ရှု၊ ဒေါ်(ပြည်သူ့ဂုဏ်ရည်ဆုရှင်)

ဝီကီပီးဒီးယား မှ
ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု

ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု[ပြင်ဆင်ရန်]

ဒေါ်ရှု ကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ဘိုကလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၂ ယောက်အနက် အကြီးဆုံးဖြစ်သည်။ အခြေခံပညာ အလယ်တန်း အထိ ပညာသင်ယူခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အသက်မွေးဝမ်းကျောင်းအဖြစ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ၁၉⁠၉၃ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ဝင်ရောက်ခဲ့ပြီး စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။


၂၀⁠၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့အရေးအခင်း ကြောင့် အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မည့်သူ မရှိသော သံဃာတော်များ၊ သီလရှင်များအား အပတ်စဉ်ထောင်ဝင်စာ ပေးပို့နိုင်ရန် မိသားစု၏ စိတ်ပူပန်မှုနှင့် အာဏာပိုင်များ၏ ဖိအားပေး နှောင့်ယှက်မှုများကြားက ဆောင်ရွက်ခဲ့သူ ဖြစ်သည်။


မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များထဲတွင် ထောင်ဝင်စာတွေ့မည့်သူမရှိကြသော သံဃာတော်များထံသို့ ပေးပို့မည့် ထောင်ဝင်စာထုပ်များကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဝေဠုဝန် မြောက်ရပ်ကွက်ရှိ ဒေါ်ရှု၏ နှစ်ထပ်အိမ်လေးထဲတွင် အမြဲမပြတ် တွေ့ရတတ်သည်။ ထောင်ဝင်စာ အစားအသောက်များ အချိန်မီ ပေးပို့နိုင်ရန် အကူမိန်းကလေး ၂ ဦးနှင့်အတူ ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ် ကြော်လှော်ရခြင်း ဖြစ်သည်။

၂၀⁠၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာ့ အရေးအခင်း ပြီးခါစ၊ ရှေ့နေ ကိုဖိုးဖြူက ၎င်း ရှေ့နေလိုက်ပေးနေသည့် အမှုတွင်ပါသော မြောက်ဥက္ကလာပဘုန်းကြီးကျောင်းမှ သံဃာတော်များနှင့် သီလရှင်များအား ထောင်ဝင်စာတွေ့မည့်သူ မရှိ၍ ဆွမ်းကပ်ပေးရန် အကူအညီ တောင်းခဲ့သောကြောင့် သံဃာတော် ၇ ပါးနှင့် သီလရှင် ၇ ပါးတို့အား စတင်ကူညီခဲ့ရာမှ အခြားသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကိုပါ ထောင်ဝင်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဒေါ်ရှုသည် သံဃာ အပါး ၅၀ ကျော်အား အမြဲမပြတ် ထောင်ဝင်စာ ပေးပို့နေခဲ့သည်။ ဤသို့ တိုးပွားလာသည့် သံဃာတော်များအတွက် ထောင်ဝင်စာ အပတ်စဉ် ပို့နိုင်ရန် NLD လူမှုအထောက်အကူပြုအဖွဲ့က ကူညီသည့် ထောက်ပံ့ငွေနှင့် (နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက် တစ်လ ၅၀⁠၀၀ ကျပ်နှုန်း) သူမ၏ကိုယ်ပိုင်ငွေများကို အသုံးပြုရခြင်း ဖြစ်သည်။

သံဃာတော်များအား ထောင်ဝင်စာတွေ့ခြင်း၊ ထောင်ဝင်စာထုပ် ပေးပို့ခြင်းများမှာ မလွယ်ကူလှပါ။ မြန်မာပြည်တွင် အကျဉ်းသား၏ မိသားစုဝင် များသာ ထောင်ဝင်စာ တွေ့ခွင့် ရသောကြောင့် ဒေါ်ရှုအနေဖြင့် ရန်ကုန်မှ အကျဉ်းကျ သံဃာများအတွက် ထောင်ဝင်စာထုပ်များကို အင်းစိန်ထောင်ဘူးဝ၌သာ ပေးခွင့်ရသည်။ တခါတရံ ထောင်ဝန်ထမ်းများ၏ အချိန်ဆွဲမှုကြောင့် တနေကုန် စောင့်ဆိုင်းရခြင်းများလည်း ကြုံခဲ့ရသည်။ နယ်ထောင်များအတွက် ထောင်ဝင်စာထုပ်ကို အသေအချာ ထုပ်ပိုးပြီး ဗဟိုစာတိုက်ကြီး က တဆင့် ပေးပို့ရခြင်းဖြစ်သည်။ တရားရုံးတွင် အမှုရင်ဆိုင်နေစဉ် တွေ့ဆုံခွင့်ရသည့် သံဃာတော်များမှလွဲ၍ ကျန်သံဃာတော်များကို မတွေ့ဖူး မသိဖူးပဲ အကူအညီပေးနေသူ ဖြစ်သည်။

ဒေါ်ရှုသည် ၂၀⁠၀၇ ခုနှစ် ဇူလိုင်လ အတွင်းက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကျောက်တော်ကြီးဘုရား တွင် ဝတ်ပြု ဆုတောင်းခဲ့သောကြောင့် ၄၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး၊ ယခုကဲ့သို့ ထောင်ဝင်စာ ပေးပို့နေခြင်းများအတွက်လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ခံခဲ့ရသည်။ ထို့အပြင် သူမ၏ နိုင်ငံကူးလက်မှတ်ကိုလည်း ပိတ်ပင်ထားခြင်း ခံရသည်။

၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သည့် ဆရာတော် အရှင်စန္ဒောဘာသက ဒေါ်ရှုကို ဘိက္ခုမာတာ ဟု အမည်မှည့်ခေါ်ခဲ့သည်။ ဘိက္ခုမာတာ မှာ ပါဠိဘာသာဖြစ်ပြီး၊ သာသနာ့အနွယ်ဝင်တို့၏မိခင် ဟု အဓိပ္ပာယ်ရသည်။

၂၀၁၁ ခုနှစ် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၀ က ဆန္ဒမဲပေါင်း ၂၅၀၂⁠၂၈ ပေးခဲ့ကြသည့်အနက် ၄၃.၉၁ ရာခိုင်နှုန်းဖြင့် ဘိက္ခုမာတာဒေါ်ရှုအား ချီးမြှင့်ဂုဏ်ပြုခဲ့ကြသည်။ ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 31 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။