ရွေ့လျားမှုကို ထိန်းချုပ်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရွေ့လျားမှုကို ထိန်းချုပ်ခြင်း (Motion Control) သည် အော်တိုမေးရှင်း နယ်ပယ်တွင် ပါဝင်သော နည်းပညာ တစ်မျိုးဖြစ်သည်။ စက်ပစ္စည်း ကိရိယာများကို မိမိ အလိုရှိရာ နေရာသို့ အတိအကျ ရွေ့လျားနိုင်ရန် အတွက် အသုံးပြုလေ့ ရှိသော စနစ်ဖြစ်သည်။ ဥပမာအားဖြင့် စက်ရုပ်တစ်ရုပ်ကို ၁ စင်တီမီတာ၏ ၁၀ ပုံတစ်ပုံ အကွာအဝေးသို့ ရွေ့လျားနိုင်ရန် အတွက် ထိုနည်းပညာကို အသုံးချနိုင်သည်။ ပုံမှန်အားဖြင့် ရွေ့လျားမှုကို ထိန်းချုပ်သည့် စနစ်တွင် ဘယ်ရင် (Bearing) ၊ ဝင်ရိုး စသည့် စက်မှုပစ္စည်းကိရိယာများ၊ ဆာဗိုမော်တာ၊ အင်န်ကုတ်ဒါ (Encoder) အစရှိသော လျှပ်စစ် ပစ္စည်းကိရိယာများ၊ မော်တာများကို ထိန်းချုပ်ပေးနိုင်သော အီလက်ထရွန်းနစ် ဆားကစ် ပတ်လမ်းများ၊ ထို ဆားကစ်ပတ်လမ်းများကို အမိန့်ပေး စေခိုင်းနိုင်မည့် ကွန်ပျူတာ သို့ မိုက်ခရို ကွန်ထရိုလာ သို့ ပီအယ်လ်စီ ကဲ့သို့သော ထိန်းချုပ်မှုစနစ်များ ပါဝင်လေ့ ရှိသည်။ ထို့အပြင် ရွေ့လျားမှုကို ထိန်းချုပ်နိုင်ရန် အတွက် စနစ် အတွင်းတွင် ပရိုဂရမ်ရေး၍ တည်ဆောက်ရသည်။ အကယ်၍ မိမိထိန်းချုပ်လိုသော အကွာအဝေးသည် ၁ စင်တီမီတာ အောက် လျော့နည်းသော အကွာအဝေးဖြစ်ပါက ကွန်ပျူတာ အမြင်အာရုံစနစ်များကို ရွေ့လျားမှု စနစ် အတွင်းတွင် ထည့်သွင်း တပ်ဆင် ရသည်။

စက်မှုစနစ်[ပြင်​ဆင်​ရန်​]

မော်တာ အများစုမှာ စက်ဝိုင်းပုံ ရွေ့လျား ကြသည်။ သို့သော်လည်း စက်ကိရိယာများတွင် ထိန်းချုပ်ရန် လိုအပ်သော ရွေ့လျားမှု အများစုမှာ အလျားလိုက် ဒေါင်လိုက် စသည့် မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့် ရွေ့လျားမှုများသာလျှင် ဖြစ်သည်။ ထို့အတွက်ကြောင့် စက်ဝိုင်းပုံ ရွေ့လျားမှုကို မျဉ်းဖြောင့်အတိုင်း ရွေ့လျားမှုသို့ ပြောင်းလဲပေးရန် လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် အတွက် မော်တာအား ဘောစခရူဖြင့် ကပ်ပလင်းခေါ် တွဲဆက်ကိရိယာကို အသုံးပြု၍ ချိတ်ဆက်ပေးရသည်။ ကပ်ပလင်း၏ တစ်ဖက်စွန်းကို မော်တာ၏ ဝင်ရိုးဖြင့် ချိတ်ဆက်၍ အခြားတစ်ဖက်ကို ဘောစခရူဖြင့် ချိတ်ဆက်ပေးရသည်။

အင်ဆက် တပ်ဆင်ထားသော ဘောစခရူ
ကပ်ပလင်း

သို့မှသာ မော်တာ၏ ဝင်ရိုး တစ်ပတ် လည်သည့် အခါတိုင်း ဘောစခရူမှာ တစ်ပတ်လိုက်၍ လည်မည် ဖြစ်သည်။ ဘောစခရူ တစ်ပတ် ၃၆၀ ဒီဂရီ လည်သည့် အခါတိုင်းတွင် ဘောစခရူ အပေါ်ရှိ အင်ဆက် က တစ်ပတ်စာ ရွေ့လျားမည် ဖြစ်သည်။ ဘောစခရူ၏ ပစ်ချ် (Pitch) မှာ ၅ မီလီမီတာ ဖြစ်ပါက ဘောစခရူ တစ်ပတ် လည်တိုင်း အင်ဆက်မှာ ၅ မီလီမီတာ ရွေ့လျားမည် ဖြစ်သည်။ အကယ်၍ ဘောစခရူ မှာ ၉၀ ဒီဂရီသာ လည်ပတ်ပါက အင်ဆက်မှာ ၁.၂၅ မီလီမီတာ ရွေ့လျားမည် ဖြစ်သည်။

Animation of ball bearing

ဘောစခရူ လည်ပတ်ရာတွင် တည်ငြိမ်စွာ ရွေ့လျားနိုင်စေရန် အတွက် ဘောစခရူ၏ တစ်ဖက်တစ်ချက်ကို ဘောလ်ဘယ်ရင်ဖြင့် တွဲဆက်ပေးထားရသည်။ ဘောစခရူကို ရွေးချယ်ရာတွင် လိုအပ်သည့် အရှိန် နှင့် တိကျမှု အပေါ် မူတည်၍ ရွေးချယ်ရသည်။ ပစ်ချ် အရွယ်ပမာဏ ၅ မီလီမီတာ နှင့် ၁၀ မီလီမီတာ ဆိုလျှင် ၅ မီလီမီတာ ပစ်ချ်ပမာဏက ပိုမို တိကျစွာ ရွေ့လျားနိုင်သော်လည်း ၁၀ မီလီမီတာ ပစ်ချ်ပမာဏက ပိုမိုလျှင်မြန်စွာ လည်ပတ်နိုင်သည်။

လျှပ်စစ်စနစ်[ပြင်​ဆင်​ရန်​]

ရွေ့လျားမှုကို ထိန်းချုပ်ရာတွင် မော်တာ၏ လည်ပတ်သည့် ပုံသဏ္ဍာန်ကို အတိအကျ ထိန်းချုပ်ပေးရန် လိုအပ်သည်။ ထို့အတွက် ရွေ့လျားမှုကို ထိန်းချုပ်သော စနစ်များတွင် စတက်ပါ မော်တာ သို့ ဆာဗိုမော်တာ ကဲ့သို့သော ရွေ့လျားမှုကို အတိအကျ ထိန်းချုပ်နိုင်သည့် မော်တာ အမျိုးအစားများကို အသုံးပြုရန် လိုအပ်သည်။

စတက်ပါ မော်တာကို ရွေးချယ်ရာတွင် မိမိလိုအပ်သည့် စတက်ပ်ခေါ် ရွေ့လျားမှု အချက်ရေပေါ်မူတည်၍ ရွေးချယ်ရသည်။ ဥပမာအားဖြင့် ဘောစခရူ၏ ပစ်ချ်မှာ ၅ မီလီမီတာ ဖြစ်ပြီး စတက်ပ်ပါ မော်တာ၏ ရွေ့လျားနှိုင်မှုမှာ ၁ ပတ်လျှင် အချက်ရေ ၁၀၀၀ မျှ ဖြစ်ပါက ထိန်းချုပ်နိုင်သော ပမာဏမှာ ၅ မီလီမီတာ / ၁၀၀၀ = ၀.၀၀၅ မီလီမီတာ ဖြစ်သည်။ သို့သော်လည်း စက်ပစ္စည်း အစိတ်အပိုင်းများသည် လိုသလောက် အတိအကျ ရွေ့လျားနိုင်မှု မရှိသဖြင့် ၀.၀၀၅ မီလီမီတာ အထိ အတိအကျ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။