လူ့အခွင့်အရေး သမိုင်းကြောင်း

ဝီကီပီးဒီးယား မှ

မည်သူမဆို ဥပဒေဆိုင်ရာ အခြေအနေ၊ မူလအရင်းအမြစ် သို့မဟုတ် အပြစ်ကျူးလွန်မှု မည်သို့ပင် ရှိစေကာမူ လူသားဖြစ်ခြင်းဟူသော ရိုးရှင်းသည့် အခြေခံကျသော အကြောင်းအရာများပေါ်တွင် ဖောက်ဖျက်နိုင်ခြင်း မရှိသည့် အခွင့်အရေးများ လူတိုင်းတွင်ရှိသည်ဟူသော အယူအဆဖြစ်သော လူ့အခွင့်အရေး ဟူသည့်အတွေးအခေါ်သည်၊ မျက်မှောက်ခေတ် ကာလ အစောပိုင်းတွင် လူသားဖြစ်တည်မှု အတွေးအခေါ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ ပညာအလင်းရောင်ခေတ် ဖြစ်သော ၁၈ရာစုတွင် နေရာတစ်ခု ရရှိလာခဲ့သည်။

လူ့အခွင့်အရေးကို တောင်းဆိုသော လှုပ်ရှားမှုများသည် ၁၉၇၀ပြည့်ကျော်နှစ်များတွင် ကြီးထွားလာခဲ့ရာ ဤလှုပ်ရှားမှုများသည် အမေရိကန်ပြည်ထောင်စုနှင့် လက်တင်အမေရိကတို့မှလည်း အဓိက ထောက်ပံ့ပြီး အထူးသဖြင့် ဥရောပ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ယခင် ဆိုရှယ်လစ်တို့မှ ဖြစ်သည်။ နိုင်ငံပေါင်း အတော်များများတွင် လူမှုရေးဆိုင်ရာ လှုပ်ရှားပြောင်းလဲရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွင့်ဟပြောဆိုမှုတို့သည် ကမ္ဘာ့ လုပ်ငန်းစဉ်တွင် ရှေ့တန်းတင်ထားမှုကြောင့် လှုပ်ရှားမှုသည် လျင်မြန်စွာ ပုံပေါ်လာခဲ့သည်။၂၁ရာစုတွင် မွိုင်းက ငြင်းချက်ထုတ်သည်မှာ လူ့အခွင့်အရေး လှုပ်ရှားမှုသည် လူသားချင်း စာနာထေက်ထားမှုအပြင် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါဝင် အကြောင်းရင်း အမြောက်အမြားကို ထည့်သွင်းရန်အတွက် ၎င်း၏ မူလရည်ရွက်ချက်ဖြစ်သော အကြွင်းမဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး ထက်ကျော်လွန်ကာ ကြီးမားကျယ်ပြန့်လာခဲ့သည်။

ရှေးဟောင်း ဥပဒေနှင့် ဘာသာရေးအယူဝါဒတို့တွင် ဖော်ပြထားသော ဖြောင့်မတ်မှန်ကန်မှု သဘောတရား အချို့သည်ယခင်က လူ့အခွင့်အရေး ဟူသည့် ဝေါဟာရ၏အောက်တွင် ပါဝင်ခဲ့သည်။ ပညာတိုးတက်ထွန်းကားရေး အတွေးအခေါ်ပညာရှင်များက အုပ်ချုပ်သူများနှင် အုပ်ချုပ်ခံလူတန်းစားအကြား လောကီနှင့်ဆိုင်သော လူမှုရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ထားရှိရန် အကြံပြုစဉ်တွင် ရှေးဟောင်း ဓလေ့ထုံးစံများသည် ဘုရားသခင်၏ ပြဋ္ဌာန်းချက်များ နှင့် ဟယ်လန်နစ္စတစ် အယူအဆ၊ သဘာဝတရား အခွင့်အရေး တို့၏ သဘောထားများမှ ဆင်တူသည့် ကောက်ချက်များအဖြစ် ဆင်းသက်လာခဲ့သည်။

လူ့အခွင့်အရေး ရှေးဦး သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးကျသော အရှေ့ပိုင်းနားဒေသ သိရှိရသော အဦးဆုံး ဥပဒေဆိုင်ရာ စည်းမျဉ်း (ဘီစီ ၂၃၅၀ ခန့်)ဖြစ်သော လေးဂတ်(ရှ်)မြို့မှ အူရူကာဂျီနာ၏ ပြုပြင်ပြောင်းလဲမှုများတွင် အခွင့်အရေးဆိုင်ရာ သဘောတရားကို အချို့သော ဥပဒေသများ၌ ရည်ညွန်းခဲ့ပေလိမ့်မည်ဟု လူသိများသော်လည်း ၎င်း၏ ဥပဒေသများပါ အမှန်တကယ် စာသားများကို မတွေ့ရှိရသေးပေ။ ယနေ့ တည်ရှိနေသော ရှေးအကျဆုံး ဥပဒေဆိုင်ရာ လက်ရေးမူမှာ နီယို-ဆူမားရီးယန်း အာ-နမ်မူ ကိုဓဥပဒေ (ဘီစီ ၂၀၅၀ ခန့်) ဖြစ်သည်။ အခြားသော ဥပဒေစုများသည်လည်း မက်ဆိုပိုတေးမီးယားတွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထဲတွင် အထင်ပေါ်အကြော်ကြားဆုံး ဥပမာများမှ တစ်ခုဖြစ်သော ဟာမူရာဘီ ကိုဥပဒေ (ဘီစီ ၁၇၈၀ ခန့်)လည်း ပါဝင်သည်။ ၎င်းတွင် အမျိုးသမီးအခွင့်အရေး၊ အမျိုးသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ကျွန်အခွင့်အရေး အပါအဝင် အကြောင်းအရာ အမြောက်အမြားပေါ်တွင် သတ်မှတ်ထားသော ဥပဒေများနှင့် ဥပဒေ ချိုးဖောက်ပါက ပေးရန် ပြစ်ဒဏ်များကို ဖော်ပြထားသည်။

ရှေးလွန်လေပြီးသောခေတ်[ပြင်ဆင်ရန်]

ရှေးဦး အစ္စလာမ်ဘာသာရေး အုပ်ချုပ်မှုစနစ်

၆၁၀ မှ ၆၆၁ ကြားကာလ အစ္စလမ်ဘာသာတွင် တမန်တော် မိုဟာမက်၏ သာသနာပြုလုပ်ငန်းကာလနှင့် ရာရှီဒန် အုပ်ချုပ်မှုစနစ်ကို တည်ထောင်ခဲ့သော မိုဟာမက်၏ အရိုက်အရာကို ဆက်ခံသူ ပထမ လေးဦး၏ စည်းမျဉ်းဥပဒေ အပါအဝင် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သည်။ မိုဟာမက်သည် ၎င်း၏ကာလ၌ လူမှုရေးဆိုင်ရာ မကောင်းဆိုးဝါးများကို ဆန့်ကျင် ဟောပြောခဲ့ပြီးအစ္စလမ် လူမှုရေးတွင် လူမှုလုံခြုံရေး၊ မိသားစု ဖွဲ့စည်းတည်ဆောက်ပုံ၊ ကျွန်ရောင်းဝယ်ခြင်း၊ အပြင် အမျိုးသမီးနှင့် လူနည်းစုဖြစ်သော မျိုးနွယ်စုများ၏ အခွင့်အရေး၊ စသည့်နယ်ပယ်များတွင် ပြုပြင်ပြောင်းလဲခဲ့ကာ ထိုအချိန်က ရှိနေသော အာရပ် အသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသောအရာများကိုလည်း တိုးတက်အောင် ပြုလုပ်ခဲ့သည်ဟု သမိုင်းပညာရှင်များက တဖြည်းဖြည်း လက်ခံလာကြသည်။ဥပမာဆိုရလျှင် ဘားနတ် လျူးဝစ်(စ်)က “အစ္စလမ်ဘာသာသည် အရစ်တိုကေဆီ အထူးအခွင့်အရေးကို ပထမဆန့်ကျင်ခဲ့သည်။

ရာထူးဂုဏ်သိမ်အဆင့်ဆင့်စနစ်ကို ငြင်းပယ်ခဲ့ပြီး ပင်ကိုစွမ်းရည်ရှိသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖွင့်ပေးသည့် နည်းကို ကျင့်သုံးခဲ့သည်” ဟု ဆိုသည်။ မိန်းကလေးသန္ဓေသားကို ဖျက်ချခြင်း၊ နွမ်းပါးသူများကို ခေါင်းပုံဖြတ်ခြင်း၊ အတိုးနှုန်းမြင့်မားစွာဖြင့် ငွေတိုးချေးငှားခြင်း၊ လူသတ်ခြင်း၊ စာချုပ်မှားများ၊ နှင့် ခိုးမှု ကဲ့သို့သော ဗာဟီရဝါဒီ အာရပ်များ၏ အလေ့အထများကို ရှုတ်ချခဲ့သော ပြုပြင်ပြောင်းလဲသူ တစ်ဦးအဖြစ် ဂျွန် အက်စ်ပိုစီတိုက မိုဟာမက်ကို ရှုမြင်သည်။ ဘားနတ် လျူးဝစ်(စ်)က အစ္စလမ်ဘာသာ၏ လွတ်လပ်သော သဘာဝသည် ဂရိကို-ရိုမန် နှင့် ရှေးပါရှား ခေတ် နှစ်ခုလုံး၏ အလေ့အထအပေါ် အလွန် ကြီးမားသော တိုးတက်လုပ်ဆောင်မှုတစ်ခုကို ကိုယ်စားပြုသည်ဟု ယုံကြည်သည်။ မိုဟာမက်သည် အာရပ်လူမျိုးများ၏ ဥပဒေသနှင့် မိုးဇက် ဥပဒေသများအပြင် ထိုအချိန်က ဓလေ့ထုံးတမ်းများကို ၎င်း၏ မဟာ ဗျာဒိတ်ကျမ်းသို့ ပေါင်းစပ်ထည့်သွင်းခဲ့သည်။

မက်ဒီးနာ ပဋိညာဉ်စာတမ်းဟုလည်း လူသိများသည့် မက်ဒီးနာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မိုဟာမက်က အေဒီ ၆၂၂ တွင် မူကြမ်း ရေးဆွဲခဲ့သည်။ ယင်းသည် မိုဟာမက်နှင့် အရေးပါသော လူမျိုးစုများ အပြင် မွတ်ဆလင်များ၊ ဂျူးများ၊ နှင့် ဗာဟီရဝါဒီများ အပါအဝင် ရတ်သရစ်(နောက်ပိုင်းတွင် မက်ဒီးနာဟု ခေါ်) မိသားစုများ အားလုံးအကြားတွင် တရားဝင် သဘောတူညီချက်တစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ စာတမ်းကို မက်ဒီနာမြို့တွင်းတွင် ရှိသော အော(စ်) (Aus)နှင့် ခါရာ့(ဂျ်) တို့၏ မျိုးရိုးစုများအကြား လူမျိုးစုတွင်း တိုက်ပွဲကို အဆုံးသတ်ရန် ရည်ရွက်ချက်ဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဤရည်ရွက်ချက်ကို အကျိုးသက်ရောက်မှု ရှိစေရန် ယင်းသည် မက်ဒီးနာရှိ မွတ်ဆလင်များ၊ ဂျူးများ၊ နှင့် ဗာဟီရဝါဒီများတို့၏ လူမှုအဖွဲ့အစည်းများအတွက် အခွင့်အရေးများနှင့် တာဝန်များ အများအပြားကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အူမာ ခေါ် လူမှုအဖွဲ့အစည်း တစ်ခု အတွင်းသို့ ဆောင်ယူခဲ့သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လူမှုအဖွဲ့အစည်း၏ လုံခြုံမှု၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မက်ဒီးနာကို ဟာရမ် ခေါ် သန့်ရှင်းမြင့်မြတ်သော နေရာ (အကြမ်းဖက်မှုများနှင့် လက်နက်များအားလုံးကို တားမြစ်လျှက်) အဖြစ် သတ်မှတ်မှု၊ အမျိုးသမီးများ၏ လုံခြုံမှု၊ မက်ဒီးနာမြို့တွင်းရှိ လူမျိုးစုများကြား တည်ငြိမ်သော ဆက်ဆံရေး၊ သဘောထားကွဲလွဲမှုများ ဖြစ်နေစဉ်ကာလတွင် လူမှုအဖွဲ့အစည်းကို ထောက်ပံ့ရန် ဆောင်ရွက်သော အခွန်စနစ်၊ ပြင်ပရှိ နိုင်ငံရေး ပူးပေါင်းမှုများအတွက် သတ်မှတ်ချက်များ၊ လူတစ်ဦးချင်းစီကို အကာအကွယ်ပေးရေးအတွက် စနစ်၊ အငြင်းပွားစရာများကို ဖြေရှင်းရန်အတွက် တရားရေးစနစ်၊ နှင့် သွေးထွက်သံယိုဖြစ်မှု(အများအားဖြင့် လူသတ်မှု)အတွက် လျော်ကြေးပေးရေး စည်းကမ်းချက်များ(တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းအတွက် ထပ်တူလျော်ကြေးပြန်ပေးရခြင်းအစား မိသားစုများ သို့မဟုတ် လူမျိုးစုများအကြား လျော်ကြေးငွေ ပေးခြင်း) တို့ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၎င်းတို့၏ ယုံကြည်ကိုးကွယ်ရာဘာသာ မည်သို့ပင်ဖြစ်စေ အကျဉ်းသားများကို အစားအစာနှင့် အဝတ်အထည်များကို ကျိုးကြောင်းညီညွတ်စွာ ထောက်ပံ့ရန်မှာ အစ္စလမ် အစိုးရ၏ တာဝန်ဟု မိုဟာမက်က သတ်မှတ်ခဲ့သည်။ အကယ်၍ အကျဉ်းသားများသည် လူတစ်ဦး၏ ချုပ်နှောင်မှုအောက်တွင် ရှိပါက ထိုချုပ်နှောင်သူ၏ တာဝန်ဖြစ်သည်။

အစ္စလမ် ဘာသာရေးသည် ရှေးခေတ်က ကျွန်အရောင်းအဝယ်နှင့် ပတ်သက်၍ အလွန်ကျယ်ပြန့်သော အကျိုးဆက်များသက်ရောက်သည့် အဓိက ပြောင်းလဲမှု နှစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု လျူးဝစ်(စ်)က ဆိုသည်။ “တစ်ခုမှာ လွတ်လပ်ခြင်းနှင့် ပတ်သက်သော အယူအဆ ဖြစ်ပြီး အခြားတစ်ခုမှာ တင်းကျပ်စွာ သတ်မှတ်ထားသော အခြေအနေများမှအပ လွတ်လပ်သော လူများကို ကျွန်ပြုခြင်းမှ တားမြစ်ခြင်း ဖြစ်သည်”ဟု လျူးဝစ်(စ်)က ဆက်လက်ပြောကြားသည်။ အာရပ်လူမျိုး ကျွန်များ၏ အခြေအနေမှာ “အလွန် တိုးတက်လာခဲ့သည်- အာရပ်လူမျိုး ကျွန်သည် ယခုအခါ ရွှေ့ပြောင်းနိုင်သော ပစ္စည်း တစ်ခု မဟုတ်တော့ဘဲ ယုံကြည်ကိုးကွယ်ရာ ရှိပြီး ထို့ကြောင့်ပင် လူမှုရေး အဆင့်တန်းတစ်ရပ်နှင့် အခွင့်အရေးအချို့ရှိသော လူသားတစ်ဦး ဖြစ်ခဲ့ပြီ”။

အလယ်ခေတ်[ပြင်ဆင်ရန်]

မဂ္ဂနာကာတာသည် အင်္ဂလိပ် ပဋိညာဉ်စာတမ်းဖြစ်ပြီး ၁၂၁၅ တွင် စတင် ထုတ်ပြန်ခဲ့သည်။ မဂ္ဂနာကာတာသည် ယနေ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ်ထားသော ဥပဒေ၏ စည်းမျဉ်းများ ဖြစ်ပေါ်လာစေရန် ဦးတည်ခဲ့သော ကျယ်ပြန့်သည့် သမိုင်းကြောင်းဆိုင်ရာ ဖြစ်စဉ်အပေါ် အထူးခြားဆုံး လွှမ်းမိုးမှု ဖြစ်ခဲ့သည်။ မဂ္ဂနာကာတာသည် အထွေထွေ ဥပဒေအပြင် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် လူ့အခွင့်အရေး ကြေညာချက် ကဲ့သို့သော ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ စာရွက်စာတမ်း အများအပြားကို ဖန်တီးရာတွင် လွှမ်းမိုးမှုများ ရှိခဲ့သည်။ မဂ္ဂနာကာတာကို မူလက ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့် III၊ ဂျွန် ဘုရင်နှင့် အင်္ဂလိပ် မှူးမတ်များအကြား ဘုရင့်အခွင့်အရေးနှင့် ပတ်သက်သော သဘောထား ကွဲလွဲမှုများကြောင့် ရေးသားခဲ့ခြင်းဖြစ်သည်။ မဂ္ဂနာကာတာသည် ဘုရင်ကို အချို့သော အခွင့်အရေးများကို စွန့်လွှတ်ရန်၊ အချို့သော တရားဝင် လုပ်ထုံးလုပ်နည်းများကို လေးစားရန်နှင့် ဘုရင်၏ အလိုသည် ဥပဒေအရ အကန့်အသတ် ရှိနိုင်သည်ကို လက်ခံရန် တောင်းဆိုခဲ့သည်။ ယင်းသည် ဘုရင်၏အကြောင်းကိစ္စများနှင့် ပတ်သက်သည့် အချို့သော အခွင့်အရေးများကို လွတ်လပ်စွာဖြစ်စေ ထိန်းချုပ်ထားသည်ဖြစ်စေ ရှင်းလင်းစွာ ကာကွယ်ပေးထားသည်- အထူးသဖြင့် တရားဥပဒေနှင့် မညီညွတ်သော ထောင်သွင်းအကျဉ်းချထားခြင်းကို အယူခံဝင်ရန် အခွင့်ပေးသည့် ဟေဘီယပ်(စ်) ကောပတ်(စ်) အမိန့်စာဖြစ်သည်။

မျက်မှောက်ကာလတွင် မဂ္ဂနာကာတာ၏ အဓွန့်အရှည်ဆုံး အမွေအနှစ်သည် ဟေဘီယပ်(စ်) ကောပတ်(စ်) အခွင့်အရေးဟု ယူဆကြသည်။ ဤအခွင့်အရေးသည် မဂ္ဂနာကာတာ ၁၂၁၅ ၏ အပုဒ်ငယ် ၃၆၊ ၃၈၊ ၃၉၊ နှင့် ၄၀ တို့မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မဂ္ဂနာကာတာတွင် ဥပဒေအတိုင်း တစ်သွေမတိမ်း ဆောင်ရွက်ခြင်းဆိုင်ရာ အခွင့်အရေးကိုလည်း ထည့်သွင်းထားသည်- "လွတ်လပ်သည့် မည်သူမဆိုသည် ခေါ်ဆောင်သွားခံရခြင်း သို့မဟုတ် ထောင်သွင်းအကျဉ်းချခံရခြင်း မရှိစေရ၊ သို့မဟုတ် ၎င်း၏ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်၊ သို့မဟုတ် လွတ်လပ်မှုများ၊ သို့မဟုတ် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ခြင်းကို ထိခိုက်ခြင်း မရှိစေရ၊ သို့မဟုတ် ဝရမ်းပြေးဖြစ်ခြင်း၊ သို့မဟုတ် ပြည်နှင်ဒဏ် ခံရခြင်း၊ သို့မဟုတ် အခြားမည်သည့်အရာမျှ ဖျက်ဆီးခံရခြင်း မရှိစေရ။ ကျွန်ုပ်တို့သည် သူ့ကို လက်မခံခြင်း မပြု၊ အပြစ်ပေးခြင်းလည်း မပြု သို့သော် ဥပဒေနှင့်ညီညွတ်သော တရားစီရင်မှုအရ သို့မဟုတ် နယ်မြေ ဥပဒေအရ ၎င်းကိုစီရင်မည့်သူများ၏ တရားစီရင်ခြင်းကိုခံရမည်။ ကျွန်ုပ်တို့သည် မည်သူ့ထံကိုမျှ မရောင်း၊ တရားမျှတမှုအရသော်လည်းကောင်း၊ အခွင့်အရေးအရသော်လည်းကောင်း မည်သူကိုမျှ မငြင်းပယ် သို့မဟုတ် နှောင့်နှေးထားမည်မဟုတ်။” —မဂ္ဂနာကာတာ အပိုဒ်ငယ် XXIX==

ခေတ်သစ်လူ့အခွင့်အရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

ခေတ်သစ်ကာလအစပိုင်းနှင့် ပညာအလင်းရောင်ခေတ်

၁၆ ရာစုနှစ်တွင် စပိန်တို့၏ အမေရိကတိုက်တို့အပေါ် အောင်မြင်မှုသည် စပိန်နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ထက်မြက်သော စကားစစ်ထိုးပွဲ ဖြစ်ပေါ်စေခဲ့သည်။[ကိုးကားရန်လိုအပ်သည်] ၁၅၅၀-၁၅၅၁ ခုနှစ် ဗလဒေါလစ်ဒ်တွင် Las Casas နှင့် Juan Ginés de Sepúlveda တို့နှစ်ဦးအကြား စကားစစ်ထိုးပွဲများမှာ ဥရောပ သမိုင်းကြောင်း၏ ပထမဦးဆုံးသော လူ့အခွင့်အရေးများဆိုင်ရာ အကြောင်းအရာဖြစ်သည်မှာ ဖြစ်တန်ရာသည်။[ကိုးကားရန်လိုအပ်သည်] ၁၇ ရာစုနှင့် ၁၈ ရာစု ဥရောပတိုက်သား အတွေးအခေါ်ရှင် အများအပြားသည် လူတို့သည် သဘာဝအားဖြင့် လွတ်လပ်ပြီး တန်းတူညီမျှရှိကြသည်ဆိုသော အယူအဆဖြစ်သည့် သဘာဝတရားအခွင့်အရေး၏ သဘောထားခံယူချက်ကို အဓိပ္ပာယ်ပိုထင်ရှားလာအောင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။ ယင်းတို့အနက် အထင်ရှားဆုံးမှာ ဇွန်လော့က် ဖြစ်သည်။

လူသားများသည် ဘုရားသခင် ဖန်ဆင်းထားသူများ ဖြစ်သောကြောင့် သဘာဝတရားအခွင့်အရေးများမှာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်မှ ဆင်းသက်လာသည်ဟု လော့က်က ယုံကြည်ခဲ့သော်လည်း၊ သူ၏အတွေးအခေါ်များမှာ အခွင့်အရေးများ၏ ခေတ်သစ်အယူအဆ တိုးတက်ဖွ့ံဖြိုးမှုအတွက် အရေးပါခဲ့သည်။ လော့က်၏သီအိုရီ သဘာဝတရား အခွင့်အရေးများသည် နိုင်ငံသားဖြစ်မှု သို့မဟုတ် နိုင်ငံ၏ဥပဒေ တစ်စုံတစ်ရာတို့အပေါ်တွင်မျှ အမှီပြုနေခြင်း မရှိပါချေ။ လူမျိုးစု၊ ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း တစ်ခုခုအပေါ် မလွှဲမရှောင်သာ ကန့်သတ်ထားခြင်းများလည်း မရှိပါချေ။ ယင်းရာစုနှစ်အတွင်း အမေရိကန်နိုင်ငံ(၁၇၇၆)နှင့် ပြင်သစ်နိုင်ငံ (၁၇၈၉)တို့တွင် အဓိက တော်လှန်ရေးနှစ်ခု ဖြစ်ပွားခဲ့သည်။ ၁၇၇၆ ခုနှစ် ဗာဂျင်းနီးယား အခွင့်အရေးကြေညာစာတမ်းက အခြေခံကျသော အခွင့်အရေးနှင့် ကင်းလွတ်ခွင့် အများအပြားတို့ကို သတ်မှတ်ပေးပါသည်။

နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေး ကြေညာစာတမ်းတွင် သဘာဝအခွင့်အရေး၏ သဘောထားခံယူချက်များကို ထည့်သွားထားပြီး၊ အထူးထင်ရှားစွာ ဖော်ပြထားသည်မှာ “လူများအားလုံးကို ညီတူညီမျှဖန်ဆင်းထားပြီး ၎င်းတို့၏ဖန်ဆင်းရှင်က မည်သူမျှ ယူဆောင်သိမ်းပိုက်၍ မရသော အခွင့်အရေးအချို့တို့ဖြင့် ပြည့်စုံစေသည်။ ယင်းတို့အနက် အသက်၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းခြင်းနှင့် ပျော်ရွှင်ခြင်းမှုရရှိအောင် ဆက်လက်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။" ထိုနည်းတူစွာပင် ပင်သစ် လူနှင့်နိုင်ငံသားများ၏ အခွင့်အရေးကြေညာစာတမ်းက လူထု၏ လူတစ်ဦးချင်းစီနှင့် အများနှင့်သက်ဆိုင်သော အုပ်စုလိုက် အခွင့်အရေး အစုံကို အနက်ဖွင့်ထားသည်။ ဤစာတမ်းများသည် လူသားများအားလုံးနှင့် သက်ဆိုင်သည်။ ပြင်သစ်နိုင်ငံသားများသာမက လူသားအားလုံးနှင့် ချွင်းချက်မရှိ သက်ဆိုင်ပါသည်။

၁၉ရာစုမှ ပထမကမ္ဘာစစ်အထိ[ပြင်ဆင်ရန်]

အဖွဲ့အစည်းနှင့် လှုပ်ရှားမှုအများအပြားတို့သည် လူ့အခွင့်အရေးဟုအမည်ပေး၍ ၂၀ ရာစုသို့ ကူးပြောင်းသည့် လမ်းကြောင်းတလျှောက် နက်နဲသိမ်မွေ့သော လူမှုရေး အပြောင်းအလဲများကို ရရှိအောင်မြင်ရန် ဦးစီးဦးကိုင်ပြုခဲ့သည်။ ဥရောပအနောက်ပိုင်းနှင့် မြောက်အမေရိကတို့တွင် အလုပ်သမားသမဂ္ဂများသည် အလုပ်သမားများအား သပိတ်မှောက်ခွင့်ပြုသော ဥပဒေများကို ဆောင်ယူနိုင်ခဲ့ပြီး၊ အနိမ့်ဆုံးရှိသင့်သည့် လုပ်ငန်းခွင်အခြေနေများကို ပြဋ္ဌာန်းခဲ့ကာ ကလေးအလုပ်သမားများ ခန့်ထားခြင်းကို တားမြစ်ခြင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းချုပ်ခဲ့သည်။ အမျိုးသမီးများ၏အခွင့်အရေး လှုပ်ရှားမှုသည် အမျိုးသမီး အများအပြားအတွက် မဲပေးနိုင်ခွင့်ရရှိစေခြင်းအားဖြင့် အောင်မြင်မှု ရရှိခဲ့သည်။ နိုင်ငံအများရှိ အမျိုးသားလှုပ်ရှားမှုများသည် ကိုလိုနီအာဏာရှင်စနစ်အင်အားကို တွန်းလှန်တိုက်ထုတ် အောင်မြင်ခဲ့သည်။

ဩဇာသက်ရောက်မှုအရှိဆုံးတစ်ခုမှာ ၎င်း၏ဇာတိဒေသ အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်ချုပ်မှု လက်အောက်မှ လွတ်မြောက်ရန်အတွက် မဟတ္တမဂန္ဒီ၏ လှုပ်ရှားမှုပင် ဖြစ်သည်။ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံရသော လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အနည်းစုတို့၏ လှုပ်ရှားမှုများသည် ကမ္ဘာပေါ်ရှိ နေရာဒေသအများအပြားတို့တွင် အောင်မြင်မှုရရှိခဲ့သည်။ ယင်းတို့အထဲတွင် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုနှင့် အမေရိကန်နိုင်ငံရှိ အမျိုးသမီးများနှင့် လူနည်းစုများကို ကိုယ်စားပြုသည့်မကြာသေးသော အမျိုးမျိုးကွဲပြားသည့် အကျိုးအမြတ်ကိုအဓိကထားသော အသွင်သဏ္ဌာန်နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ၁၈၆၄ ခုနှစ် လီဘာကုတ်ဥပဒေနှင့် ၁၈၆၄ ခုနှစ် ပထမ ဂျီနီဗာသဘောတူညီချက်တို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေ၏ အခြေခံအုတ်မြစ်များကို ကမ္ဘာစစ်နှစ်ခု ဖြစ်ပွားပြီးသည့်နောက် ဆက်လက်တိုးတက်အောင်ပြုပြင်ရန်အတွက် ချထားပေးခဲ့သည်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြားကာလ[ပြင်ဆင်ရန်]

၁၉၁၉ ခုနှစ်တွင် ပထမကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက် ဗာဆေးစာချုပ်အပေါ် ညှိနှိုင်းဆွေးနွေးပွဲများ၌ နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သည်။ အသင်းကြီး၏ ရည်ရွယ်ချက်ပန်းတိုင်များတွင် လက်နက်လျှော့ချရေး၊ တစ်လုံးတစ်ဝတည်းဖြစ်သော လုံခြုံရေးအားဖြင့် စစ်ဖြစ်ပွားခြင်းကို တားဆီးရေး၊ ညှိနှိုင်းဆွေးနွေးပွဲများနှင့် သံခင်းတမန်ခင်းများ မှတဆင့် နိုင်ငံများအကြား အငြင်းပွားမှုများကို ဖြေရှင်းရေးနှင့် ကမ္ဘာနှင့်တစ်ဝှမ်း လူမှုဖူလုံရေး တိုးတက်ကောင်းမွန်ရေးတို့ ပါဝင်သည်။ ယင်း၏အမိန့်ပြန်တမ်းတွင် အမြတ်တနိုးထားသော အရာမှာ နောက်ပိုင်း၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ထည့်သွင်းလိုက်သော လူ့အခွင့်အရေး အများအပြားကို အားပေးမြှင့်တင်ရန်ဟူသော လုပ်ပိုင်ခွင့်အာဏာ ပင်ဖြစ်သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးတွင် ယခင်ကိုလိုနီနိုင်ငံများဖြစ်သော အနောက်ဥရောပရှိ နိုင်ငံအများအပြားတို့၏ အင်အားများကို လက်အောက်ခံကိုလိုနီအခြေအနေမှ ကိုယ်ပိုင်လွတ်လပ်သောတိုင်းပြည် အဖြစ်သို့ ကူးပြောင်းသော ကာလအတွင်း ကူညီပံ့ပိုးမှုများပေးရန် လုပ်ပိုင်ခွင့်အာဏာများ ရှိခဲ့သည်။

ယခုအခါတွင် ကုလသမဂ္ဂ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အသင်းအဖွဲ့အေဂျင်စီတစ်ခု ဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွင်လည်း UDHR ၌ နောက်ပိုင်းတွင် ထပ်ထည့်ခဲ့သော အချို့သော အခွင့်အရေးများကို အားပေးမြှင့်တင်ရန်နှင့် အကာအကွယ်ပေးရန်ဟူသော လုပ်ပိုင်ခွင့် အာဏာ ရှိသည်-“ ယနေ့တွင် ILO ၏အဓိကရည်မှန်းချက်ပန်းတိုင်မှာ လွတ်လပ်သော၊ ညီမျှသော၊ လုံခြုံသောနှင့် လူသားဂုဏ်သိက္ခာရှိသော အခြေအနေများတွင် သင့်တင့်ကောင်းမွန်ပြီး ကုန်ထုတ်လုပ်နိုင်သော အလုပ်များကို အမျိုးသမီးများရော အမျိုးသားများပါ ရယူလုပ်ကိုင်နိုင်ရန် အခွင့်အရေးများကို အားပေးမြှင့်တင်ရန်ဟူ၍ ဖြစ်သည်။ ” —အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ ညီလာခံ ၈၇ ခုမြောက် အစည်းအဝေးမှ အထွေထွေ ညွှန်ကြားရေးမှူး၏ အစီရင်ခံစာ

ပထမကမ္ဘာစစ်နောက်ပိုင်းကာလ[ပြင်ဆင်ရန်]

စစ်ပွဲကာလအခွင့်အရေးများနှင့် ဂျီနီဗာ သဘောတူညီချက်များ ဂျီနီဗာသဘောတူညီချက်များသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို တည်ထောင်သူ ဟင်နရီဒူးနန့် (Henry Dunant)၏ ကြိုးပမ်းမှုများ၏ ရလဒ်အဖြစ် ၁၈၆၄ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်အတွင်းတွင် ပေါ်ထွက်လာခဲ့သည်။ စစ်ပွဲ၏ဥပဒေသများအား အဓိပ္ပာယ်ဖွင့်ဆိုရန် နိုင်ငံတကာ အသိုင်းအဝန်း၏ ပထမဦးဆုံးသောကြိုးပမ်းမှုတစ်ခုအနေဖြင့် သဘောတူညီချက်များသည် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများတွင် ပါဝင်ပတ်သက်လျက်ရှိသော လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးများကို အကာအကွယ်ပေးပြီး၊ ၁၈၉၉ နှင့် ၁၉၀၇ ခုနှစ် ဟိတ်ဂ် သဘောတူညီချက်များအား ဆက်လက်လိုက်ပါ လုပ်ဆောင်ပါသည်။ ကနဦးအဖြစ် ပထမကမ္ဘာစစ်မတိုင်ခင်က ရေးဆွဲခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် သဘောတူညီချက်များကို စိစစ်တည်းဖြတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝန်းမှ ၁၉၄၉ ခုနှစ်တွင် ပြန်လည်အတည်ပြုခဲ့သည်။ ဂျီနီဗာသဘောတူညီချက်များမှာ -

  • ပထမဂျီနီဗာသဘောတူညီချက် “စစ်မြေပြင်ရှိ လက်နက်ကိုင်တပ်များတွင် ဒဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်နေသူများ၏ အခြေအနေ တိုးတက် ကောင်းမွန်လာရန်အတွက်” (၁၈၆၄ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၄၉ ခုနှစ်တွင် နောက်ဆုံးအကြိမ် စိစစ်တည်းဖြတ်ခဲ့သည်)
  • ဒုတိယဂျီနီဗာသဘောတူညီချက် “ပင်လယ်ထဲရှိ လက်နက်ကိုင်တပ်များတွင် ဒဏ်ရာရရှိသူများ၊ နာမကျန်းသူများနှင့် သင်္ဘောပျက်သော အဖွဲ့ဝင်များ၏ အခြေအနေ တိုးတက်ကောင်းမွန် လာရန်အတွက်” (၁၉၄၉ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၀၇ ခုနှစ် ဒသမ ဟိတ်ဂ်သဘောတူညီချက်ကို ဆက်ခံသည်)
  • တတိယဂျီနီဗာသဘောတူညီချက် "စစ်သုံ့ပန်းများ၏ ဆေးဝါးကုသမှုနှင့် စပ်လျဉ်းသော” (၁၉၂၉ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၄၉ ခုနှစ်တွင် နောက်ဆုံးအကြိမ် စိစစ်တည်းဖြတ်ခဲ့သည်)
  • စတုတ္ထဂျီနီဗာသဘောတူညီချက် “စစ်ဖြစ်နေသည့်ကာလအတွင်း အရပ်သားများအား အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသော” (၁၉၄၉ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၀၇ ခုနှစ် စတုတ္ထ ဟိတ်ဂ်သဘောတူညီချက်၏ အစိတ်အပိုင်းများအပေါ် အခြေခံသည်)

ထို့အပြင် ဂျီနီဗာ သဘောတူညီချက်သို့ အပိုဖြည့်စွက် ပြင်ဆင်ခြင်း စာချုပ်မူကြမ်းသုံးခုကို ထပ်ထည့်ထားသည် -

  • ပထမ စာချုပ်မူကြမ်း (၁၉၇၇) - ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့၏ ဂျီနီဗာသဘောတူညီချက်များတွင် အပိုဖြည့်စွက်သော စာချုပ်မူကြမ်း။ နိုင်ငံတကာ လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများ၏ ဒုက္ခသည်များအား အကာအကွယ်ပေးရေးနှင့် စပ်ဆိုင်သည်။ ၂၀၀၇ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့အရ ၁၆၇ နိုင်ငံက ၎င်းအားသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
  • ဒုတိယ စာချုပ်မူကြမ်း (၁၉၇၇) - ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့၏ ဂျီနီဗာသဘောတူညီချက်များတွင် အပိုဖြည့်စွက်သော စာချုပ်မူကြမ်း။ နိုင်ငံတကာ မဟုတ်သော လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများ၏ ဒုက္ခသည်များအား အကာအကွယ်ပေးရေးနှင့် စပ်ဆိုင်သည်။ ၂၀၀၇ ခုနှစ် ဇန္နဝါရီလ ၁၂

ရက်နေ့အရ ၁၆၃ နိုင်ငံက ၎င်းအား သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

  • တတိယ စာချုပ်မူကြမ်း (၂၀၀၅) - ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့၏ ဂျီနီဗာသဘောတူညီချက်များတွင် အပိုဖြည့်စွက်သော စာချုပ်မူကြမ်း။ ထူးခြားသော အထိမ်းအမှတ်ကို အတည်ပြုခြင်းနှင့် စပ်ဆိုင်သည်။ ၂၀၀၈ ခုနှစ် မေလ ၂၀ ရက်နေ့အရ ယင်းကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှ သဘောတူလက်မှတ်ရေးထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ၅၉ နိုင်ငံက လက်မှတ်ရေးထိုးထားသော်လည်း အတည်ပြုခြင်း မရှိသေးပါ။

ယခင် စိစစ်တည်းဖြတ်မှုများနှင့် ၁၉၀၇ ခုနှစ် ဟိတ်ဂ်သဘောတူညီချက်များထဲမှ အချို့အပေါ် အခြေခံပြီး ဂျီနီဗာသဘောတူညီချက် လေးခုစလုံးကို ၁၉၄၉ ခုနှစ်တွင် နောက်ဆုံး စိစစ်တည်းဖြတ်ပြီး အတည်ပြုခဲ့သည်။ အချို့စစ်တိုက်ခြင်းနည်းလမ်းများကို တားမြစ်သည့် စည်းကမ်းပြဋ္ဌာန်းချက်များနှင့် ပြည်တွင်းစစ်များ၏ အရေးကိစ္စများ အကြောင်း တိုက်ရိုက်ပြောဆိုချက်များကို နောက်ပိုင်းညီလာခံများက ဖြည့်စွက်ခဲ့သည်။ ကမ္ဘာပေါ်ရှိ အားလုံးသော နိုင်ငံပေါင်း ၂၀၀ နီးပါးတို့သည် ဤသဘောတူညီချက်များကို အတည်ပြုထားသည့် “လက်မှတ်ရေးထိုးသော” နိုင်ငံများဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသည် ဂျီနီဗာသဘောတူညီချက်များအား ထိန်းချုပ်သော အဖွဲ့ဖြစ်သည် (အောက်တွင်ကြည့်ပါ)။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်၏ ရက်စက်ကြမ်းကြုတ်မှုကို တစ်စိတ်တစ်ဒေသအားဖြင့် တုံ့ပြန်သည့်အနေအဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR)သည် ကုလသမဂ္ဂ အထွေထွေညီလာခံက[46] ၁၉၄၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ချုပ်နှောင်ခြင်းမရှိသည့် ကြေညာစာတမ်းတစ်ခု ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများကို လူသား၊ နိုင်ငံသား၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေး အများအပြားတို့ကို အားပေးမြှင့်တင်ရန်၊ ဤအခွင့်အရေးများသည် “ကမ္ဘာကြီးပေါ်တွင် လွတ်မြောက်မှု၊ တရားမျှတမှုနှင့်ငြိမ်းချမ်းရေးတို့၏ အခြေခံအုတ်မြစ်”တွင်ပါဝင်ကြောင်း ခိုင်မာစွာပြောဆိုရန် UDHR ကတိုက်တွန်းသည်။ ကြေညာစာတမ်းသည် နိုင်ငံများ၏ ပြုမူလုပ်ဆောင်မှုကို ကန့်သတ်ရန်အတွက် ပထမဆုံးသော နိုင်ငံတကာ တရားဥပဒေဆိုင်ရာ ကြိုးပမ်းမှုဖြစ်ပြီး၊ အခွင့်အရေးများဆိုင်ရာ တာဝန်ဝတ္တရားများ အတုံ့အပြန်အမှီပြုခြင်း (အခြေခံကျသော ဥပဒေအယူအဆများအကြား ဒဿနအမြင်ဆိုင်ရာ ဆက်သွယ်ချက်) ပုံစံကို လိုက်နာပြီး ယင်းတို့၏နိုင်ငံသားများ အပေါ်တွင်ရှိသော တာဝန်ဝတ္တရားများကို ဖိအားပေးသည်။ "...လူသားမျိုးနွယ် မိသားစုဝင်များအားလုံး၏ ရှိရင်းစွဲဂုဏ်သိက္ခာနှင့် သာတူညီမျှမှုရှိသော သဘာဝတရားနှင့် ဥပဒေဆိုင်ရာအခွင့်အရေးတို့သည် ကမ္ဘာကြီးပေါ်တွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း ” —၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်း

၁၉၄၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများဆိုင်ရာမူကြမ်းကို စတင်ဆွေးနွေးခဲ့သူ အမေရိကန်သမ္မတကတော် အယ်လဲန်နာရူးစ်ဗဲ့လ်ထ် (Eleanor Roosevelt ) ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော လူ့အခွင့်အရေး ကော်မရှင်၏အဖွဲ့ဝင်များက UDHR ကိုရေးဆွဲခဲ့သည်။ ကော်မရှင်အဖွဲ့ဝင်များသည် ထိုကဲ့သို့ အခွင့်အရေးမူကြမ်း၏ပုံစံနှင့်၊ ယင်းမူကြမ်းကို အတည်ပြုမည် မပြုမည် သို့မဟုတ် မည်သို့အတည်ပြုသင့်သည် ဆိုသည်များနှင့်ပတ်သက်၍ ချက်ချင်း သဘောတူညီခြင်း မရှိခဲ့ပေ။ ကော်မရှင်သည် UDHR နှင့် တွဲဖက်ပါရှိသော သဘောတူစာချုပ်များကို ရေးဆွဲခြင်းအား ဆက်လက်လုပ်ဆောင်ခဲ့သည်။ သို့သော် UDHR မှာမြန်ဆန်စွာပင် ဦးစားပေး ဖြစ်လာသည်။

ကနေဒါလူမျိုး ဥပဒေပါမောက္ခ ဂျွန်ဟမ်ဖရီ (John Humphrey)နှင့် ပြင်သစ်ရှေ့နေ ရီန်း ကက်ဆင်(Rene Cassin)တို့သည် နိုင်ငံအများနှင့် စပ်ဆိုင်သော သုတေသနပြုခြင်း အများအပြားနှင့် နိဒါန်း၏ ယေဘုယျဥပဒေသကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော ကြေညာစာတမ်းပါ ပိုဒ်ခွဲများပါရှိသော စာတမ်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံတို့အတွက် အသီးသီး တာဝန်ယူခဲ့ကြသည်။ စာတမ်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ကက်ဆင်ကဆောင်ရွက်ခဲ့ပြီး အခြေခံဥပဒေများ ဂုဏ်သိက္ခာ၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းခြင်း၊ သာတူညီမျှရှိမှုနှင့် ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ရင်းနှီးမှုများကို ပထမ ပိုဒ်ခွဲနှစ်ခုတွင် ထည့်သွင်းထားသည်။ ယင်း၏နောက်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် စပ်ဆိုင်သည့် အခွင့်အရေးများ၊ တစ်ဦးနှင့်တစ်ဦးအကြား ဆက်ဆံရေးနှင့် အဖွဲ့အစည်းတို့နှင့် ဆက်ဆံရေးတို့နှင့်ဆိုင်သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ ဘာသာရေး၊ အများပြည်သူနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ဆိုင်ရာ အခွင့်အရေးများ အကြောင်းများ ဆက်တိုက်ဆိုသလို ဖော်ပြထားသည်။ ကက်ဆင်၏ အဆိုအရ သဘောပေါက်နားလည်ရန်လိုအပ်သည့် ကန့်သတ်ချက်များ၊ တာဝန်ဝတ္တရားများနှင့် လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ အစီအစဉ် အခြေအနေများတွင်ရှိသော အခွင့်အရေးများအကြောင်း နောက်ဆုံးပိုဒ်ခွဲသုံးပိုဒ်တွင် ပါဝင်သည်။ ဟမ်ဖရီနှင့် ကက်ဆင်တို့သည် UDHR တွင်ဖော်ပြထားသည့် အခွင့်အရေးများကို ယင်း၏နိဒါန်း တတိယစာကြောင်းတွင် ဆင်ခြင်သုံးသပ်ထားသကဲ့သို့ အချို့သောနည်းလမ်းများမှ တဆင့် ဥပဒေအရ အမိန့်အာဏာတည်စေရန် ရည်ရွယ်ပါသည်။ “ သို့သော် လူတစ်ယောက်သည် နိုင့်ထက်စီးနင်း အုပ်ချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ပုန်ကန်ထကြွရန်အတွက် နောက်ဆုံးအားကိုးအားထားရာအနေနှင့် အကူအညီရရှိရန် မရမက ပြုလုပ်ခံရခြင်းမရှိပါက လူ့အခွင့်အရေးကို ဥပဒေစည်းကမ်းများဖြင့် ကာကွယ်မှုပေးရန်မှာ မရှိမဖြစ် လိုအပ်သည် ” —၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်း

အချို့သော UDHR တွင်ပါဝင်သောအကြောင်းအရာ များကို သုတေသနပြုလုပ်ထားပြီး ကမ္ဘာ့တိုက်ကြီးများအားလုံးနှင့် အဓိက ဘာသာအယူဝါဒများမှာ ကိုယ်စားလှယ်များ အပါအဝင် လူ့အခွင့်အရေးများနှင့် ပတ်သက်၍ နိုင်ငံတကာကျွမ်းကျင်သူများပါဝင်သော ကော်မတီတစ်ခုက ရေးသားခဲ့ခြင်းဖြစ်သည်။ မဟတ္တမဂန္ဒီကဲ့သို့ ခေါင်းဆောင်ကြီးများနှင့် ဆွေးနွေးတိုင်ပင်မှုများမှလည်း သုံးသပ်ဆွဲယူထားသည်။ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှစ်ခုလုံးကိုထည့်သွင်းထားခြင်းမှာ လူသားတို့၏ အခြေခံအခွင့်အရေးများကို ခွဲခြား၍မရနိုင်ကြောင်းနှင့် ဖော်ပြထားသော အခွင့်အရေး အမျိုးအစားများသည် တစ်ခုနှင့်တစ်ခု ကင်းကွာ၍မရနိုင်အောင် ဆက်နွယ်လျက်ရှိကြောင်း ယူဆချက်ကို အခိုင်အမာဖော်ညွှန်းသည်။ ဤအခြေခံသဘောတရားကို သဘောတူလက်ခံသောအချိန်တွင် မည်သည့်အဖွဲ့ဝင် နိုင်ငံများကမှ ဆန့်ကျင်မှုမပြုသော်လည်း (ဆိုဗီယက်နှင့် အပေါင်းပါအုပ်စုနိုင်ငံများ၊ လူမျိုးရေးခွဲခြားမှုရှိသော တောင်အာဖရိကနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က မဲပေးခြင်းမရှိဘဲ ကြေညာစာတမ်းကို အကန့်အကွက်မရှိ သဘောတူခဲ့ကြသည်)၊ နောက်ပိုင်းတွင် ဤအခြေခံသဘောတရားသည် အရေးပါသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။