ရှဲလီ၊ ပါဆီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပါဆီ ရှယ်လီ

ရှဲလီ၊ ပါဆီ (ခရစ် ၁၇၉၂-၁၈၂၂)[ပြင်​ဆင်​ရန်​]

တောတောင်၊ ရေမြေ၊ လေပြေလေည|င်း၊ နေဝင်ဆည်းဆာ၊ ကျေးငှက်သာရကာနှင့် တိမ်တောင်တိမ်တိုက်စသော ဩကာသ လောကကြီး၏အကြောင်းကို သူမတူအောင် လှပသိမ်မွေ့သော အဖွဲ့အနွဲ့တို့ဖြင့် ကဗျာဖွဲ့ဆိုနိုင်သောကြောင့် အင်္ဂလိပ်စာပေ လောက၊ ကဗျာပိုင်းတွင် အကျော်ကြားဆုံးသောကဗျာစာဆိုကြီး များတွင် ပါဆီရှဲလီသည် တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ရှဲလီ၏ စိတ်ကူးယဉ်မှုများသည် ကောင်းကင်မြေနှင့် ကင်းကွာ ခဲ့သည်၊ ထိုကြောင့် ရှဲလီ၏ အဓိက ရည်မှန်းချက်ဖြစ်သော လူ့လောကကြီးအား ဖိနှိပ်ချုပ်ချယ်မှု၊ ပူပန်ဆင်းရဲမှုတို့မှ ကင်း စင်စေ၍ စည်ပင်သာယာသော လောကကြီးကို ထူထောင်ပေးရန် တည်းဟူသော သူ၏ပြုပြင်ရေးစိတ်ကူးယဉ်မှုများသည် အရာ မထင်၊ လက်တွေ့ အကောင်အထည်ဖော်၍ မရနိုင်ပေ။ သို့သော် ရှဲလီ၏ စိတ်ကူးယဉ်မှုများသည် သူ့အား ထိပ်တန်းကဗျာစာဆို ကြီးတစ်ဦး အဖြစ်သို့ ပို့ဆောင်ပေးခဲ့လေသည်။

ရှဲလီသည် ၁၇၉၂ ခုနှစ် ဩဂုတ်လတွင် အင်္ဂလန်ပြည်၊ ဆပ်ဆက်နက် ဟော်ရှမ်မြို့အနီး၌ မွေးဖွားခဲ့သည်။ ဖခင်သည် လူကုံထံတစ်ဦးဖြစ်သော ဆာတင်မိုသီ ရှဲလီ ဖြစ်သည်။ ရှဲလီ သည် ငယ်စဉ်ကပင် သေးသွယ်နွဲ့နောင်း ချောမောလှပသည်။ ထို့ကြောင့် အီတန်ကျောင်းတွင် နေစဉ်က မိန်းမပျိုကလေး တစ်ဦးကဲ့သို့ ရှဲလီအား ကျောင်းသားများက အနိုင်ကျင့်ခဲ့ကြ လေသည်။

ထိုစဉ်ကပင် ရှဲလီသည် အနိုင်ကျင့်မှု၊ ချုပ်ချယ်မှုတို့ကို ရွံ့မုန်းခဲ့သည်။ ရှဲလီသည် ကဗျာလင်္ကာ သီကုံးဖွဲ့နွဲ့မှုကို ငယ်စဉ် ကပင် ဝါသနာထုံ၍ ဆန်းကြယ်သော စိတ်ကူးများဖြင့် ကဗျာ လင်္ကာတို့ကို စပ်ဆိုသီကုံးတတ်သည်။ အချို့သော ရှဲလီ၏ စိတ်ကူးများသည် ထိုခေတ်အယူအဆနှင့် ဆန့်ကျင်နေသည့်ပြင် တစ်ခါတစ်ရံ သိမ်မွေ့စွာ စိတ်ကူးယဉ်နေတတ်ပြီးလျှင် တစ်ခါ တစ်ခါတွင်မူ မိမိ၏အယူအဆကို ပြင်းပြင်းထန်ထန် ဖော်ထုတ် တတ်ပြန်သည်။ ထိုကြောင့် ရှဲလီ၏ အတွင်းသဘောကို အကဲ မခတ်နိုင်အောင် ရှိကြသဖြင့် ကျောင်းနေဖက်များက သူကို အရူးရှဲလီဟု ပြောင်လှောင်ခေါ်ဝေါ်ကြလေသည်။ ရှဲလီ၏ခေတ်တွင် ပြင်သစ်တော်လှန်ရေးစိတ်ဓာတ်များ အငွေ့မသေသေးပေ။ ရှဲလီသည်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ရွံ့မုန်းသော တော်လှန်ရေးစိတ်ဓာတ် ခိုအောင်းနေသူဖြစ်၍ တော်လှန်ရေးသဘောတရားများကို လေ့လာကျင့်သုံးခဲ့သည်။ အောက်စဖို့တက္ကသိုလ်တွင် ပညာဆည်းပူးနေခိုက် ရှဲလီသည် ဘုရားမရှိ အယူဝါဒနှင့် စပ်လျဉ်းသော စာတန်းတစ်ခုကို ရေးသားခဲ့ရာ ကျောင်းမှ ထုတ်ပစ်ခံရသည်။ ထိုပြင် ဖခင် ကလည်း အိမ်သို့ အလာမခံဘဲ ထောက်ပံ့ပေးကမ်းခြင်းကို ရပ်ဆိုင်းထားလိုက်သည်။

ရှဲလီသည် ဒဿနိကဗေဒ ပညာရှင်တစ်ဦးဖြစ်သော ဝီလျံ ဂေါ်ဒွင်နှင့်တွေ့ဆုံကာ တပည့်ခံလေသည်။ ဝီလျံဂေါ်ဒွင်က လူသားဟူသမျှ တူညီသောအခွင့်အရေး၊ တူညီသော လွတ်လပ်မှု ရရှိရေး သဘောတရားများကို ဟောပြောပြသည်။ ထိုအတွင်း ရှဲလီသည် ဟိုတယ်ပိုင်ရှင်ဟောင်းတစ်ဦး၏ သမီးဖြစ်သူ ဟဲရီး ယက် ဝက်စဗရုနှင့် တွေ့ဆုံရင်းနှီးရသည်။ ထိုမိန်းကလေးသည် အသက် ၁၆ နှစ်မျှသာ ရှိသေး၍ ရှဲလီက မိမိကဲ့သို့ ဖိနှိပ်မှု၊ မတရားချုပ်ချယ်မှုများကို ခံနေရသူဟု ယူဆသည်။ ထို့ကြောင့် ထိုမိန်းကလေးကို ကယ်တင်စောင့် ရှောက်ခြင်း သဘောဖြင့် ဟဲရီးယက်ကို ခိုးယူထွက်ပြေးသည်။ သူတို့ ဇနီးမောင်နှံသည် အိုင်ယာလန်၊ အင်္ဂလန်နေရာ အနှံ့အပြားသို့ လှည့်လည်သွား လာကာ အဖိနှိပ်ခံ လူတန်းစားများအတွက် အကျိုးဆောင် လုပ်ငန်းများ ဆောင်ရွက်ပေးရန် ကြိုးစားသည်။ သို့သော် ရှဲလီ၏ ဆောင်ရွက်မှုများသည် အရာမထင်ပေ။

နောင်အခါ ရှဲလီသည် ဟဲရီးယက်အား ထားရစ်ကာ ဝီလျံ ဂေါ်ဒွင်၏သမီး မေရီဂေါ်ဒွင်နှင့်အတူ ဥရောပတိုက်သို့ ထွက်ခွာ သွားသည်။ ဥရောပတိုက်တွင်လည်း တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာ နေခဲ့ကြသည်။ နှစ်နှစ်ခန့်အကြာ ၁၈၁၆ ခုနှစ် နိုဝင်ဘာလတွင် ရှလီ၏ဇနီး ဟဲရီးယက်သည် ရေထဲ ခုန်ဆင်းသေလိုက်သည်။ ထိုအတွက် ရှဲလီသည် အရှက်ကြီး ရှက်ပြီးလျှင် အလွန်စိတ်ထိခိုက်ခဲ့သည်။ သို့သော် မကြာမီ မေရီဂေါ်ဒွန်နှင့် လက်ထက်လိုက်၍ ဟဲရီးယက်မှ ကျန်ရစ်သော သားသမီးတို့ကိုပါ ခေါ်ဆောင်ပြီးသော် အီတလီနိုင်ငံ၌ သွား ရောက်နေထိုင်ကြသည်။ မေရီဂေါ်ဒွင်သည် ရှဲလီနှင့် အသွင်တူ သော ဇနီးသည် ဖြစ်၍ စာရေးဆရာမတစ်ဦး ဖြစ်လေသည်။ ရှဲလီသည် ၁၈၁၃ ခုနှစ်တွင် မက်ဘုရင်မနှင့် ၁၈၁၈ ခုနှစ် အစ္စလာမ်တော်လှန်ရေးအမည်ရှိ ကဗျာများကို ရေးသားပြုစု ထုတ်ဝေခဲ့ရာ လူ့အခွင့်အရေး လွတ်လပ်မှုအတွက် ရေးသား သော ကဗျာများဖြစ်ကြသည်။ ရှဲလီ၏ လွတ်လပ်ရေးသဘော ထားကို လွတ်လပ်ရေးကဗျာတွင် ပို၍ ပြင်းပြင်းထန်ထန် တွေ့ရသည်။ ထိုနောက် ရှဲလီသည် ရှေးဂရိစာဆိုများ၏ စာပေ များကို ဖွဲ့နွဲ့ခဲ့ပြန်သည်။ ၁၈၁၉ ခုနှစ်တွင် ဖွဲ့နွဲ့စပ်ဆိုသော ပရိုမီးသယူး၏ လွတ်မြောက်ခြင်းကဗျာသည် ဂရိစာပေတစ်ခု ကို မှီးထား၍ နတ်တို့၏ ဖိနှိပ်ချုပ်ချယ်မှု လက်အောက်မှ လူသားတို့အတွက် ရုန်းကန်တော်လှန်ပုံကို စပ်ဆို သရုပ်ဖော် ထားသည်။ ၁၈၁၂ ခုနှစ်တွင် ရှဲလီသည် မိမိ၏ကဗျာ၊ ဝီလျံ ဝပ်စဝပ်နှင့် ဆင်မျူယယ်ကိုးလရစ်တို့၏ ကဗျာများကို ကာ ကွယ်ထားသော အက်ဆေးစကားပြောစာအုပ် ကဗျာ၏ သဘော ကို ဖော်ပြရှင်းလင်းသော အကောင်းဆုံး အင်္ဂလိပ်စကားပြေ စာအုပ် ဖြစ်လေသည်။

အီတလီတွင် နေထိုင်စဉ်အတွင်း ရှဲလီသည် လော့ဗိုင်ရွန်၊ လေးတန့် စသော ကဗျာစာဆိုအကျော်အမော်များနှင့် ရင်းနှီး ခင်မင်ခွင့် ရ၍ ရှဲလီ၏ အကောင်းဆုံး ကဗျာစာစုတို့သည် ထိုအချိန်ကာလအတွင်း၌ ထွက်ပေါ်ခဲ့သည်။ ရှဲလီ၏ ကဗျာစု အနက် မိုးဆွေငှက်နှင့် အနောက်လေကဗျာသည် အထူး ကောင်းမွန်သည်။ ရှဲလီ၏ ကဗျာတို့သည် များသောအားဖြင့် ဖိနှိပ်ချုပ်ချယ်မှုကို တွန်းကန်လိုသော သဘောလွတ်လပ်မှုကို မြတ်နိုးသော အကြောင်းရင်းခံတို့ကို အခြေပြု၍ ဖွဲ့နွဲ့ထားခြင်း ဖြစ်သော်လည်း၊ အဖွဲ့အနွဲ့ လှပသိမ်မွေ့မှုကြောင့် အကြောင်းရင်း ခံကို မတွေးမိကြဘဲ လှပကြည်နူးဖွယ် ကဗျာများအဖြစ်သာ များသောအားဖြင့် လက်ခံခဲ့ကြလေသည်။ သူ၏ကဗျာများကို အဓိပ္ပာယ် နက်နက်မတွေးဘဲ ချစ်မြတ်နိုးစွာ လက်ခံကြသော် လည်း ရှဲလီကိုမူ တော်လှန်ရေးစိတ်ကူးယဉ်သမား၊ တော်လှန် ရေး လှုံ့ဆော်အားပေးသူအဖြစ် ထားရှိကြ၍ လိုက်လှုဲချီးမြေ|ာက် မှု မပြုကြချေ။ သို့သော် ကဗျာအရာတွင်မူ ရှဲလီကို မီနိုင်သူ ရှားပေသည်။

ရှဲလီသည် မိမိနှင့် တစ်ခေတ်တည်းတွင် ပေါ်ထွန်းသော ဂျွန်ကိနှင့်လည်း ရင်းနှီးသည်။ ဂျွန်ကိ ကွယ်လွန်သောအခါ အဒိုးနေးခေါ် လွမ်းချင်းကဗျာဖြင့် ချီးကျူးဂုဏ်ပြုသည်။ ထိုကဗျာကို ဖွဲ့နွဲ့စဉ်က ရှဲလီသည် မိမိလည်း မကြာမီ ဂျွန်ကိ နောက်သို့ လိုက်ရတော့မည်ကို မသိရှာချေ။ ၁၈၂၂ ခုနှစ် ဇူလိုင်လအတွင်း ရှဲလီသည် မိတ်ဆွေတစ်ဦးနှင့်အတူ မြေထဲ ပင်လယ်ကမ်းခြေ၌ လှေစီးထွက်ယင်း လေမုန်တိုင်းမိ၍ လှေ မှောက်ပြီး ရေနစ်သေဆုံးခဲ့သည်။ ထိုစဉ်က ရှဲလီသည် ၂၉ နှစ် အရွယ်မျှသာ ရှိပေသေးသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)