လူးရှပ်စ် ကွင်းရှပ်စ် စင်စင်နေးတပ်စ်
[ပြင်ဆင်ရန်] စင်စင်နေးတပ်စ် လူးရှပ်စ် ကွင်းရှပ်စ် (ဘီစီ ၅၁၉-၄၃၀)
လူယှိတပ် ကွင်တီယပ် စင်စင်နေးတပ်သည် နိုင်ငံရေး အာဏာကို စုံမက် ခင်တွယ်ခြင်း မရှိဘဲ၊ နိုင်ငံနှင့် အမျိုး၏ အကျိုးကို သည်ပိုးဆောင်ရွက်သူ ရောမလူမျိုး မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ ဘီစီ ၄၅၈ ခုနှစ်လောက်တွင် အီကွီယန် လူမျိုးတို့သည် ရောမပိုင်နယ်များကို ဝင်ရောက်တိုက်ခိုက်ကြရာ၊ ရောမမြို့တော်ကြီးသည် ရောမစစ်တပ်ကြီးနှင့်တကွ ရန်သူတို့ ဝန်းရံခြင်းကို ခံရလေသည်။
ထိုအချိန်တွင် စင်စင်နေးတပ်သည် မှူးမတ်မျိုးနွယ်ပင် ဖြစ်လင့် ကစား၊ ဆင်းရဲနွမ်းပါး၍ လယ်သမားအဖြစ်နှင့် လယ်ထွန် ဆင်းနေခိုက်ဖြစ်သည်။ ထိုအခါ ရောမနိုင်ငံ ဆီနိတ်အဖွဲ့သည်၊ ရန်သူတို့ကို နှိမ်နင်းပေးရန် စင်စင်နေးတပ်အား ဖိတ်ခေါ်၍ ရန်သူတို့ကို နှိမ်နင်းနေသမျှသော ကာလအတွင်းတွင် ရောမ နိုင်ငံ၏ အာဏာရှင်အဖြစ်နှင့် ဆောင်ရွက်ရန် ပန်ကြား လေသည်။ ရောမနိုင်ငံ၏ စိုးရိမ်ဖွယ်အခြေအနေကို သိသော အခါ၊ စင်စင်နေးတပ်သည် ထွန်တုံးကိုပစ်၍၊ ရောမမြို့တော်သို့ ချက်ခြင်းလိုက်လာပြီးသော်၊ စစ်တိုက်နိုင်သူဟူသမျှကို စည်းရုံး ကာ၊ ရန်သူတို့ကို တွန်းလှန် ဖြိုဖျက်လိုက်လေသည်။
စင်စစ်နေးတပ် အာဏာရှင်အဖြစ်နှင့် ရန်သူတို့ကို နှိမ်နင်းရန်၊ ၁၆ ရက်နေ့အကြာတွင် ရန်သူကို ရှင်းလင်းသော လုပ်ငန်းသည် ပြီးစီး၍ သွားခဲ့သည်။ ထိုအခါ စင်စင်နေးတပ် သည် အာဏာရှင်အဖြစ်ကို ဆီနိတ်အဖွဲ့အား ပြန်အပ်၍ လယ်ထွန်မြဲ ထွန်လေသည်။ ဘီစီ ၄၃၉ ခုနှစ်တွင် အသက် ၈ဝ အရွယ်သို့ ရောက်သောအခါ၊ စင်စင်နေးတပ်သည် ပြည်တွင်း စစ်ပြဿနာ တစ်ခုနှင့် ရင်ဆိုင်ရပြန်သည်။ ဤအကြိမ်၌လည်း ၂၁ ရက်တာမျှ အာဏာရှင်အဖြစ် ခံယူ၍ တိုင်းပြည်၏ရန်ဆူး ရန်ငြောင့်တို့ကို ဖယ်ရှားပြီးသော် အာဏာရှင်ဘဝကိုစွန့်၍ လယ်လုပ်မြဲ လုပ်ပြန်သည်။ ထိုကြောင့် ရောမလူမျိုးတို့က စင်စင်နေးတပ်ကို ရာထူးဌာနန္တရ မမျှော်ကိုးဘဲ၊ နိုင်ငံ၏ အကျိုးကို ရွက်ဆောင်သော အာဇာနည် ယောက်ျားကောင်း တစ်ဦးအနေနှင့် အလေးအမြတ် ပြုကြသည်။[၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)