဝ) အဂင်္သောသ၊ ကိုယ်အင်္ဂါခြောက်ခန်းသော လေ၊ (၃၁) မမ္မိဏ၊ နှာသံပါသော လေ၊ (၃၂) ဂဂ္ဂဒ၊ မပီမပြင်အသံဝင်သောလေ၊ ဝမ်းဘဲသံကဲ့သို့ဖြစ်သည်။ (၃၃) ပစ္စဋ္ဌိလာ၊ ထိုးအောင့်ခြင်းနှင့် ယှဉ်သောလေ၊ လေကျောက်ခဲကြီး။ (၃၄) အဋ္ဌိလာ(ဝါတဋ္ဌိလာ)၊ လေကျောက်ခဲ၊ (၃၅) ဝါမနတ္တ၏ ပုကါသော လေ၊ (၃၆) ကုဗ္ဗဇတ္တ(ခုဇ္ဇ) ကုန်းသောလေ၊ (၃၇) အဂင်္သူလ၊ ကိုယ် အင်္ဂါကိုက်ခဲထိုးကျင်သောလေ၊ (၃၈) သင်္ကောစ၊ ကိုယ်အင်္ဂါတွန့်ရှုံသောလေ၊ (၃၉) ထမ္ဘ၊ တောင့်တင်းသောလေ၊ (၄ဝ) ရုက္ခတာ၊ ညှိုးနွမ်းခြောက်သွေ့ သောလေ၊ (၄၁) အင်္ဘဂင်၊ ကိုယ်လက်နာကျင်သော လေ၊ (၄၂) အင်္ဂဝိံသ၊ အစိတ်အပိုင်း ထုံသောလေ၊ (၄၃) ဝစ္စဂ္ဂဟ၊ ဓာတ်ချုပ်သောလေ၊ (၄၄) ဗဒ္ဓဂစ္စတာ၊ စမြင်းခံသောလေ၊ (၄၅) မူကတ္တ(မူဂတ္တ)၊ အ သော လေ၊ (၄၆) အတိဇမ္ဘ၊ အလွန်သမ်းဝေသောလေ၊ (၄၇) အတိဥဂ္ဂါရ၊ အလွန်အန် သောလေ၊ (၄၈) အန္တကူဇန၊ အူတွင်းပြည်သောလေ၊ (၄၉) ဝါတပ္ပဝတ္တိ၊ လေလည်သောလေ၊ (၅ဝ) ဖုရဏ၊ ရောင်ရမ်းသောလေ၊ (၅၁) သိရာပူ ရဏ၊ အကြောတွင်းဝင်သောလေ၊ အကြောကြီးသည်၊ (၅၂) ကမ္ပဝါယု၊ တုန် လှုပ်သောလေ၊ (၅၃) ကိသ (ကာသျ)၊ ကြုံလှီပိန်ကပ်သောလေ၊ (၅၄) သာမတာ၊ ညိုစေသောလေ၊ (၅၅) ပလာပ၊ ဂယောင် ဂယမ်းပြောသောလေ၊ (၅၆) ခိပ္ပမုတ္တတာ၊ ဆီးမြန်သောလေ၊ (၅၇)နိဒ္ဒါနာသ၊ အိပ်ပျော်သောလေ၊ (၅၈) သေဒနာသ၊ ချွေးခြောက်သော လေ၊ (၅၉) ဒုဗ္ဗလတ္တ၊ အားနည်းသော လေ၊ (၆ဝ) အင်္ဂပီဠာ၊ ကိုယ်အင်္ဂါ ကိုက်ခဲသောလေ၊ (၆၁) ဗလက္ခယ၊ အား ကုန်သောလေ၊ (၆၂) သုက္ကာတိပ္ပဝတ္တိ၊ သုက်လွတ်မြန်သောလေ၊ (၆၃) သုက္ကကိသ(ကသျ)၊ သုတ်ကုန်ခန်းသောလေ၊ (၆၄) သုက္ကနာသ၊ သုတ် ပျက်သောလေ၊ (၆၅) အနဝဋ္ဌိတစိတ္တတာ၊ စိတ်မငြိမ်သောလေ၊ (၆၆) ကနဋ္ဌိ၊ ခက်မာတောင့်တင်းသောလေ၊ (၆၇) ဝိရသဿတာ၊ အရသာပျက် သောလေ၊ (၆၈) ကသာယဝက္ကတာ၊ ခံတွင်းဖန်သော လေ၊ (၆၉) အဒ္ဓမာန၊ အစာဟောင်းအိမ်နာကျင်တောင့်တင်းသောလေ၊ (၇ဝ) ပစ္စဒ္ဓမာန၊ အစာသစ် အိမ်နာကျင်းတောင့်တင်းသောလေ၊ (၇၁) သီတတာ၊ အေးသောလေ၊ (၇၂) ရောမဟဿ၊ ကြက်သီးထသောလေး၊ (၇၃) ဘီရုတာ၊ ကြောက်သောလေ၊ (၇၄) တောဒ၊ အပ်နှင့် ဆွသကဲ့သို့သောလေ၊ (၇၅) ကဏ္ဏု၊ ယားသောလေ၊ (၇၆) ရသာညတာ၊ အရသာမသိသောလေ၊ (၇၇) သဒ္ဒါညတာ၊ အသံမကြား သောလေ၊ (၇၈) ပသုပ္ပတိ၊ အတွေ့အထိ မသိသောလေ၊ (၇၉) ဂန္ဓာညတာ၊ အနံ့မသိသောလေ၊ (၈ဝ) ဒိသက္ခယ၊ မျက်စိမမြင်သောလေ ဟူ၍လေရောဂါ ၈ဝ၊ လေမျိုး ၈ဝ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)