လုံချည်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာ့တိုင်းရင်းသား ရိုးရာဝတ်စုံများ
၁၈၀၀ ခုနှစ်နောက်ပိုင်းကာလ တောင်ရှည်ပုဆိုးဝတ်ထားသော ဗမာယောက်ျားတစ်ဦးအား တွေ့ရပုံ
အမည် ပုဆိုး(သို့) လုံချည်
အသုံးပြုသောနိုင်ငံ မြန်မာနိုင်ငံအိန္ဒိယနိုင်ငံသီရိလင်္ကာနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံထိုင်းနိုင်ငံ
အခြားအမည်များ အမျိုးသားများအတွက်-ပုဆိုး၊လုံချည်၊ တောင်ရှည် (၁၈၀၀ ခုနှစ် ဝန်းကျင်ခန့်က)
အမျိုးသမီးများအတွက်- ထဘီ၊လုံချည်
အသုံးပြုသော လူမျိုးများ ဗမာကရင်မွန်ရခိုင်ကချင်ရှမ်းချင်းကယားနှင့် အခြား မြန်မာပြည်ဖွား တိုင်းရင်းသား မောင်နှမများ
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
လုံချည် ဝတ်ဆင်ထားသော ဗမာယောက်ျားတစ်ဦးပုံ

မြန်မာနိုင်ငံ လုံချည် (ဗမာလို- လုံချည်၊ MLCTS: lum hkyany; အသံထွက် [lòuɴdʑì]) ဆိုသည်မှာ အဝတ်စဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်ကြသည်။ လုံချည်သည် ၂ မီတာ (၆ ၁/၂ ပေ) ခန့်ရှည်ပြီး ၈၀ စင်တီမီတာ (၂ ၁/၂ ပေ) ခန့် ကျယ်သည်။ အစကို ပုံမှန်အားဖြင့် ဆလင်ဒါပုံစံဖြစ်အောင် ကွင်းလုံး ချုပ်ထားသည်။ ၎င်းကို ခါးပတ်ဝန်းကျင်မှ ခြေမျက်စေ့ နားအထိဝတ်ဆင်သည်။ ၎င်းကို ခါးတွင် အစတစ်ခုပေါ် တစ်ခု ထပ်ခေါက်၍လိပ်ပြီး အထုံးမပါဘဲ ဝတ်ကြသည်။ တစ်ခါတစ်ရံ သက်သောင့်သက်သာရှိစေရန် ၎င်းကိုဒူးခေါင်းနားအထိ ရောက်အောင် ဝတ်ဆင်ကြသည်။

အလားတူ အဝတ်အထည်များကို အိန္ဒိယ၊ ဘင်္ဂလားဒေ့(ရှ်)၊ သီရိလင်္ကာ၊ မလေးကျွန်းဆွယ်နှင့် ယုဇ်ဒီဖောရာ (Juiz de Fora) တို့တွင် တွေ့နိုင်ပါသည်။ အိန္ဒိယကျွန်းဆွယ်တွင်ရှိသော နိုင်ငံများတွင် (ဘင်္ဂလားဒေ့(ရှ်)၊ အနောက် ဘင်္ဂလား၊ တောင်အိန္ဒိယနှင့် သီရိလင်္ကာ)၊ ၎င်းကို လန်ချည်၊ လုံချည်၊ ကိုင်လီ သို့မဟုတ် ဆာရမ် ဟုအမည်အမျိုးမျိုးဖြင့် သိကြသည်။ ‘စာမဖတ်တတ်တဲ့ယောက်ျားဟာ အကန်းနဲ့တူပြီး ရက်ကန်းမရက်တတ်တဲ့မိန်းမဟာ အကျိုးနဲ့တူတယ်’ - ဟူသော ဗမာစကားပုံသည်နေအိမ်တိုင်းတွင် လက်ရက်ကန်းစင်များထားရှိပြီး အမျိုးသမီးများက မိသားစုအတွက် လုံချည်ရက်လုပ်ကြသော တစ်ချိန်တစ်ခါက ဗမာစကားပုံတစ်ခုဖြစ်သည်။

ပုံစံနှင့်အသွင်အပြင်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင်၊ အမျိုးသားများဝတ်ဆင်သောလုံချည်ကို ပဆိုး (ဗမာလို - ပုဆိုး) ဟုခေါ်ပြီး အမျိုးသမီးများ ဝတ်ဆင်သော လုံချည်ကို ထမိန် (မြန်မာလို -ထဘီ) ဟုခေါ်သည်။ ယောက်ျားမိန်းမ ဝတ်ဆင်ပုံဝတ်ဆင်နည်း မတူညီသကဲ့သို့ အဆင်များနှင့် ဖွဲ့စည်းထားပုံများမှာလဲ ယောက်ျားမိန်းမ လိင်နှစ်မျိုးအကြား ကွဲပြားခြားနားပါသည်။ ရှေးအခါက အမျိုးသားများ၏ ပုဆိုးကို တောင်ရှည်ပဆိုး (ဗမာ- တောင်ရှည်ပုဆိုး) ဟု ခေါ်သည်။ ယင်းသည် အတောင်၂၀ ရှည်သောအစ ဖြစ်ပြီး ယခုခေတ်ဝတ်ဆင်ကြသကဲ့သို့ ကွင်းလုံးပုံ ချုပ်မထားပေ။ ယခုခေတ် ပုဆိုးဝတ်ဆင်ပုံမှာ အရှေ့ပိုင်း အစွန်းနှစ်ဖက်ကိုရှေ့ဘက်၌ အတူတကွ ထပ်ခေါက်၍ လိပ်ပြီး ချက်အောက်နား ခါးနေရာတွင် လျှိုသွင်းထားသည်။

အမျိုးသမီးများ အတွက်မှာမူ သုံးတောင့် တစ်ထွာသာ ရှည်ပြီး၊ ရှေးအခါက အမျိုးသားများနည်းတူ ကွင်းလုံးချုပ်ထားခြင်း မရှိပေ။ အမျိုးသမီးများသည် အစတစ်ဘက်တည်းကိုသာ ရှေ့သို့ရစ်ပတ်လျက် အခြား ခါး၏တစ်ဘက်ခြမ်းတွင် အတွင်းသို့ ထိုးသွင်းထားသည်။ ထဘီအောက်နားကို ခေတ်အလိုက် အတိုအရှည် ဝတ်ဆင်လေ့ရှိသော်လည်း ဒူးအထက်သို့မူကား မရောက်ပါချေ။ လုံချည်များကို များသောအားဖြင့် မချုပ်ပဲ ရောင်းသည်။ သို့သော် ယခုခေတ်တွင် အသင့်ဝတ်အထည်များအဖြစ် ရရှိနိုင်ပြီး၊ ထဘီများကို အနောက်တိုင်း စကပ်များ အတိုင်းပင်ချုပ်လုပ်နိုင်သည်။လုံချည်ဖြည်ခြင်းနှင့် ပြန်ပြင်ဝတ်ခြင်း တို့ကို အမျိုးသမီးရော အမျိုးသားများပါ အများသူငါရှေ့တွင် ပြုလုပ်ကြသည်ကို မကြာခဏ မြင်ရသော်လည်း အမျိုးသမီးများက ပို၍သိုသိုသိပ်သိပ် လုပ်ဆောင်ကြသည်။

အဆင်များနှင့်အဝတ်အထည်များ[ပြင်​ဆင်​ရန်​]

ကိုယ်ပိုင်သီးသန့် စုဆောင်းသိမ်းဆည်းထားသော အချိတ်ထဘီများ

အမျိုးသားများ ဝတ်ဆင်သော ပုဆိုးများမှာ ယေဘုယျအားဖြင့် အစင်းများ သို့မဟုတ် ပြောင်အရောင်များဖြစ်ပြီး အထက်အောက် ပြောင်းပြန်ဝတ်ဆင်သော်လည်း ကွဲပြားခြင်းမရှိပေ။ သို့သော်လည်း အမျိုးသမီးများ၏ထဘီမှာ ခါးဘက်တွင် အထက်ဆင့် (ဗမာလို - အထက်ဆင်) (စာပေအရ အပေါ်ဘက်ကွင်း) ဟုခေါ်သော အမည်းရောင် ချည်ထည်သိုင်းစည်းကြိုး ပါရှိသည်။ အမျိုးသမီးများသည် ပို၍ အရောင်စုံသောအထည်များနှင့် ပန်းပွင့်ပုံအဆင်များ ကိုလည်း ဝတ်ဆင်ကြသည်။ ချည်သားမှာ အခြေခံကျသော အထည်ဖြစ်သောလည်း ပြည်ပမှသွင်းကုန်နှင့် ပြည်တွင်းဖြစ် အထည်များ အားလုံးကို လုံချည်များအဖြစ် ချုပ်လုပ်နိုင်သည်။တူတယ်၊ ဂျော်ဂျက်၊ ဆာတင်နှင့် ခရစ်စများ အားလုံးကို ထဘီများအဖြစ် ချုပ်လုပ်ဝတ်ဆင်ကြသည်။

ကချင်လုံချည်အမျိုးအစားတွင် လူသိအများဆုံး တာတန်ဒီဇိုင်း

အင်ဒိုနီးရှား ပါတိတ် မှာဆယ်စုနှစ်များစွာတိုင်အောင် အလွန်ကျော်ကြားသည်။ အထက်နှင့်အောက် (အကျႌနှင့်ထဘီ) ဆင်တူ ဝတ်ဆင်ကြသော ပါတိတ်မှာ ၁၉၈၀ ခုနှစ်များ တစ်လျှောက်လုံး အမျိုးအစား စုံလင်လှပေသည်။ အခမ်းအနားများနှင့် အထူးအခါသမယများတွင် ယောက်ျား၊ မိန်းမတို့သည်၎င်းတို့၏ အကောင်းဆုံး ပိုးထည်များကို ဝတ်ဆင်ကြပေမည်။ အသေးအစိတ်ဆုံး အထည်များမှာ အချိတ် (ဗမာလို- အချိတ်) (စာပေအရ ချိတ်)ဟု လူသိများသော၊ များပြားလှသော အရောင်စုံတို့ဖြင့် စပ်ဟပ်ကာ လှပပြီး ရှုပ်ထွေးသော လှိုင်းပုံသဏ္ဍာန်အဆင် သို့မဟုတ် တောလိုက်ခွေးသွားအဆင် များဖြစ်ပြီး အမရပူရ ရက်ကန်းသည်များက ရက်လုပ်ကြသည်။ ထိုအချိတ်အထည်များကို အထူးသဖြင့် မင်္ဂလာဆောင် အခမ်းအနားများတွင် ဝတ်ဆင်ကြပြီး၊ သတို့သားနှင့် သတို့သမီးတို့သည် လိုက်ဖက်သောအရောင်ဖြင့် အမြဲတမ်းလိုလို အဆင်တူညီစွာ ဝတ်ဆင်ကြသည်။ ဆင်းရဲသောသူများပင်လျှင် အချို့သော ရိုးရာပိုးထည်များကို အထူးအခမ်းအနား များအတွက် သိမ်းထားတတ်ကြသည်။

ရှေးယခင်ကာလများတွင် မင်းမျိုးမင်းနွယ်များနှင့် လွှတ်တော် တက်သူများက ပုံမှန်အားဖြင့် ပိုးထည်များကို ဝတ်ဆင်ကြပြီး၊ တော်ဝင်ပုဆိုးများနှင့် ထဘီများမှာ ရွှေ၊ ငွေ၊ ပုလဲများ၊ အဖိုးတန် ကျောက်မျက် ရတနာများတို့ဖြင့် လှပဆန်းကျယ်စွာ ပန်းများထိုးထားသည်။ ခေတ်သစ်တွင် ပြန်လည်ထုတ်လုပ်ထားသော ထိုအဆင်များကို စင်တင် ဇာတ်ပွဲ (ဗမာလို- ဇာတ်ပွဲ) (ဇာတ်သဘင်ကပွဲ) များတွင်တွေ့မြင်နိုင်ပါသည်။ လူမျိုးစုနှင့် ဒေသအလိုက် ရက်လုပ်သော အထည်များနှင့် အဆင်များမှာ အမျိုးအစားစုံလင်လှပြီး လူအများ နှစ်သက်ကြသည်။ ၎င်းတို့မှာ ရခိုင်လုံချည်၊ မွန်လုံချည်၊ ကချင်လုံချည်၊ အင်းလေးလုံချည်၊ ဇင်းမယ် (ချင်းမိုင်) လုံချည်၊ ယောလုံချည်၊ ဆိတ်ခွံလုံချည်၊ ထားဝယ်လုံချည်နှင့် အခြား များစွာရှိသည်။ အထူး အခမ်းအနားများတွင် အမျိုးသားများ ဝတ်ဆင်သော ချိတ်မဟုတ်သော ပိုးပုဆိုးများကို ဘန်ကောက် (ဗန်ကောက်) ပုဆိုးဟုခေါ်သည်။ ကုလားပုဆိုး (အိန္ဒိယပုဆိုး) မှာ ယေဘုယျအားဖြင့် ပို၍ရှည်ပြီး အရပ်ရှည်သူများ ဝတ်ဆင်ကြသည်။ ကလဆင် (ဗမာလို- ကုလားဆင်) ဆိုသည်မှာ အိန္ဒိယလူမျိုး လက်ဖက်ရည်ဆိုင် ပိုင်ရှင်များ ဝတ်ဆင်သော အမည်းရောင်၊ အညိုရောင်နှင့် အဖြူရောင် တို့ဖြင့် လေးထောင့်ကွက်ကြီးကြီး အဆင်များကို ရည်ညွှန်းသည်။ အိန္ဒိယမှလာသော မာဆရိုက်လုံချည်များမှာ ကျော်ကြားလျက်ပင်ရှိပြီး အထည်မှာ ခိုင်ခံ့သည်။

ဘက်စုံအသုံးပြုနိုင်ခြင်းနှင့် သက်သောင့်သက်သာ ရှိခြင်း[ပြင်​ဆင်​ရန်​]

ဗမာယောက်ျား တစ်ဦး၏ ပုဆိုးခါးတောင်းကျိုက် ဝတ်ဆင်ထားသောရုပ်တု

လုံချည်သည် ဤအရပ်ဒေသများရှိ ရာသီဥတုနှင့် အထူးပင်လိုက်ဖက်သည်။ လေဝင်လေထွက် ကောင်းပြီး ပူပြင်းသော နေရောင်အောက်တွင် အေးမြစေသည်။ ပိုးထည်များမှာ အလွန်ထူးခြားပြီး ဆောင်းရာသီတွင် ပူနွေးစေ၍ နွေရာသီတွင် အေးမြစေသည်။ လုံချည်ကို အမျိုးစုံ အသုံးပြု ဝတ်ဆင်နိုင်သည်။ အမျိုးသားများ ၎င်းတို့ပုဆိုး၏ ရှေ့ပိုင်း အောက်နားစကို စုစည်းပြီး အပေါ်သို့လိပ်ကာ ခြေနှစ်ချောင်းကြားအတွင်းမှ ကျိုက်ယူပြီး ခါးအနောက်ဖက်သို့ ထိုးသွင်းခြင်းကို ပုဆိုးခါးတောင်းကျိုက် (ဗမာလို- ပုဆိုးခါးတောင်းကျိုက်) ဟု ခေါ်ကြပြီး ဒိုတီဝတ်သကဲ့သို့ မကြာခဏဆိုသလို ဝတ်ဆင်ကြသည်။ အမြင့်သို့တက်ခြင်းနှင့် အားကစားလှုပ်ရှားမှုများ ပြုလုပ်ရာတွင် ဘောင်းဘီအတို အရှည်များ လဲမည့်အစား ဤကဲ့သို့ ပြုလုပ်လေ့ရှိသည်။ ရှေးအချိန်အခါက စစ်သားများမှာ ယင်းပုံစံအတိုင်း ပုဆိုးချည်းသက်သက် သို့မဟုတ် ဘောင်းဘီအရှည်ပေါ်မှ ထပ်၍ ဝတ်ဆင်ခဲ့ကြသည်။


လုံချည်များရောင်းနေပုံ(မဟာမုနိဘုရားမန္တလေးမြို့)

ကျေးလက်ဒေသများတွင် အမျိုးသားများကို ရေချိုးရာတွင်(ရေလဲ (ဗမာလို-ရေလဲ)- စာပေအရ ရေလဲသောလုံချည်) အသုံးပြုရန်အတွက် လည်းကောင်း သို့မဟုတ် ထမ်းပိုးထမ်းရာတွင် ပုခုံးခုအနေဖြင့် လည်းကောင်း သို့မဟုတ် နောက်ကျောပေါ်တွင် လေးပင်သောဝန်များကို သယ်ရာတွင် အခုအခံအနေဖြင့် လည်းကောင်း အသုံးပြုရန်အတွက် ပုခုံးတစ်ဖက်ပေါ်တွင် ခေါက်ထားသောပုဆိုးကို တင်၍ထားတတ်ကြသည်ကို မကြာခဏမြင်တွေ့နိုင်သည်။ အမျိုးသမီးများ ရေချိုးသောအခါ အကျႌကို မချွတ်မီ ရင်သားများကို ဖုံးကွယ်ထားရန်အတွက် ၎င်းတို့၏ထဘီကို ချိုင်းအောက်ဖက်နားတွင် ရိုးရိုးပင် ထိုးသွင်းကာ ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ထဘီအောက်ခြေကို လက်ဖြင့် စုစည်းပြီး လေကိုပိတ်မိစေကာ ဗောအဖြစ် အသုံးပြုတတ်ကြသည်ကို မြစ်ထဲတွင် မြင်တွေ့နိုင်သည်။ ၎င်းတို့သည် လုံချည်ကို ခေါက်ပြီးခွေကာ ရေအိုးများ၊ ထင်း၊ တောင်းများနှင့် လင်ဗန်းများကို ခေါင်းပေါ်ရွက်ပြီး သယ်ရာ၌ ခေါင်းခုအဖြစ်လည်း သုံးသည်။ လမ်းဘေးဈေးသည်မှသူမ၏ အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်သည့်ထုံးစံဖြစ်သည်။ လုံချည်လဲခြင်းမှာ ရိုးရိုးပင်ဖြစ်သည်။ လုံချည်အသစ်ကို ခြေထောက်အောက်မှ ဆွဲတင်ကာ တစ်ချိန်တည်းမှာပင် လုံချည်အဟောင်းကို ဖြည်လျှော့ကာ အောက်သို့လွှတ်ချလိုက်ခြင်းဖြစ်သည်။ သို့မဟုတ် လုံချည်အသစ်ကို ခေါင်းပေါ်မှလည်း စွပ်ချနိုင်သည်။ အမျိုးသမီးတစ်ဦး ၎င်းတို့ထဘီကို ရေမစိုစေပဲ နည်းနည်းချင်းစီဆွဲတင်ကာ မြစ်ထဲသို့ ဖြည်းဖြည်းချင်း ကူးဖြတ်ပြီး ခေါင်းပေါ်တွင်ရစ်ပတ်လျက် ထားရှိပြီး ထိုနည်း၎င်းအတိုင်းပင် ပြောင်းပြန်ပြန်လုပ်ကာ ရေထဲမှပြန်တက်လာသည်ကို မြင်တွေ့နိုင်သည်။ ၎င်းမှာ ရေချိုးခန်း သို့မဟုတ် အိပ်ခန်းတွင်း လုပ်ရိုးလုပ်စဉ်အတိုင်း ပင့်မခြင်းမျှသာ ဖြစ်သည်။ လုံချည်များသည် ကွင်းလုံးပုံအထည်များ ဖြစ်ကြသောကြောင့် လျှော်ဖွပ်ခြင်းနှင့် မီးပူတိုက်ခြင်းတို့ ပြုလုပ်ရာတွင် ယင်းတို့ထက် လွယ်ကူသည့် အထည်များ မရှိပါချေ။ အလွယ်တကူ လှန်းထားနိုင်၊ မီးပူတိုက်နိုင်၊ ခေါက်ထားနိုင်ပြီး အဝတ်ဘီရိုထဲတွင် နေရာလည်း ကျယ်ကျယ်မယူဘဲ တစ်ခုပေါ် တစ်ခု ဆင့်ထားနိုင်ပေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]