လီမာမြို့

ဝီကီပီးဒီးယား မှ

လီမာမြို့[ပြင်ဆင်ရန်]

လီမာမြို့သည် တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံ၏ မြို့တော်ဖြစ်သည်။ လီမာမြို့သည် ရီမက်မြစ်ပေါ်တွင် တည်ရှိ၍ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ကယားအိုမြို့မှ ခုနစ်မိုင်ကွာဝေးပြီးလျှင် ယင်း နှင့် မီးရထားလမ်းဖြင့် ဆက်သွယ်လျက်ရှိသည်။ ရီမက်မြစ်ပေါ်တွင် တည်ရှိ သောကြောင့် ရီမက်ဟုခေါ်ရာမှ နောင်ကာလရွေ့ လျောလာသောအခါ လီမာဟူ၍ ပြောင်းလဲလာသည်။ လီမာမြို့သည် ပင်လယ်ပြင်အထက် ပေ ၅ဝဝ ခန့်အမြင့်၌ ကျယ်ပြန့်သောချိုင့်ဝှမ်း တွင်တည်ရှိသည်။ မြို့တစ်ဝိုက်တွင် တစ်နှစ်ပတ်လုံး မိုးရွာသွန်းခြင်း မရှိသလောက်ပင်ဖြစ်၏။ သို့ရာတွင် ပင်လယ်ဘက်မှ ရေခိုးရေငွေ့များကြောင့် ၎င်း၊ နှင်းကြောင့်၎င်း လေသည် စွတ်စိုလျက်ရှိသည်။ ဇွန်လမှ စက်တင်ဘာလထိ ကောင်းကင်ပြင်သည် နှင်းမှောင်ကြီးများဖြင့် လွှမ်းနေတတ်သော်လည်းအခြားအချိန် များတွင် နေပျော်ထိုင်ပျော်ရှိပေသည်။

လီမာမြို့တွင် မကြာခဏမြေငလျင်လှုပ်တတ်သည်။ သို့ဖြစ်၍ လီမာမြို့သူမြို့သားတို့သည် လုံခြုံမှုရရှိရန် နေလှန်းအခြောက်ခံထား သော ရွှံ့စေး၊ မြေစေးအုတ်ဖြင့် ဆောက်လုပ်သော နေအိမ်များတွင် နေသည်။ နံရံ များမှာ လေးငါးပေမျှထူသည်။ မြေငလျင်မှ စိတ်ချ ရသော်လည်း လေပြင်းမုန်တိုင်းကျ၍ မိုးလေထန်လျှင် ထိုအိမ်များ သည် ရွှံ့ပုံအဖြစ်သို့ သက်ရောက်တတ်သည်။ သို့သော် မိုးပါးရှား ပေသည်။ နေအိမ်ပုံစံရော မြို့ အကွက်ချပုံပါ စပိန်ဗိသုကာလက်ရာမကင်းပေ။ မြို့ခင်းမှာ စတုဂံ ပုံသဏ္ဌာန်ဖြစ်၍ ပလာဇာခေါ် လေးထောင့်ကွက်လပ် အများအပြားရှိ၏။ အထင်ရှားဆုံးမှာ ပလာဇာဒါအာမတ် (ဝါ) ပလာဇာမေယာဖြစ်၍ ကူးသန်း ရောင်းဝယ်ရာ ဗဟိုဌာနဖြစ်သည်။ လီမာမြို့တွင် ကျယ်ပြန့်သော လမ်းများ၊ ရိပ်သာများရှိသည်။ ရီနေဆွန်း ခေါ် ဉာဏ်သစ် အရေးပုံခေတ်က ပုံစံဖြင့် ဆောက်လုပ်ထားသော ကသီးရယ် ဘုရားရှိခိုးကျောင်းအပြင် များစွာသောဘုရားရှိခိုးကျောင်းများရှိသည်။ ခရစ် ၁၅၅၁ ခုနှစ်ကတည်းက တည်ခဲ့၍ အမေရိကတိုက်တွင် ရှေးအကျဆုံးဖြစ်သော ဆန်မာကတ်တက္ကသိုလ်သည်လီမာမြို့၌ တည်ရှိသည်၊ နန်းတော်ဟောင်းအပြင် မြို့တော်ခန်းမ၊ ငွေသွန်းရုံ၊ လွှတ်တော် အစရှိသည့် အဆောက်အအုံတို့မှာလည်း ထင်ရှားသော အဆောက်အအုံများဖြစ်သည်။ လီမာမြို့တွင် လျှပ်စစ်ဓာတ်မီးများ၊ ထူးခြား ကောင်းမွန်သည့် ရေပေးစနစ်၊ မိလ္လာစနစ်စသည်တို့ကြောင့် တဖြည်းဖြည်း ခေတ်မီနေသော မြို့တစ်မြို့ဖြစ်နေပေပြီ။ လီမာမြို့တွင် လူဦးရေ ၁၈၃၃၇ဝဝ (၁၉၆၆ ခုနှစ်) ယောက်ခန့်ရှိသည်။

လီမာမြို့တွင် အဓိကလုပ်ငန်းများမှာ သိုးမွေးထည်နှင့် ချည်ထည် လုပ်ငန်း၊သကြား၊ကိုကိန်း (ကိုကင်း)၊ အိုးခွက်၊ ငွေထည်၊ဆိုးဆေး၊ အိမ်ထောင်ပရိဘောဂ၊ စကျင်ကျောက်လုပ်ငန်း စသည်တို့ဖြစ်၏။ လီမာမြို့ကို ခရစ် ၁၅၃၅ ခုနှစ်တွင် ဖရန်စစ္စကို ပီဇာရိုက တည်ထောင်အကွက်ချခဲ့သည်။ ဤသို့ဖြင့် စပိန်ပိုင် ပီးရူးနိုင်ငံ၏ မြို့တော် ဖြစ်လာသည်။ စပိန်တို့လက်မှ လွတ်မြောက်သောအခါ တွင်လည်း ပီးရူး သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ဆက်လက်တည ်ရှိသည်။ ၁၇၄၆ ခုနှစ်ကဖြစ်ပွားသောမြေငလျင်ဒဏ်မှတဖြည်းဖြည်း နာလန်ထူလာနိုင်ခဲ့ပြီးလျှင်တဖြည်းဖြည်း ခေတ်မီတိုးတက်လာပေပြီ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)