ရှေးဟောင်းဗုဒ္ဓခေတ်တက္ကသိုလ်များ

ဝီကီပီးဒီးယား မှ

အိန္ဒိယနိုင်ငံအတွင်း ဗုဒ္ဓဘာသာထွန်းကားလာချိန်တွင် မူလအိန္ဒိယလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ နိမ့်ပါးချိန်ဟု ဆိုရမည်ဖြစ်သည်။ အိန္ဒိယလူ့ဘောင် ယဉ်ကျေးမှုပြန်လည်ထွန်းကားလာရခြင်းသည် ဗုဒ္ဓဘာသာနှင့်လည်း များစွာဆက်စပ်နေ ကြောင်းတွေ့ရသည်။ ဥရောပတွင် ရောမအင်ပါယာအကျနှင့် ခရစ်ယာန်ဘာသာအတက်တို့ကို နှိုင်းယှဉ်လေ့လာနိုင်သည်။

ဥရောပတွင် အမှောင်ခေတ်ရောင်နီသန်းလာချိန်တွင် ခရစ်ယာန်အယူဝါဒများ ပျံ့နှံ့ထွန်းကားလာခဲ့သည်။ အတွေးအခေါ် ဂိုဏ်းများ၊ ပို့ချဆွေးနွေးနေကြသော စကားဝိုင်းများ အားလုံးရပ်ဆိုင်းသွားကြသည်။ နာမည်ကျော် အလက်ဇန္နားစာကြည့် တိုက်ကြီးကိုလည်း အကြမ်းဖက်ခရစ်ယာန်အုပ်စုကို ခေါင်းဆောင်လာသော ဘုန်းတော်ကြီးတစ်ပါးက ဦးဆောင်ကာ မီးရှို့ဖျက် ဆီးလိုက်သည်။

အမှောင်ခေတ်ကုန်ဆုံးချိန်တွင် မွတ်ဆလင်တို့သည် ရောမအင်ပါယာကို လွှမ်းမိုးနိုင်ခဲ့ပြီး သူတို့၏ အာဏာစက်ကို စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်ပိုင်နယ်အချို့အထိ ဖြန့်ကျက်နိုင်ခဲ့သည်။ မွတ်ဆလင်တို့သည် သူတို့အိန္ဒိယတွင် လေ့လာဆည်းပူးခဲ့သော ပညာရပ်များအပြင် ဂရိနှင့် ရောမစာပေအနုပညာများကို မိမိတို့သိမ်းပိုက်ထားသည့် ဒေသများတွင် လေ့လာစေခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ထိုအချိန်က ဗုဒ္ဓဘာသာထွန်းကားနေချိန်ဖြစ်သည်။ ဗုဒ္ဓဘာသာစာပေများကို သင်ကြားပို့ချသည့်နေရာများကို ယခင်ကထက် တိုးချဲ့ပြီးဖွင့်လှစ်နိုင်ခဲ့ကြသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် တောတောင်များထဲတွင် အနေများပြီး တရားထိုင်ခြင်း၊ ဗုဒ္ဓဟောကြားသည့် ဒေသနာများ ကိုသင်ကြားပို့ချခြင်း၊ ဓမ္မတရားတော်များကို ဟောကြားပျံ့နှံ့စေရန် ကြံဆောင်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ရဟန်းသံဃာတော်များ၏ တရားဓမ္မနှင့် စာပေပို့ချချက်များကို အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်သူများသာမက အခြားအိမ်နီးချင်း နိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များကပါ သဘောကျနှစ်ခြိုက်လာသောကြောင့် တက္ကသိုလ်အဆင့်အထိ ကျောင်းကြီးများဖွင့်ကာ စာပေသင်ကြားမှုများ ပြုလုပ်ပေးလာရကြောင်းတွေ့ရသည်။

ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံတွင် စာပေသင်ကြားပို့ချပေးသည့် တက္ကသိုလ်ကြီး ငါးခု ပေါ်ထွန်းခဲ့ကြောင်း မှတ်တမ်းများတွေ့ရသည်။ ယင်းတို့မှာ 1. Nalanda, 2. Vickramasila, 3. Odantapuri, 4. Jagadalala 5. Somapura တို့ဖြစ်ကြသည်။

Nalanda တက္ကသိုလ်သည် ယခင် မာဂဒတိုင်း၊ ယခု ဘီဟာပြည်နယ်တွင်ရှိသည်။ ဗုဒ္ဓဘာသာအစပျိုးထွန်းကားရာဒေသဖြစ် သောကြောင့် သမိုင်းဝင်ထင်ရှားသည့် ဒေသကြီးတစ်ခုလည်းဖြစ်သည်။ ဘီဟာဆိုသည်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (ဝိဟာရ) များစွာရှိသောအရပ်ဟု ဆိုလိုသည်။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က နာလန္ဒာမြို့ကြီးသည် အလွန်စည်ကားသော မြို့ကြီးဖြစ်ခဲ့သည်။ နာလန္ဒာသည် ထင်ရှားသည့် ဗုဒ္ဓတရားထူးတရားမြတ်များ ဟောကြားရာ သရက်ဥယျာဉ်ကြီးလည်းရှိပြီး၊ ဗုဒ္ဓ၏တပည့် သာဝက ရှင်သာရိပုတ္တရာနှင့် အာသောကမင်းတို့၏ ဇာတိမွေးရပ်မြေလည်းဖြစ်သည်။

နာလန္ဒာတက္ကသိုလ်ကို အေစီ ၄၁၅-၄၅၅ ခုနှစ်အုပ်ချုပ်သည့် ဘုရင် ကုမာရ ဂုပတားကတည်ဆောက်ပေးခဲ့သည်။ ခမ်းမဆောင် ကြီးသည် ပေပေါင်း ၃၀၀ အမြင့်ရှိပြီး ကျောင်းသားပေါင်း ၁၀၀၀၀ ခန့်တက်ရောက်ပညာသင်ကြားရာ နေရာဖြစ်သည်။ စာပေ သင်ကြားပို့ချသည့် ဆရာပေါင်း ၁၅၁၀၊ အလုပ်သမားပေါင်း ၁၅၀၀ ခန့်ရှိကြောင်း တရုတ်နိုင်ငံမှ လာရောက် ပညာသင်ကြားသည့် ဘုန်းတော်ကြီး Hieun-Tsang ကမှတ်တမ်းတင်ခဲ့သည်။

နာလန္ဒာတက္ကသိုလ်တွင် တိဘက်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဆုမတ္တရာ၊ ဂျာဗားနှင့် သီရိလင်္ကာမှ ကျောင်းသားများ လာရောက်ပညာရှာမှီးကြသည်။ နာလန္ဒာတက္ကသိုလ်ဝင်ခွင့်ကို နှုတ်မေးနှုတ်ဖြေဖြင့် စစ်ဆေးသည်။ ပါမောက္ခကြီးများ ကိုယ်တိုင် ခမ်းကြီးထဲတွင် စစ်ဆေးလေ့ရှိသည်။ စာပေလာရောက်သင်ကြားမည့်သူများသည် သက္ကတဘာသာတတ်မှသာ လာရောက်သင်ကြားခွင့်ရှိသည်။ ပညာသင်ကြားရာတွင် ပို့ချခြင်းနည်း၊ အပြန်လှန် အချေအတင်ဝေဖန်နည်း၊ ဆွေးနွေးဝေဖန် နည်းများကို အသုံးပြုကြသည်။ နေ့စဉ် ပို့ချမှုပေါင်း ၁၀၀ခန့်ကို ဆည်းပူးလေ့လာရကြောင်း Hieun-Tsang ကဆိုသည်။

Vickramasila တက္ကသိုလ်သည် ဂင်္ဂါမြစ်ကမ်းဘေးတွင် တည်ဆောက်ထားသည်။ မာဂဒတိုင်းမြောက်ပိုင်းတွင်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ ယခုလက်ရှိ ယင်းနေရာကို ရှာမတွေ့တော့သော်လည်း အိန္ဒိယရှေးဟောင်းပညာရှင် ဒေါက်တာ ဘီ အက်စ် ဗာမာက ဘာဂါပါလ်ပြည်နယ်၊ ကာဟာလာဂွန်မြို့အနီးရှိ အန်တီချက်ကျေးရွာနေရာဖြစ်မည်ဟု ဖော်ထုတ်တင်ပြခဲ့ဖူး သည်။

Vickramasila တက္ကသိုလ်ကို ကမ္မပါလ ဘုန်းတော်ကြီးကတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အေစီ ၇၇၀ မှ ၈၁၀ အတွင်း အုပ်စိုးသွားသည့် ဘုရင် ဓမ္မပါလမင်း၏ ကူညီထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဘုရင်ကိုယ်တိုင် မြေများကို လှူဒါန်းပြီး အဆောက်အအုံများကို တည်ဆောက်ပေးခဲ့သည်။ ပင်မခမ်းမဆောင်ကြီးတစ်ဆောင်ရှိပြီး ဝိဒယဆောင်ဟု ခေါ်သည်။ ကျောင်းဝင်းအတွင်းဝင်ရန် မုခ်ဦး ခြောက်ခုရှိပြီး မုခ်ဦးတစ်ခုစီ၏ အဝင်ဝတွင် ဘုန်းတော်ကြီးကျောင်းဆောင် တစ်ဆောင်စီရှိကာ၊ ထိုကျောင်းများတွင် စာပေသင်ကြားသည် ဆရာ ၁၅၀ ဦးစီနေထိုင်ကြသည်။

ပါမောက္ခဆရာတော် ခြောက်ပါးရှိပြီး ယင်းဆရာတော်များက ကျောင်းဝင်ခွင့်ကို စစ်ဆေးသည်။ ပါမောက္ခဆရာတော် ၁၀၈ ဦးတို့သည် အလှည့်ကျ စာပေပို့ချမှုများကို ဆောင်ရွက်ကြသည်။ သင်ကြားသည့် သင်ရိုးများမှာ နာလန္ဒာတက္ကသိုလ်နှင့် အတူတူပင်ဖြစ်သည်။

Odantapuri တက္ကသိုလ်သည် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် ရှေးအကျဆုံး တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ မာဂဒတိုင်း အတွင်း၌ပင်တည်ဆောက်ထားပြီး နာလန္ဒာတက္ကသိုလ်မှ ခြောက်မိုင်ခန့်ကွာဝေးသည့်အရပ်တွင် တည်ဆောက်ထားခြင်းဖြစ် သည်။ ယင်းတက္ကသိုလ်ကို ထူထောင်တည်ဆောက်ပေးခဲ့သူမှာ အေဒီ ၆၆၀ မှ ၇၀၅ ခုနှစ်အတွင်း အုပ်စိုးခဲ့သည့် ဂေါပါလဘုရင် ဖြစ်သည်။

တိဘက်မှကျောင်းလာတက်သော ရဟန်းတစ်ပါး၏မှတ်တမ်းအရ ထိုကျောင်းတွင် ကျောင်းသားပေါင်း ၁၂၀၀၀ ဦးခန့်ရှိသည်။ ထိုကျောင်းတော်ကြီးကို မွတ်ဆလင်တို့က ဖျက်ဆီးလိုက်သောကြောင့် ယခုအခါ အုတ်ရိုးလောက်ကိုသာ တွေ့မြင်ကြရတော့ သည်။

Somapura တက္ကသိုလ်သည် အရှေ့ပါကစ္စတန်နိုင်ငံအတွင်း တည်ရှိသည်။ အေစီ ၈၁၀ မှ ၈၅၀ အတွင်း အုပ်စိုးခဲ့သော ဘုရင် ဒေဝပါလမင်းက တည်ထောင်ပေးခဲ့သော တက္ကသိုလ်ကြီးဖြစ်သည်။ ဓမ္မပါလကျောင်းဆောင်ကြီးကို ခမ်းနားကြီးကျယ်စွာ တည်ဆောင်ခဲ့ကြောင်း မှတ်တမ်းများတွေ့ရသည်။ ထိုကျောင်းတော်တည်နေရာကို အပျက်အစီးအတိုင်း ပြန်လည်တွေ့ရှိရသည့် နေရာသည်ပင် စတုရန်ရန်းမိုင် တစ်မိုင်ပတ်လည်ခန့်ရှိသည်။ ကျောင်းဝင်းအတွင်းဝင်သည့် ဂိတ်ပေါက်ကြီးတစ်ခုရှိပြီး ပတ်လည်ကို မြို့ရိုးတံတိုင်းအမြင့်များဖြင့် ကာရံထားသည်။ ရဟန်းသံဃာများနေထိုင်ရန် အခန်းပေါင်း ၁၇၇ ခန်းရှိသည်။ ထို့ပြင် ကျောင်းဝင်းအတွင်း ဘုရားပုထိုးများနှင့် အခြားအိမ်အဆောက်အအုံများကိုလည်း တည်ဆောက်ထားကြောင်း တွေ့ရ သည်။ အပျက်အစီးများကြားတွင် မီးဖိုချောင်ကြီးတစ်ခုကိုတွေ့ရသည်။ အထပ်သုံးထပ်ရှိမည်ဟု ခန့်မှန်းရသည်။ မွတ်ဆလင် များဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်းမခံရမီ နှစ်ပေါင်း ၇၅၀ ခန့် တည်မြဲခဲ့သည့် ကျောင်းတော်ကြီးတစ်ခုဖြစ်သည်။

Jagaddala တက္ကသိုလ်သည် ၁၀၇၇ ခုနှစ်မှ ၁၁၂၉ ခုနှစ်အထိ အုပ်စိုးသွားသော ဘုရင် ရာမပါလလက်ထက်တွင် တည်ဆောက်သွားသော ကျောင်းတော်ကြီးဖြစ်သည်။ ပါလမင်းဆက်များတည်ဆောက်သည့် အဆောက်အအုံများထဲတွင် အကြီးဆုံးဟုဆိုနိုင်သည်။ ကျောင်းတော်ကြီးအလည်တည့်တည့်တွင် ဗုဒ္ဓဘာသာစာပေများကို သင်ကြားပို့ချသည့် ခမ်းမဆောင် ကြီးတစ်ခုရှိသည်။ နာလန္ဒာတက္ကသိုလ်တွင် သင်ကြားသည့် သင်ရိုး၊ လက်တွေ့၊ အစဉ်အလာနည်းနာများအတိုင်း ယင်းကျောင်းတွင်လည်း သင်ကြားပို့ချသည်။ တိဘက်နိုင်ငံအတွင်းသင်ကြားပို့ချရန် သက္ကတဘာသာမှ တိဘက်ဘာသာသို့ ထိုကျောင်းတော်ကြီးအတွင်း ဘာသာပြန်လုပ်ငန်းများကို လုပ်ဆောင်သွားသည်ဟုဆိုသည်။ ဓမ္မသီလရဟန်းသည် ဤကျောင်းတွင် စာပေလာရောက်သင်ကြားစဉ် တိဘက်ဘာသာသို့ စာအုပ် ဆယ်အုပ်ပြန်ဆိုသွားသည်။ ဓမ္မသီလသည် ဤကျောင်းတွင် ၇ နှစ်ပညာဆည်းပူးသွားခဲ့သည်။ ၁၀၂၇ ခုနှစ်တွင် ထိုကျောင်းတော်ကြီးကိုလည်း မွတ်ဆလင် တို့က ဖျက်ဆီးသွားခဲ့သည်။

Villabhi တက္ကသိုလ်သည် နာလန္ဒာတက္ကသိုလ်ကဲ့သို့ပင် နာမည်ကျော်ကြားသည်။ မိတ္တကဘုရင်သည် အနောက်အိန္ဒိယ နယ်တွင် ဝေလဘီသီယာမြို့ကို ထူထောင်စဉ်က ယင်းတက္ကသိုလ်ကိုပါ တည်ဆောက်ပေးခဲ့သည်။ နာလန္ဒာတက္ကသိုလ်သည် မဟာယာနဗုဒ္ဓဘာသာကို ဖြန့်ဖြူးပေးသည့် အဓိကတက္ကသိုလ်ကြီးဖြစ်သကဲ့သို့ Villabhi တက္ကသိုလ်သည်လည်း ဟိနာယနဗုဒ္ဓဘာသာကို အဓိကဖြန့်ဖြူးပေးရာ ကျောင်းတော်ကြီးဖြစ်ခဲ့သည်။ မိတ္တကဘုရင်ကြီးသည် တက္ကသိုလ်ကြီးကို အထူးအကုန်အကျခံပြီး တည်ဆောက်ပေးခဲ့သည်။

နိုင်ငံသည် ကြွယ်ဝချမ်းသာသောနိုင်ငံဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်း ရာနှင်ချီပြီးရှိကာ၊ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ပေါင်း ၆၀၀၀ ခန့်ရှိသည်။ Villabhi ကျောင်းတွင် အဆောင်ပေါင်း ရာကျော်ရှိပြီး သံဃာပေါင်း ၆၀၀၀ ခန့်စာသင်ကြား နေကြသည်။ သူတို့သည် ဟိနာယနဂိုဏ်းဝင်များဖြစ်သောကြောင့် အဘိဓမ္မာကို မယုံကြည်ကြပေ။ Villabhi ကို နောက်ပိုင်းတွင် အာသောကမင်းကြီးရောက်လာပြီး ဂိုဏ်းကိုဖျက်ကာ ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားရန် ဆောင်ရွက်ခဲ့ သည်။