ရွှေမောဓောဘုရား(ပဲခူး)
| ရွှေမောဓောဘုရား(ပဲခူး) | |
| တည်နေရာ | ပဲခူးမြို့ |
| ဉာဏ်တော် | |
| ကျော်ကြားမှု | |
ရွှေမော်ဓေါဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓေါဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။
မူရင်းဘုရားသမိုင်း [ပြင်ဆင်ရန်]
ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆင်ဆင်တူသည်။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နှင့် ဘလိက မဟုတ်ပါ။)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါသည်။ ဘုရားသမိုင်းသည် အမျိုးမျိုးကွဲပြားနေပေခဲ့သော်လည်း အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ်(၁၆-၁ရရာစု) ကို အခြေခံထားပါသည်။ ကုန်သည်ညီနောင်နှစ်ဦးသည် မဟာသလနှင့် စူဠသလ (Maha-sala and Cula-sala)ဟု ဖော်ပြထားသည်။
မူရင်း သမိုင်းရာဇဝင်( Foundation myth)မှာ ဟင်္သာကုန်းဘက်ကိုထိုးဆင်းသွားသော အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့သည့် မွန်နှင့် ပါဠိ ကျောက်စာတွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် ၁၅ ရာစုက တစ်ချိန်တည်းရေးထိုးခဲ့ပါသည်။ Donald M. Stadtner မှ သူ့၏စာတမ်းတွင် ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါသည်။ မွန်ကျောက်စာမှာ ဂဝမ္ပတိက ကုသိနာရုံ(Kusinagara)မှ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါသည်။ ထို အံတော်ဟာ အလိုအလျောက် ၃၃ ဆူပွားလာခဲ့ပြီး သထုံဘုရင်သည် ထိုအံတော်များဖြင့် ဌာပနာပြီး စေတီ ၃၃ ဆူ တည်ခဲ့သည်။ နောက်ပိုင်းမှာ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ တည်ထားကိုးကွယ်ကြသည်ဟု မွန် နှင့် ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါသည်။ ထို ၃၃ ဆူထဲမှ တစ်ဆူသည် Madhavaဟု ပါဠိကျောက်စာမှာ ဖော်ပြထားပါသည်။ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရသည်။ နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြသည်။ ထိုမှတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာမှ ရွှေမောဓေါလို့ အမည်တွင်လာခဲ့သည်။
မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓောစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ ရွှေမောဓောစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ ရွှေမောဓောစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာ ရှေးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဉာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။ [၂]
တည်သည့်နှစ် [ပြင်ဆင်ရန်]
ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟုလည်းကောင်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟုလည်းကောင်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု လည်းကောင်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ ၈၂၄ ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်းစူဠ သိရိမာသောကသည် သာသနာနှစ် ၂၃၇ ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာ တည်ကြောင်း ထင်ရှားသည်။ ထိုတိုက်စေတီကို မဓဝါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။ ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ေဥယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ရ၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂ ခုနှစ်များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် ရ၅၈ ခုနှစ်တွင် နောက် ၂၃ ကြိမ်မြောက် ပြိုပြန်လေသည်။
ရွှေမော်ဓော ဘုရားသည် ငလျင်လှုပ်သော မြေကြောပေါ်တွင် တည်ခဲ့သဖြင့် ၃၂ ကြိမ်တိုင်တိုင် ပြိုပျက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးခေတ် ရွှေမော်ဓော ပြန်လည်တည်ဆောက်ရေးအဖွဲ့က ငလျင်ဒဏ်မခံနိုင်သော အုတ်ရိုးသတ်သတ်စေတီမျိုးကို မတည်ဘဲ သံရိုးခံကျောက်ကျစ်အင်္ဂတေနှင့် အုတ်ရိုးဖက်စပ်၍ တည်ခဲ့သည်။ ရွှေမော်ဓော ဘုရားပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပြုလုပ်ရာ အထူးပင် စည်းကားသည်။ [၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ http://media.photobucket.com/image/shwe%20mawdaw%20pagoda/Thu-Rein/Kyaik%20Htee%20Yoe%20Trip/Shwe_Mawdaw_Pagoda.jpg
- ↑ THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ စာမျက်နှာ ၄၅ဝ – ၄၅၅
