လယ်ရီ ပေ့ချ်

ဝီကီပီးဒီးယား မှ
(လယ်ရီပေ့ချ် မှ ပြန်ညွှန်းထားသည်)
လယ်ရီပေ့ချ်
လယ်ရီပေ့ချ်
အမည်ရင်း လောရင့် လယ်ရီပေ့ချ်
မွေးသက္ကရာဇ် ၂၆ မတ်လ၊ ၁၉၇၃
အရှေ့လန်းဆင်း၊ မီချီကန်ပြည်နယ်
နိုင်ငံသား အမေရိကန်
လူမျိုး အမေရိကန်
ပညာရေး အရှေ့လန်းဆင်း အထက်တန်းကျောင်း
မီချီကန်တက္ကသိုလ်
စတန်းဖို့ဒ် တက္ကသိုလ်
အလုပ်အကိုင် ကွန်ပြူတာ သိပ္ပံပညာရှင်၊ နည်းပညာ ဆန်းသစ်သူ၊ စွန့်ဦးတီထွင်သမား၊ Google Inc ကို တွဲဖက်တည်ထောင်သူ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ
မွေးရပ်ဇာတိ အရှေ့လန်းဆင်း၊ မီချီကန်ပြည်နယ်
ကြင်ဖော် လူစင်ဒါ ဆောက်ဝေါ့သ်
ဝက်ဘ်ဆိုက် http://www.google.com/corporate/execs.html#larry

လောရင့်စ်လယ်ရီပေ့ချ် ကို ၁၉၇၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင်မွေးဖွားခဲ့ပြီး ယခုအခါတွင် အမေရိကန် ကွန်ပျူတာသိပ္ပံပညာရှင် တစ်ဦးဖြစ်နေပြီဖြစ်သည်။ ဆာဂေး ဘရင် ၏တွဲဖက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ Google အင်တာနက် ကုမ္ပဏီကို အတူတကွ တည်ထောင်သူတစ်ဦးအဖြစ်လည်း လူသိများသည်။

ငယ်စဉ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ပေ့ချ် ကို မီချီဂန်ပြည်နယ် (Michigan) အီးစ်ထ်လမ်းစင်း တွင်မွေးဖွားခဲ့သည်။ ဂျူး မိသားစုဝင်တစ်ဦးဖြစ်ပြီး သူ၏ မိဘများမှာ မီချီကန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံမှ ပါမောက္ခများဖြစ်ကြသည်။ ပေ့ချ်က အင်တာဗျူးတစ်ခုတွင် ပြောကြားရာ၌ “ကျွန်တော်တို့ အိမ်က ကွန်ပျူတာပစ္စည်းတွေနဲ့ နောက်ဆုံးပေါ်သိပ္ပံမဂ္ဂဇင်းတွေနဲ့ အမြဲရှုပ်ပွနေတယ်” လို့ပြောကြားခဲ့သည်။ သူငယ်စဉ် ၆ နှစ်သား အရွယ်ကတည်းက ကွန်ပျူတာကို စိတ်ဝင်စားခဲ့၍ ကွန်ပျူတာပစ္စည်းများနှင့်သာ ဆော့ကစားနေတတ်သည်။ ထို့ကြောင့် မူလတန်းတွင် အိမ်စာများကို word processor ကိုအသုံးပြု၍ အိမ်စာလုပ်သော ကျောင်းသားဖြစ်လာခဲ့သည်။

ပစ္စည်းများ ဖြုတ်ထုတ်တပ်ခြင်းကို သူ၏အစ်ကိုဖြစ်သူမှ သင်ပေးခဲ့သည်။ ထိုသို့သင်ပေးပြီး သိပ်မကြာခင်မှာပင် အိမ်ရှိပစ္စည်းများကို ဖြုတ်ခြင်း တတ်ခြင်း များကို ပြုလုပ်ခဲ့သည်။ သူကပင် “ကျွန်တော် ငယ်ငယ်ကတည်းက ပစ္စည်းတွေကို တီထွင်ချင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ နည်းပညာအသစ်အဆန်းတွေနဲ့ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အသက် ၁၂ နှစ်လောက်ကတည်းက ကျွန်တော် ကုမ္ပဏီတစ်ခု တည်ထောင်ဖြစ်လိမ့်မယ်လို့ထင်ခဲ့တယ်”

ပေ့ချ်သည် မီချီကန်ပြည်နယ် အိုခခီမို့စ် ရှိ အိုခခီမို့စ် မွန်တီဆော်ရီ (Okemos Montessori )ကျောင်းတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ထိ ကျောင်းတက်ခဲ့ပြီး အိစ်လန်းဆင်း(East Lansing)အထက်တန်းကျောင်းမှ ကျောင်းပြီးခဲ့သည်။ ကွန်ပျူတာသိပ္ပံဘာသာရပ်ဖြင့် မီချီကန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဘွဲ့လွန်ဒီဂရီကို စတန်းဖို့တက္ကသိုလ်မှရရှိခဲ့သည်။ မစ်ချီကန် တက္ကသိုလ်တွင် ပညာသင်စဉ် လီဂို (lego) ပုံဆောင်ခဲများဖြင့် inkjet ပရင်တာ တစ်လုံးကိုဖန်တီးခဲ့သည်။၎င်းပရင်တာမှာ မျဉ်းကြောင်းများသာ ဆွဲပေးနိုင်သည်။ ၁၉၉၄ ခုနှစ်တွင် HKN ၌ကျောင်းသားခေါင်းဆောင်လုပ်ခဲ့သည်။ ဆိုလာ ကား အဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။

စတန်းဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဘွဲ့ရယူရန်ကျောင်းအပ်ပြီးနောက် ကမ္ဘာအနှံ့ အင်တာနက်ကွန်ရက် ချိတ်ဆက်မှုဆိုင်ရာ တွက်ချက်ခြင်းနည်းပညာ ကိုစာတမ်းပြုစုရန် ကြိုးစားခဲ့သည်။ သူစာတမ်းပြုစုရာတွင် ကြီးကြပ်ပေးသော တယ်ရီဝင်နိုဂရပ်(Terry Winograd) ကသူ၏အကြံဉာဏ်ကိုထောက်ခံခဲ့ပြီး ဆက်လက်ကြိုးစားအားထုတ်ရန် အားပေးခဲ့သည်။ နောက်ပိုင်းတွင် ပေ့ချ်က ထိုကြီးကြပ်သူပေးခဲ့သော အကြံဉာဏ်မှာ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့နောက်တွင် ပေ့ချ် သည် ဝက်ဘ်ပေ့ချ်(Web page) များ၏ရှေ့နောက်ဆက်နွယ်မှုကို လေ့လာခဲ့ပြီး ထိုမှတဆင့် တန်ဖိုးရှိသောသတင်းအချက်အလက်များကို မည်သို့ရရှိအောင် ပြုလုပ်မည်ဆိုသည့် ပြဿနာကို အဖြေရှာဖွေခဲ့သည်။ သူ၏သုတေသန စာတမ်းကို အမည်ပြောင်အဖြစ် “BackRub” ဟုခေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် စတန်းဖို့ဒ် တက္ကသိုလ်၌ ပါရဂူစာတမ်းပြုစုနေသော ဆာဂျီဘရင်းမ် နှင့်အတူတကွလုပ်ဆောင်ခဲ့သည်။

ဝိုင်ယာမဂ္ဂဇင်း ၏ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂျွန်ဘက်တယ်လ် (John Battelle )က ပေ့ချ်နှင့်ပတ်သက်၍ “ဝက်ဘ်ပေ့ချ်တွေကို အစီအစဉ်တကျမစဉ်ထားတဲ့အတွက်ကြောင့်မို့လို့ အချက်အလက်များကိုရှာဖွေရခက်ခဲ့ပါတယ်။ အချက်အလက်များကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားခြင်း မရှိသည့်အတွက် ချိတ်ဆက်မှုအားနည်းတယ်လို့သတ်မှတ်လို့ရပါတယ်။ အကယ်၍သာ ဝက်ဘ်ပေ့ချ်(Web page) များ၏ရှေ့နောက်ဆက်နွယ်မှုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ရင် အင်တာနက်က ပိုပြီး တန်ဖိုးရှိတဲ့အရာဖြစ်လာခဲ့မှာပဲ” ဟုဖော်ပြခဲ့သည်။ ဘက်တဲလ်က ပေ့ချ်နှင့်ဘရင်းမ် ထိုပရောဂျက်အတွက် အလုပ်တွဲလုပ် ဖြစ်ခဲ့ပုံကို ဆက်လက်ရှင်းပြခဲ့သည်။

ပေ့ချ်သည် ဘက်ခ်ရက်ပ် စိတ်ကူးကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့စဉ်က ဝက်ဘ်ပေါ်တွင် အချက်အလက်စုစုပေါင်း ၁၀သန်းခန့်ရှိနေပြီး ၎င်းတို့အချင်းချင်း အကြားတွင်မရေတွက်နိုင်သော ချိတ်ဆတ်မှု များစွာရှိနေပြီဖြစ်သည်။ ထိုအချက်အလက်များနှင့် ချိတ်ဆတ်မှုများကို ရှာဖွေနိုင်ရေး အတွက်ပရိုဂရမ်ရေးသားရန်မှာ ကျောင်းသား တစ်ယောက်၏ ပရောဂျက်အဖြစ် မလွယ်ကူလှချေ။ သို့သော်လည်း ထိုကိစ္စကို ပေ့ချ်သည် အလေးမထားပဲ သူ၏ ပရိုဂရမ်ကို ဆက်လက်ရေးသားခဲ့သည်။

စိတ်ကူးစိတ်သန်း နက်နဲမှုနှင့် ကျယ်ပြန့်မှုတို့ကြောင့် ဘရင်းမ်သည် ထိုပရောဂျက်တွင် စတင် လုပ်ကိုင်ခဲ့သည်။ ဘရင်းမ်သည် ကိုယ်ပိုင် စာတမ်းရေးခြင်းမရှိပဲ ပရောဂျက်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲ၍အလုပ်လုပ်နေသော ထူးချွန်ကျောင်းသားတစ်ဦးဖြစ်သည်။ ဘရင်းမ်က ပေ့ချ်၏ပရောဂျက်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်း တွေ့ရှိခဲ့သည်။ သူပြောကြားသည်မှာ “ကျွန်တော်သုတေသနအုပ်စု တွေအများကြီးနဲ့တွေ့ပြီး စကားတွေပြောခဲ့တယ်။ ပေ့ချ်ရဲ့ပရောဂျက်ကတော့ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပရောဂျက်က လူသားမှတ်ဉာဏ်လိုဖြစ်နေတဲ့ ဝက်ဘ်ကို မွှေနှောက်ရမှာ ဖြစ်တဲ့အပြင် လယ်ရီကခင်မင်ဖို့ကောင်းတဲ့သူ ဖြစ်နေလို့ပဲ။” ဟု ပြောကြားခဲ့သည်။

ပေ့ချ်နှင့် ဘရင်းမ်သည် ၁၉၉၅ ခုနှစ်တွင် ကွန်ပျူတာ ဒေါက်တာဘွဲ့အတွက် သင်တန်းသားများ တွေ့ဆုံမိတ်ဆတ်ပွဲတွင်စတင်တွေ့ရှိခဲ့သည်။ ထိုစဉ်က ဘရင်းမ်သည် ပရိုဂရမ်တွင် ပါဝင်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ကျောင်းသားသစ်များကို ကျောင်းဝန်းအနှံ့ လိုက်လံပြသရာတွင် ဦးဆောင်ခဲ့ရသော ကျောင်းသားဖြစ်သည်။ ဘက်ခ်ရက်ပ်ဝက်ဘ်ရှာဖွေရေးပရိုဂရမ်မှ အရေးကြီးသော ရှေ့နောက်ဆက်အချက်အလက်များကို ဝက်ဘ်ပေ့ချ်အရေးပါမှုအဆင့်သတ်မှတ်ချက် အဖြစ်ပြောင်းလဲနိုင်ရန် ပေ့ချ်နှင့် ဘရင်းမ်သည် ပေ့ချ်အဆင့်သတ်မှတ်ချက် တွက်ချက်မှုပုံစံကို ရေးသားခဲ့သည်။ သူတို့နှစ်ဦးသည် ၎င်းတို့၏ ပရောဂျက်မှာတဆင့် လတ်တလောအသုံးပြုနေသော ရှာဖွေရေးအင်ဂျင်များ ထက်ပိုမိုကောင်းမွန် သော ရှာဖွေရေးအင်ဂျင်ကို ဆောက်လုပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ထိုရှာဖွေရေးပုံစံသစ်မှာ နည်းပညာအသစ်ပေါ်တွင် အခြေခံထားသည်။ နည်းပညာသစ်မှာ ဝက်ဘ်ပေ့ချ်များ၏ ရှေ့နောက်ဆက်စပ်မှု လိုက်လျောညီထွေဖြစ်မှုကို အဓိကထားသည်။ ၁၉၉၆ခုနှစ် ဩဂုတ်လတွင် ဂူဂယ်လ်၏ ပထမဆုံး ဗားရှင်းကို စတင်အသုံးပြုနိုင်စေရန် စတန်းဖို့ဒ်တက္ကသိုလ်၏ ဝက်ဘ်ဆိုဒ်တွင် တင်ပေးနိုင်ခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

၁၉၉၈ခုနှစ်တွင် ဘရင်းမ်နှင့် ပေ့ချ်သည် Google ကုမ္ပဏီအုပ်စုကြီးကို တည်ထောင်ခဲ့သည်။ ပေ့ချ်သည် Google၏ တွဲဖက်ဥက္ကဋ္ဌအဖြစ် ဘရင်းမ်နှင့် အတူ ၂၀၀၁ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ထို့နောက်တွင်မူ အဲရစ်စမစ်ထ် ကိုGoogle၏ စီအီးအိုအဖြစ် ငှားရမ်းခဲ့သည်။ ပေ့ချ်နှင့် ဘရင်းမ်နှစ်ယောက်လုံးသည် နစ်နာကြေးအဖြစ် တစ်နှစ်လျှင်တစ်ဒေါ်လာရရှိခဲ့သည်။

ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

ပေ့ချ်သည် လူစင်ဒါဆောက်ဝေါ့သ်နှင့် ၂၀၀၇ခုနှစ်တွင် လက်ထပ်ခဲ့သည်။ လက်ထပ်ပွဲကို နက်ကာကျွန်းရှိ ရစ်ချက်ဘရာစန်၏ကရေဘီယန်ကျွန်းဟူသော နေရာတွင်ကျင်းပခဲ့သည်။ လူစင်ဒါသည် သုတေသနသိပ္ပံပညာရှင်ဖြစ်ပြီး သရုပ်ဆောင်နှင့် မော်ဒယ်လ်ဖြစ်သူ ကယ်ရီဆောက်ဝေါ့သ်၏ ညီမလည်းဖြစ်သည်။

အခြားစိတ်ဝင်စားမှုများ[ပြင်ဆင်ရန်]

ပေ့ချ်သည် အစားထိုးစွမ်းအင်သုံးကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံမှုများလုပ်ရန် စိတ်ဝင်စားသည်။ ဥပမာအားဖြင့်မိုင် ၂၂၀(၃၅၀ ကီလိုမီတာ)အတွင်းမောင်းနှင်နိုင်သော တက်စ်လာ ရုပ်ဒ်စတာ လျှပ်စစ်ကားများကို ထုတ်လုပ်သည့် တက်စ်လာ မော်တော်စ်(ကားကုမ္ပဏီ) တွင် တက်ကြွစွာ ရင်းနှီးမြှပ်နှံခဲ့သည်။

Google၏ အကူအညီဖြင့် အစားထိုးစွမ်းအင်နည်းညာများတွင် ဆက်လက် ကူညီရန် ကတိပေးခဲ့သည်။ ဘရင်းနှင့် ပေ့ချ်တို့သည် ၂၀၀၇ခုနှစ်တွင် ရိုက်ကူးခဲ့သော “ကျိုးပဲ့သွားသော မြှားများ” ဘရုတ်ကင်း အဲရိုးစ် ဟုအမည်တွင်သည့် ရုပ်ရှင်၏ အဓိကထုတ်လုပ်သူများဖြစ်ကြသသည်။

အသိမှတ်ပြု ဆုတံဆိပ်များရရှိမှု[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်တွင် ဘရင်းမ်နှင့် ပေ့ချ် နှစ်ယောက်စလုံးကို အိုင်အီးစီးပွားရေးကျောင်းမှ ဂုဏ်ထူးဆောင် အမ်ဘီအေဘွဲ့ကို ပေးအပ်ခဲ့သည်။ စွန့်ဦးတီထွင်စိတ်ဓာတ် နှင့် စီးပွားရေးလုပ်ငန်း အသစ်များကို ဦးဆောင်ဖန်တီးနိုင်သည့် စွမ်းဆောင်ရည် ရှိသူများ၏ ကိုယ်စားပြုအဖြစ် ဂုဏ်ပြုခံရခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် မာကိုနီဖောင်ဒေးရှင်းမှ ချီးမြှင့်သော အင်ဂျင်နီယာအလုပ်၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်တွင်ရှိသော ထိုဖောင်ဒေးရှင်း၏ ဖဲလ်လိုးအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ထိုသို့ရွေးချယ်ခံရစဉ် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဂျွန်ဂျေးအိုင်စလင်က “အင်ဖော်မေးရှင်းများကူးလူး ဆက်သွယ်ခြင်းနည်းလမ်းများကို အခြေခံမှစ၍ ပြောင်းလဲစေခဲ့သူများ” ဟုဂုဏ်ပြုကြေညာခဲ့သည်။

ထို့နောက်တွင် သူတို့နှစ်ယောက်သည် ကမ္ဘာ့ဩဇာအရှိဆုံး ဆက်သွယ်ရေးနည်းပညာ စွန့်ဦးတီထွင်သူ ၃၂ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ဘရင်းမ်နှင့် ပေ့ချ် နှစ်ယောက်စလုံးကို အမေရိကန် ဝိဇ္ဇာနှင့် သိပ္ပံအကယ်ဒမီ၏ ဖဲလ်လိုးအဖြစ်ရွေးချယ်ခဲ့သည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှ ပေ့ချ်ကို မနက်ဖြန်များအတွက် ကမ္ဘာ့ခေါင်းဆောင်ဟု အမည်တွင်စေခဲ့ပြီး အိပ်စ် (X) ပရိုက်စ်မှ ပေ့ချ်ကို ဘုတ်အဖွဲ့၏ အဖွဲ့ဝင်အဖြစ်ရွေးချယ်ခဲ့သည်။ ၁၉၉၈ခုနှစ်တွင်ပီစီမဂ္ဂဇင်းမှ ဂူဂယ်လ်ကို ထိပ်တန်းဝဘ်ဆိုက်ဒ်နှင့်ရှာဖွေရေးအင်ဂျင် ထိပ်တန်း၁၀၀တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ၁၉၉၉ခုနှစ်တွင်မူ ဂူဂယ်လ်သည် နည်းပညာထူးချွန်ဆု ကိုဝဘ်ဆိုက်ဒ် အသုံးချမှုဆိုင်ရာ တီထွင်မှုအတွက် ရရှိခဲ့သည်။

၂၀၀၀ ခုနှစ်တွင် ပီးပါလ်းဗွိုက်မှ နည်းပညာထူးချွန်မှုအတွက်ချီးမြှင့်သော ဝက်ဘ်ဘီးဆု၊ ၂၀၀၁ခုနှစ်တွင် ထူးချွန်သောရှာဖွေရေးဝန်ဆောင်မှုဆု၊ အကောင်းဆုံးရှာဖွေရေးအင်ဂျင်တံဆိပ်ဆု၊ အကောင်းဆုံးဒီဇိုင်းဆု၊ အသုံးပြုရအလွယ်ကူဆုံး ရှာဖွေရေးအင်ဂျင်ဆုနှင့် ရှာဖွေရေးအင်ဂျင် စောင့်ကြည့်ရေးဆုပေးပွဲတွင် အကောင်းဆုံးရှာဖွေရေး ပုံစံဆုကို ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်တွင် အေဘီစီဝေါလ်နယူးစ်တူနိုက်မှ ပေ့ချ်နှင့် ဘရင်းမ်ကို ရက်သတ္တပတ် ၏အကောင်းဆုံးပုဂ္ဂိုလ်များ အဖြစ်ရွေးချယ်ခဲ့သည်။ ပေ့ချ်သည် ၂၀၀၉ ခုနှစ် မေလ ၂ရက်နေ့တွင် မီချီကန်တက္ကသိုလ်မှ ကျင်းပသော၂၀၀၉ ခုနှစ် ပညာသင်နှစ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။

သူသည်နှစ်စဉ်တစ်ဒေါ်လာသာလျော်ကြေးအဖြစ်ရရှိသောလည်း ၂၀၀၉ ခုနှစ်တွင် ဖော့ဘ်စ်မဂ္ဂဇင်း ၏ကမ္ဘာ့ အချမ်းသာဆုံးဘီလီယံနာစာရင်းတွင် ၂၆ ယောက်မြောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အမေရိကန်နိုင်ငံ၏ ၁၁ ယောက်မြောက်အချမ်းသာဆုံးအဖြစ်ဖော်ပြခြင်းလည်းခံခဲ့ရသည်။