ရှုံးပွဲမရှိ (ရုပ်ရှင်)
| Invictus | |
လူထုက ခေါင်းဆောင်တစ်ဦး လိုအပ်နေချိန် ထိုခေါင်းဆောင်က ချီပီယံ အဖွဲ့တစ်ဖွဲ့ကို ပေးအပ်ခဲ့သည်။ |
|
| ဒါရိုက်တာ | ကလင့် အိစ်ဝူဒ် (Clint Eastwood) |
|---|---|
| ထုတ်လုပ်သူ | Clint Eastwood Lori McCreary Robert Lorenz Mace Neufeld |
| ဇာတ်ညွှန်း | Anthony Peckham ဝတ္ထု: John Carlin |
| သရုပ်ဆောင် | မက်တ် ဒေမင် (Matt Damon) မော်ဂန် ဖရီးမင်း (Morgan Freeman) |
| ဂီတမှူး | Kyle Eastwood Michael Stevens |
| ဓာတ်ပုံ | Tom Stern |
| တည်းဖြတ် | Joel Cox Gary D. Roach |
| စတူဒီယို | Spyglass Entertainment Revelations Entertainment Malpaso Productions |
| ထုတ်ဝေသူ | Warner Bros. |
| ဖြန့်ချိသည့်နေ့ | December 11, 2009 |
| ကြာမြင့်ချိန် | ၁၃၃ မိနစ် |
| နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
| ဘာသာစကား | အင်္ဂလိပ် |
| ကုန်ကျငွေ | $50 million[၁] |
| ရောင်းရငွေ | $26,625,000 (domestic estimate) |
ရှုံးပွဲမရှိ (Invictus) ရုပ်ရှင်ဇာတ်ကားသည် ၁၉၉၅ ခုနှစ် တောင်အာဖရိကနိုင်ငံတွင် ရဂ်ဘီ ကမ္ဘာ့ဖလားပွဲ ကျင်းပနေချိန် အတောအတွင်း သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ၏ ဘဝ အဖြစ်မှန်ကို အရင်းခံ ရိုက်ကူးထားသည့် အတ္ထုပ္ပတ္တိဟန် ဒရာမာဇာတ်ကား တစ်ကားဖြစ်သည်။ ဒါရိုက်တာ ကလင့် အိစ်ဝူဒ် (Clint Eastwood) ၏ လက်ရာဖြစ်ကာ လူမဲမင်းသားကြီး မော်ဂန် ဖရီးမင်း (Morgan Freeman) က သမ္မတ မန်ဒဲလားအဖြစ်၊ မက်တ် ဒေမင် (Matt Damon) က တောင်အာဖရိက အမျိုးသား ရဂ်ဘီအသင်းခေါင်းဆောင် ဖရန်စွာ ပီရဲနား (François Pienaar) အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ [၂] ဇာတ်လမ်းမှာ ဂျွန် ကာလင် (John Carlin) ၏ ဝတ္ထု Playing the Enemy: Nelson Mandela and the Game That Changed a Nation ကို အခြေခံထားသည်။ ရှုံးပွဲမရှိ ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စတင် ဖြန့်ချီသည်။
[ပြင်ဆင်ရန်] ဇာတ်လမ်းအကျဉ်း
ရော့ဘင်ကျွန်းတွင် ဆယ်စုနှစ် များစွာ အကျဉ်းကျခဲ့သည့် နယ်လ်ဆင် မန်ဒဲလားသည် ၁၉၉၀ ခုနှစ်တွင် လွတ်မြောက်လာပြီးပြီးချင်း လူမျိုးရေးခွဲခြားမှု ချုပ်ငြိမ်းရေးနှင့် လူမည်းအများစုတို့ ကိုယ်တိုင်မဲပေးနိုင်သည့် ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကျင့်သုံးနိုင်ရန် ကြိုးပမ်းခဲ့သည်။ မန်ဒဲလားသည် သမ္မတရွေးကောက်ပွဲကို အနိုင်ရပြီး ၁၉၉၄ ခုနှစ်တွင် ရာထူးတက်ခဲ့သည်။ သူချက်ချင်းရင်ဆိုင်ရမည့် ပြဿနာမှာ လူမည်းတို့၏ ပြင်းပြသောရည်မှန်းချက်နှင့် လူဖြူတို့၏ စိုးရွံ့မှုများအကြား ချိန်ခွင်လျှာမျှအောင် ဆောင်ရွက်ပေးရန် ဖြစ်ပေသည်။ လူမည်းသမ္မတ ရာထူးတက်လာသည် ဆိုသော်လည်း တိုင်းပြည်အတွင်း အသားအရောင် ကွဲပြားသူများအကြား တင်းမာမှုများ ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိသေးပါ။ ဤအချက်ကို မန်ဒဲလား၏ လုံခြုံရေးအဖွဲ့တွင် ကွက်ကွက်ကွင်းကွင်း တွေ့မြင်နေရသည်။ အသစ်ရောက်လာသည့် လူမည်းဝန်ထမ်းများနှင့် ရှိရင်းစွဲ ဝါရင့် လူဖြူအရာရှိများအကြား လက်ငင်းအခြေအနေအရ တလှေတည်းစီး တခရီးတည်းသွားဖော်များ ဖြစ်ကြသည်ဆိုဦးတော့ တစ်ဦးအပေါ် တစ်ဦး ရန်လိုမှုများ ကိန်းအောင်းလျက် ရှိနေသေးသည်။
မန်ဒဲလားက တိုင်းပြည်၏ ရာဇဝတ်မှုပပျောက်ရေးနှင့် အလုပ်လက်မဲ့ အပါအဝင် အကြီးမားဆုံး ပြဿနာများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေချိန် စပရင်းဘုခ် (Springboks; ခုန်ပျံကျော်လွှားနေသည့် တောဆိတ်) အသင်း၏ ရဂ်ဘီပွဲကို သွားရောက် ကြည့်ရှုသည်။ လူမည်းပရိသတ်များက ကိုယ့်နိုင်ငံအသင်းအတွက် အော်ဟစ်အားပေးနေကြသည်။ သို့သော် ထိုရဂ်ဘီအသင်းမှာ ရာဇဝင်အရ၊ အသင်းသားများသာမက အသင်း၏ အရောင်ပင်လျှင် အဖြူရောင် ဖြစ်နေလေရာ အဖြူအမဲ သဲသဲကွဲကွဲ ဖြစ်နေတော့သည်။ နောက်တစ်နှစ်တွင် ကမ္ဘာ့ဖလားပွဲကို ကျင်းပရမည်ကို သိသည့် မန်ဒဲလားသည် စပရင်းဘုခ်အသင်း၏ အရောင်နှင့် အသင်းသားများကိုပါ မူလအတိုင်းထားရန် တောင်အာဖရိက ရဂ်ဘီယူနီယံအဖွဲ့ကို သိမ်းသွင်းပြောဆိုသည်။ ထို့နောက်တွင် မန်ဒဲလားသည် အသင်းခေါင်းဆောင် ဖရန်စွာ ပီရဲနားနှင့် တွေ့ကြရာတွင် မန်ဒဲလားက ပြောင်ပြောင်တင်းတင်း ဖွင့်မပြောခဲ့ပေမဲ့ အကယ်၍ စပရင်းဘုခ်အသင်းသည် လူမည်းများ၏ ထောက်ခံအားပေးမှုကို ရရှိကာ ကမ္ဘာ့ဖလားပွဲတွင် အောင်ပွဲခံနိုင်လျှင် လူထုတစ်ရပ်လုံး စည်းလုံးညီညွတ်မှု ရရှိနိုင်မည်ဆိုသည့် မန်ဒဲလား၏ သဘောထားကို ဖရန်စွာ ပီရဲနား က ရိပ်မိလိုက်သည်။ မန်ဒဲလားကလဲ သူအကျဉ်းကျနေစဉ်အတွင်း သူ့အား ကြံ့ကြံ့ခိုင်ခိုင်ရှိစေရန်၊ မားမားမတ်မတ်ရပ်စေရန်နှင့် စိတ်ဓာတ်တက်ကြွစေသည့် Invictus ခေါင်းစဉ်ရှိ ကဗျာတစ်ပုဒ်ကို မျှဝေခဲ့သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ Thompson On Hollywood on Variety.com
- ↑ Stephensen, Hunter (March 14, 2009). First Look: Clint Eastwood's The Human Factor with Matt Damon. Slash Film. Retrieved on 2009-03-31။
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်
- Official Website
- Invictus trailer at the Governing Dynamo