လီယိုတော်စတွိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Acap.svg ဤဆောင်းပါးတွင် ဝီကီစံညွှန်းနှင့်အညီ စကားပြေ အရေးအသား တည်းဖြတ်ပေးရန်လိုအပ်နေသည်။
သင် တည်းဖြတ် နိုင်သည်။ လမ်းညွှန် ဖတ်ပါ။
လီယိုတော်စတွိုင်း
Leo Tolstoy
မွေးနေ့ September 9, 1828(1828-09-09)
Yasnaya Polyana, Russia
ကွယ်လွန် November 20, 1910 (aged 82)
Astapovo, Russia
အလုပ်အကိုင် Novelist
ကျော်ကြားမှု Anna Karenina
လက်မှတ်


ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားထုတ်ဝေထားသည့် ကမ္ဘာကျော်ဝထ္ထု အများအပြားရှိသည့်အနက် စစ်နှင့်ငြိမ်းချမ်းရေး ဝထ္ထုကိုလူအများ သိဖူး ဖတ်ဖူးကြသည်။ ။ စစ်နှင့်ငြိမ်းချမ်းရေး ဟူသည့် ကမ္ဘာကျော်ဝထ္ထုစာအုပ်ကို ရေးသားခဲ့သူသည် လီယိုတော်စတွိုင်း ဖြစ်သည်။ တော်စတွိုင်းသည် စာရေးသူ သက်သက်သာမဟုတ်ဘဲ ၁၉ ရာစု ရုရှနိုင်ငံ၏ မြေပိုင်ရှင်ပဒေသရာဇ်များကို ဆန့်ကျင်သော နင်းပြားတစ်ဦးလည်း ဖြစ်၏။

ရုရှစာ‌ပေသမိုင်းတွင် အထင်ရှားဆုံးဖြစ်‌သော စာ‌ရေးဆရာကြီး ‌ကောင့်လီယို နီကိုလား‌အေဗစ် ‌တော်စတွိုင်း (ရုရှအသံ ထွက်အားဖြင့်လျက် နယိကပ်လာ‌ယေ ဗျစ် တာ့လစတွိုင်)သည် ရုရှနိုင်ငံ တူးလာနယ် ‌ယာစယာပိုလီအန်နာ ( Yasaya Polyana ) ကျေးရွာတွင် ခရစ် ၁၈၂၈ ခုနှစ်၌ ပီတာဧကရာဇ်ဘုရင် လက်ထက်မှစ၍ ထင်ရှား‌သော မှူးမတ်မျိုးရိုးမှ ‌မွေးဖွားခဲ့၏။ ‌သူ့မိဘများသည် လယ်မြေအများအပြား ပိုင်ဆိုင် ကြွယ်ဝချမ်းသာသော ဆွေကြီး မျိုးကြီးများ ဖြစ်ကြပြီး ကျေးကျွန် အများအပြားလည်း ရှိသည်။ တော်စတွိုင်းသည် မွေးချင်း ၅ယောက်မှာ ၄ ယောက် မြောက် ဖြစ်သည်။ မိခင်ဖြစ်သူသည် တော်စတွိုင်း ၂ နှစ်သားအရွယ်ကပင် ကွယ်လွန်သွားခဲ့ပြီး ဖခင်ကလည်း တော်စတွိုင်း ၉ နှစ်သားတွင် ကွယ်လွန်သွား ၍ ဆွေမျိုးများက တော်စတွိုင်းကို မွေးစားကြည့်ရှု စောင့်ရှောက်ထားခဲ့ကြသည်။ တော်စတွိုင်သည် စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ သူဆင်းရဲဘဝ၌ ‌ နေထိုင်ကာ အဓိဋ္ဌာန်ပါရမီကို တည်‌ဆောက်‌သော ဝတ္ထု‌ရေးဆရာ၊ စာရေးဆရာ၊ ယထာဘူတပညာရှင် အဖြစ်ဖြင့် ‌ကျော်‌စော၏။

ငယ်စဉ်ကပင်လျှင် မိခင်နှင့် ဖခင်တို့ ကွယ်လွန်ခဲ့ငြား‌သော် လည်း ကြွယ်ဝ‌သော မိဘအ‌မွေအနှစ်ဖြင့် ‌ဆွေမျိုးများအလယ် တွင် မ‌တောင့်မတမ‌ကြောင့်မကြ ကြီးပြင်းလာခဲ့သည်။ တဆယ့် တစ်နှစ်သားအရွယ်ခန့်တွင် အစ်ကိုများနှင့်အတူ ကဇန်းမြို့တွင် ပညာသင်သည်။ ၁၈၄၄ ခုနှစ်တွင် ကဇန်းမြို့တက္ကသိုလ်၌ အထက်တန်းပညာရပ်များကို ဆက်လက်သင်ယူသည်။ ထို ‌ခေတ်က ရုရှတို့၏ ‌ပေါင်းသင်းဆက်ဆံ‌ရေးတွင် ကဇန်းမြို့မှာ အထက်တန်းကျ‌လေရကား ‌တော်စတွိုင်သည် ဉာဏ်ပညာ ထက်မြက်‌သော်လည်း ယင်းအထက်တန်း‌ပေါင်းသင်း ဆက်ဆံ ‌ရေးတို့၌ အ‌ပျော်အပါးဖြင့် အချိန်ကုန်သည်က များ‌လေသည်။

တော်စတွိုင်းသည် ရုပ်ရည် ပြေပြစ်သူ တစ်ယောက် မဟုတ်ပေ။သူ၏ ပုံသဏ္ဍာန် မမှန်သော သွင်ပြင်ကြောင့် အရုပ်ဆိုး အကျည်းတန်သူ တစ်ဦး ဖြစ်လေသည်။ ငယ်စဉ်ကပင် အထီးကျန်သော ကလေးတစ်ဦး ဖြစ်သဖြင့် အိမ်အပြင်မှာသာ ပျော်မွေ့လေသည်။

သူ့ ဖခင်၏ လယ်ကွင်းများထဲတွင် ဆော့ကစားကာ သူ့ငယ်စဉ်ဘဝကို ကုန်လွန်ခဲ့သည်။ တော်စတွိုင်း အသက် ၁၂ နှစ်တွင်မော်စကိုမှ သူ၏ အဒေါ် ဖြစ်သူက လာရောက် ခေါ်ယူသဖြင့် မော်စကို မြို့တော်ကြီးတွင် ၃ နှစ်တာမျှ သက်တောင့်သက်သာ ဘဝဖြင့် နေထိုင်ခဲ့လေသည်။

အသက် ၁၅ နှစ်တွင် မော်စကိုမြို့ရှိ ကာဇန်တက္ကသိုလ် ( University of Kazan ) သို့ ဝင်ခွင့်ရခဲ့သည်။ လေးနှစ်တာမျှ ဥပဒေနှင့် အရှေ့တိုင်း ဘာသာရပ် များကို ပညာသင်ကြားခဲ့သော်လည်း ဘွဲ့ ၊ ဒီပလိုမာ ၊ ဒီဂရီ တစ်ခုမှ မရရှိခဲ့ပေ။ ၁၈၄၇ ဆောင်းရာသီတွင် တော်စတွိုင်းသည် ကျောင်းမှ ထွက်ခဲ့လေသည်။

သူ့ ဖခင်၏ လယ်မြေများကို ပြန်ကာ လယ်ကျွန်များ၏ ဘဝကို မြှင့်တင် ထူထောင်ပေးမည် ဟု ဆုံးဖြတ်ကာ ပိုလီအန်နာ သို့ ပြန်ခဲ့သည်။ ၆ လတာ ကြာမျှ ကြိုးစားကာ လယ်ကျွန်များကို ပြန်လည်ထူထောင် ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအချိန်တွင် ကရိုင်မီးယန်း ( Crimean ) စစ်ပွဲဖြစ်ပွားနေသဖြင့် စစ်တပ်သို့ ဝင်ခဲ့သည်။

စီဘက်စတူပို တပ်ရင်းတွင် တာဝန်များ မအားလပ်သည့် ကြားကပင် သူ၏ ပထမဦးဆုံး စာအုပ်ကို ရေးသားခဲ့သည်။ တော်စတွိုင်း၏ ငယ်စဉ်ဘဝအကြောင်း ပါဝင်သော ထိုစာအုပ်သည် လူထုကြားတွင် အောင်မြင် ကျော်ကြားခဲ့လေသည်။ ထို့နောက် စီဘက်စတူမြို့ မှ ပုံပြင်များ ( Tales from Sebastopol ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ခရိုင်မီးယန်း စစ်ပွဲအတွင်း သာမန်စစ်သားလေး တစ်ယောက်၏ သူရဲကောင်းဆန်ပုံကို ရေးသား ဖော်ပြထားသည့် ထိုစာအုပ်ကို ရုရှ အင်ပါယာ ဘုရင် ကိုယ်တိုင်က နှစ်သက်လွန်းလှ၍ တော်စတွိုင်းအား စစ်မြေပြင်မှ ကင်းလွတ်ခွင့် ပေးလိုက်လေသည်။ ၁၈၅၄ တွင် တော်စတွိုင်းသည် စစ်တပ်မှ ထွက်ပြီး မော်စကို သို့ ပြန်လာခဲ့သည်။ စာရေးဆရာတစ်ယောက် ဘဝဖြင့် အောင်မြင်သော်လည်း သူသည် မြို့ကြီး ပြကြီးတွင် နေထိုင်ရန် မနှစ်သက်လှပေ။

ဂျာမဏီ၊ ဆွစ်ဇာလန် ၊ ပြင်သစ် ၊ အီတလီ ၊ အင်္ဂလန် နိုင်ငံများသို့ လှည့်ပတ် သွားရောက် နေထိုင်ပြီး လူနေမှု အဖွဲ့အစည်း ၊ လူမှုဘဝ ကိုလေ့လာခဲ့လေသည်။ တော်စတွိုင်းသည် ၁၈၆ဝ တွင် ပိုလီအန်နာ သို့ ပြန်လာခဲ့သည်။ အိမ်သို့ ပြန် ရောက်ရောက်ချင်း တော်စတွိုင်း ပထမဦးဆုံး လုပ်သည့် အလုပ်မှာ သူ့ဖခင် ပိုင်ဆိုင်သော လယ်မြေများရှိ လယ်ကျွန်များကို လွတ်မြောက်ခွင့်ပေးခြင်းပင် ဖြစ်သည်။

စိုက်ပျိုးစားသောက်ရန် လယ်ကျွန်များကို သူ့ဖခင်ပိုင် လယ်မြေများကို ခွဲဝေပေးပြီး ထိုလယ်ကျွန်များ၏ ကလေးများအတွက် စာသင်ကျောင်း ဆောက်လုပ်တည်ထောင်ပေးခဲ့သည်။ ထိုအချိန်က မြေပိုင်ရှင် ပဒေဿရာဇ် များနှင့် ဆန့်ကျင်သော လုပ်ရပ်ပင် ဖြစ်သည်။ တော်စတွိုင်းသည် အသက် ၃၃ နှစ်တွင် ပိုလီအန်နာ မှ သူ့ လယ်မြေများကို စွန့်ခွာလာခဲ့ပြီး တစ်နှစ် အကြာတွင် မိသားစုချင်း ရင်းနှီးသူ ဖြစ်သော ဆိုညာအန်ဒရေဗီနာဘားရ်စ် ( Sonya Andreyevna Behrs )နှင့်လက်ထပ် ခဲ့သည်။ ရင်သွေး ၁၃ ဦးထွန်းကားခဲ့ပြီး အိမ်ထောင်သက် ၁၆ နှစ်ကာလ အတွင်း ပျော်ရွှင်ချမ်းမြေ့ လွန်းလှကာ ဇနီး၊ သားသမီး များကို အလွန်ချစ်မြတ်နိုး လှလေသည်။ ထိုအချိန်ကာလအတွင်း သူ့ဘဝသည် အပျော်ဆုံး၊ အအေးချမ်းဆုံး ဖြစ်ပြီး ထိုကာလတွင် သူ၏ အကျော်ကြားဆုံး စာအုပ် နှစ်အုပ်ဖြစ်သော စစ်နှင့်ငြိမ်းချမ်းရေး ( War and Peace ) နှင့် အန်နာကယ်ရန်နီနာ ( Anna Karenina ) တို့ကို ရေးသားထုတ်ဝေခဲ့သည်။

တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ( War and Peace )စာအုပ်အဖုံး

၁၉၇၈ တွင် တော်စတွိုင်း၏ ရင်သွေး နှစ်ဦး ကွယ်လွန် သွားကြရာ သူသည် အလွန် ဝမ်းနည်းမပျော်ရွှင်သော အထီးကျန်သော လူတစ်ဦး အဖြစ်သို့ ရောက်ခဲ့ လေသည်။ ရင်သွေးနှစ်ဦးအတွက် ဝမ်းနည်းပူဆွေးမှုများကို ပြေပျောက်နိုင်ရန် ဘာသာရေးကို လေ့လာလိုက်စားခဲ့လေသည်။ ဂရိအော်သိုဒေါ့ဇ် ( Greek Orthodox ) ဘုရားကျောင်း၏ အလွန်တက်ကြွသော နောက်လိုက် တစ်ဦး ဖြစ်ခဲ့လေသည်။ ထိုအခါတွင် အော်သိုဒေါ့ဇ် ၏သင်ပြမှုများတွင် ကတိမတည်မှုများ နှင့် မတရား မမျှတမှုများကို တွေ့ရလေသောအခါ သူ၏ ကိုယ်ပိုင် အတွေးအခေါ်ကို အော်သိုဒေါ့ဇ် ၏အတွေးအခေါ်နှင့် ပေါင်းစပ် ရောနှောကာ ကွန်ဖက်ရှင် (The Confession)ဆိုသည့် စာအုပ်ကို ရေးသားခဲ့လေသည်။ ထိုစာအုပ်တွင် သူ၏ ခိုင်မာသော ဘာသာရေး ယုံကြည်ချက် ကိုတွေ့ရသည်။ ထိုစာအုပ်တွင် ရိုးသားသော တောင်သူလယ်သမား တစ်ဦး၏ အမှန်တရားနှင့် မွန်မြတ်ခြင်းကိုဖော်ပြထားသည်။ တော်စတွိုင်းသည် အသက် ၅၂ နှစ်တွင် ကြွယ်ဝချမ်းသာမှုများကို စွန့်ကာ အလွန်ခြိုးခြံစွာ နေထိုင်လိုစိတ် ပြင်းပြလာပြီး အလွန်ကြွယ်ဝချမ်းသာ အောင်မြင် ကျော်ကြားသော သူ့ဘဝကို စွန့်ကာ လယ်မြေများတွင် အလုပ်သမားများနှင့် တန်းတူ နေထိုင် လုပ်ကိုင် စားသောက်လေသည်။တောင်သူလယ်သမားများကဲ့သို့ပင် ကြမ်းတမ်းသော အစာများကို စားပြီး မြေကြီးပေါ်တွင်ပင် အိပ်စက်လေသည်။

၁၈၈၁ တွင် သူပိုင်ဆိုင်သမျှ ကြွယ်ဝမှုများ အားလုံးကို သူ့မိသားစုကို လွှဲပြောင်းပေးခဲ့ပြီး ထိုအချိန်တွင်ပင် သူ၏ စာအုပ်အသစ်ဖြစ်သော ပြန်လည်ရှင် သန်ခြင်း (The Resurrection ) ကိုထုတ်ဝေခဲ့လေသည်။ ထိုစာအုပ်သည် ဘုရားကျောင်းတွင် သူတော်ကောင်း အယောင်ဆောင်ထားကြသော လူချမ်းသာများကို ပြင်းထန်စွာ ရှုတ်ချထားပြီး ထိုသူတို့တွင် မေတ္တာတရားကင်းမဲ့ပုံ ကိုဖော်ပြထားလေသည်။

၁၉၀၁ တွင် ဂရိအော်သိုဒေါ့ဇ် ဘုရားကျောင်းက တော်စတွိုင်းအား အပြစ်ပေးသည့်အနေဖြင့် ဘုရားကျောင်း အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်ကြောင့်ပင် လီယိုတော်စတွိုင်းအား ပို၍ အောင်မြင် ကျော်ကြားစေလေသည်။

တော်စတွိုင်းသည် စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကို ရေးသားခဲ့သော ရုရှားစာရေးဆရာကြီး ဖြစ်သည်။

ရုရှားစာပေသမိုင်းတွင် အထင်အရှားဆုံးဖြစ်သော စာရေးဆရာကြီး ကောင့်လီယိုနီကိုလားအေးဗစ်တော်စတွိုင်း (ရုရှအသံထွက်-လျက်နယိကပ်လာဗေစ်တာ့လစတွိုင်) သည် တူးလားနယ်ယာစနာယာပလျာနာ-ကျေးရွာတွင် ခရစ် ၁၈၂၈-ခုနှစ်၌ ပီတာဧကရာဇ် ဘုရင်လက်ထက်မှစ၍ ထင်ရှားသောမှူးမတ်မျိုးရိုးမှ မွေးဖွားခဲ့၏။ တော်စတွိုင်းသည် စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ သူဆင်းရဲဘဝ၌ နေထိုင်ကာ အဓိဋ္ဌာန်ပါရမီကို တည်ဆောက်သော ဝတ္ထုရေးဆရာ၊ စာမွန်ရေးဆရာ၊ ယထာဘူတပညာရှင်အဖြစ်ဖြင့် ကျော်စော၏။ မိဘများ ကွယ်လွန်သွားသဖြင့် တဆယ့်တစ်နှစ်သားအရွယ်ခန့်တွင် အကိုများနှင့်အတူ ကဇန်းမြို့တွင် ပညာသင်သည်။ ၁၈၄၄-ခုနှစ်တွင် ကဇန်းမြို့တက္ကသိုလ်၌ အထက်တန်းပညာရပ်များကို ဆက်လက်သင်ယူသည်။

၁၈၄၇-ခုနှစ်တွင် တက္ကသိုလ်မှ ထွက်သောအခါ တော်စတွိုင်းသည် ကောင်းစွာကျန်းမာခြင်းမရှိဘဲ မိမိရွာသို့ ပြန်လာရလေသည်။ ထိုအခါ မိမိပိုင် လယ်ယာ‌ချောင်း‌မြောင်း၌ လုပ်ကိုင်‌နေ ကြ‌သော သီးစားတို့သည် ဆင်းရဲလွန်းလှ၍ မ‌ကျေမနပ်ဖြစ်ကာ ‌တော်လှန်ဖီဆန်ကြသည်။ ‌တော်စတွိုင်သည် ယင်းမ‌ကျေနပ်မှုတို့ ပ‌ပျောက်‌အောင်ကြိုးစား‌သော်လည်း ‌တောင်သူလယ်သမား၏ ဘဝကို လက်‌တွေ့နားမလည်ဘဲ စိတ်ကူးသာလျှင် ယဉ်ခဲ့သဖြင့် မ‌အောင်မြင်ခဲ့‌ချေ။ ထိုအခါ စိတ်အပျက်ကြီးပျက်ကာ ဖဲနှင့် အရက်တို့၌သာ ‌မွေ့‌လျော်ခဲ့‌လေသည်။

၁၈၅၁-ခုနှစ်တွင် တော်စတွိုင်းသည် ကော့ကဆပ်နယ်ရှိ ရုရှတပ်မတော်၌ အမှုထမ်းရင်း ထိုနယ်ရှိ ကျေးရွာ၏ အရိပ်အာဝါသ၌ ပျော်မွေ့ကာ ‘က‌လေးဘဝ’၊ ‘လူငယ်ဘဝ’ ‘ယုဝ’ ဟူ‌သော စာအုပ်များကို ‌ရေးသားထုတ်‌ဝေခဲ့‌လေသည်။ ထိုစာအုပ်တို့တွင် လူငယ်တို့အား ပညာပေးရေးသည် ပတ်ဝန်းကျင်သဘာဝနှင့် ယှဉ်၍ ပေးအပ်၏ဟူသော အယူအဆတို့ကို တင်ပြခဲ့သည်။ ထိုအယူအဆတို့မှာ ငယ်စဉ်က ကဇန်း တက္ကသိုလ်တွင် ပညာသင်စဉ် ပြင်သစ်ကထိကဆရာများက သင်ကြားပို့ချ‌သော ရူးဆိုး၏စာတို့တွင် ပါရှိသည် ဩဝါဒတို့မှ ‌ပေါက်ဖွားလာသည်ဟု ယူဆရန်ရှိ‌လေသည်။

တော်စတွိုင်းသည် ထိုစဉ်က ကရိုင်းမီးယားနယ်စစ်ပွဲတွင် ဆီဗတ်စတိုပိုမြို့ကို သိမ်းပိုက်ရာ၌ ပါဝင်ခဲ့၏။ ထိုစစ်ပွဲမှရသော ဗဟုသုတတို့ကို ဆီဗတ်စကိုပိုမြို့မှ ပုံပြင်များ စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။ ဆီဗတ်စတိုပိုမြို့မှ ယခုအခါ လီနင်ဂရက်ဟုတွင် ‌သော စိန့်ပီတာစဗတ်မြို့သို့ ‌ရောက်လာခဲ့သည်တွင် စစ်ဖြစ် ခြင်း၌ များစွာ ငြီး‌ငွေ့ရွံ့ရှာလာခဲ့‌လေသည်။ ၁၈၅၇-နှင့် ၁၈၆၁-ခုနှစ်အကြားတွင် ဥရောပရှိ ဂျာမနီ၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံတို့တွင်ရှိသော အလုပ်သမားအခြေအနေတို့ကို လေ့လာခဲ့သည်။ ဥ‌ရောပမှ ပြန်လာရာတွင် ရုရှနိုင်ငံရှိ အလုပ်သမားအ‌ခြေအ‌နေ ချွတ်‌ချော်တိမ်းပါးလျက်ရှိသည်ကို မြင်ပြီးလျှင် မိမိကိုယ်တိုင် မြေယာကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးလိုက်ခြင်းအားဖြင့် မိမိ၏ သီးစားခတို့ကို သက်သာခွင့်ရစေသည်။

သူပိုင်ဆိုင်သော မြေယာရှိရာဒေသတွင် မြေယာကိစ္စ ဖြန်ဖြေရေးခုံရုံး၌ တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ထိုအတွင်း၌ သူစိတ်တိုင်းကျ ကျောင်းထောင်သည်။ လူငယ်တို့ကို ဂီတနှင့်ပန်းချီပညာ သင်ကြားပေးသည်။ ထို‌ကျောင်း ၌ ကျပ်တည်း ကျဉ်း‌မြောင်း‌သော စည်းကမ်းစံနစ်တို့ မရှိ‌စေရ ‌ချေ။ အစိုးရနှင့် မသင့်မြတ်၍ ကျောင်းကို ပိတ်လိုက်ရပြီးနောက် လယ်ထွန်ခြင်း၊ စာရေးခြင်းတို့ဖြင်သာ မွေ့လျော်နေခဲ့သည်။ ဤအချိန်တွင် တော်စတွိုင်းသည် စစ်ဖက်ဌာနနှင့် မြို့ပြအုပ်ချုပ်ရေးဌာနတို့၏ ဖိနှိပ်ခြင်းတို့ကို ဝတ္ထုစာအုပ်နှစ်အုပ်၌ သရုပ်ဖော်ကာ ရေးသားခဲ့လေသည်။ ထို့နောက်၌ကား ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသည့် စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုရှည်ကြီးကို၄င်း၊ အန်နာ ကရနီနား-ဝတ္ထုကို၄င်း ရေးသားလေသည်။

စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုတွင် ရုရှနိုင်ငံကို ပြင်သစ်ဘုရင် နပိုလီယန်က ကျူးကျော်တိုက်ခိုက်သည့် ခေတ်နှင့်ယှဉ်၍ ရုရှအမျိုးသားအိမ်ထောင်စုနှစ်ခုတို့ ဘဝအခြေအနေကို လူ့သမိုင်းတရပ်အနေဖြင့် တင်ပြသွားရာ အဖွဲ့အနွဲ့နှင့်တကွ သရုပ်ဖော်ခြင်း၌ များစွာကောင်းမွန်၍ စာဖတ်သူတို့မှာ ထိုခေတ်က ကြုံတွေ့ရသော လူ့လောက၏ ဒုက္ခသုခတို့ကို မိမိတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည်ဟုပင် ထင်မှတ်ရပေသည်။ ဤအကြောင်းကြောင့်လည်း ယင်းဝတ္ထုမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။ ယင်းဝတ္ထုနှင့် မတိမ်းမယိမ်း ကျော်ကြားသေား-အန်နာ ကရနီနား-ဝတ္ထုမှာ ရုရှနိုင်ငံတွင် ၁၈၇၆-ခုနှစ်တဝိုက်က ကြုံတွေ့ရသော စိန့်ပီတာစဗတ်မြို့နေ လူတန်းစားဘဝနှင့် တောနေလူတန်းစားဘဝတို့ကို သရုပ်ဖော်သော ဝတ္ထုဖြစ်သည်။ တော်စတွိုင်းသည် ထိုစဉ်က လယ်ယာလုပ်ငန်း၌ အကျိုးဖြစ်ထွန်းရုံသာမက စာရေးခြင်း၌လည်း ဝင်ငွေကောင်းခဲ့သည်။ သို့ဖြစ်၍ တော်စတွိုင်းသည် စည်းစိမ်ချမ်းသာနှင့် ကောင်းစွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ခဲ့၏။ သို့ရာတွင် ၁၈၈၀-ပြည့်နှစ် အသက် ၅၂-နှစ်တွင် ယင်းကဲ့သို့ စည်းစိမ်ချမ်းသာတို့၌ မွေ့လျော်ပျော်ပါးခြင်းအမှုကို စက်ဆုပ်လာသောကြောင့် သာမန်ဆင်းရဲသား အလုပ်သမားကဲ့သို့ ‌နေထိုင်ပြီးလျှင် အသားစားခြင်း၊ ‌ဆေးလိပ်‌သောက်ခြင်းတို့ကို ပင် ‌ရှောင်ကြဉ်လိုက်‌လေသည်။ ၁၈၈၈ ခုနှစ်၌ကား မိမိသည် စည်းစိမ်ဥစ္စာ ဟူသမျှတို့ကို စွန့်လွှတ်၍ ဆင်းရဲသူဆင်းရဲသား တို့အား လှူဒါန်း‌တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် သားမယားတို့ နှင့်တိုင်ပင်ရာ သူ၏ အိမ်‌ထောင်သား အားလုံးက ဥစ္စာပစ္စည်း တို့ကို သူ၏ဇနီးသို့ လွှဲ‌ပြောင်း‌ပေးပါရန် များစွာ‌တောင်းပန် ‌ပြောဆိုခဲ့ရသည်။ သို့နှင့်ပင် ‌တော်စတွိုင်သည် မိမိကိုယ်တိုင် ပစ္စည်းတပြားတချပ်မျှ မယူဘဲ ဇနီးသို့ပေးအပ်ပြီးလျှင် လယ်ယာထွန်ခြင်း၊ ဖိနပ်ချုပ်ခြင်းစသော ကိစ္စတို့၌ သာမန်တောင်သူလယ်သမား တို့နှင့်အတူ လုပ်ကိုင်စားသောက်လေသည်။

စာရေးခြင်းမှ ဝင်ငွေကိုပင် မယူသည့်အပြင် သူရေးသောစာအုပ်များမှ ရအပ်သည့် မူပိုင်အခွင့်အရေးတို့ကို ပင်လျှင် စွန့်လွှတ်ခဲ့လေသည်။ ဤအ​ခြေအနေတွင် တော်စတွိုင်းသည် သခရုဇာဆိုနာတာ-ဝတ္ထုကို ၁၈၈၉-ခုနှစ်၌ ရေးသားလေသည်။ ယင်းဝတ္ထုတွင် အချို့သောခရစ်ယာန်နှင့် အရှေ့တိုင်းရှိ အခြားအယူဝါဒီတို့က ဆိုဆုံးမသော ဗြဟ္မစရိယကျင့်စဉ်ကို အထူးအလေးဂရုပြု၍ အိမ်ထောင်သားမွေးခြင်းဟူသော လောကီသားတို့၏ ဓလေ့ကို လုံးဝပယ်သင့်ကြောင်းကို ဖော်ပြလေသည်။

ဤသို့ သူချမှတ်ခဲ့‌သော ကျင့်စဉ်ကို ရုရှနိုင်ငံနှင့် ကမ္ဘာ‌ပေါ်ရှိ အခြားနိုင်ငံတို့က နှစ်‌ပေါင်းများစွာ ‌ဝေဖန်‌ဆွေး‌နွေးခဲ့ကြ‌ပေသည်။ ‌နောင်အခါ‌သော ‌တော်စတွိုင်သည် သူ၏အယူဝါဒများကို ပျံ့နှံ့‌စေရန် စာအုပ် များကို ‌ရေးသားထုတ်‌ဝေခဲ့သည်။ သူ၏ ဝါဒတစ်ရပ်မှာ ‌လောကီသားတို့ တစ်ဦးနှင့်တစ်ဦး ‌မေတ္တာထား၍ နားလည်မှုရှိကြပါမှ လူမှု‌ရေးရာ ပြဿနာများသည်‌ ကောင်းစွာ ပြေလည်လိမ့်မည် ဟူ၍ ဖြစ်သည်။ မြန်မာအယူ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထား ရသည်ဟူ‌သော သ‌ဘောမျိုး ဖြစ်‌လေသည်။

သို့‌သော် သူ၏အခြား‌သောအယူဝါဒနှင့် ကျင့်စဉ်တို့မှာ ထို ‌ခေတ်၏ဉာဏ်အမြင်၌ များစွာပြင်းထန်၍ ကျပ်တည်းလှ‌ချေရကား ၁၉၀၁ ခုနှစ်တွင် ‌ရှေးရိုးဂရိတို့၏ ခရစ်ယန်ဂိုဏ်းတို့က ‌တော်စတွိုင်ကို သာသနာ‌ရေးအရ ကြဉ်‌လေသည်။ ၁၉၁၀ ပြည့် နှစ်၌ ‌တော်စတွိုင်သည် မိမိ၏ဇနီးအိမ်မှ ‌ခြေဦးတည့်ရာသို့ သွားမည်ဟု ထွက်ခွာလာရာ အက်စတာပိုဗိုဟူ‌သော မီးရထား ဘူတာရုံ အ‌ရောက်တွင် အားပြတ်၍‌သေဆုံး‌လေသည်။ လီယိုတော်စတွိုင်းသည် ခြိုးခြံသော သူဆင်းရဲ ကဲ့သို့သော ဘဝဖြင့်ပင် ၁၉၁ဝ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်အအေးမိသော နမိုးနီးယားရောဂါ ( pneumonia ) ဖြင့်ကွယ်လွန်ခဲ့လေသည်။ သူ၏ ဈာပန၌ ခရစ်ယန်ထုံးစံအရ ဖုတ်ကြဉ်းသင်္ဂြိုဟ်ခြင်းကို မပြုရ ‌လေ။ သို့‌သော် ‌တော်စတွိုင်သည် ကမ္ဘာ‌ကျော် ရုရှ စာ‌ရေးဆရာကြီးအဖြစ်နှင့် ယ‌နေ့တိုင် ‌နှောင်းလူတို့၏ အ‌လေး ပြုခြင်းကို ခံယူလျက်ရှိ‌လေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
  2. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊( မင်္ဂလာမောင်မယ် ၂၀၀၈-ခု စက်တင်ဘာလ)