ရှက်ကယ်လတန်၊ ဆာအားနက် ဟင်နရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အားနက် ဟင်နရီ ရှက်ကယ်လတန်

ရှက်ကယ်လတန်၊ ဆာအားနက် ဟင်နရီ (ခရစ် ၁၈၇၄- ၁၉၂၂)[ပြင်​ဆင်​ရန်​]

ဆာအားနက် ဟင်နရီရှက်ကယ်လတန်သည် ပထဝီဝင်နှင့် သိပ္ပံပညာဆိုင်ရာ သုတေသနလုပ်ငန်းအတွက် တောင်ဝင်ရိုးစွန်း သို့ လေးကြိမ်တိုင်တိုင် စွန့်စားသွားရောက်ခဲ့သော ဗြိတိသျှ အမျိုးသားတစ်ဦး ဖြစ်သည်။ ပထမဆုံးအကြိမ်တွင် ကပ္ပတိန် ရောဗတ်စကော့၏ အဖွဲ့ဝင်တစ်ဦး အဖြစ် လိုက်ပါသွားခဲ့ရာ ကျန်းမာရေး ချွတ်ယွင်းလာသော ကြောင့် ခရီးပန်းတိုင်မရောက်မီ ပြန်လာခဲ့ရသည်။ ထို့ကြောင့် စကော့တို့လူစု တောင်ဝင်ရိုးစွန်း၌ ယူနီယံဂျက်အလံကို တလွှား လွှား တဝင့်ဝင့် စိုက်ထူနိုင်ချိန် (၁၉ဝ၄ ခုနှစ်)၌ ရှက်ကယ် လတန် မပါဝင်နိုင် ခဲ့ချေ။

ခရီးတစ်ဝက်တစ်ပျက်ဖြင့် ပြန်လာခဲ့သော ရှက်ကက် လတန်သည် စိတ်အားမလျော့ချေ။ ထို့ပြင် တောင်ဝင်ရိုးစွန်း ဒေသသို့ စကော့တို့နှင့် အတော်အတန် ခရီးပေါက်အောင် ရောက်ခဲ့ဖူးပြီး ဖြစ်သဖြင့် ကြမ်းတမ်းခက်ခဲသော ခရီးအတွေ့ အကြုံများကိုလည်း အလေ့အကျင့်ရှိပြီး ဖြစ်နေသည်။ထို့ကြောင့် တောင်ဝင်ရိုး စွန်းဒေသသို့ နောက်ထပ်သုံးကြိမ်သွားရောက်ခဲ့ရာ သူကိုယ်တိုင် ဦးစီးခေါင်းဆောင်ပြုခဲ့၍ ဒုတိယအကြိမ်သည်ကား အအောင်မြင်ဆုံးအကြိမ် ဖြစ်လေသည်။

ရှက်ကက်လတန်သည် ၁၉ဝ၇ ခုနှစ်တွင် တောင်ဝင်ရိုး စွန်းသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ထိုစဉ်က ရှက်ကက် လတန်ခေါင်းဆောင်သောအဖွဲ့သည် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထိုတောင်ဝင်ရိုးစွန်းနှင့် အနီးကပ်ဆုံးနေရာသို့ ရောက်ခဲ့၍ စကော့တို့၏ စံချိန်ကိုပင် ချိုးနိုင်ခဲ့သည်။ ထိုနေရာ သည် တောင်ဝင်ရိုးစွန်းမှ ၉၇ မိုင်ခန့်မျှသာ ကွာဝေးတော့ သည်။ ထိုပြင် ရှက်ကက်လတန်သည် တောင်ဝင်ရိုးစွန်းဒေသ ရှိ ပင်လယ်ရေပြင်မှ ပေ ၁၁၆ဝဝ ကျော်မြင့်သော အဲရီဗတ် တောင်ကိုလည်း တက်ခဲ့သည်။ တောင်သံလိုက် ဝင်ရိုးစွန်း၏ အတိအကျ တည်နေရာကိုလည်း သတ်မှတ်နိုင်ခဲ့သည်။ထိုစဉ်က ရှက်ကက်လတန်၏ စူးစမ်းတွေ့ရှိချက်များသည် ပထဝီဝင်နှင့် သိပ္ပံပညာရပ်များအတွက် အလွန်အဖိုးတန် အသုံးဝင်ကာ အချက်အလက်များ ဖြစ်လေသည်။

ထို့ကြောင့် ဗြိတိသျှအစိုးရသည် ရှက်ကက်လတန်တို့အဖွဲ့ ၏ ခရီးစရိတ်အတွက် ပေါင်ပေါင်း ၂ဝဝဝဝ ကို ထည့်ဝင် လှူဒါန်း၍ ရှက်ကက်လတန်အားလည်း ဆာဘွဲ့ဖြင့် ချီးမြှင့် လေသည်။

၁၉၁၄ ခုနှစ်တွင် ရှက်ကက်လတန်ခေါင်းဆောင်သော အဖွဲ့သည် တောင်ဝင်ရိုးစွန်းကို ဖြတ်ကျော်ရန် ခရီးထွက်လာကြ ပြန်သည်။ထိုတတိယအကြိမ်တွင်မူ ရှက်ကက်လတန်၏ မှန်းခြေ မပေါက်တော့ချေ။ အဖွဲ့ဝင်များ စီးလာသောသင်္ဘောသည် ရေခဲစိုင်မျောများ ကြားထဲတွင် ပိတ်ညပ်မိနေသဖြင့် ရှက်ကက် လတန်သည် မိမိ၏အဖွဲ့ဝင်များ အားလုံးကို မိုင်ပေါင်း ၁၈ဝ ကျော်ဝေးသည့် ဘေးကင်းရာနေရာတစ်ခုသို့ အရောက်ပို့ဆောင် ပေးရသည်။ထိုနောက် အဖွဲ့ဝင်တစ်စုနှင့်အတူ အကူအညီ ရနိုင် မည့် နေရာသို့ ရောက်အောင် ရေခဲပြင်များကို ဖြတ်ကာ မိုင် ပေါင်း ၈ဝဝ ကျော် အသက်ဆံဖျား ခက်ခဲပင်ပန်းစွာ လာခဲ့ရ သည်။ အကူအညီရသောအခါမှ ဘေးကင်းရာ၌ ရေခဲတောင် ရေခဲစိုင်များကြားထဲ၌ ပိတ်ညပ်နေသဖြင့် ဒုက္ခတွေ့နေရသော အချိန်မှာ နေ့ရက်အားဖြင့် ၄၅၇ ရက် ရှည်ကြာသည်ဟု သိရှိရ လေသည်။

ယင်းကဲ့သို့ ဒုက္ခမျိုးစုံကို ကြုံလင့်ကစား ရှက်ကက်လတန် သည် စိတ်မပျက်ပေ။ ၁၉၂၁ ခုနှစ်တွင် စတုတ္ထအကြိမ် တောင် ဝင်ရိုးစွန်းသို့ ခရီးထွက်ပြန်သည်။ ထိုအကြိမ်တွင်မူ လမ်းခရီး သင်္ဘောပေါ်တွင်ပင် တုတ်ကွေးဖျားမိရာမှ အဆုတ်ရောင်ရောဂါ ပါ ဖိစီးလာသဖြင့် ရည်ရွယ်ရင်း ခရီးပန်းတိုင်သို့ မရောက်မီ အသက်စွန့်သွားရလေသည်။

တောရုံ ဇွဲသတ္တိဖြင့် မစွန့်စားဝံ့သော စွန့်စားမှုမျိုးကို ပြုခဲ့ သည် ရှက်ကက်လတန်သည် အိုင်ယာလန်ပြည်၊ ကီလကီးမြို့၌ ၁၈၇၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဒါးလစ်ကောလိပ်ကျောင်း၌ ပညာဆည်းပူးခဲ့၍ ကောလိပ်မှထွက် လျှင် ကုန်သင်္ဘောများ၌ စတင်အမှုထမ်းသည်။ နောင်အခါ ရေ တပ်မတော်၌ အရာရှိကလေးတစ်ဦးအဖြစ် အမှုထမ်းရွက်နေရာမှ တောင်ဝင်ရိုးစွန်း ခရီးသွားအဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လေ သည်။ရှက်ကက်လတန်သည် ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက် နေ့တွင် သင်္ဘောပေါ်၌ အနိစ္စရောက်ရာ ဆောက်ဂျောဂျီးယား ကျွန်းပေါ်တွင် မြုပ်နှံသင်္ဂြိုဟ်လိုက်ကြလေသည်။ ရှက်ကက်လတန်သည် တောင်ဝင်ရိုးစွန်း ခရီးသွား မှတ် တမ်းများ ရေးသားထားခဲ့သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)