လီး၊ ရောဗတ် အီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရောဘတ် အက်ဒွပ် လီး

လီး၊ ရောဗတ် အီ(ခရစ် ၁၈ဝ၇-၁၈၇ဝ)[ပြင်​ဆင်​ရန်​]

ရောဗတ်အက်ဒွပ် လီးသည် အမေရိကန်လူမျိုးဖြစ်၍ အမေရိကန် စစ်သမိုင်းတွင်သာမက ကမ္ဘာ့စစ်သမိုင်းတွင်ပါ ထင်ရှားသော စစ်ဗိုလ်ကြီးတစ်ဦးဖြစ်ပြီးလျှင် အမေရိကန် လူမျိုးတို့ ဂုဏ်ယူချီးကျူးလေးစားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၁၈၆၁ ခုနှစ်တွင် ကျွန်ပိုင်စနစ် ပယ်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဖြစ်ပွားသော အမေရိကန်ပြည်တွင်းစစ်ပွဲတွင် လီးသည် တောင်ပိုင်း သဟာယစစ်တပ်များကို အုပ်ချုပ်တိုက်ခိုက် ခဲ့သည်။ တောင်ပိုင်းတွင် ကျွန်ပိုင်စနစ်ကို အမှန်စင်စစ် ဗိုလ်ချုပ်ကြီးလီးသည် ကျွန်ပိုင်စနစ်ကို နှစ်သက်လိုလားသူ မဟုတ်ချေ။ သူသည် နိုင်ငံ ရေးသမားတစ်ယောက် မဟုတ်ရုံမက နိုင်ငံရေးတွင်လည်း လုံးဝစိတ်မဝင်စားချေ။ သို့သော် ကျွန်ပိုင်စနစ်နှင့်စပ်လျဉ်း၍ သူ့ထင်မြင်ချက်များမျာ အထူးပင်မျှတသည်ဟု ဆိုရမည်ဖြစ်၏။ သူကိုယ်တိုင်ကမူ ကျွန်ပိုင်စနစ်ကို မလိုလားသူဖြစ်သော ကြောင့် သူ၏ကျွန်များကိုလွတ်လပ်ခွင့် ပေးလိုက်ပြီးဖြစ်သော်လည်း ထိုစနစ်ကို များစွာလိုလားနှစ်သက်လျက်ရှိသော တောင်ပိုင်းပြည်နယ်သား များကိုလည်း အတင်းအဓမ္မ တားဆီးသင့်သည်ဟုသူမယူဆမိချေ။ သူနှင့်ဆန့်ကျင်ဘက်၊ မြောက်ပိုင်းတပ်များ၏ စစ်သေနာပတိ ဗိုလ်ချုပ်ကြီးဂရန့်မှာမူ ကျေးကျွန်စနစ်ကို သက်ဝင်ယုံကြည်သော ကျွန်ပိုင်ရှင်တစ်ဦး ဖြစ်လေ၏။ ရောဗတ် အက်ဒွပ်လီးသည် ၁၈ဝ၇ ခုနှစ်၊ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဗာဂျင်နီးယားပြည်နယ်စထရက်ဖို့မြို့၌ ထင်ရှားသော နိုင်ငံဝန် ထမ်းအမျိုးအနွယ်မှ မွေးဖွားခဲ့သူဖြစ်ပေသည်။ ငယ်စဉ်ကပင် စစ်အတတ်၌ ဝါသနာထုံခဲ့သည်။အမေရိကန်ပြည်ထောင်စု ဝက်စပွိုင့်စစ်ပညာသင်ကျောင်း မှ ထူးချွန်စွာ ဘွဲ့ထူးများကို ခဲ့သည်။၁၈၂၉ ခုနှစ်၊ အသက် ၂၂နှစ်အရွယ်တွင် ပြည်ထောင်စုစစ်တပ်၌ ဒုတိယဗိုလ်အဆင့်အတန်းဖြင့် ပြန်တမ်း ဝင်အရာရှိဖြစ်ခဲ့သည်။စစ်မှုထမ်းရာတွင် လက်ရုံးရည်၊ နှလုံးရည် ထူးချွန်သူဖြစ်ကြောင်း ရာထူးသက်တမ်း မရင့်မီကပင် ထင်ရှားခဲ့၏။ ၁၈၄၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနိုင်ငံတို့ စစ်ဖြစ်ပွားခဲ့စဉ် ပြည်ထောင်စု ဗိုလ်ချုပ် ဝင်းဖီးစကော့လက်အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ရာ ထင်ပေါ်ကျော်စောခဲ့သည်။၁၈၅၉ခုနှစ်တွင် ဂျွန် ဗရောင်းထကြွမှုကို နှိမ်နင်းခဲ့ရပြန်သည်။ သို့ရာတွင် ထိုသို့အချင်းချင်း နှိမ်နင်းရသော အလုပ်မျိုးကို မနှစ်သက်ခဲ့ချေ၁၈၆၁ ခုနှစ်တွင် ကျွန်ပိုင်စနစ်နှင့်စပ်လျဉ်း၍ ပြည်တွင်းစစ် ဖြစ် ပွားပြန်သောအခါ၌ သမ္မတ လင်ကွန်းနှင့် ဗိုလ်ချုပ်စကော့တို့က လီးအား ခေါ်ယူ၍ အမေရိကန် ပြည်ထောင်စု၏ တပ်ပေါင်းစုတွင် ဗိုလ်မှူးကြီးရာထူး ပေးလေသည်။ သို့သော် သူ၏ဇာတိတောင်ပိုင်းပြည်ထောင်စုကို သစ္စာ မဖောက်လိုသဖြင့် လက်မခံခဲ့သည့်အပြင် မိမိ၏လုပ်ဖော်ကိုင်ဖက် ရဲဘော် တစ်စုတို့နှင့်ခွဲကာ အလုပ်မှထွက်၍ နေရပ်သို့ပြန်ခဲ့သည်။ ထို့နောက် မိမိ၏ ဇာတိဖြစ်သော ဗာဂျင်းနီးယားပြည်နယ်အတွက် အမှုထမ်းလေသည်။ ပထမတွင်တောင်ပိုင်း သဟာယပြည်နယ်များ၏သမ္မတဂျက်ဖာဆန်ဒေးဗစ်၏ စစ်မှုရေးရာ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ဗိုလ်ချုပ် အဆင့်အတန်းသို့ တိုးမြှင့်ခန့်ထားခြင်းခံရ၏။ သူ၏ စစ်ပရိယာယ်ကျွမ်း ကျင်မှု၊ အကြံဉာာဏ်ကောင်းမှုတို့ကြောင့် ဗူးလရန်းတိုက်ပွဲကို အောင်မြင် လိုက်သည်။ ထိုနှစ်အတွင်း၌ပင် အနောက်ပိုင်း ဗာဂျင်းနီးယား စစ်တပ်များ ၏ တပ်မှူးကြီးအဖြစ် ခန့်ထားစေလွှတ်ခြင်းခံရသည်။ဗိုလ်ချုပ်လီးသည် စစ်အတတ်တွင် တက်ဖက်ကမ်းခပ် တတ် မြောက်ကျွမ်းကျင်သူဖြစ်သောကြောင့် တိုက်ပွဲများစွာတွင် အောင်ပန်းဆွတ်ခူး နိုင်ခဲ့သည်။ လူအင်အားများ ပြားလှသော မြောက်ပိုင်းဗိုလ်ချုပ်မက္ကလယ်လန်၏စစ်တပ်များကိုပင် အောင်မြင်စွာ တိုက်ထုတ်နိုင်လောက်အောင် အစီအမံ အအုပ်အချုပ် ကောင်းသူဖြစ်လေသည်။ ထို့ကြောင့်ပင် စစ်သေနာပတိကြီး ဝင်းဖီးစကော့ကိုယ်တိုင်က မက္ကဆီကိုစစ်ပွဲ၌အမေရိကန်ပြည်ထောင်စု တပ် သားများ အောင်နိုင်ခြင်းမှာ ရောဗတ်လီး၏ စစ်ပရိယာယ ်ကျွမ်းကျင်မှု၊ သတ္တိရှိမှု၊ ဇွဲရှိမှုတို့ကြောင့်ဖြစ်သည်ဟု ချီးမွမ်းပြော ဆိုခဲ့လေသည်။ရောဗတ်လီးကား အမေရိကန်ပြည်ထောင်စု၏ အထူးချွန်ဆုံးသော စစ်ပါရဂူကြီးဟုခေါ်လောက်အောင် ချီးကျူးခြင်းခံရသူဖြစ်သည်။သေနင်္ဂဗျူဟာတို့၌သာစွမ်းသည်မဟုတ်၊ အဆောက်အအုံ ပညာ၌လည်း ကျွမ်းကျင်၏။ အခါများစွာပင် စစ်အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့ဖူးလေသည်။ ဟယ်မီလ တန်ခံတပ်၊ နယူးယော့ သင်္ဘောဆိပ်၊ စိန်လူဝီသင်္ဘောဆိပ် စသည် တို့မှာ ရောဗတ်လီး၏ လက်စွမ်းများဖြစ်၏။ ဗိုလ်ချုပ်လီးက ညာလက်ရုံးသဖွယ်အားကိုးအထားပြုရသူဗိုလ်ချုပ်ဂျက္ကဆန်မှာလည်း အမေရိကန် စစ်သမိုင်း တွင် မှတ်တမ်းတင်ခြင်းခံထိုက်သော ပုဂ္ဂိုလ်ဖြစ်၏။ ( ဂျက္ကဆန်တီးဂျေ။) ၁၈၆၃ ခုနှစ်၊ မေလတွင် ဗိုလ်ချုပ်ဂျက္ကဆန် ကျဆုံးသဖြင့် ဗိုလ် ချုပ်လီးသည် တအားလျော့လျက်ရှိစဉ်မြောက်ပိုင်းစစ်အင်အားလည်း ကောင်းလာသောကြောင့် တဖြည်းဖြည်းခံစစ်ဖြင့် ခုခံခဲ့ရလေသည်။ ထို့ နောက် နှစ်နှစ်မျှအကြာ ၁၈၆၅ ခုနှစ်တွင် လက်နက်ချလိုက်ရ၏။ သို့ရာတွင် ဗိုလ်ချုပ်လီးကား စစ်ဖက်၌ ကျော်ကြားထင်ရှား မြဲပင် ဖြစ်လေသည်။စစ်အတတ်တွင်ပါရဂူမြောက်သူပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် အသိအမှတ် ပြုကာ လေးစားခြင်းခံခဲ့၏။

ထိုစစ် ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သူသည် စစ်ကို အတန်ပင် စက်ဆုပ်ကာ စစ်မှုရေးရာတွင် ပါဝင်စွက်ဖက်ခြင်း မပြုတော့ပေ။ သူရေးနေ ဆဲဖြစ်၍ ငွေဝင်ကောင်းမည့် သူ၏ စစ်သမိုင်းမှတ်တမ်း ကိုပင် ဆက်လက် ရေးသားခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားလိုက်တော့၏။ သူသည် ဝါရှင်တန်ကောလိပ်ကျောင်းတွင် အေးချမ်းစွာ သဘာပတိအဖြစ် ဆောင်ရွက်လေသည်။ နောင်သောအခါ ထိုကျောင်းကိုပင် သူ့အား အထိမ်းအမှတ် ပြုသည့်အနေ ဖြင့် ဝါရှင်တန်နှင့်လီး တက္ကသိုလ်ဟု မှည့်ခေါ်ကြ၏။ဗိုလ်ချုပ်ကြီးသည် ဗာဂျင်းနီးယား နယ်သားများအား အမေရိကန်ပြည်သားကောင်းများ ဖြစ်စေရန် သွန်သင်ညွှန်ကြားခဲ့ပေသည်။ ၁၈၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက် နေ့တွင် ကွယ်လွန်အနိစ္စရောက်လေရာ သူ၏ရုပ်ကလာပ်ကို လေနင်တန် တက္ကသိုလ် ဘုရားရှိခိုးကျောင်း၌ ကောင်းမွန်စွာ မြှုပ်နှံထားလိုက်ကြ၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)