ရဲမင်းဦး

ဝီကီပီးဒီးယား မှ
ဦးရဲမင်းဦး
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး
တာဝန်သက်တမ်း
၃ ဇွန် ၂၀၂၀ – ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူဦးမြင့်သောင်း
နေပြည်တော် ဒုတိယ မြို့တော်ဝန်
တာဝန်သက်တမ်း
၂၅ ဇွန် ၂၀၁၉ – ​၃ ဖေ​ဖော်ဝါရီ ၂၀၂၁
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၅ ဇွန် ၂၀၁၉ – ၃ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၇၅ (အသက် ၄၈–၄၉)
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်စီးပွားရေးအလုပ်အမှုဆောင်၊ နိုင်ငံရေးသမား

ဦးရဲမင်းဦး သည် မြန်မာနိုင်ငံသား စီးပွားရေးအလုပ်အမှုဆောင်နှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁] [၂] သူသည် နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီလ ၃ရက်​နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၃][၄][၅][၆][၇] ထို့နောက် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှ သူ့အားဖမ်းဆီးသွားခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့်လည်း အရေးယူခဲ့သည်။ ယင်းနောက်  ဦးရဲမင်းဦးအား  ၂၀၂၂ ဇွန်လ ၂၀ရက်နေ့တွင် နေပြည်တော်အထူးတရားရုံးက  နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့စဉ် လုပ်ငန်းရှင်အချို့ထံ ချေးငွေ ထုတ်ချေးခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဂတိမှု တမှုလျှင် ထောင် ၃ နှစ်နှုန်းဖြင့် စုစုပေါင်း ၁၅ နှစ် ချမှတ်ခဲ့သည်။[၈]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဦးရဲမင်းဦးကို ၁၉၇၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က အ.မ.က (၃၇) သင်္ဃန်းကျွန်း၊ အ.လ.က (၄) သင်္ဃန်းကျွန်း၊ အ.ထ.က (၂) ဗဟန်းတို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် KMD ကွန်ပျူတာသင်တန်းကျောင်းတွင် အလုပ်စတင် ဝင်ရောက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ထူးကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည်။ တစ်နှစ်အကြာ အလုပ်ထွက်ခဲ့ပြီး ကွန်ပျူတာ ဆရာအဖြစ် ပြန်လည်အသက်မွေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထူးကုမ္ပဏီသို့ နောက်တစ်ခါ အလုပ်ထပ်မံဝင်ရောက်ခဲ့သည်။

အသက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]

၂၀၁၀ ပြည့်နှစ်တွင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် စတင်ဖွင့်လှစ်သောအခါ အုပ်ချုပ်မှုဒါရိုက်တာ (Managing Director) ရာထူးအဖြစ် တာဝန်ယူခဲ့သလို မြန်မာနိုင်ငံ ဘဏ်များအသင်း၏ တွဲဖက်အတွင်းရေးမှူး၊ Myanmar Payment Union (MPU) ၏ အတွင်းရေးမှူး၊ Myanmar Credit Bureau ၏ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်တွင် ဗဟိုအလုပ်မှုဆောင် တာဝန်တွေကို ယူခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထူးကုမ္ပဏီမှ အလုပ်ထွက်ခဲ့သလို အသင်းအဖွဲ့အသီးသီးမှလည်း နုတ်ထွက်ခဲ့သည်။

နောက်ပိုင်း ကိုယ်ပိုင်လုပ်ငန်းအဖြစ် ရှမ်းပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု လုပ်ကိုင်လျက်ရှိပြီး ဘဏ်များ၏အကြံပေးအဖြစ်လည်းကောင်း လုပ်ကိုင်လျက် ရှိသည်။

၂၀၁၉ ဇန်နဝါရီလတွင် နေပြည်တော် စည်ပင်ဘဏ် (ယခု နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်)တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၂၀၁၉ ဇွန်လတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) အဖြစ် ထပ်မံတာဝန်ပေးခြင်း ခံခဲ့ရသည်။

၂၀၁၉ ခုနှစ်ထဲမှာပဲ မြန်မာနိုင်ငံ ဘဏ်များအသင်း၏ ဒုတိယဥက္ကဋ္ဌ၊ Myanmar Payment Union (MPU) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် အောက်ဖော်ပြပါ အစိုးရမှခန့်အပ်သော အဖွဲ့များ ကော်မတီများတွင် တာဝန်ပေးအပ်ခြင်း ခံရသည်။

  • ရန်ကုန်တိုင်း ဒေသကြီး အထပ်မြင့်အဆောက်အအုံများ စိစစ်ရေးကော်မတီ | အဖွဲ့ဝင်
  • ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကြီးကြပ်‌ရေးကော်မတီ | အဖွဲ့ဝင်
  • ရန်ကုန်ဝန်ကြီးများရုံး ကြီးကြပ်ရေးကော်မတီ | အဖွဲ့ဝင်
  • ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီ | အဖွဲ့ဝင်
  • MSME Development Working Committee, Fund Management Team | အဖွဲ့ဝင်
  • Covid-19ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစား‌ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ | အဖွဲ့ခေါင်းဆောင်

၂၀၂၀ ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ် ထပ်မံတာဝန်ပေးခြင်း ခံရသည်။

ဦးရဲမင်းဦးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် တစ်ဦးဖြစ်ပြီး ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီမှာအဖွဲ့ဝင်အဖြစ်နှင့် ဗဟိုစီးပွားရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ၁ရက် နောက်ပိုင်းဖြစ်ရပ်များ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းခံရခြင်း တွင် ဦးရဲမင်းဦးသည်  ဖေဖော်ဝါရီ၁ရက်နေ့ မနက်ပိုင်း အစောဆုံးဖမ်းဆီးခံခဲ့ရသူများထဲ ပါဝင်ခဲ့သည်ကို တွေ့ရသည်။

အဖမ်းခံရပြီးတဲ့နောက် စစ်ကြောရေးသို့ ပို့ဆောင်ခြင်းကို ခံခဲ့ရသည်။  နံရိုးကျိုးသည် အထိ အရိုက်ခံခဲ့ရပြီး အဆိုပါဒဏ်ရာကို အင်းစိန်ထောင်ထဲတွင် အချိန်ယူကုသခဲ့ရကြောင်း မီဒီယာများကဖော်ပြကြသည်။[၉]

ယင်းနောက်  တရားရင်ဆိုင်ရန်အတွက်  နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ရသည်။

၂၀၂၂ ဇန်နဝါရီလတွင်  နေပြည်တော်အချုပ်ထောင်တွင် လမ်းလျှောက်ရင်း ခြေထောက်ကျိုးသွားခဲ့၍  နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးအတွင်း ဆေးကုသမှု ခံယူခဲ့ရပြန်သည်။[၁၀]

ဦးရဲမင်းဦး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အတည်ပြုခန့်အပ်တာဝန်ပေးထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က  ၂၀၂၁ ဧပြီ၁၉ ရက်တွင် တစ်ကြိမ်၊ထိုနှစ် ဇွန်လ ၉ ရက်၊ ဩဂုတ်၅ရက်၊ ဩဂုတ် ၁၈ရက် နေ့များတွင် ၎င်းတစ်ဦးထဲအား သီးသန့်အနေဖြင့်လည်းကောင်း၊အခြားသူများနှင့်တွဲ၍သော်လည်းကောင်း အမှုတွဲများဖွင့်လှစ်ကာ တရားစွဲခဲ့သည်။ စွဲဆိုခံရသည့် အမှုတွဲများထဲ  ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် မြေနေရာချထားပေးသည့်ကိစ္စ၊တင်ဒါကိစ္စရပ်အချို့ ၊နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် လုပ်ငန်းရှင်အချို့ထံ ချေးငွေ ထုတ်ချေးခဲ့သည့်ကိစ္စရပ်များလည်း ပါဝင်သည်။[၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Moe Min။ "ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် ဦးရဲမင်းဦးအား ခန့်အပ်ရန် လွှတ်တော်အတည်ပြု (in Burmese)"၊ 7Day News၊ 4 June 2020။ 8 July 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 4 June 2020။ 
  2. ဦးရဲမင်းဦးကို ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အတည်ပြုခန့်အပ် (in en-US) (2020-06-03)။ 2020-06-05 တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၃ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် တာဝန်မှရပ်စဲခြင်
  4. ဦးရဲမင်းဦးကို နေပြည်တော် စည်ပင် ဒုမြို့တော်ဝန်ခန့်အပ်။ Irrawaddy (26 June 2019)။
  5. Vice President U Henry Van Thio highlights digital economy roadmap။ Republic of the Union of Myanmar President Office (12 June 2019)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2021 တွင် ပြန်စစ်ပြီး။
  6. Nay Pyi Taw Council gives land compensation to farmers။ Republic of the Union of Myanmar Ministry of Information (7 March 2020)။
  7. နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ်များ လုံးဝခွင့်မပြုဟု ဒုမြို့တော်ဝန် ပြော။ Democratic Voice of Burma (6 April 2020)။
  8. https://www.rfa.org/burmese/news/yeminoo-sentenced-to-15-years-in-prison-06212022075410.html
  9. https://burma.irrawaddy.com/news/short-news/2021/07/02/243727.html
  10. https://www.rfa.org/burmese/news/nld-ye-min-oo-break-a-leg-01182022051611.html
  11. https://www.accm.gov.mm/acc/index.php?route=cms/category&path=27