ရှီးလား၊ ဂျေအက်(ဖ)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဖရီးဒရစ် ရှီးလား၏ ပုံတူ

ရှီးလား၊ ဂျေအက်(ဖ) (ခရစ် ၁၇၅၉-၁၈ဝ၅)[ပြင်​ဆင်​ရန်​]

ယိုဟန်းဖရီးဒရစ် ဖွန်ရှီးလားသည် ပြဇာတ်နှင့် ကဗျာ ရေးသားရာတွင် ထင်ရှားကျော်ကြားသော ဂျာမန်စာဆိုပညာရှင် တစ်ဦး ဖြစ်ပေသည်။ သူ့ခေတ် သူ့အခါက စာဆိုကြီး ဂါထာမှ လွဲလျှင် ပြဇာတ်အရေးအသား၌ အတော်ဆုံးဟူ၍ နာမည်ကျော် ကြားခဲ့သည်။ ရှီးလား၏ ပြဇာတ်များသည် ဇာတ်ကြောင်းဖွဲ့ပုံ၊ ဇာတ်ကောင်များကို သရုပ်ဖော်ပုံတို့၌ သူမတူအောင် ကောင်း မွန်လေသဖြင့် ရုံတင်ပြသရာတွင် ပထမတန်းပြဇာတ်များလည်း ဖြစ်ကြသည်။ ရှီးလားသည် ငယ်စဉ်ကပင် ဖိနှိပ်ချုပ် ချယ်မှုကို ရွံရှာမုန်းတီးသည့်အလျှောက် သူ၏ပြဇာတ်များသည် မတရား ချုပ်ချယ်မှုများကို ပြင်းထန်စွာ ရှုတ်ချ၍ ဂျာမန်လူထုအား မတရားမှုများကို တော်လှန်ရေးစိတ်ဓာတ်များ သွင်းပေးခဲ့သည်။ ရှီးလားသည် ဗပ်တင်ဗတ်နယ်ရှိ မားဗတ်မြို့ကလေး၌ ၁၇၅၉ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် မွေးဖွားသည်။ ဖခင်သည် ဗပ်တင်ဗတ်နယ်စားကြီး၏ စစ်တပ်မှ ဆေးဘက် ဆိုင်ရာ အရာထမ်း အမှုထမ်းများ၏ သားသမီးများအား ပညာ သင်ကြားပေးပြီးလျှင် မိမိစိတ်ကြိုက်အတိုင်း ပုံသွင်းနိုင်ရန် စစ်ကျောင်းတစ်ကျောင်း ဖွင့်သည်။ စစ်ကျောင်းဆိုသော်လည်း စစ်ပညာသာမက ဥပဒေပညာ စသည်တို့ကိုလည်း သင်ကြား ပေးသည်။ ကျောင်း၏ စည်းကမ်းစံနစ်တို့မှာ စစ်တပ်စည်းကမ်း စံနစ်အတိုင်း ဖြစ်သည်။ ရှီးလားသည် ထိုကျောင်း၌ မနေလို သော်လည်း ဖခင်က မင်းမှုထမ်းဖြစ်နေ၍ အာဏာမဖီဆန်ဝံ့ သဖြင့် ထိုကျောင်း၌ ပညာဆည်းပူးရ သည်။ သို့သော် လူ့ အခွင့်အရေးနှင့် လွတ်လပ်မှု ချုပ်ချယ်ခြင်းများကို ထိုစဉ်ကပင် မနှစ်သက်ဘဲ တော်လှန် ရေး စိတ်ဓာတ်များ တစ်စတစ်စ မွေးမြူခဲ့လေသည်။

ရှီးလားသည် ထိုကျောင်း၌ ဥပဒေပညာကို ဆည်းပူးသည်။ ထိုနောက် ထိုကျောင်းကို တပ်ဂတ်မြို့သို့ ပြောင်းရွေ့ဖွင့်လှစ် သောအခါ ထိုကျောင်း၌ ဆေးအတတ်ပညာ သင်ကြားရေးဌာန ကိုပါ ဖွင့်လှစ်သည်။ ထိုအခါ ရှီးလားသည် ဖခင်နည်းတူ ဆရာဝန်တစ်ဦး ဖြစ်နိုင်ရန် ဆေးအတတ်ပညာကို လေ့လာ ဆည်းပူးသည်။ ထိုစဉ်အတွင်း ငယ်စဉ်ကပင် စာပေဝါသနာထုံခဲ့ သူ ဖြစ်၍ စာပေများကို ရေးသားလေ့ကျင့်နေခဲ့သည်။ သူသည် ဓါးပြများအမည်ရှိ ပြဇာတ်တစ်ခုကို လျှို့ဝှက်စွာ ရေးသားခဲ့ လေသည်။

၁၇၈ဝ ပြည့်နှစ်တွင် ရှီးလားသည် ကျောင်းမှ ထွက်ရ၍ စတပ်ဂတ်ရှိ စစ်တပ်တစ်တပ်တွင် ဆရာဝန်အဖြစ် အမှုထမ်းရ သည်။ အလုပ်ပင်ပန်း၍ လစာရိက္ခာ ကောင်းစွာမရသဖြင့် သုံးစွဲဖို့ ငွေကြေးပို၍ ရလိုရငြား ရှီးလားသည် ငွေချေးပြီးလျှင် သူလျှို့ဝှက်စွာ ရေးသားခဲ့သော ဓါးပြများပြဇာတ်ကို ပုံနှိပ် ထုတ်ဝေသည်။ ထိုပြဇာတ်သည် စာပေလောကသို့ ဂယက်မရိုက် သေးသော်လည်း ပြဇာတ်များကို ရုံတင်ပြသသူပြဇာတ် ဒါရိုက် တာကြီး တစ်ဦးသည် ရှီးလား၏ ပြဇာတ်ကို သဘောကျနေခဲ့ သည်။ ထိုကြောင့် ရှီးလားအား ထိုပြဇာတ်ကို ရုံတင်ပြသနိုင် အောင် ပြန်၍ ပြုပြင်ရေးသားစေပြီးသော် မန်းဟိုင်းမြို့ ပြဇာတ် ရုံတွင် ၁၇၈၁ ခုနှစ်၌ ရုံတင်ပြသရာ အထူးအောင်မြင်လေ သည်။

ထိုအခါ စစ်တပ်မှ ဆရာဝန်ကလေးသည် ပြဇာတ် အရေး ကောင်းသည်ဟု နာမည်ကြီးလာသည်။ ရှီးလားသည်လည်း မိမိ ပြဇာတ်၏ အောင်မြင်မှုအတွက် အားတက်ပြီးသော် နောက်ထပ် ပြဇာတ်တစ်ပုဒ် ရေးသားသည်။ သို့သော် မိမိတို့၏အရှင်သခင် နယ်စားကြီးက မနှစ်သက်သဖြင့် ချုပ်ချယ်မှုများ ပြုလာသည်။ ထိုကြောင့် ရှီးလားသည် ဗပ်တင်ဗတ်နယ်မှ ထွက်ပြေးပြီးလျှင် ပလက်တနိတ်နယ်၌ သွားရောက်ခိုလှုံနေထိုင်၍ ပြဇာတ်ရေးသား နေခဲ့သည်။ ထိုနောက် နယ်စားကြီးက သူ့အပေါ်တွင် နောက် ထပ် အရေးယူ ချုပ်ချယ်မှုများ မပြုတော့ကြောင်း သိရလျှင် ရှီးလားည် မန်းဟိုင်းသို့ ပြန်လာကာ ရုံတင်ပြသရန် ပြဇာတ် များကို ရေးသားနေခဲ့သည်။

သုံးနှစ်ခန့်ကြာလျှင် မန်းဟိုင်းပြဇာတ်ရုံအတွက် ပြဇာတ် များလည်း ရေးမပေးရတော့သဖြင့် ရှီးလားသည် ကျပ်ကျပ် တည်းတည်း ဖြစ်လာသည်။ ထိုကြောင့် မိတ်ဆွေဝတ်လုံတော်ရ တစ်ဦး၏ ဖိတ်ခေါ်ချကအရ ဒရက်ဇဒင်မြို့သို့ သွားရောက်နေ ထိုင်ပြီးလျှင် သူ၏လက်ရာမွန်တစ်ခုဖြစ်သော ဒွန်ကာလော့ ပြဇာတ်ကို ရေးသားသည်။ ထိုပြဇာတ်နှင့် စပ်လျဉ်း၍ ရာဇဝင် သမိုင်းများကို သုတေသနပြုလုပ်ရပေရာ ရှီးလားသည် ရာဇဝင် သမိုင်းများကို များစွာ စိတ်ဝင်စားလာ၍ သုတေသနလုပ်ငန်း များစွာကို ဆောင်ရွက်ခဲ့လေသည်။

ဒွန်ကာလော့ပြဇာတ်ကို ၁၇၈၉ ခုနှစ်တွင် လိုက်ပဆစ် မြို့ ပြဇာတ်ရုံ၌ ရုံတင်လေရာ ရှီးလား၏အမည်သည် အလွန် ထင်ပေါ်ကျော်ကြားသွားလေသည်။ နာမည်ကျော်ကြားမှုကို ရရှိရုံ သာမက ထိုခေတ်က ဂျာမန်ပြဇာတ်ရေးဆရာ အကျော်အမော် ဖြစ်သော ဂါတာနှင့် အကျွမ်းတဝင် ဖြစ်ကာ အထူးပင် ခင်မင် ရင်းနှီးသွားကြသည်။ ရှီးလားသည် ရာဇဝင်သမိုင်းဘက်၌လည်း ထက်မြက်ကြောင်းကို သိသဖြင့် ဂါတာသည် ၁၇၈၈ ခုနှစ်တွင် ရှီးလားအား ဂျီနားတက္ကသိုလ်၌ သမိုင်းပါမောက္ခရာထူး ရရှိ အောင် ဆောင်ရွက်ပေးသည်။

ရှီးလားသည် ကျန်းမာရေးမကောင်းသဖြင့် ထိုရာထူးတွင် ကြာကြာ မဆောင်ရွက်နိုင်ခဲ့ပေ။ ထိုကြောင့် ရာဇဝင်သမိုင်းနှင့် ဒဿနိကဗေဒဆိုင်ရာ စာပေများကို ရေးသားပြုစုခဲ့ရာ နှစ်သုံး ဆယ်စစ်ပွဲစာအုပ်ကြီးသည် ရှီးလား၏ အကောင်းဆုံးလက်ရာ တစ်ခု ဖြစ်လေသည်။ ၁၇၉၉ ခုနှစ်တွင် ဂါတာ၏ တိုက်တွန်း ချက်အရ ရာဇဝင် သမိုင်းဇာတ်လမ်းဖြစ်သော ဗာလင်ရှုတိုင်း ပြဇာတ်ကို ရေးသားခဲ့လေရာ ရှီးလား၏ အကောင်းဆုံး ပြဇာတ် လက်ရာဟု အသိအမှတ် ပြုကြရသည်။ ရုံတင်ပြသရသော ဂျာမန်ပြဇာတ်များအနက် အကောင်းဆုံးဟုလည်း အသိအမှတ် ပြုကြလေသည်။

ထိုနှစ်တွင်ပင် ရှီးလားသည် ဗိုင်းမားမြို့သို့ ရွေ့ပြောင်း ပြီးလျှင် ဂါတာနှင့် တစ်ပြိုင်တည်းနေထိုင်ကာ ကဗျာနွယ်သော ပြဇာတ်များကိုလည်း ရေးသားခဲ့သည်။ရှီးလားသည် ကွယ်လွန်မီ ကလေးတွင် နာမည်ကျော် ဝီလျံဘဲပြဇာတ်ကို ရေးသားခဲ့ သည်။ ထိုပြဇာတ်သည် မတရား ဖိနှိပ်ချုပ်ချယ်မှုကို တော်လှန် သော တော်လှန်ရေးပြဇာတ် ဖြစ်၍ ထိုပြဇာတ်အတွက် ရှီးလား သည် ပို၍ နာမည်ကျော်ကြားခဲ့သည်။ ထိုပြဇာတ်သည်လည်း အကျော်ကြားဆုံးသော ပြဇာတ်တစ်ခုဖြစ်၍ ထိုပြဇာတ်၏ အင်္ဂလိပ်ဘာသာပြန်ကို အင်္ဂလိပ်စာ သင်ကြားတတ်မြောက်သူတို့ ဖတ်ဖူးကြပေလိမ့်မည်။

၁၈ဝ၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ရှီးလား ကွယ်လွန် သည်။ ဂျာမန်ပြဇာတ်လောကတွင် ဂါတာနှင့် ရှီးလား၏အမည် နှစ်ခုကို ထိပ်တန်းမှာ ထားကြရသည်။ ယင်းတို့နှစ်ဦးသည် ပညာတူသူများ ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင်ရင်းနှီးသည်။ ရှီးလားသည် ဂါတာထက် ငယ်သူဖြစ်၍ ဂါတာကို လေးလေးစားစားနှင့် ချစ်ခင်သည်။ ရှီးလားကွယ်လွန် သောအခါ ဂါတာသည် အလွန်စိတ်ထိခိုက်သွားသည်။ ဂါတာ ကွယ်လွန်သောအခါ ရှီးလား၏ ဂူအနီး၌ မြှုပ်နှံကြရလေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)