လစ်ဗျားနိုင်ငံ

ဝီကီပီးဒီးယား မှ
လစ်ဗျားပြည်
دولة ليبيا
လစ်ဗျားနိုင်ငံ၏ အလံတော်
အလံတော်
လစ်ဗျားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: ဘုရားသခင်သည် အကြီးမြတ်ဆုံး
လစ်ဗျားနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ထရီပိုလီမြို့
ရုံးသုံး ဘာသာစကားများအာရပ်
အမျိုးအစားပြည်သူ့သမ္မတနိုင်ငံ
အစိုးရ
• ခေါင်းဆောင်နှင့် တော်လှန်ရေး ခေါင်းဆောင်
မွမ္မာ အယ်လ် ကဒါဖီ
• ပြည်သူ့လွှတ်တော် အတွင်းရေးမှူး
မိုဟာမက် အဘဒူ ကွာဆင် အယ်လ်ဇွိုင်
တည်ထောင်
• လွတ်လပ်ရေး (အီတလီမှ)
ဖေဖော်ဝါရီလ ၁၀ ၁၉၄၇
• လွတ်လပ်ရေး
(ပြင်သစ် နှင့် အင်္ဂလန်မှ)
ဒီဇင်ဘာလ ၂၄ ၁၉၅၁
• အာဏာသိမ်းခြင်း
စက်တင်ဘာလ ၁ ၁၉၆၉
ဧရိယာ
• စုစုပေါင်း
၁,၇၅၉,၅၄၁ km² (၆၇၉,၃၆၉ sq mi) (အဆင့်: ၁၆)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ခန့်မှန်း
၇,၂၅၂,၅၇၃
• သိပ်သည်းမှု
၃.၇၄/km² (၉.၇/sq mi) (အဆင့် - ၂၁၈)
ငွေကြေးလစ်ဗျားဒိုင်နာ
တယ်လီဖုန်းကုဒ်၂၁၈
Internet TLD.ly

လစ်ဗျားနိုင်ငံ (တရားဝင် အမည်အားဖြင့် လစ်ဗျား ပြည်) သည် အာဖရိကမြောက်ပိုင်း မက်ရက်ဘ် ဒေသတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် မြေထဲပင်လယ် ရှိပြီး အရှေ့ဘက်တွင် အီဂျစ်နိုင်ငံ အရှေ့တောင်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် ချဒ်သမ္မတနိုင်ငံနှင့် နိုင်ဂါနိုင်ငံ၊ အနောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံနှင့် တူနီးရှားနိုင်ငံတို့က ဝန်းရံထားကြသည်။

လစ်ဗျားနိုင်ငံသည် အာဖရိကတိုက်၏ မြောက်ဘက် ကမ်းခြေတစ်လျှောက်တွင် တည်ရှိသော သမ္မတနိုင်ငံတစ်ခုဖြစ်၍ စတုရန်း မိုင်ပေါင်း ၆၇၉၄ဝဝ မျှ ကျယ်ဝန်းသည်။ လစ်ဗျအာရပ်သမ္မတနိုင်ငံဟု တွင်၏။ လစ်ဗျနိုင်ငံတွင် ရှေးခေတ်ယဉ်ကျေးမှုများ ထွန်းကားခဲ့သော နယ်ကြီးနှစ်နယ်အပါအဝင် ပြည်နယ်သုံးခု ပါဝင်လေသည်။ ယင်းတို့မှာ အနောက်ပိုင်းတွင်း ထရစ်ပိုလီတန်းနိယနယ်နှင့် အရှေ့ပိုင်းတွင် ဆိုင်ရီနေးက နယ် (ယခုဗရကား)နှင့် ဖတ်ဇန်နယ်တို့ဖြစ်ကြ၏။ လစ်ဗျနိုင်ငံ၏ မြောက်ဘက်တွင် မြေထဲပင်လယ်၊ တောင်ဘက်တွင် ချဒ်သမ္မတနိုင်ငံနှင့် နိုင်ဂျာ သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ယူအေအာ (အီဂျစ်)နှင့် ဆူဒန်နိုင်ငံ၊ အနောက်ဘက်တွင် အယ်လဂျီးရီးယားနှင့် တျူနစ်ဇီးယားနိုင်ငံတို့ အသီးသီး တည်ရှိသည်။ လစ်ဗျနိုင်ငံသည် ရှေးပဝေဏီကာလကပင် ယဉ်ကျေးသောလူမျိုး များ နေထိုင်ရာဒေသဖြစ်ခဲ့၏။ လစ်ဗျနယ် အနောက်ပိုင်းကို ကားသေ့ပြည်သားတို့သည် ဦးစွာ၌ အုပ်စိုးခဲ့ကြဟန် တူသည်။ တျူးနစ်ဇီယားနိုင်ငံ ကမ်းခြေပေါ်တွင် ကားသေ့တို့၏ မြို့တော်ဟောင်းနေရာ အမှတ်အသားများကို တွေ့ရှိရ၏။ ဘီစီခုနစ်ရာစုနှစ်တွင် ဂရိလူမျိုးတို့သည် လစ်ဗျအရှေ့မြောက်ကမ်းခြေ၌ ဆိုရီနီးမြို့ကိုတည်ထောင်ကာ ဆိုင်ရီနေးက နယ်သစ်ကိုဖွင့်လျက် ဂရိယဉ်ကျေးမှုကို ဖြန့်ဖြူးပေးခဲ့ကြသည်။ ဘီစီလေးရာစုနှစ်က ထရစ်ပိုလီ တန်းနိယနှင့် ဆိုင်ရီနေးကနယ် နှစ်နယ်စလုံးသည် အီဂျစ်လူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့ကြ၍ နောင်အခါတွင် ရောမလူမျိုးတို့၏ လက်အောက်ခံ နယ်ပယ်များဖြစ်လေသည်။ ရောမတို့သည် လစ်ဗျတွင် ခမ်းနား သည့်မြို့ပေါင်းများစွာ တည်ထောင်ခဲ့၏။ ရောမခေတ်၌ ပွင့်သစ်စ ခရစ်ယာန်အယူဝါဒ ထွန်းကားခဲ့၏။ အေဒီ ငါးရာစုနှစ်အတွင်းတွင် တိုင်းပြည်တစ်ခုလုံးသည် ဗင်းဒေါ လူမျိုးတို့၏လက်ထဲသို့ ကျရောက်၍ အေဒီ ခုနစ်ရာစုနှစ် အတွင်းတွင်မူ အာရပ်လူမျိုးတို့၏ တိုက်ခိုက်သိမ်းယူခြင်းကို ခံခဲ့ရလေသည်။ အေဒီ ၁၅၁ဝ ပြည့်နှစ်တွင် စပိန်ဘုရင် ဖာဒီနန်က အနောက် မြောက်ပိုင်းရှိ ထရစ်ပိုလီမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့၍ ၁၅၃ဝ ပြည့်နှစ်မှ ၁၅၅၁ ခုနှစ်အထိ စိန်ဂျွန်း နိုက်သူရဲကောင်းအဖွဲ့က သိမ်းယူထားခဲ့လေသည်။ ထိုနောက်တွင်ကား တူရကီတို့လက်အောက်သို့ တစ်ဖန်ကျရောက်ခဲ့ပြန်ပြီးလျှင် ထရစ်ပိုလီမြို့လည်း မကြာမီ ပင်လယ်ဓားပြများ ခိုအောင်းရာ ဌာနတစ်ခု ဖြစ်လာလေတော့သည်။ ၁၈၃၅ ခုနှစ်တွင် တူရကီတို့သည် တိုင်းပြည်ကို ပို၍ဖိဖိစီးစီးအုပ်ချုပ်လာခဲ့ကြ၏။ သို့ရာတွင် ၁၉၁၁-၁၂ ခုနှစ်၌ အီတလီနှင့် စစ်ဖြစ် ပွားခဲ့ပြီးနောက် ထိုနယ်ပယ်တစ်ခုလုံးကို အီတာလျံတို့လက်သို့ အပ်လိုက်ရလေသည်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၈)အပြီးတွင် အီတာလျံတို့သည် မြို့သစ်ရွာသစ်များတည်ခြင်း၊ လမ်းများသွယ်တန်း ဖောက်လုပ်ခြင်း စသည်တို့ဖြင့် လစ်ဗျနိုင်ငံ စည်ပင်တိုးတက်မှုကို ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်(၁၉၃၉-၄၅) အတွင်း၌ လစ်ဗျနိုင်ငံသည် အရေးကြီးသောစစ်မျက်နှာဖြစ်ခဲ့၏။ ဂျာမန်နှင့် အီတာလျံစစ်တပ်များသည် လစ်ဗျတွင်စစ်စခန်းချကာ အီဂျစ်နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြ သဖြင့် ဂျာမန်တပ်နှင့် ဗြိတိသျှတပ်များသည် လစ်ဗျစစ်မြေပြင်တွင် အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြသည်။ စစ်ကြီးအပြီးတွင် ထရစ်ပိုလီ တန်းနိယနှင့် ဆိုင်ရီနေးကနယ်များကို ဗြိတိသျှတို့က အုပ်ချုပ်ခွင့်ရ၍ အနောက်တောင်ဘက်ပိုင်းရှိ ဖတ်ဇန်နယ်ကိုပြင်သစ်တို့က အုပ်ချုပ်ခွင့်ရလေ သည်။ ၁၉၄၉ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အထွေထွေလွှတ်တော်၌ လစ်ဗျပြည်အား ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေဘဲ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ပေးရန် ဆုံးဖြတ် လိုက်ကြလေသည်။ ဤသို့ဖြင့် ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လစ်ဗျပြည်သည် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာသည်။ လစ်ဗျပြည်သည် ကမ္ဘာပေါ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ပထမဆုံးဖန်တီး ပေးခဲ့သော လွတ်လပ်သည့်နိုင်ငံဖြစ်လေသည်။ ဆိုင်ရီနေးကနယ်ကို အုပ်ချုပ်သူ ဆယက်မို့ဟမ္မဒ် အိဒရစ်အယ်ဆင်နွတ်ဆီးသည် လစ်ဗျနိုင်ငံ၏ ပထမအိဒရစ်ဘုရင် ဖြစ်လာခဲ့၏။ လစ်ဗျနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် အာရပ်အမျိုးသားအဖွဲ့တွင် ပါဝင် လာခဲ့၍ ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်။ လစ်ဗျနိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးတန်းမှာ မိုင်ပေါင်း ၁၃ဝဝ ခန့်ရှည်လျား၏။ လစ်ဗျနိုင်ငံတွင် မြစ်ချောင်းများ၊ အိုင်များအနည်းငယ်သာရှိ၏။ ဆိုင်ရီနေးကနှင့် ထရစ်ပိုလီးတန်းနိယ နှစ်နယ်စလုံးမှာပင် မြေထဲ ပင်လယ်ကမ်းရိုးတစ်လျှောက်၌ မြေဩဇာကောင်းသည့် ဒေသများရှိသည်။ ယင်းတို့၏ နောက်ဘက်တွင် ခြောက်သွေ့သည့် ကုန်းမြင့်ရပ်ဝန်ရှိ၏။ ထိုမှလွန်သော် သဲခုံများနှင့် ကျောက်မြေပြင်များသာရှိသည့် သဲကန္တာရရှိလေ သည်။ ကုန်းမြင့်ရပ်ဝန်းနှင့် သဲကန္တာရစပ်ကြားတွင် အိုအေစစ်များရှိလေသည်။ မြေထဲပင်လယ် ကမ်းမြောင်ရပ်ဝန်းတွင် ဥယျာဉ်ခြံမြေများနှင့် မြို့ ကြီးများအားလုံးလိုလို တည်ရှိသည်။ ရာသီဥတု နှစ်လိုဖွယ်ရှိ၍ ပူနွေး၏၊ စိုက်ပျိုးချိန်တွင် မိုးအတန် အသင့်ရွာသည်။ သဲကန္တာရအပိုင်းမှာ ခြောက်သွေ့ ၏။ နေ့အချိန်ပူပြင်း၍ ညဉ့်အချိန်အေးသည်။ လစ်ဗျနိုင်ငံသည် သဘာဝ ပင်ရင်းအခြေအမြစ်များ အလွန်ခေါင်းပါး၏။ လစ်ဗျနိုင်ငံ၏ လူဦးရေမှာ ၁၅၅၉၃၈၉ (၁၉၆၄)ဖြစ်၏။ အဓိက လုပ်ငန်းမှာ သိုးကုလားအုပ်ဆိတ် စသည့် တိရစ္ဆာန် မွေးမြူရေးလုပ် ငန်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို မြောက်ပိုင်းနှင့် အိုအေစစ်များတွင် ပြုလုပ်ကြ၏။ အဓိက ကောက်သီးကောက်နှံမှာ ဘာလီဖြစ်၍ ပဲခရမ်း ချဉ်သီးကြက်သွန်နီမုန်လာဥစပ် စသည့် ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးသည်။ စွန်ပလွံပင်သည် လစ်ဗျနိုင်ငံတွင် အရေးပါ၏။ အိုအေစစ် များတွင် စွန်ပလွံများသာမက ဗာဒံပင်လိမ္မော်ပင်၊ သဖန်းပင်ဘင်္ဂလား ဆီးပင် စသည့်အပင်များကို စိုက်ပျိုးသည်။ မြောက်ဘက်ပိုင်းတွင် သံလွင်ခြံ ကြီးများရှိလေသည်။ စပန်းရေမြှုပ် ရှာဖွေစုဆောင်းရေးလုပ်ငန်းသည် လစ်ဗျနိုင်ငံ၏ အရေးပါသော လုပ်ငန်းတစ်ခုဖြစ်၏။ ကျူနာငါးဖမ်း လုပ်ငန်းသည်လည်း တိုးတက်ထွန်းကားလျက်ရှိသည်။ သို့သော် ၁၉၅၈ ခုနှစ်ခန့်က လစ်ဗျသဲကန္တာရအတွင်း ရေနံများ ရှာဖွေတွေ့ရှိပြီးနောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းသည် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း၏ နေရာကိုယူလျက် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်လာသည်။ ရေနံစိမ်းသည်လည်း တိုင်းပြည်၏ အဓိကထုတ်ကုန်ဖြစ်လာသည်။ ၁၉၆၅ ခုနှစ်တွင် ရေနံစိမ်းစည်ပေါင်း ၄၄၃ သန်း ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည်။ လစ်ဗျနိုင်ငံတွင် မြို့တော်နှစ်ခုရှိရာ ယင်းတို့မှာ ဗင်ဂါဇီမြို့နှင့် ထရစ်ပိုလီမြို့ ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲများအကြီးအကျယ် ဖြစ်ပွားခဲ့သည့် တိုဗရွတ်မြို့သည် ဆိုင်ရီးနေးကပြည်နယ်အတွင်းတည်ရှိ၍ မြေထဲပင်လယ် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ လစ်ဗျနိုင်ငံတွင် မီးရထားလမ်းတို အနည်းငယ်သာရှိ၏။ အီတာလျံတို့ အုပ်စိုးနေသည့်အချိန်က တျူနစ်ဇီးယားမှ နယ်စပ်အရောက် မိုင်ပေါင်း ၁၂၅ဝ မျှရှည်လျားသည့် မော်တော်ကားလမ်းတစ်ခု ဖောက်လုပ် ထားခဲ့၏။ အစ္စလာမ်အယူဝါဒသည် နိုင်ငံတော်အယူဝါဒဖြစ်သော်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ လစ်ဗျနိုင်ငံသည် စည်းမျဉ်းခံဘုရင် အုပ်ချုပ်ရေးစနစ် လက်ခံကျင့်သုံး ခဲ့သော နိုင်ငံဖြစ်ခဲ့၏။ အုပ်ချုပ်ရေးအကြီး အကဲမှာ ဝန်ကြီးချုပ်ဖြစ်၍ ယင်းအား ကူညီရန် အတွက် ဝန်ကြီးအဖွဲ့ရှိ၏။ ပါလီမန်(အမျိုးသားလွှတ်တော်)တွင် ရွေးကောက်တင် မြှောက်ထားသည့် အဖွဲ့ဝင် ၂၄ ဦးပါဝင်သော ဆီနိပ် လွှတ်တော်နှင့် ရွေးကောက်တင်မြှောက်ထား သည့်အဖွဲ့ဝင် ၅၅ ဦးတို့ပါဝင်သည့် ပြည်သူ့ လွှတ်တော်တည်းဟူသော လွှတ်တော်နှစ်ရပ် ပါဝင်ခဲ့လေသည်။ သို့သော် ၁၉၅၁ ခုနှစ်မှအစပြု၍ အုပ်ချုပ်လာခဲ့သော ဘုရင် အိဒရစ်သည် ဆေးဝါးကုသရန် တူရကီနိုင်ငံသို့ သွားရောက်နေသည့်အခိုက် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ဗိုလ်မှူးကြီး ဆာဒူဒင် အဗူ အယ်ရှူဝီယာ ဦးဆောင်သော လစ်ဗျစစ်တပ်က သွေးမြေမကျ တော်လှန် အာဏာသိမ်းယူလိုက်သည်။ အာဏာသိမ်းပြီးနောက် စစ်တပ်မှဦးဆောင်ပြီးလျှင် လေတပ်အရာရှိများ ပါဝင်ဖွဲ့စည်းထားသော တော်လှန်ရေးကောင်စီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် အမျိုးသားလွှတ်တော်တို့ကို ဖျက်သိမ်းလိုက်သည်။ ထို့ပြင် စက်တင်ဘာလ ၂ ရက်နေ့တွင် ယခင်က နိုင်ငံခြားတိုင်းပြည်များနှင့် ချုပ် ဆိုခဲ့သော စာချုပ်များကို လေးစားသွားမည်ဖြစ်ပြီးလျှင် ရေနံတူးဖော်ခွင့် ပေးထားခြင်းများကိုလည်း ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း၊ လစ်ဗျနိုင်ငံ ရှိ နိုင်ငံခြားသားအားလုံးကိုလည်း စောင့်ရှောက်သွား မည်ဖြစ်ကြောင်း၊ အာရပ်နိုင်ငံများနှင့် စည်းလုံးညီညွတ်ရေး၊ လွတ်လပ်ရေးနှင့် ဆိုရှယ်လစ်ဝါဒ အပေါ် အခြေခံသည့် လစ်ဗျအာရပ်သမ္မတနိုင်ငံ ထူထောင်သွားမည်ဖြစ် ကြောင်း ကြေညာခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီက လစ်ဗျ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ရာ ဒေါက်တာ မာမွတ်ဆိုလီမန် အယ် မက် ဂရက်ဗီက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)