လိင်လုပ်သား

ဝီကီပီးဒီးယား မှ
လိင်လုပ်သား အမျိုးသမီး (ဂျာမနီနိုင်ငံ)

လိင်လုပ်သားဆိုသည်မှာ လိင်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူကို ခေါ်ဆိုသည်။ ဤဝေါဟာရကို လိင်လုပ်ငန်းတွင် စီမံခန့်ခွဲသူနှင့် ထိုလုပ်ငန်းများ၏ ဝန်ထမ်းများကို မဆိုလိုပဲ လိင်မှုဆိုင်ရာ ဝန်ဆောင်မှုများကို တကယ်တမ်းပေးသော သူများကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ အချို့လိင်လုပ်သားများသည် ဖောက်သည်များနှင့် ကာမထိတွေ့မှု အတိုင်းအတာ အမျိုးမျိုးပါဝင်သော လိင်မှုဆိုင်ရာ ပွင့်လင်းသော အပြုအမူများအတွက် အခကြေးငွေရရှိသည် (ပြည့်တန်ဆာများ၊ ကြိုတင်ချိန်းဆိုရသော မိန်းကလေးများ၊ ပြည့်တန်ဆာများကိုကြီးကြပ်သူများ)။ အပြာဓာတ်ပုံရုပ်ရှင်များတွင် သရုပ်ဆောင်သော မော်ဒယ်လ်များနှင့် ရုပ်ရှင်သရုပ်ဆောင်များသည် ရုပ်ရှင် သို့မဟုတ် ဓာတ်ပုံ ရိုက်ကူးသောအခါတွင် လိင်မှုဆိုင်ရာ ပွင့်လင်းသော အပြုအမူများ လုပ်ဆောင်ကြသည်။ ဖုန်းမှတစ်ဆင့် လိင်ဆက်ဆံသော အော်ပရေတာများသည် ဖောက်သည်များကို ဖုန်းမှတစ်ဆင့် လိင်အသားပေး စကားပြောဆိုမှုများ ပြုလုပ်ကြပြီး လိင်ဆက်ဆံမှုပြုသကဲ့သို့ ပြောဆိုကြသည်။ အခြားသော လိင်လုပ်သားများသည် လိင်မှုဆိုင်ရာ တိုက်ရိုက်ဖျော်ဖြေမှုများအားဖြင့် အခကြေးငွေ ရရှိကြရာ ကွန်ယက် ကင်မရာမှတဆင့်လိင်ဆက်ဆံခြင်းနှင့် တိုက်ရိုက်တင်ဆက်သော လိင်ပြပွဲများတွင် သရုပ်ဆောင်ခြင်း အစရှိသည်တို့ဖြစ်သည်။ အချို့လိင်လုပ်သားများသည် ကြည့်ရှုသူများအတွက် တဏှာရာဂကြွစေသောအကများကို ကပြခြင်းနှင့် အခြားသော ဖျော်ဖြေမှုများ (ခုနစ်လွှာချွတ်အက၊ ဂိုးဂိုးအက၊ သရော်ပြောင်တင်ဆက်မှုများ၊ ချောင်းကြည့်သောပြပွဲများ) တင်ဆက်ကြသည်။ ထို့ကြောင့် ဝေါဟာရသည် ပြည့်တန်ဆာနှင့် တစ်ခါတစ်ရံ အဓိပ္ပာယ်တူအဖြစ် သို့မဟုတ် ပို၍ပျော့ပျောင်းသော စကားကို ပြောင်းလဲသုံးစွဲခြင်းအဖြစ် ရှုမြင်ရသော်လည်း ပို၍ ယေဘုယျကျပါသည်။

အယူအဆ၏ နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

လိင်လုပ်သား အမျိုးသမီး (၁၈၉၀ ခုနှစ်)

“လိင်လုပ်သား” ဆိုသည့် ဝေါဟာရကို လိင်လုပ်သားဆိုင်ရာ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်သူ ကာရိုးလေး (Carol Leigh)က ၁၉၈၀ခုနှစ်တွင် စတင် အသုံးပြုခဲ့သည်။ ဤဝေါဟာရ အသုံးပြုမှုသည် ၁၉၈၇ ခုနှစ်တွင် လိင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးများ စုပေါင်းရေးသားသော “လိင်အလုပ်၊ လိင်လုပ်ငန်းမှ အမျိုးသမီးများရေးသားမှု” စာပေါင်းချုပ် ပုံနှိပ်ထုတ်ဝေမှုအပြီးတွင် လူသိများလာခဲ့သည်။ ထိုအချိန်မှစတင်၍ “လိင်လုပ်သား” ဆိုသည့် ဝေါဟာရကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ရာ NGO များ နှင့် အလုပ်သမားသမဂ္ဂ အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဲ့သို့သောအစိုးရနှင့်ဆိုင်သည့် သို့မဟုတ် အစိုးရများပူးပေါင်းလုပ်ဆောင်သော အေဂျင်စီများက ထုတ်ဝေသည့် ပညာရပ်ဆိုင်ရာ ပုံနှိပ်ထုတ်ဝေခြင်းများတွင်လည်း ထည့်သွင်း အသုံးပြုနေပြီဖြစ်သည်။ ဤဝေါဟာရကို အောက်စဖို့ အင်္ဂလိပ် အဘိဓာန်နှင့် မာရီယမ်-ဝက်စတာ အဘိဓာန် တို့တွင် ထည့်သွင်းထားခဲ့သည်။

သို့သော် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုကို မလိုလားသူများ၊ ပြည့်တန်ဆာဆန့်ကျင်ရေး အမျိုးသမီးဝါဒီများနှင့် အခြား ပြည့်တန်ဆာလုပ်ငန်း ဖျက်သိမ်းလိုသူများကဲ့သို့သော လိင်လုပ်ငန်းကို စိတ်ဓာတ်ရေးရာ ဆန့်ကျင်သူပေါင်းများစွာက ဤဝေါဟာရကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ထိုအုပ်စုများက ပြည့်တန်ဆာလုပ်ငန်းကို ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ဓားစာခံဖြစ်မှုအဖြစ် သုံးသပ်ကြပြီး “လိင်လုပ်သား” ဆိုသည့် ဝေါဟာရကို ပြစ်မှုဆိုင်ရာလှုပ်ရှားမှုကို တရားဝင်ဖြစ်အောင်လုပ်ခြင်း သို့မဟုတ် အလုပ်သမား အမျိုးအစားတစ်ခုအဖြစ် ခေါင်းပုံဖြတ်ခြင်းအဖြစ် ရှုမြင်ကြသည်။ မယ်လီဆာ ဖာလေး(MelissaFarley)နှင့် အခြားသော ပြည့်တန်ဆာ ဆန့်ကျင်ရေး အမျိုးသမီးဝါဒီများ၏ အမြင်တွင် အဝတ်အစားများကို ဖော်ချွတ်ခြင်းနှင့် အပြာဓာတ်ပုံရုပ်ရှင်များတွင် သရုပ်ဆောင်ခြင်း အပါအဝင် လိင်လုပ်ငန်းဆိုင်ရာ မည်သည့်ပုံစံမဆိုသည် ပြည့်တန်ဆာလုပ်ငန်း၏ အသွင်မတူသော အမျိုးအစားများသာ ဖြစ်သည်။ ရှီလာဂျက်ဖရေး (Sheila Jeffreys) ကဲ့သို့ ပြည့်တန်ဆာဆန့်ကျင်ရေး အမျိုးသမီးဝါဒီများက ထိုကဲ့သို့သောဆောင်ရွက်မှုသဘာဝအဖြစ်၎င်းတို့ မြင်တွေ့သောဓားစာခံဖြစ် စေခြင်းများကို ရှင်းလင်းစွာတင်ပြနိုင်ရန် အမျိုးသမီးပြည့်တန်ဆာ (နှင့် “ကလေးပြည့်တန်ဆာ” ကဲ့သို့ ဆင်တူဝေါဟာရများ) ဟူသည့် ဝေါဟာရကို ပိုမိုနှစ်သက်ကြသည်။

တရားဥပဒေကိုလိုက်နာခြင်းနှင့် လူမှုရေးအမြင်များ[ပြင်ဆင်ရန်]

ဒေသဆိုင်ရာ ဥပဒေပေါ်မူတည်၍ လိင်လုပ်သားလှုပ်ရှားမှုများကို တရားဥပဒေကိုလိုက်နာခြင်း၊ ထိန်းချုပ်ခြင်း၊ ခွင့်ပြုခြင်း သို့မဟုတ် တားမြစ်ခြင်းများ ပြုလုပ်နိုင်သည်။ နိုင်ငံအများစုတွင် လိင်လုပ်ငန်းကို တရားဝင် ခွင့်ပြုထားသည့် နေရာများတွင်ပင် လိင်လုပ်သားများကို အသရေပျက်စေခြင်းနှင့် ဖယ်ကျဉ်ထားခြင်းများ ရှိသည်။ ထို့ကြောင့် ခွဲခြားဆက်ဆံခြင်း(ဥပမာ၊ ခုနစ်လွှာချွတ် ကပွဲရုံပိုင်ရှင်က လူမျိုးရေး ခွဲခြားဆက်ဆံခြင်း)၊ ဖောက်သည်က အခကြေးငွေမပေးခြင်း၊ အစော်ကားခံရခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခံရခြင်းတို့အတွက် တရားဝင် နည်းမှန်လမ်းမှန်ဖြစ်ရန် ကြိုးစားခြင်းကို အဟန့်အတားဖြစ်နိုင်သည်။ လူမှုရေးတွင် တူညီစွာ ဆက်ဆံခြင်းမပြုခြင်းနှင့် ဆင်းရဲနွမ်းပါးခြင်းတို့သည် မကြာခဏတွေ့မြင်ရသော တွန်းအားများဖြစ်သည်။

လူသိရှင်ကြားထောက်ခံပြောဆိုခြင်း[ပြင်ဆင်ရန်]

လိင်လုပ်သားများ၏ အခွင့်အရေး

လိင်လုပ်သားများ၏အခွင့်အရေးဆိုင်ရာလူသိရှင်ကြားထောက်ခံပြောဆိုသူများကလိင်လုပ်သားများတွင်အခြားအလုပ်လုပ်သောသူများကဲ့သို့ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ရှိသင့်သည်ဟုပြောဆိုကြသည်။ ဥပမာ၊ ကနေဒီယန်းကာမအာရုံဆိုင်ရာ အလုပ်သမား အကျိုးတူစုပေါင်းအဖွဲ့က လိင်လုပ်ငန်းတရားဝင်ဖြစ်ရေး၊ အခြားအလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် တင်းကြပ်သည်ထက် သာ၍ ဖိအားပေးသော နိုင်ငံတော် စည်းမျဉ်းများကို ပယ်ဖျက်ရေး၊ အလုပ်သမားဥပဒေနှင့် အလုပ်ခန့်အပ်ခြင်း ဥပဒေများအရ အသိအမှတ်ပြုခွင့်နှင့် ကာကွယ်ခွင့်၊ အသက်မွေးဝမ်းကြောင်း အဖွဲ့အစည်းများ သို့မဟုတ် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် သို့မဟုတ် ပူးပေါင်းပါဝင်ခွင့် နှင့် အလုပ်လုပ်ရန် ကန့်သတ်ချက်များကို တရားဝင် ကျော်ဖြတ်ခွင့်များကို တောင်းဆိုသည်။


ကိုးကား[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]