လီပို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လီပို(ခရစ် ၇ဝ၁ - ၇၆၂)[ပြင်​ဆင်​ရန်​]

လီပိုသည် တရုတ်စာပေ လောကတွင် ထင်ရှားသော ကဗျာဆရာကြီးဖြစ်သည်။ သူ့အား လီတိုင်ပိုဟု လည်း ခေါ်ကြသည်။ တန်မင်းဆက်အလယ်ခေတ်တွင် နိုင်ငံတွင်း သာယာတိုးတက်မှုများကို အားပေးချီးမြေ|က်မှုများကြောင့် ထင်ရှားသော မင်းဝှမ် ဘုရင်လက်ထက် ဘုရင့်လက်ရုံးတော် စာဆိုတော်ကြီးတစ်ဦးဖြစ်သည်။

မြန်မာဘုရင် ဘိုးတော်မင်းတရားလက်ထက် ဦးပေါ်ဦးအား အလိုလိုက်ကာ သက်တော်ရှည်အမတ်ကြီးခန့်၍ ဖျော်ဖြေစေသကဲ့သို့ လီပိုသည်လည်း မင်း ဝှမ်ဘုရင်အား ပျော်တော်ဆက်ရသည့် စာဆိုကြီးဖြစ်သည်။ လီပိုသည် ခရစ် ၇ဝ၁ ခုနှစ်တွင် ဖွားမြင်သည်။ မည်သည့် မြို့တွင် ဖွားမြင်သည်ကိုမူ အတိအကျမသိရချေ။ လီပို၏ ဘိုးဘွားအဆက် အနွယ်သည် တန်မင်းများမှ ဆင်းသက်ဆက်နွယ်ရာ လီကာအိုဆိုသူမှပင် ဆင်းသတ်သည်ဟုဆိုသည်။ လီပိုကိုယ်တိုင်ကပင် တန်မင်းညီမင်းသားများ အား ညီအစ်ကိုဝမ်းကွဲများဟု ဖော်ပြလေ့ရှိသည်။ သို့ရာတွင် အချို့ကလည်း ဤအချက်သည် မခိုင်လုံကြောင်းဖြင့်ဆိုကြသည်။ လီပိုသည် ဖခင်ဘက်မှ အမျိုးများနှင့် ပို၍လက်ပွန်းတတီးနေပုံရသည်။ ထိုအမျိုးများကပင် သူ့အား ထောက်ပံ့ခဲ့ကြသည်ဟုဆိုသည်။ လီပို၏ အမျိုးထဲတွင် လီချန်ဖူဆိုသော ဗုဒ္ဓအယူဝါဒီ ဘုန်းတော်ကြီးမှအပ ကျန်ပုဂ္ဂိုလ်တို့သည် အစိုးရအရာရှိကြီး များချည်းလိုလိုဖြစ်သည်။

အသက် ငါးနှစ်အရွယ်မှစ၍ လီပိုသည် ဆီချန်နယ်မြို့တော် ချင်တူမြို့နှင့်မိုင် ၁ဝဝ ကွာ ချန်မင်းမြို့၌ ကြီးပြင်းလာခဲ့သည်။ ငယ်စဉ် ကပင် ဖခင်ဖြစ်သူက ကဗျာများကို လေ့လာစေခဲ့သဖြင့် လီပိုသည် ကဗျာ တွင်အထူးပင် စိတ်ဝင်စားခဲ့၍ ၁၅ နှစ်အရွယ်က ရေးခဲ့သော မင်တန် ကဗျာသည် ယခုတွေ့ရှိသမျှသော သူ၏ကဗျာများတွင် အစောဆုံးကဗျာ ဖြစ်သည်။ အသက် ၁၉ နှစ်အရွယ်တွင် လီပိုရေးသားထားသော ကဗျာ များကို နန်းရင်ဝန်ကြီး ဆူတင်းတွေ့ရှိသောအခါ တစ်နေ့တွင် ထင်ရှားသော ကဗျာဆရာကြီးဖြစ်မည့် အလားအလာရှိသူဟုပင် ချီးကျူးခြင်းခံရသည်ဟု ဆိုသည်။ လီပိုအသက် ၂၄ နှစ်တွင် ရေးသားသော စာကြောင်း ၁၄ ကြောင်းရှိ ကဗျာတစ်ပုဒ်မှာ အစပ်အဆိုနက်နဲ၍ အဓိပ္ပာယ်နှစ်မျိုးထွက်သော ကဗျာဖြစ်သဖြင့် ကျော်ကြားသည်။ နန်းညွှန့်နန်းလျာ မဖွားနိုင်သော ဧကရီ မိဖုရားဝမ်အား မိဖုရားငယ်များ အကောက်ကြံမှုကြောင့် ဘုရင်က နန်းချ သည်ကို မကျေနပ်သဖြင့် သွယ်ဝိုက်သောနည်းဖြင့် ရေးသားစပ်ဆိုသော ကဗျာဖြစ်သည်။ ထို့နောက်လီပိုသည် ယန်ဆီမြစ်တောင်ဘက်ရှိ တရုတ်ပြည် အရှေ့ပိုင်းတွင် လှည့်လည်သွားလာရင်း ကဗျာများရေးသားသည်။ ယင်းသို့ လှည့်လည်သွားလာရင်း အလွန်ထင်ရှားသော တားအို ဘုန်းတော်ကြီး ဆူမာ ချင်ချင် (ခရစ် ၆၅၅-၇၃၅)နှင့်တွေ့သည်။ ဤတွင် သူ၏ ကျော်ကြားလှ သော ရော့ငှက်ကြီးနှင့် တွေ့ရခဲသော ငှက်တို့တွေ့ခန်း ကဗျာကြီး ထွက်ပေါ် လာသည်။ ရော့ငှက်ပုံပြင်ကား တားအိုကျမ်းစာအုပ် ပထမခန်းတွင် ပါရှိ သော ပုံပြင်ဖြစ်သည်။ ၇၂၆ ခုနှစ်တွင် လီပိုသည် အမတ်ချုပ်ဟောင်းဆူယူရှီ၏ မြေးနှင့် လက်ထပ်သည်။ အိမ်ထောင်ကျပြီးနောက် လီပိုသည် သူရေးစပ်သော ကဗျာ နှင့်အတူ အလုပ်လျှောက်လွှာများကို ရေးသား၍ အစိုးရ အရာရှိများထံပို့ သော်လည်း မည်သည့်အလုပ်မျှမရချေ။ ယင်းသို့ဖြင့် လီပိုသည် တစ်မြို့ ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ကာ ဝါသနာထုံလှသော ကဗျာများကို ရေးစပ် ခဲ့သည်။ ၇၃၈ ခုနှစ်တွင် ယန်ချောင်မြို့သို့ ရောက်သောအခါ ထိုမြို့အနီးရှိ ကောက်နှံစပါး သယ်ယူပို့ဆောင်ရေး၌ အသုံးဝင်သော တူးမြောင်းအကြောင်း ကဗျာစပ်သည်။ ၇၄၂ ခုနှစ်တွင် ဧကရာဇ်ဘုရင်ကိုယ်တိုင် တက်ခဲ့သော တရုတ်ပြည်အရှေ့ပိုင်းရှိ အမြင့်ဆုံးတိုင် ရှန်တောင်ထိပ်သို့ ရောက်ခဲ့သည့် အကြောင်း ဖော်ပြပါရှိသော တာအိုတေချင်အမည်ရှိ ကဗျာတစ်ပုဒ်ကို ပိုးသားစာလိပ်တွင် စီကုံးရေးသားခဲ့သည်။

ထိုအချိန်လောက်တွင်ပင် မိတ်ဆွေတစ်ဦးဖြစ်သူ တားအိုအယူဝါဒီ စာရေးဆရာ ဝူယွန်းမှတစ်ဆင့် ဧကရာဇ်ဘုရင် နှမတော် တားအိုသီလရှင် ယူချင်မင်းသမီး၏ ဆက်သွယ်ပေးမှုကြောင့် ဧကရာဇ်ဘုရင်က လီပို အကြောင်း ကြားသိသွားလေသည်။ ထို့ကြောင့် လီပိုသည် ရာထူးတစ်စုုံ တစ်ရာ လက်ကိုင်မရှိသော်လည်း ဟန်လင်း ပညာ့တံခွန်အသင်းဝင် စာဆို ကျော်ကြီးများနှင့် ယှဉ်တွဲကာ နန်းတွင်းပွဲသဘင်များ၌ ပျော်တော်ဆက်ခဲ့ရ သည်။ နန်းတွင်းပညာရှိများနှင့် အဆင့်အတန်းတူ အသိအမှတ်ပြုခံရသည်။ ချန်အန်မြို့တော်၌နေစဉ် လီပိုရေးသားခဲ့သော ကဗျာများအနက် အထင်ရှား ဆုံးကား 'လရောင်အောက်တွင် တစ်ကိုယ်တည်း သောက်စားစဉ်' အမည်ရှိ ကဗျာဖြစ်သည်။

လီပိုသည် မကြာမီပင် ဧကရာဇ်ဘုရင်၏ သမက်တော် စာပေဆိုင် ရာအကြံပေးအရာရှိ ချန်ချီ၏ မလိုမုန်းထား အငြိုးပွားမှုကြောင့် ပြည်သူ့ ဝန်ထမ်း ရာထူးကြီးတစ်ခု ရမည့်ဆဲဆဲ အပယ်ခံရသည်။ ထို့ကြောင့် ချန်အန်မြို့မှ ၇၄၄ ခုနှစ်တွင် ထွက်ခွာခဲ့သည်။ ယင်းသို့ ထွက်ခဲ့ပြီးနောက် ရေးစပ်ခဲ့သော ကဗျာတစ်ပုဒ်အရ လီပိုသည် နန်းတွင်းလျှို့ဝှက်ချက်များကို ပေါက်ကြားတတ်သူအဖြစ် စွပ်စွဲခံရကာ ရာထူးရခါနီးမှ အပယ်ခံရကြောင်း သိရလေသည်။

ချန်အန်မြို့မှ ထွက်ခွာခဲ့ပြီးနောက် ယခု ပီကင်းမြို့တည်ရာ ဖန်ယန်းမြို့တွင် လာရောက်နေထိုင်၍ နောက် ၁၁ နှစ်အကြာတွင် ပေါ် ပေါက်မည့် တော်လှန်ရေးခေါင်းဆောင် အန်လူရှန်ထံတွင် အရပ်သားအရာရှိ အဖြစ် ခေတ္တဝင်ရောက်ထမ်းရွက်သည်။ ၇၄၅ ခုနှစ် တွင် လီပိုသည် ဟိုနန်မြို့သို့ ပြန်ရောက်လာကာ နောင်ကဗျာဆရာကျော်ဖြစ်မည့် တူဖူ (ခရစ် ၇၁၂ - ၇၇ဝ) နှင့် သိကျွမ်းခဲ့သည်။ တူဖူ၏ ကဗျာ ၁၄ ပုဒ်တွင် လီပို အကြောင်း ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

ပထမဇနီးနှင့် လီပိုသည် သားတစ်ယောက် သမီးတစ်ယောက် ရရှိပြီးနောက် ဇနီးဖြစ်သူ ကွယ်လွန်သဖြင့် ဒုတိယဇနီး မစ္စလျူနှင့် လက် ဆက်သည်။ မကြာမီ နှစ်ဦးသဘောတူ ကွာရှင်းပြီးနောက် တတိယဇနီးနှင့် လက်ဆက်ရာ သူ၏ ကဗျာများတွင် ဖော်ပြလေ့ရှိသော လီပိုင်ချင်းဆိုသူသား တစ်ယောက်ရသည်။ တတိယဇနီးနှင့် ကွဲသည်၊ သေသည်ဟု မသိရသော် လည်း ၇၅၆ ခုနှစ်တွင် အမတ်ချုပ်ကြီးဆွန်ချူကို၏ အဆက်အနွယ်ဖြစ်သော မစ္စဆွန်နှင့် လက်ထပ်ကြောင်းသိရသည်။

၇၄၅ ခုနှစ်မှ ၇၅၃ ခုနှစ်အတွင်းတွင် လီပိုသည် ဟိုနန်နယ် အရှေ့မြောက်ဒေသတွင် သွားလာနေထိုင်ရင်း ကဗျာပေါင်း ၂ဝ ကျော် ၃ဝ ခန့် စပ်ဆိုခဲ့သည်။ ထိုကာလအတွင်း စပ်ဆိုခဲ့သော ကဗျာများကြောင့် လီပိုသည် ပိုမိုနာမည်ထွက်ခဲ့သည်။ 'ခံကတုပ်တောင်ဘက်မှ တိုက်ခိုက်ခြင်း'၊ 'ခွဲခွာခြင်း'၊ 'ခရီးသွားခြင်း၏ ခက်ခဲမှုများ'၊ 'ဆီချွန်လမ်း' စသော လီပို၏ နာမည်ကျော်ကဗျာကြီးများမှာ ယင်းကာလအတွင်းစပ်ဆိုသော ကဗျာများဖြစ် ကြသည်။

လီပိုသည် ကဗျာများကိုသာမက ဗုဒ္ဓအယူဝါဒီ ကျောင်းတော်ကြီး များ၌ ကမ္ပည်းစာတမ်း ရေးထိုးပေးခြင်းကိုလည်း ပြုလုပ်သည်။ သူ၏ လက်ရာများမှာ ၈၄၅ ခုနှစ်က အဖျက်ဆီးခံရသော ကျောင်းတော်ကြီးများ နှင့်အတူ ပျောက်ပျက်ကုန်ခဲ့သဖြင့် အနည်းငယ်ခန့်သာ တွေ့ရတော့သည်။ ခေါင်းလောင်တော်လှူ ကဗျာ၊ ပျံလွန်တော်မူသော ဘုန်းတော်ကြီးအတွက် ငိုချင်း၊ အမိတဘာ ရုပ်ပွားတော်အတွက် ကမ္ပည်းစာတမ်း အမျိုးမျိုးဖြစ် သည်။ ၇၃ဝ ပြည့်နှစ်က ရေးသားခဲ့သော စာကြောင်း ၁၂ ခုခန့်သာရှိသည့် လက်ထောက်အတွင်းဝန် ရှု-ဝီအီနှင့် တွေ့ပုံအကြောင်း ခေါင်းစည်းရှည် ကဗျာတွင် ဗုဒ္ဓကျမ်းစာများမှ ဖော်ပြချက်များစွာ ပါရှိသည်ကိုထောက်၍ လီပိုသည် တားအိုအယူကို ယူသူဖြစ်သော်လည်း ငယ်စဉ်က ဗုဒ္ဓအယူဝါဒကို အတော်အတန် လေ့လာခဲ့ဖူးသည်ဟု ယူဆဖွယ်ရှိသည်။

လီပိုသည် ချန်အန်မြို့၌နေစဉ် ၇၄၄ ခုနှစ်ကပင် အဂ္ဂိရတ် ပညာကျော် ဆွန်တိုင်ချုံနှင့် သိကျွမ်းခဲ့သည်မှစ၍ အဂ္ဂိရတ်ပညာအကြောင်း ကို အတန်ပင် နားလည်ခဲ့သည်။ ထို့ကြောင့်လည်း လိပိုသည် တရုတ်စာ ဆိုများအနက် ကဗျာတွင် အဂ္ဂိရတ်စာပေကို ထည့်သွင်းရေးသားသော ပထမ ဆုံးစာဆိုအဖြစ် ကျော်ကြားခဲ့သည်။ ၇၅၄ ခုနှစ်မှ ၇၅၆ ခုနှစ်အတွင်း လီပို သည် ယန်ဆီမြစ်ပေါ်ရှိ ချီချောင်မြို့တွင် အနေများသည်။ ထိုအရပ်တွင် နေစဉ် ရေးသားသော 'ချီယူပုသီချင်းများ' သည် လီပို၏ ထင်ရှားသော လက်ရာဖြစ်သည်။

တရုတ်ပြည်တွင် အန်လူရှန် တော်လှန်ရေးဖြစ်ပွား၍ ချန်အန် မြို့တော် ကျလုနီးနီး ၇၅၆ ခုနှစ်တွင် ဧကရာဇ်ဘုရင်၏ ၁၆ ယောက် မြောက်သားတော် လင်မင်းသားသည် ခမည်းတော်က ထီးနန်းလွှဲ၍ နန်း တက်ရသော တတိယသားတော် ဆူဆွန်း ဘုရင်၏ အမိန့်ကိုမနာခံဘဲ ယန်ဆီမြစ်ဝကျွန်းပေါ်ဒေသ၌ သီးခြားနိုင်ငံတည်ထောင်ရန် သဘေ‡ာနှင့် စုန်ဆင်းလေသည်။ ယင်းသို့အဆင်း လီပိုအား သူနှင့်အတူလိုက်၍ ဘုရင့် စာဆိုတော်အဖြစ် ပျော်တော်ဆက်ရန် သဘေ‡ာဖြင့် ခေါ်ခဲ့သည်။ လီပိုသည် အာဏာကိုရွံ့၍ လိုက်ခဲ့ရသော်လည်း စိတ်ကမပါချေ။ ၇၅၇ ခုနှစ်တွင် လင်မင်းသား အသတ်ခံရသောအခါ လီပိုလည် သစ္စာဖောက်အဖြစ် အဖမ်း ခံရသည်။ ထောင်ထဲ၌ လီပိုသည် စာပေကိုလေ့လာခွင့်၊ ကဗျာစပ်ဆိုခွင့် ရရှိသည်။ လီပို ထောင်မှလွတ်မြောက်ရေးအတွက် ဇနီးသည်ကလည်းကြိုး စား၍ လီပိုကိုယ်တိုင်ကလည်း အမတ်ချုပ်ကြီးထံ စောင်းပါးရိပ်ခြည် ကဗျာ များ ရေးသားတင်ဆက်သည်။

ပြစ်မှုများကို လေ့လာ၍ အမိန့်ချမှတ်ရသော ဆွန်ဂျိုဆုဆိုသူ လက်ထောက်ညွှန်ကြားရေးဝန်က လီပို၏အမှုကို လေ့လာစစ်ဆေးပြီးနောက် အပြစ်ဒဏ်မှလွှတ်ကာ သူ၏ အကြံပေးအရာရှိအဖြစ် ခန့်လိုက်သည်။ ထို့ နောက် ဆွန်ဂျိုဆုကိုယ်စား ဧကရာဇ်ဘုရင်ထံ လျှောက်တင်စာများ ရေး သားပေးခဲ့ရာမှ ဧကရာဇ်ဘုရင်သည် လီပို၏ အရည်အချင်းများကို ကြားသိ ကာ လီပိုအား နန်းတော်သို့ခေါ်၍ ချီးမြေ|ာက်လေသည်၊ သို့ရာတွင် မလို သူတို့၏ နှောင့်ယှက်မှုကြောင့် နန်းတွင်းမှ ထွက်ခဲ့ရပြန်သည်။ ၇၅၉ ခုနှစ် တွင် လီပိုသည် ကောင်းစွာမမာတော့ဘဲ ၇၆၂ ခုနှစ်တွင် တန်တူမြို့ (ယခု တိုင်ပင်မြို့)၌ ကွယ်လွန်သည်။ လီပိုကား တင်မင်းဆက် အဆိုကျော်များအနက် စာပေဆိုင်ရာ စာစစ်ပွဲကို ဝင်ရောက်ဖြေဆိုခြင်း မပြုခဲ့သော တစ်ဦးတည်းစာဆိုဖြစ်သည်။ ထို့ပြင် အမြဲတမ်းပင် အမှုထမ်းအဖြစ် ထမ်းဆောင်ခြင်းမပြုသော စာဆို ကျော်လည်းဖြစ်သည်။

လီပိုသည် အရက်ကို အလွန်အကျူးသောက်တတ်သည်။ မူးယစ် လာသောအခါ စပ်ဆိုသောကဗျာများသည် အလွန်ကောင်းမွန်သောဟူ၏။ တစ်ခါက မင်းဝှမ်ဘုရင်သည် သူ၏ အလွန်ချောမောလှပသော မိဖုရားကြီး ကွေးဖီးနှင့် ဂီတာအဖွဲ့ကို နားဆင်နေစဉ် လီပိုအား ရှေ့တော်သို့ခေါ်လေ သည်။ သတိကင်း၍ လဲနေအောင်မူးယစ်နေသော လီပိုအား ရှေ့တော်မှောက် ၌ပင် သတိရစေရန် ရေအေးဖြင့်ပက်ဖျန်းစေသည်။ လီပိုသတိရလာသော အခါ ဘုရင်မင်းမြတ်သည် အပျိုတော်နှစ်ဦးအား ပိုးစရှည်တစ်ခုကို လီပို ရှေ့၌တန်းစေ၍ မိဖုရားကြီး၏ ချောမောလှပပုံကို ကဗျာစပ်ဆိုစေရာ၊ လီပို သည် ချက်ချင်းပင် ကဗျာသုံးပိုဒ်ကို စပ်ဆိုရေးသားလေသည်။ ထိုကဗျာ များကို ဘုရင်ကိုယ်တော်တိုင် ကျောက်စိမ်းပြွေဖြင့် နှစ်ခြိုက်ဝမ်းမြောက်စွာ သာယာည|င်းည|င်းတီးမှုတ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)